Chapter 156
ဆွေ့ဆွေ့၏မရမကတောင်းဆိုမှုကြောင့် ကုကျန်းနျန့်လည်း တိုက်ခန်းတွင်သာတစ်နေကုန်တစ်နေခန်းနေဖြစ်သည်။
တစ်နေ့ခင်းလုံးဆော့ကစားထားကလေးငယ်မှာ ညရောက်သောအခါ အပတ်စဥ်ကြည့်နေကျရသစုံရှိုးကိုကြည့်အပြီးတွင် အိပ်ငိုက်နေပြီဖြစ်သည်။
သူ(မ)၏ဦးခေါင်းမှာ ဟိုဟိုဒီဒီစောင်းပြီးငိုက်စိုက်ကျနေသည်။ ကုကျန်းနျန့်၏လက်မောင်းကိုတွဲခိုထားပြီး လက်ခုံဖြင့်မျက်လုံးများကိုပွတ်နေသေးသည်။
အိပ်ချင်စိတ်ကိုအတင်းချုပ်တည်းထားပုံရသောဆွေ့ဆွေ့ကိုကြည့်ကာ ကုကျန်းနျန့်တစ်ယောက် သက်ပြင်းဖွဖွချလိုက်မိသည်။ "ဆွေ့ဆွေ့...သမီးအိပ်ချင်နေရင်...သွားအိပ်တော့လေ"။
"သမီးမအိပ်ချင်ပါဘူး...ဖေဖေရဲ့...ဒီတိုင်းမှေးနေတာ"။ ဆွေ့ဆွေ့က အိပ်ချင်မူးတူးဖြင့်ပြန်ပြောလာသည်။ မျက်လုံးပင် သိပ်မဖွင့်ချင်တော့။
"အဲဒါဆို...ဖေဖေလည်းသမီးနဲ့အတူတစ်ရေးတစ်မောလိုက်အိပ်မယ်"။ ဆွေ့ဆွေ့မှာ ဖေဖေ့စကားကြောင့် အလွန်ပျော်သွားသည်။ အချိန်အကြာကြီးနေမှပြန်တွေ့ရသောဖေဖေ့ကိုသူ(မ)မျက်ဟိအောက်မှအပျောက်မခံနိုင်တော့။
"အမ်း....ဒါဆိုအတူတူသွားအိအ်ကြတာပေါ့"။ အနားတွင်ရှိနေသောဖေဖေ့ကြောင့် ဆွေ့ဆွေ့မှာ ယခုမှစိတ်ချလက်ချအိပ်ပျော်နိုင်တော့သည်။
သူ့ရင်ခွင်ထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသောကလေးငယ်ကိုကြည့်ကာ ကုကျန်းနျန့်
၏မျက်ဝန်းတို့ပြုံးယောင်သန်းသွားရသည်။ ထို့နောက် ဆိုဖာပေါ်မှထကာသမီးကိုပွေ့ချီရင်းအိပ်ခန်းထဲသို့ခြေလှမ်းဖွဖွဖြင့်လှမ်းသွားလိုက်သည်။
အိပ်ခန်းထဲအရောက် ကလေးငယ်ကိုအိပ်ယာပေါ်သို့ညင်သာစွာဖြင့်ဂရုတစိုက်ချပေးလိုက်သည်။ စောင်ခြုံပေးပြီး အခန်းအပြင်သို့ထွက်သွားတော့မည့်အချိန်တွင် ဆွေ့ဆွေ့ကသူ့လက်ကို ကယောင်ကတမ်းလှမ်းဆွဲလာသည်။
"သမီးလေး...ကောင်းကောင်းအိပ်တော့နော်...အိပ်မက်လှလှမက်ပါစေ"။
"သမီးနှိုးလာရင်...ဖေဖေ့ကိုတွေ့ရဦးမှာလား...ဖေဖေရှိနေဦးမှာပါနော်"။
"ဒါပေါ့...ဖေဖေကသမီးလေးကိုဘယ်တော့မှထားမသွားဘူး"။ ကုကျန်းနျန့်တစ်ယောက် သူ့အားစိုးရိမ်တကြီးဖြင့်ကြည့်နေသောသမီးဖြစ်သူကို စိတ်သက်သာရာရလိုရငြားနှစ်သိမ့်ပေးလိုက်သည်။ ထိုအခါမှ ကလေးငယ်ကပြန်လည်အိပ်မောကျသွားတော့သည်။
အခန်းအပြင်ဘက်တွင် ဖုန်းယောက်ချင်းက လက်ထဲတွင်ဖုန်းကိုင်ကာစောင့်နေသည်။ ဆွေ့ဆွေ့အိပ်ခန်းမှ ထွက်လာသောကုကျန်းနျန့်ကိုမြင်မှ အကဲခတ်သလိုမေးလာသည်။
"ဆွေ့ဆွေ့...အိပ်ပျော်သွားပြီလား"။
"အင်း...အိပ်သွားပြီ"။
တစ်ချက်ချက်မြည်နေသောတိုင်ကပ်နာရီကိုဖုန်းယောက်ချင်းက တစ်ချက်လှမ်းကြည့်ကာပြောလာသည်။ "အခုနောက်ကျနေပြီဆိုတော့...ငါ့ကားနဲ့အိမ်ပြန်လိုက်...မနက်ဖြန်မနက်ကျရင်ထပ်လာခဲ့...အဲ့လိုလုပ်လို့အဆင်ပြေတယ်မလား"။
ကုကျန်းနျန့်ကသူ(မ)ကမ်းပေးလာသောကားသော့ကိုမယူပေ။ "ကိုယ်နေတဲ့နေရာက...သိပ်မဝေးပါဘူး...မြေအောက်ရထားစီးပြီးတော့ပဲ...ပြန်လိုက်မယ်"။
"အင်း...အဆင်ပြေသလိုလုပ်ပေါ့...ပြီးတော့မနက်ဖြန်ညနေလေးနာရီကျရင်ဆွေ့ဆွေ့ကိုမူကြိုကျောင်းမှာသွားကြိုမှာဆို...မမေ့နဲ့နော်"။
"အွန်း...ကိုယ်မမေ့ပါဘူး"။
......
တနင်္လာမနက်ခင်းတွင်ဆွေ့ဆွေ့တစ်ယောက်မူကြိုကျောင်းသွားရမည်ကိုအလွန်တက်ကြွစိတ်လှုပ်ရှားနေမိသည်။ ကိုကိုချင်ဇီချန်းအားဖေဖေ့အကြောင်းပြောပြရန်မစောင့်နိုင်တော့။
သူ(မ)တွေးထားသည့်အတိုင်းချင်ဇီချန်းကိုတွေ့သည်နှင့် အတိုးချပြောပြတော့သည်။ ထိုင်ခုံပေါ်တွင်မိန့်မိန့်ကြီးထိုင်ကာနားထောင်နေသော ချင်ဇီချန်းမှာ အားကျသည့်လေသံဖြင့်ပြန်ပြောလာသည်။
"အင်း...ဆွေ့ဆွေ့အတွက်ကောင်းသွားတာပေါ့..
အဖေလည်းရှိတယ်အမေလည်းရှိတယ်...ကိုကို့အမေကတော့ဘယ်အချိန်မှပြန်လာမလဲမသိပါဘူး...မိသားစုစုံစုံလင်လင်မမြင်ရတာတောင်ကြာလှပြီ"။
ကျောင်းမဆင်မီတွင်ကုကျန်းနျန့်တစ်ယောက် ဆွေ့ဆွေ့တို့၏မူကြိုကျောင်းဂိတ်ဝသို့ကြိုတင်ပြီးရောက်နေသည်။ အဖေတစ်ယောက်အနေနှင့်သမီးကိုပထမဆုံးအကြိမ်ကျောင်းလာကြိုခြင်းဖြစ်သောကြောင့် သူအနည်းငယ်စိတ်လှုပ်ရှားနေမိသည်။
ထို့ကြောင့်အဝတ်အစားကိုလည်းသပ်သပ်ရပ်ရပ်ဝတ်လာပြီး ဖြီးလိမ်းပြင်ဆင်လာသည်။ လူမှာအဝတ် ၊ တောင်းမှာအကွပ်ဆိုသလိုနဂိုရုပ်ရည်အခံရှိပြီးသားကုကျန်းနျန့်က ဝတ်ကောင်းစားလှနှင့်အကျအနပြင်ဆင်လိုက်သောအခါ လူကြားထဲထင်းထွက်နေသည်။ ဖြတ်သွားသူတိုင်းကလည်ပြန်လှည့်ကြည့်ရသည်အထိပင်။
"ဆွေ့ဆွေ့ရဲ့အတန်းပိုင်ဆရာမနဲ့လည်းပြောထားပြီးပြီ...ရှင်ကသူ့အဖေဆိုတာလေ...အဲ့လိုမပြောထားရင်...ရှင်လာကြိုတဲ့အခါသူစိမ်းဆိုပြီး
ဆွေ့ဆွေ့ကိုမထည့်ပေးပဲနေလိမ့်မယ်"။ ဖုန်းယောက်ချင်းကလည်း ဆရာမများကိုအကျိုးအကြောင်းပြောပြရန်တစ်ခါတည်းလိုက်လာသည်။
"ပြီးတော့...ဒီဘက်က...ဆွေ့ဆွေ့လေးရဲ့လက်ထောက်ရှမ်ယွမ်တဲ့...ရှင်လည်းသူ့ကိုတွေ့ပြီးသားနေမှာပါ"။
"ဟုတ်...မင်္ဂလာပါ...မစ္စတာကု"။ ရှမ်ယွမ်လည်း အစ်မဖုန်းယောက်ချင်းပြောပြထားသောကြောင့်
သက်တော်စောင့်ကုကျန်းနျန့်ကဆွေ့ဆွေ့၏အဖေအရင်းမှန်းသိထားပြီးဖြစ်သည်။
ယခုအချိန်ကျမှရုတ်တရက်ပေါ်လာသော
ကုကျန်းနျန့်အကြောင်းကိုသူ(မ)ထပ်သိချင်သော်လည်း သူတစ်ပါး၏မိသားစုကိစ္စဖြစ်သောကြောင့် ဝင်မစွက်ဖက်ပေ။