အပိုင်း ၁၅၅
Viewers 15k

Chapter 155

သူတို့သုံးယောက်အတူ အိမ်သို့ပြန်လာကြသည်။

အစပိုင်းတွင် ကုဆွေ့ဆွေ့မှာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေမိသည်။ သို့သော် ဖေဖေနှင့်စကားပြောနေသည့်အချိန်တွင် တည်တည်ငြိမ်ငြိမ်ရှိလှသော မေမေ၏မျက်နှာအမူအရာကြောင့် ဆွေ့ဆွေ့တစ်ယောက် သတ္တိမွေးကာရှေ့ဆက်တိုးလိုက်သည်။

"ဖေဖေ....သမီးရဲ့အခန်းလိုက်ကြည့်ချင်လား...အခန်းကအရမ်းလှတယ်...မေမေကိုယ်တိုင်အလှဆင်ပေးထားတာလေ...ဖေဖေမလို့လိုက်ပြတာ...တစ်ခြားလူဆို...မပြပါဘူး"။

အားတက်သရောနှင့်စကားစပြောလာသော သမီးငယ်ကြောင့် ကုကျန်းနျန့်လည်းအပျော်ကူးစက်လာသည်။ သူကိုယ်တိုင်တောင်မသိလိုက်ပဲ စိတ်လိုလက်ရပြုံးမိသွားသည်။ "အင်း...သမီးသဘောပဲ"။

ဖုန်းယောက်ချင်းမှာ သားအဖနှစ်ယောက်၏အတိုင်အဖောက်ညီနေမှုကိုကြည့်ပြီး ဘာတစ်ခွန်းမှဝင်မပြောချေ။

"ကဲ...အဲ့လိုဆိုရင်လည်း...ဆွေ့ဆွေ့သမီးဖေဖေကိုအခန်းတွေပတ်ပြလိုက်...မေမေနေ့လည်စာသွားပြင်လိုက်မယ်"။ ယခုမှတွေ့ရူည့်အဖေဖြစ်သူကို အချွဲပိုရင်းအနားမှမခွာတော့သောဆွေ့ဆွေ့ကိုတစ်ချက်လှမ်းကြည့်ကာ ဖုန်းယောက်ချင်းပြောလိုက်သည်။

"ပြီးတော့...ရှင်လည်းကျွန်မတို့နဲ့ပဲနေ့လည်စာတစ်ခါတည်းဝင်စားသွားလိုက်"။ ကုကျန်းနျန့်ဘာမှမပြောရသေးမီ ဖုန်းယေုက်ချင်းကမီးဖိုခန်းထဲသို့ အမြန်လှည့်ထွက်သွားသည်။ ဆွေ့ဆွေ့ကမူ သူ(မ)၏အိပ်ခန်းကိုလိုက်ပြချင်လွန်းသောကြောင့် ကုကျန်းနျန့်အားတရွတ်တိုက်ဆွဲခေါ်သွားသည်။

"ဒါက...သမီးရဲ့ခေါင်းအုံး"

"ဒါက...သမီးရဲ့အိပ်ယာ"

"ဒါက...သမီးရဲ့ယုန်ရုပ်လေး"

"....."

ဆွေ့ဆွေ့၏အခန်းထဲတွင် မှန်ဘောင်ခတ်ထားသောရင်းနှီးနေသည့်ပန်းကုံးကိုတွေ့လိုက်ရသောကြောင့် ကုကျန်းနျန့်မှင်တက်သွားသည်။

"ဒါက..ဘာလဲဟင်"။ သူ့လေသံတွင် စိတ်လှုပ်ရှားမှုတို့က အတိုင်းသားရောနှောနေသည်။

"အော်...ဒီပန်းကုံးကိုပြောတာလား...ဆွေ့ဆွေ့ရဲ့ပရိသတ်က...ဆွေ့ဆွေ့အတွက်ဆိုပြီးလက်ဆောင်ပေးထားတာလေဖေဖေရဲ့"။ ဆွေ့ဆွေ့ယူနန်ရိုက်ကူးရေးလုပ်ပြီးနောက် မြို့တော်သို့ပြန်လာရန် လေဆိပ်သို့အသွား အမည်မသိပရိသတ်တစ်ဦးကဤပန်းကုံးလေးကိုလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ဆွေ့ဆွေ့၏စကားအဆုံး ကုကျန်းနျန့်တစ်ယောက် ပြုံးယောင်သန်းသွားသည်။ ဆွေ့ဆွေ့ကိုပန်းကုံးလက်ဆောင်ပေးခဲ့သောထိုအမည်မသိပရိသတ်မှာသူပါပင်။ သို့သော်ထိုအကြောင်းများကို တစ်ကူးတစ်ကကြီးရှင်းပြမနေတော့။ သူ့သမီးငယ်ကိုစိတ်မရှုပ်ထွေးစေလိုပေ။

"ဖေဖေလည်း...ဒီလိုပန်းကုံးမျိုးလုပ်တတ်တယ်
သမီးလိုချင်သလောက်...ဖေဖေလုပ်ပေးမယ်"။ ယူနန်ဒေသကသစ်ပင်ပန်းမန်ပေါများသည်။ ဤသို့သောပန်းကုံးများလုပ်ရန် မြို့တော်ကဲ့သို့ဆိုင်ကြီးများတွင်ပန်းပင်များတစ်ကူးတစ်ကသွားဝယ်စရာမလို။

 "ရပါတယ်ဖေဖေရဲ့...ကိုကိုဇီချန်းက...သမီးမွေးနေ့ကျရင်...အဲ့လိုပန်းကုံးမျိုးလက်ဆောင်ပေးမယ်လို့ပြောထားတယ်"။ 

ဆွေ့ဆွေ့၏စကားကြောင့် ကုကျန်းနျန့်တစ်ယောက်မျက်နှာပြန်တည်သွားသည်။ "အင်း...ဒီလိုပန်းကုံးမျိုးက...ဝယ်လို့မရဘူး...လက်နဲ့ကိုယ်တိုင်လုပ်ရတာမျိုး...ဝယ်ရင်ဒီလောက်မလှဘူး...ကိုယ်တိုင်လုပ်ဖို့လဲသိပ်မလွယ်ဘူး...သမီးကိုကိုကိုဖေဖေသင်ပေးလို့တော့ရတယ်...ပန်းကုံးလုပ်နည်းအခြေခံလေးတွေပေါ့"။

"ဟုတ်...နောက်တစ်ခေါက်ကိုကိုအိမ်လာလည်ရင်...ဖေဖေသင်ပေးလိုက်ပါ"။ 

ချင်ဇီချန်း: "......"

ဆွေ့ဆွေ့ကအခန်းများလိုက်ပြနေရင်း ကုကျန်း
နျန့်အားအိမ်ပြောင်းလာပြီးသူ(မ)တို့သားအမိနှင့်အတူလာနေရန်ပြောလာသည်။ သို့သော် သူငြင်းလိုက်သည်။

"ဘာလို့လဲဟင်...ဆွေ့ဆွေ့သူငယ်ချင်းတွေရဲ့ဖေဖေနဲ့မေမေဆိုတစ်အိမ်တည်းမှာအတူတူနေကြတာလေ"။ 

"ဖေဖေ့မှာနေဖို့အိမ်သပ်သပ်ရှိပြီးသားလေ...
ဖေဖေကသမီးကိုမကြာမကြာလာတွေ့မှာပါ
မဟုတ်ဘူး...နေ့တိုင်းလာတွေ့မှာ...သမီးကဒီအိမ်မှာသမီးမေမေနဲ့ပဲနေနော်...ဖေဖေကသမီးနားမှာပဲအမြဲရှိမှာ...ဘယ်တော့မှထပ်ပြီးထားမသွားတော့ဘူး...မစိုးရိမ်ပါနဲ့"။ သမီးငယ်ကို နားလည်အောင် တတ်နိုင်သလောက်ချော့မော့ပြောလိုက်သည်။

လူလားမြောက်လာသောသမီးလေးကို တစ်လျှောက်လုံးမပြုစုမစောင့်ရှောက်ခဲ့ရသည်မှာ သူ၏အကြီးမားဆုံးနောင်တပင်ဖြစ်သည်။ 

သို့သော်ဘုရားသခင်ကသူ့အပေါ်ထင်ထားသလောက်မရက်စက်ပေ။ မိသားစုနှင့်အချိန်မှီပြန်လည်ဆုံစည်းခွင့်ပေးခဲ့သည်။ ဤအခွင့်အရေးကို သူလက်လွှတ်မခံနိုင်ပေ။ ဆုံးရှုံးခဲ့ရသောအချိန်များအတွက်အတိုးချပြီး ပြန်ပေးဆပ်တော့မည်ဟူ၍ဆုံးဖြတ်ချက်ချလိုက်သည်။

ဆွေ့ဆွေ့က နားလည်သလိုလေးခေါင်းညိမ့်ပြလာသည်။ ကုကျန်းနျန့်လည်း ဆွေ့ဆွေ့နှင့်စကားပြောပြီးနောက် မီးဖိုချောင်ဘက်သို့ခြေဦးလှည့်ခဲ့သည်။ ဘေစင်ပေါ်တွင်မဆေးကြောရသေးသောအသီးအရွက်များရှိနေသဖြင့် ကူဆေးပေးလိုက်သည်။

"ကျေးဇူးပဲ"။ အသီးအရွက်များကိုဆေးကြောနေရင်း ဖုန်းယောက်ချင်းအားသူပြောလိုက်သည်။

ဟင်းအိုးမွှေနေသောဖုန်းယောက်ချင်း၏လှုပ်ရှားမှုတို့ တစ်ခဏမျှရပ်တန့်သွားသည်။ "ကျေးဇူးတင်စရာမလိုပါဘူး...အခုလိုလုပ်နေရတာတွေအကုန်လုံးက...ဆွေ့ဆွေ့
ကြောင့်ပဲ...ငါ့ဘက်ကဆန္ဒပါလို့မဟုတ်ဘူး"။

"ကိုယ်သိပါတယ်"။ အသီးအရွက်များကိုဆေးကြောပြီးနောက် ကုကျန်းနျန့်ကသူ့အိပ်ထောင်ထဲက ဘဏ်စာအုပ်တစ်အုပ်ကိုထုတ်ပေးလာသည်။ 

"ဒီဟာလေး...ယူထားလိုက်"။ ဖုန်းယောက်ချင်းလည်း ဘဏ်စာအုပ်ကိုမြင်သည်နှင့် ထိုလူဘာကိုဆိုလိုမှန်း သူ(မ)သိသည်။

"ဆွေ့ဆွေ့အတွက်ဆိုရင်...မပေးပါနဲ့...ရှင့်စေတနာကိုနားလည်ပေမဲ့...မြို့တော်ကိုအခုမှပြောင်းလာတာမလား...အခြေမကျသေးခင်မှာ..ရှင်လည်းငွေလိုနေဦးမှာ.. အခုလည်းအိမ်ဌားနေရတာမလား"။ 

"ကိစ္စမရှိဘူး...ကိုယ့်မှာငွေအလုံအလောက်ရှိတယ်"။

"မပေးနဲ့ပြောရင်မပေးနဲ့ပေါ့...တော်ကြာနေ...ပိုက်ဆံမရှိလို့လမ်းဘေးရောက်သွားရင်...ငါတို့သားအမိကိုလာပြီးတိုင်ပတ်ဦးမယ်...ထပ်ပြီးအတွန့်မတက်နဲ့တော့...အဲ့ဟာကိုပြန်သိမ်းလိုက်"။

ဖုန်းယောက်ချင်း၏စကားကြောင့်ကုကျန်းနျန့်လည်းဘာမှထပ်မပြောနိုင်တော့ပေ။ ထို့နောက်ချက်ပြုတ်ပြီးသည်နှင့်သုံးယောက်သားနေ့လည်စာထမင်းလက်ဆုံစားကြတော့သည်။ ပထမဆုံးမိသားစုစုံစုံလင်လင်နှင့်စားရသောထမင်းဝိုင်းလေးက ကြည်နှုးရိပ်အငွေ့အသက်တို့လွှမ်းခြုံထားသည်။

"ဖေဖေ...ဒါလေးလည်းစားကြည့်...ဒါလေးရောပဲ
မေမေ့လက်ရာကအရမ်းစားလို့ကောင်းတာ"။ ဆွေ့ဆွေ့က ဟင်းရှိသမျှကို ကုကျန်းနျန့်
၏ထမင်းပန်းကန်ထဲသို့ ပုံအောထည့်ပေးသည်။

"အင်း....အရသာရှိသားပဲ"။