အပိုင်း ၁၅၈
Viewers 15k

Chapter 158

အင်္ဂါနေ့မနက်တွင် နှင်းများတဖွဲဖွဲကျဆင်းနေသည်။

ကုဆွေ့ဆွေ့တစ်ယောက် ပြတင်းပေါက်နားတွင်ရပ်ကာ အပြင်ဘက်သို့လှမ်းကြည့်မိသည်။ နှင်းမှုန်နှင်းစက်များနှင့် မြူခိုးမြူငွေ့များကြောင့် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရချေ။ မြူခိုးများရိုက်နေသော ပြတင်းပေါက်မှန်ပေါ်တွင် သူ(မ)၏လက်ချောင်းလေးများဖြင့်တို့ထိကာ ပုံဆွဲနေလိုက်သည်။

သူ(မ)ဆွဲထားသောပုံမှာ ကလေးနှစ်ယောက်နှင့်နှင်းလူသားပုံလေးဖြစ်သည်။

ယခင်နှစ်က သူ(မ)နှင့်ချင်ဇီချန်တို့ အိမိအောက်ထပ်တွင် ကြိုးစားပမ်းစားအလှဆင်ထားခဲ့သော နှင်းလူသားရုပ်လေးမှာ ပြင်းထန်သောနှင်းမုန်တိုင်းကြောင့် ချက်ချင်းလဲကျပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ဆွေ့ဆွေ့မှာရက်အတန်ကြာအောင် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသေးသည်။ သို့သော် ကံကောင်းသည်က နှင်းလူသားရုပ်လေးမပျက်သွားမီတွင် အမိအရဓာတ်ပုံရိုက်နိုင်ခဲ့ခြင်းပင်။

"မေမေ...ဟိုမှာဖေဖေ"။ ဆွေ့ဆွေ့ကမျက်စိလျင်သူဖြစ်သောကြောင့် တိုက်ခန်းရှိရာဘက်သို့ဖြေးဖြေးချင်းလျှောက်လာသောဖေဖေ့ကိုချက်ချင်းမြင်လိုက်ရသည်။

"မေမေ...သမီးဖေဖေ့ကိုသွားကြိုလိုက်မယ်နော်"။
ပြောပြောဆိုဆိုနှင့်အပေါ်ဝတ်ကုတ်အင်္ကျီဝတ်ကာ ပြေးဆင်းသွားသည်။ 

ဓာတ်လှေကားရှေ့တွင်ရပ်စောင့်နေသောကု
ကျန်းနျန့်မှာအောက်ဆင်းလာသည့်ဆွေ့ဆွေ့ကိုတွေ့လိုက်ရသောကြောင့်အံ့အားသင့်သွားသည်။

"သမီးလေး....အေးအေးချမ်းချမ်းနဲ့ဘာလို့အောက်ဆင်းလာရတာလဲ"။ 

"ဖေဖေ့ကိုလာကြိုတာလေ"။ ဆွေ့ဆွေ့ကခေါင်းလေးစောင်းငဲ့ကာ ရှက်ကိုးရှက်ကန်းဖြင့်ပြောလာသည်။

ကုကျန်းနျန့်ကဆွေ့ဆွေ့ကိုကောက်ချီလိုက်သည်။ နဖူးပြင်လေးကိုငုံ့နမ်းလိုက်ရင်း ကျီစယ်စနောက်နေသည်။ သို့သော်ဆွေ့ဆွေ့ကရုတ်တရက်ဆိုသလိုသူ့အင်္ကျီစအနားသို့ကပ်ကာ နှာခေါင်းတရှုံ့ရှုံ့နှင့်အနံ့ခံသည်။ "ဖေဖေ့အနားကနေ...ဆွေ့ဆွေ့အနံ့မွှေးမွှေးလေးရတယ်...အရသာရှိတဲ့အနံ့လိုမျိုးလေး"။ 

ဆွေ့ဆွေ့စကားကြောင့် ကုကျန်းနျန့်လည်း ကုတ်အင်္ကျီထဲမှစက္ကူထုတ်လေးကိုထုတ်လိုက်သည်။ "အနံ့လေးကမွှေးနေမှာပေါ့...သမီးလေးရဲ့
ကန်စွန်းဥဖုတ်အနံ့လေ...ဒီနားလေးကဘူတာရုံမှာရောင်းနေတာတွေ့လို့ဝယ်ခဲ့တာ"။ 

"ဝါး...ဖေဖေကဆွေ့ဆွေ့အကြိုက်ကိုသိသားပဲ
ဆွေ့ဆွေ့ကကန်စွန်းဥဆိုရင်သိပ်ကြိုက်တာ"။ 

"သမီးကြိုက်တယ်ဆိုရင်..
ဖေဖေကနောက်ဆိုအများကြီးဝယ်လာပေးမယ်"။ 

"ကန်စွန်းဥကအများကြီးဆိုတော့...မေမေ့ကိုလည်းနည်းနည်းကျွေးလိုက်မယ်နော်"။ ဆွေ့ဆွေ့လည်း ဖေဖေနှင့်အတူတူအိမ်ပေါ်ထပ်သို့တက်သွားလိုက်သည်။ အေးလွန်းသည့်ရာသီဥတုကြောင့် ဖေဖေ့ရင်ခွင်ထဲတွင်ခပ်ကျုံ့ကျုံ့လေးဖြစ်နေသည်။

"ကန်စွန်းဥဖုတ်တွေဝယ်လာတာလား"။ 

"အင်း...ဘူတာရုံနားလေးမှာအဖိုးတစ်ယောက်ရောင်းနေတာတွေ့လို့ဝယ်လာလိုက်တာ"။ 

ဖုန်းယောက်ချင်းလည်းမနက်စာစားခါနီးသရေစာစားနေသောသားအဖနှစ်ယောက်ကိုပြောချင်နေသော်လည်း ပြောမရသည်ကိုသိနေသည်မို့ မထူးတော့သည့်အဆုံး သူ(မ)ပါဝင်စားလိုက်သည်။ 

"မေမေ...သမီးအသားကင်စားချင်တယ်...ကန်စွန်းဥဖုတ်လေးနဲ့ဆိုရင်သိပ်လိုက်မှာပဲ"။ ကန်စွန်းဥကိုမြိန်ရေရှက်ရေစားနေသောကလေးငယ်က ရုတ်တရက်အသားကင်စားချင်ကြောင်းပြောလာသည်။

"ဆွေ့ဆွေ့...မေမေတို့က...တိုက်ခန်းနဲ့နေတာလေ...ဘယ်လိုလုပ်ပြီးအသားကင်စားလို့ရမလဲ
အသားကင်ဖို့ဆိုရင်...အနည်းဆုံးတော့ခြံဝန်းသေးသေးလေးလိုလိမ့်မယ်"။ ဖုန်းယောက်ချင်းလည်း ကလေးငယ်နားလည်အောင်ရှင်းပြလိုက်ရသည်။

"အဲဒါဆိုရင်...နောက်ကျဆွေ့ဆွေ့တို့ခြံဝန်းရှိတဲ့အိမ်မှာနေရအောင်လေ"။ ကလေးငယ်ကအားတက်သရောပြောလာသည်။

.....

သူတို့မိသားစုသုံးယောက် ရယ်ရယ်မောမောနှင့်နေ့လည်စာစားသောက်ပြီးသွားကြသည်။ နေ့လည်စာစယးအပြီးတစ်အောင့်လောက်နားနေကြချိန်တွင် လူခေါ်ဘဲလ်သံကြားလိုက်သောကြောင့် ဆွေ့ဆွေ့လည်းတံခါးသွားဖွင့်ပေးရာ အိမ်ရှေ့တံခါးတွင်ရပ်နေသောမမဖူရင်းယွီက မျက်နှာမကောင်းလှပေ။  

"ဆွေ့ဆွေ့လေး...သမီးရဲ့ဖေဖေရှိလား...မမသူနဲ့စကားပြောချင်လို့...ခဏလောက်ခေါ်ပေးလို့ရမလား"။ 

"ဟုတ်...ဖေဖေရှိပါတယ်...သမီးနဲ့အတူတူကစားနေတာလေ"။ 

အပြင်ဘက်မှစကားသံများကိုကြားလိုက်ရသောကြောင့် ဖုန်းယောက်ချင်းလည်းအမြန်သွား
ကြည့်လိုက်ရာအတော်လေးအံ့အားသင့်သွားရသည်။ ဆွေ့ဆွေ့နှင့်ရင်းနှီးသောနာမည်ကျော်အနုပညာရှင်သုံးဦးအနက်ခဲ့ကျင်းယန်သာအိမ်သို့လာလည်တတ်သည်။

သို့သော်ယခုမှာမလာစဖူးအလာထူးသောဖူရင်းယွီဖြစ်နေသည်။ ထို့အပြင်ဆွေ့ဆွေ့ကိုလာတွေ့ခြင်းမဟုတ်ပဲ ကုကျန်းနျန့်ကိုလာတွေ့သည်တဲ့လေ။ ကုကျန်းနျန့်နှင့်ဖူရင်းယွီက ဘယ်လိုများပတ်သတ်နေလို့လဲ။ 

"ညီမလေးဖူ...ခဏစောင့်ပါနော်...အစ်မဆွေ့ဆွေ့အဖေကိုသွားခေါ်ပေးမယ်"။ 

သူ(မ)စကားပင်မဆုံးသေး။ ကုကျန်းနျန့်ကအိမ်ခန်းထဲမှထွက်လာသည်။ ဖူရင်းယွီကိုတွေ့သည်နှင့်သူတို့အချင်းချင်းနားလည်သလိုခေါင်းညိမ့်ပြသည်။

"စာကြည့်ခန်းထဲမှာစကားသွားပြောရအောင်...လိုက်ခဲ့ပါ"။ ဖုန်းယောက်ချင်း၏စိတ်ထဲတွင်အနည်းငယ်မတင်မကျဖြစ်သွားသော်လည်း နောက်မှမေးရန်ဆုံးဖြတ်လိုက်သည်။

သို့သော်ဆွေ့ဆွေ့ကစာကြည့်ခန်းအပေါက်ဝတွင်ရပ်ကာတံခါးနားကပ်၍ချောင်းနားထောင်နေသည်။ "ဆွေ့ဆွေ့...လူကြီးတွေစကားပြောနေတာကို...ခိုးနားထောင်တာမကောင်းဘူးနော်
အဲ့အကျင့်ဖျောက်"။

"ခိုးနားထောင်တာမဟုတ်ရပါဘူး...သမီးကဖေဖေနဲ့မမဘာပြောနေလဲသိချင်လို့ပါ"။

"သမီးသိချင်တယ်ဆိုရင်...သမီးဖေဖေထွက်လာမှတိုက်ရိုက်မေးလိုက်လေ...သမီးမေးရင်သူတို့ပြောပြမှာပေါ့"။ အနည်းငယ်ဒေါသထွက်နေဟန်ရှိသောမေမေ့အသံကြောင့် ဆွေ့ဆွေ့ကြောင်အမ်းအမ်းဖြစ်သွားသည်။

မေမေကဘာကိုဒေါသထွက်နေတာလဲ။ ဖေဖေနဲ့မမရင်းယွီကရော စာကြည့်ခန်းထဲမှာဘာတွေပြောနေကြတာလဲ။