Chapter 154
နောက်တစ်နေ့တွင်...
ကုဆွေ့ဆွေ့တစ်ယောက် မနက်စာမစားပဲ ဖူရင်းယွီ၏အိပ်ရာပေါ်တွင်သာ တစ်အောင့်လောက်ဆက်မှေးနေလိုက်သည်။
မိခင်ဖြစ်သူကို သူ(မ)အတော်လေးလွမ်းမိသည်။
မေမေချက်ပေးသည့်မနက်စာနှင့်နှုတ်ခွန်းဆက်အနမ်းလေးများကိုလည်းလွမ်းသည်။ ကုဆွေ့ဆွေ့လည်း ဘေးတွင်ရှိနေသောဖုန်းကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။ မည်သည့်ဖုန်းခေါ်ဆိုမှု မည်သည့်မက်ဆေ့ချ်မှရှိမနေသောကြောင့် အနည်းငယ်စိတ်ပျက်မိသွားသည်။
မေမေက သူ(မ)ကို တကယ်ပဲချစ်ပါရဲ့လား။
မနေ့ညက အိမ်မှထွက်ပြေးလာခဲ့သည်ကိုပင် နောင်တရမိသည်။ မိခင်ဖြစ်သူကို နောက်ဆုံးအကြိမ်အဖြစ် တွေ့ခွင့်မရလိုက်ပေ။ ထိုအကြောင်းများကိုစဥ်းစားရင်း ဆွေ့ဆွေ့မှာ ထိန်းမရနိုင်အောင် မျက်ရည်များကျလာပြန်သည်။ မငိုမိအောင် ကြိုးစားသော်လည်း ရင်ဘတ်ထဲမှအောင့်တက်လာသည်။
"မေမေ"
တံခါးဝတွင်ရပ်နေသူကိုမြင်လိုက်ရသောအခါ ဆွေ့ဆွေ့မှာမျက်ရည်များမထိန်းနိုင်တော့ပေ။ သို့သော်ဤတစ်ခေါက်ကျသောမျက်ရည်က ဝမ်းနည်းမျက်ရည်မဟုတ်ပဲမျှော်လင့်ထားသူကိုတွေ့လိုက်ရသောကြောင့် ဝမ်းသာမျက်ရည်များကျလာခြင်းဖြစ်သည်။
သို့သော်မနေ့ညကအဖြစ်အပျက်များကိုပြန်တွေးမိပြီးနောက် ဝမ်းသာနေသောသူ(မ)၏မျက်နှာအမူအရာမှာ တဖြေးဖြေးညှိုးကျသွားသည်။
"ဆွေ့ဆွေ့...သမီးမေမေ့နောက်ပြန်လိုက်မလား"။
ဖုန်းယောက်ချင်းတစ်ယောက် တစ်ညလုံးမအိပ်နိုင်ပဲ သမီးလေးကိုစိတ်ပူနေခဲ့သည်။ ဖူရင်းယွီ၏အိမ်တွင်လုံလုံခြုံခြုံရှိနေသည်ကိုသိသော်လည်း ရင်တွင်းအပူမီးကငြိမ်းမသွား။ ထို့ကြောင့် မနက်စောစောစီးစီဖူရင်းယွီ၏တိုက်ခန်းသို့ရောက်လာရခြင်းဖြစ်သည်။
"သ...သမီး"။ ဆွေ့ဆွေ့၏စိတ်ထဲတွင်အလွန်ရှုပ်ထွေးနေသည်။ သူ(မ)ပြန်လိုက်သွားလျှင် မေမေကသူ(မ)ကိုချစ်ဦးမည်လား။ ဖေဖေကရော သူ(မ)ကိုအလိုရှိသေးရဲ့လား။
ချီတုံချတုံဖြစ်နေသောကလေးငယ်ကိုဖုန်းယောက်ချင်းရင်ခွင်ထဲထည့်ဖက်လိုက်ရင်း လေသံကိုအတတ်နိုင်ဆုံးလျှော့ကာပြောလိုက်သည်။ "ဆွေ့ဆွေ့လေး...သမီးဖေဖေလည်းမေမေနဲ့အတူပါလာတယ်...ဖေဖေ့ကိုတွေ့ချင်လား"။
ဖုန်းယောက်ချင်း၏စကားအဆုံးဆွေ့ဆွေ့တစ်ယောက်ငိုနေသည့်ကြားမှချက်ချင်းဆိုသလိုမျက်နှာထက်တွင်အပြုံးတစ်ခုဖြစ်တည်သွားသည်။ "ဖေဖေရောပါလာတာလားဟင်"။
ဖုန်းယောက်ချင်းက မလှမ်းမကမ်းတွင်ရပ်နေသောကုကျန်းနျန့်ကိုအထဲသို့ဝင်လာရန် မျက်စပစ်ပြလိုက်သည်။
သို့သော် ဆွေ့ဆွေ့ကကုကျန်းနျန့်၏မျက်နှာကိုမကြည့်ပဲ ခေါင်းတစ်တွင်တွင်ခါတော့သည်။ "သမီးမေမေနဲ့ဖေဖေနှစ်ယောက်တည်းက...တစ်ယောက်ကိုရွေးရမယ်ဆိုရင်...မေမေ့ကိုပဲရွေးတော့မယ်...ဘာပဲဖြစ်ဖြစ်မေမေကိုဆွေ့ဆွေ့ကိုဒီအချိန်အထိစောင့်ရှောက်ခဲ့တာမဟုတ်လား"။
သမီးဖြစ်သူ၏စကားကြောင့် ကုကျန်း
နျန့်၏ခြေလှမ်းတို့ရပ်တန့်သွားသည်။ ထိုစကားလုံးများကသူ့ရင်ကိုမီးစနှင့်ထိုးနေသလိုပင်။
ဖုန်းယောက်ချင်းလည်း ဆွေ့ဆွေ့၏စကား
ကြောင့် အံ့အားသင့်သွားရသည်။ ကုကျန်းနျန်ဘကိုလှမ်းကြည့်လိုက်သောအခါ ခေါင်းငိုက်စိုက်ကျလျက် မျက်နှာပျက်ယွင်းနေသည်။ တစ်ချိန်ကသူ(မ)မြတ်နိုးခဲ့ဖူးသောမျက်ဝန်းနက်နက်များတွင်နာကျင်မှုအရိပ်အယောင်များနှင့်ပြည့်နှက်နေသည်။ ဆွေ့ဆွေ့ကလည်း ထိုစကားများကိုပြောပြောပြီးချင်း ယခင်ထက်ပင်တိုးလို့ရှိုက်ငိုတော့သည်။
မနေ့ကသူ(မ)ကလေးဆန်ဆန်ပြောခဲ့သောစကားကို ဆွေ့ဆွေ့ကအတည်ယူလိုက်ခြင်းပင်။ မျက်နှာအတော်လေးပျက်ယွင်းပြီးညှိုးငယ်နေသောသားအဖနှစ်ယောက်ကိုကြည့်ရင်း ဖုန်းယောက်ချင်းမှာအထိန်းအကွပ်မရှိပြောတတ်
သည့်သူ(မ)၏ပါးစပ်ကိုပိတ်ရိုက်ပစ်ချင်လာသည်။
ခံစားချက်ပြင်းထန်ပြီးဘာမှမသိနားမလည်သေး
သည့်ကလေးငယ်ကို အဓိပ္ပါယ်မရှိသောရွေးချယ်မှုမျိုးလုပ်ခိုင်းခဲ့သည့်သူ(မ)က တော်တော့်ကိုတုံးပါသည်။
"ဆွေ့ဆွေ့လေး...မေမေပြောမယ်...မေမေနဲ့ဖေဖေနှစ်ယောက်ကြားရွေးချယ်ခိုင်းခဲ့တာမေမေ့အမှားပဲ...မေမေရောဖေဖေရောဆွေ့ဆွေ့ကိုချစ်တာမလို့...ဘယ်သူ့ကိုမှရွေးစရာမလိုဘူး
သမီးကိုမေမေတို့နှစ်ယောက်လုံးအတူတူစောင့်ရှောက်မှာမလို့လေ"။
မနေ့ညက ဖုန်းယောက်ချင်းတစ်ယောက်
ကုကျန်းနျန့်နှင့်အချိန်အတော်ကြာကြာမျက်နှာချင်းဆိုင်တွေ့ဆုံစကားပြောခဲ့သည်။ ထိုလူ့ဆီမှရှင်းပြချက်များကို မယုံတစ်ဝက်ယုံတစ်ဝက်နှင့်နားထောင်ခဲ့ရသော်လည်း ဤနှစ်များအတွင်းသူ(မ)အထင်လွဲမှားခဲ့သမျှနှင့်သူတစ်ယောက်တည်းရင်ဆိုင်ဖြတ်သန်းခဲ့ရသည့်အကြောင်းစုံကိုသိပြီးနောက် ချည်နှောင်ထားသမျှအငြိုးအတေးတို့အနည်းငယ်ပြေလျော့သွားသည်။
သို့သော် ကုကျန်းနျန့်အပေါ်ထားရှိခဲ့သည့်သူ(မ)၏ခံစားချက်တို့ကမရေရာတော့ပေ။ တစ်ချိန်ကချစ်ခင်မြတ်နိုးမှုနှင့်ယုံကြည်မှုတို့ကို အချိန်ရေစီးကြောင်းနှင့်အခြေအနေအရပ်ရပ်တို့က တိုက်စားသွားသောကြောင့်အနည်ထိုင်နေပြီဖြစ်သည်။ တစ်စစီကွဲအက်သွားသောမှန်တစ်ချပ်ကို ပြန်ဆက်ဖို့မဖြစ်နိုင်တော့။ ဒါကိုသူတို့နှစ်ယောက်လုံး နားလည်သဘောပေါက်ကြသည်။
သို့သည်တိုင်သမီးဖြစ်သူ၏ဆုံးဖြတ်ချက်အတိုင်းသာလုပ်ဆောင်ကြရန်သူတို့နှစ်ယောက်လုံး သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ငယ်ရွယ်နုနယ်သောကလေးငယ်ကိုမိဘများကြောင့် မည်သည့်စိတ်ထိခိုက်ဒဏ်ရာမျိုးမှမဖြစ်စေလိုပေ။
"မေမေ...တကယ်ပြောနေတာလား...ဖေဖေနဲ့အတူပြန်နေလို့ရပြီလားဟင်"။
"ဒါပေါ့...သမီးလေးရဲ့"။
ကုဆွေ့ဆွေ့မှာမိခင်ဖြစ်သူ၏စကားကြောင့်ဝမ်းသာလုံးဆို့၍ထခုန်မိမတတ်ဖြစ်သွားသည်။ နောက်ဆုံးသူ(မ)မျှော်လင့်တောင့်တခဲ့သောမိသားစုစုံစုံလင်လင်ဘဝနှင့်နေရတော့မှာပါလား။ ဖေဖေ့ကိုရော မေမေ့ကိုပါဆွေ့ဆွေ့တစ်ပြိုင်တည်းပြေးဖက်လိုက်သည်။
ဤနေ့ကသူ(မ)အတွက်အပျော်ဆုံးနေ့။ ထိုပျော်ရွှင်မှုကို ဘယ်အရာနှင့်မှမလဲနိုင်ပေ။
......
ဆွေ့ဆွေ့လေးပြန်သွားပြီးနောက်ဖူရင်းယွီ၏တိုက်ခန်းမှာ တစ်မုဟုတ်ချင်းတိတ်ဆိတ်သွားသည်။ သူ(မ)လည်းပျင်းပျင်းနှင့်အခန်းသန့်ရှင်းရေးလုပ်နေလိုက်သည်။
သန့်ရှင်းရေးလုပ်ပြီးနောက် ရိုက်ကူးရေးအသစ်အတွက်ဇာတ်ညွှန်းဖတ်ရန်ပြင်နေစဥ် လက်ထောက်လီရှောင်ကစာအိတ်တစ်အိတ်ကိုင်၍ရောက်လာသည်။
"အစ်မရင်းယွီ...အစောက...ဆွေ့ဆွေ့လေးရဲ့အမေနဲ့အတူတူလာတဲ့ရုပ်ဖြောင့်ဖြောင့်နဲ့အစ်ကိုတစ်ယောက်က...ဒီစာအိတ်လေးပေးသွားတာ
သူ့အသိတစ်ယောက်ကအစ်မရင်းယွီအတွက်ဆိုပြီးပေးခိုင်းလိုက်တာတဲ့"။