အပိုင်း ၁၅၃
Viewers 15k

Chapter 153

ကုဆွေ့ဆွေ့တစ်ယောက် ပါပါးခဲ့ပေးထားသော ယုန်ရုပ်ပွလေးကိုဖက်ထားကာ အခန်းထဲတွင်အောင်းနေရင်း အလွန်အမင်းဝမ်းနည်းနေမိသည်။

ငိုရလွန်း၍ မျက်လုံးများပင်နီရဲပြီးဖောင်းအစ်နေသည်။ ရှိုက်သံလေးများထွက်ကာ မျက်ရည်များတသွင်သွင်ကျဆင်းနေသည်။

တစ်အောင့်လောက်ကြာသောအခါ တံခါးပိတ်သံကိုကြားလိုက်ရသည်။ မေမေအပြင်ထွက်သွားပုံရသည်။ 

ထို့ကြောင့် ကုဆွေ့ဆွေ့မှာပိုပိုပြီးဝမ်းနည်းလာရသည်။ ဖေဖေရော မေမေရော သူ(မ)ကိုမချစ်ဟု ခံစားလာရပြန်သည်။ အိမ်မှထွက်ပြေးကာ တစ်စုံတစ်ယောက်ဆီတွင် သွားနေလိုက်ချင်သည်။

ပါပါးခဲ့အိမ်ကိုလည်းသွားလို့မဖြစ်။ ပါပါးခဲ့ရှေ့တွင် ဆွေ့ဆွေ့တစ်စက်ကလေးမှလိမ်လို့မရ။ အကြောင်းစုံကိုသာသိသွားလျှင် ပါပါးခဲ့ဘာလုပ်လိမ့်မည်မှန်းဆွေ့ဆွေ့ပင်ခန့်မှန်း၍မရနိုင်ပေ။
ကိုကိုလုချီကလည်း ဤရက်ပိုင်းအတွင်းအခြားမြို့သို့သွားကာရိုက်ကူးရေးလုပ်နေသဖြင့်ပြန်လာဦးမည်မဟုတ်။ 

မမဖူရင်းယွီ....။ ယခုအချိန်တွင်ဆွေ့ဆွေ့ကိုကူညီနိုင်သူတစ်ဦးသာရှိသည်။ ကုဆွေ့ဆွေ့လည်းတစ်ခဏမျှစဥ်းစားလိုက်ပြီး နောက်ဆုံးတွင်စိတ်ပိုင်းဖြတ်ကာ မမဖူရင်းယွီကိုဖုန်းခေါ်ဆိုလိုက်သည်။

"အမယ်...ဆွေ့ဆွေ့လေးကဒီနေ့ဘာကိစ္စရှိလို့လဲ
မမကိုထူးထူးခြားခြားဖုန်းတွေဘာတွေဆက်လို့ပါလား"။

"မမဖူ...အခုမြို့တော်ထဲမှာပဲမလားဟင်"။ ဆွေ့ဆွေ့တစ်ယောက် အချိန်အတော်ကြာကြာငိုထားသောကြောင့် အသံတိုးတိုးအက်အက်သာထွက်နိုင်သည်။

အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်ဖြစ်သောကြောင့် ကလေးငယ်ကဘယ်လောက်ပဲဖုံးကွယ်နေပါစေ ငိုထားသည့်အသံကိုဖူရင်းယွီကောင်းကောင်းသိသည်။ ထို့ကြောင့်လူသိပ်မရှိသည့်နေရာသို့သွားကာ ကလေးငယ်ကိုအကျိုးအကြောင်းမေးမြန်းရန်ပြင်လိုက်သည်။

"အင်း...မမအခုမြို့တော်မှာပဲရှိနေတာ...ဆွေ့ဆွေ့မမကိုအမှန်အတိုင်းပြောနော်...ငိုထားတာမလား
ဘာဖြစ်လို့လဲ...တစ်ယောက်ယောက်ကဆွေ့ဆွေ့ကိုအနိုင်ကျင့်လိုက်လို့လား"။ 

"ဟင့်အင်း...ဆွေ့ဆွေ့ကိုဘယ်သူမှအနိုင်မကျင့်ပါဘူး...ဒီတိုင်းမမကိုရုတ်တရက်လွမ်းလာလို့...အခုနေ...မမသမီးကိုလာခေါ်ပေးလို့ရမလား"။

 "ဟုတ်ပြီ...မမဆွေ့ဆွေ့ကိုအခုလာခေါ်မယ်နော်
အိမ်အောက်ထပ်မှာစောင့်နေနှင့်"။ ဆွေ့ဆွေ့မူမမှန်သည်ကိုဖူရင်းယွီရိပ်မိသော်လည်း မဖြေချင်သေးပုံရသောကလေးငယ်ကို သူ(မ)လည်းအတင်းအကျပ်မမေးတော့ပေ။

မမဖူနှင့်ဖုန်းပြောပြီးနောက် ဆွေ့ဆွေ့လည်းကျောပိုးအိတ်ထဲလိုအပ်သည်များကိုထည့်ကာ အခန်းအပြင်သို့ထွက်လာခဲ့သည်။ နောက်လှည့်မကြည့်ပဲဒီအတိုင်းထွက်သွားရန်တွေးထားသော်လည်း မေမေစိတ်ပူနေမည်ကိုစိုးရိမ်မိပြန်သည်။

ထို့ကြောင့် စာရွက််လွတ်တစ်ရွက်ကိုအမြန်ရှာလိုက်ကာ မမဖူရင်းယွီအိမ်သို့တစ်ခဏလောက်လိုက်နေမည်ဖြစ်သောကြောင့်သူ(မ)အားလာမရှာရန် အသိပေးသည့်အနေဖြင့်စာတစ်စောင်ချန်ထားခဲ့လိုက်သည်။

ထို့နောက်တံခါးသေချာပိတ်ပြီးအိမ်အောက်ထပ်သို့ပြေးဆင်းသွားလိုက်သည်။ အောက်ထပ်သို့ရောက်သည်နှင့် မမဖူကကားဘေးတွင်အသင့်ရပ်စောင့်နေသည်။

"မမဖူ"

သူ(မ)ချစ်ခင်ရင်းနှီးသောတစ်စုံတစ်ယောက်ကိုတွေ့လိုက်ရသည့်အခါ ဆွေ့ဆွေ့တစ်ယောက်ရင်ထဲတွင်အမျိုးအမည်ခံစားချက်တို့နှင့်ဝမ်းနည်းစိတ်တို့ရောပြွန်းလာကာ ပါးပြင်တစ်လျှောက် မျက်ရည်များတစ်လှိမ့်လှိမ့်ကျဆင်းလာသည်။

ဖူရင်းယွီလည်း သူ(မ)ကိုတွေ့တွေ့ချင်းအပြင်းအထန်ရှိုက်ငိုနေသောကလေးငယ်အနားသို့အပြေးသွားကာ တင်းကြပ်စွာပွေ့ဖက်လိုက်သည်။ "ဆွေ့ဆွ့...သမီးလေး...ဘာဖြစ်လို့လဲဟင်
မမကိုကြည့်ပါဦး....မငိုနဲ့တော့...တိတ်တိတ်""။

အငိုတိတ်လိုတိတ်ငြားချော့မော့ပြောကြည့်သော်လည်း အငိုမရပ်သည့်အပြင်တိုးလို့သာရှိုက်ငိုသည်။ "ဆွေ့ဆွေ့လေး...အပြင်မှာအေးတယ်...ကားထဲဝင်ကြရအောင်...မမတို့အိမ်ဆီသွားမယ်နော်"။

.....

တစ်နာရီကျော်ကျော်ခန့်ကြာပြီးနောက် ဖူရင်းယွီ၏တိုက်ခန်းသို့နှစ်ယောက်သားရောက်သွားသည်။

"မေမေနဲ့ဖေဖေက...သမီးကိုမချစ်တော့ဘူးနဲ့တူတယ်"။ လမ်းတစ်လျှောက်လုံးတစ်အီအီငိုလာခဲ့သောကလေးငယ်က ရှိုက်သံများအကြားပြောလာသည်။

ဖူရင်းယွီလည်းကလေးငယ်၏ပါးပြင်ပေါ်ရှိမျက်ရည်စများကိုညင်သာစွာသုတ်ပေးရင်းနှစ်သိမ့်ပေးနေမိသည်။ "ဆွေ့ဆွေ့ကဒီလောက်ချစ်ဖို့ကောင်းတာ...ဖေဖေနဲ့မေမေကဆွေ့ဆွေ့ကိုမချစ်ပဲနေနိုင်ပါ့မလား....မမတို့တောင်ချစ်လို့မဝတာကို"။ 

နေပါဦး။ ဖေဖေဟုဆွေ့ဆွေ့ပြောလိုက်သလားလို့။ သူ(မ)သိထားသလောက် ဆွေ့ဆွေ့၏ဖခင်ဖြစ်သူက ကွယ်လွန်သွားပြီမဟုတ်လား။ ဘာကိစ္စနဲ့ဆွေ့ဆွေ့ကသူ(မ)၏အဖေအကြောင်း ရုတ်တရက်ထည့်ပြောနေတာပါလိမ့်။

ဖုန်းယောက်ချင်းတစ်ယောက်အကြောင်းရင်းကိုလုံးဝစဥ်းစားမရသော်လည်း ကလေးငယ်ကိုအတင်းအကျပ်မမေးပေ။ ဤသို့သောမိသားစုကိစ္စမျိုးကိုအပြင်လူကဇွတ်မေးလို့မကောင်း။ ကလေးငယ်လိုလိုလားလားနှင့်ထုတ်ပြောလာမှသာ အသေအချာမေးတော့မည်ဟုဆုံးဖြတ်ထားလိုက်သည်။

"ကဲကဲ...အဲ့အကြောင်းတွေမတွေးနဲ့တော့...အရမ်းလည်းမငိုနဲ့...ခေါင်းကိုက်လာလိမ့်မယ်...ဆွေ့ဆွေ့စားဖို့မမသွားပြင်ပေးမယ်နော်
အနားယူလိုကျဦး"။ 

မမဖူရင်းယွီကသူ(မ)ကိုအတင်းအကျပ်မမေးသလို နှစ်သိမ့်ပေးသောကြောင့်ဆွေ့ဆွေ့လည်းစိတ်သက်သာရာရသွားသည်။ ဖေဖေနှင့်မေမေက သူ(မ)ကိုမချစ်ရင်တောင် ချစ်ပေးမည့်ကိုကိုမမများရှိသေးသည် မဟုတ်လား။