Chapter 159
"ဖေဖေ...မမဖူကငိုနေတာလားဟင်...မမရဲ့မျက်လုံးတွေက...နီရဲနေတာပဲ"။
မမဖူက သူ(မ)တို့အိမ်သို့ ယနေ့မှထူးထူးဆန်းဆန်းရောက်ချလာသော်လည်း သူ(မ)နှင့်ပင် စကားမပြောပေ။ သို့သော် ဖေဖေနှင့်စာကြည့်ခန်းထဲတွင် အချိန်အတော်ကြာစကားပြောပြီးမှပြန်ထွက်သွားသည်။ အလွန်ထူးဆန်းသော အခြေအနေ မဟုတ်လား။
မမဖူပြန်သွားပြီးနောက် ဆွေ့ဆွေ့လည်း ဖေဖေ့ဆီသို့ မဝံ့မရဲနှင့်ချဥ်းကပ်သွားပြီး သူ(မ)စိတ်ထဲတွင် သံသယရှိနေသောအရာများကိုထုတ်မေးလိုက်သည်။
ဖေဖေက သူ(မ)ကို ယဲ့ယဲ့လေးပြုံးပြကာ ပြန်ပြောလာသည်။ "စိတ်မပူပါနဲ့...သမီးရဲ့မမအဆင်ပြေသွားမှာပါ"။
သို့သော် ဆွေ့ဆွေ့၏စိတ်ထဲတွင် တစ်စုံတစ်ရာက အနှောင့်အယှက်ပေးနေသကဲ့သို့ လေးပင်နေသည်။ ဖေဖေက သူ(မ)၏စိတ်ကိုသိသည့်နှယ် သက်ပြင်းချကာ ဆက်ပြောလာသည်။ "သမီးမမဖူရဲ့...အဖေကနေမကောင်းဖြစ်နေတာတဲ့...ဒါပေမဲ့...သူ့အဖေနဲ့ပြဿနာတက်ထားတော့
ဘယ်လိုဆက်လုပ်ရမှန်းမသိဖြစ်နေတာ...ဖေဖေကတော့...ဘာမှမပြောလိုက်ဘူး...သားအဖနှစ်ယောက်ကြားကိစ္စကို....ကြားလူဝင်ပါလို့မကောင်းဘူးလေ"။
ဖေဖေ့၏စကားကြောင့် ဆွေ့ဆွေ့တစ်ယောက် အတော်လေးစိတ်မကောင်းဖြစ်သွားရသည်။ အစပိုင်းတွင် မမဖူရင်းယွီကသူ(မ)ကိုလျစ်လျူရှု
ထားသောကြောင့် ဝမ်းနည်းနေသော်လည်းအကြောင်းရင်းကိုသိပြီးနောက်ထိုဝမ်းနည်းမှုတို့က ပျောက်ကွယ်သွားရသည်။
ယခုအချိန်တွင် မမဖူရင်းယွီကသူ(မ)ထက်အဆပေါင်းများစွာဝမ်းနည်းကြေကွဲနေလောက်သည်။
ဆွေ့ဆွေ့မှာတစ်ဆက်တည်းတွင် မမဖူ၏ဖခင်ကဲ့သို့သူ(မ)ဖခင်လည်းနေမကောင်းဖြစ်မည်ကိုစိတ်ပူလာရသည်။ ထို့ကြောင့် မျက်စိရှေ့တွင်ရှိနေသောဖေဖေ့ကိုတင်းကြပ်စွာဖက်ရင်းပြောလိုက်သည်။
"ဖေဖေ...ကျန်းကျန်းမာမာနေမှဖြစ်မယ်နော်...နေမကောင်းဖြစ်လို့မဖြစ်ဘူး...သမီးဖေဖေ့ကိုဆေးရုံမှာမတွေ့ချင်ဘူး"။
"ဒါပေါ့...ဖေဖေနေမကောင်းမဖြစ်အောင်နေမှာပါ
သမီးကိုကတိပေးတယ်နော်"။ သူနေမကောင်းဖြစ်လို့မဖြစ်။ သမီးလေးအရွယ်ရောက်သည်အထိအနားမှာနေပြီးစောင့်ရှောက်ပေးရဦးမည်။
သူ့မိသားစုဝင်များကိုလျှို့ဝှက်ချက်မထားလိုသောကြောင့် ကုကျန်းနျန့်လည်းဖုန်းယောက်ချင်းကို ဖူရင်းယွီ၏ဖခင်ဖြစ်သူဖူဟန်ရှမ်အကြောင်း ပြောပြထားလိုက်သည်။ ဖူဟန်ရှမ်က လူတစ်ယောက်ကိုကယ်ရင်းနှင့်သေနတ်ထိမှန်သွားသောကြောင့် ဆေးရုံတက်နေရကြောင်း
သမီးဖြစ်သူဖူရင်းယွီကိုတွေ့လိုသောကြောင့်သူ့ကိုအကူအညီတောင်းထားကြောင်း ပြောပြလိုက်သည်။
အသေးစိတ်အဖြစ်အပျက်များကိုမူမပြောပြထားချေ။ အစအဆုံးသာပြောပြလိုက်လျှင် ဖုန်းယောက်ချင်းလန့်သွားနိုင်သည်။ သူတို့၏လျှို့ဝှက်မစ်ရှင်ကအလွန်အန္တရာယ်များသည်။ မူးယစ်ဆေးဝါးဂိုဏ်းကြီးတွင် သူလျှိုအဖြစ်တာဝန်ထမ်းဆောင်နေရင်း သူတို့ရဲတပ်ဖွဲ့ဘက်မှသစ္စဖောက်တစ်ဦးက ဂိုဏ်းခေါင်းဆောင်ကို သူတို့အကြောင်းသတင်းပေးလိုက်သောကြောင့် သူနှင့်ဖူဟန်ရှမ်တို့နှစ်ယောက်လုံး ဒုစရိုက်သမားများလက်မှလွတ်အောင် အသက်လုပြေးခဲ့ရသည်။
ကံမကောင်းစွာဖြင့်သူတို့နှစ်ယောက်လုံး သေနတ်ထိမှန်ခဲ့ကြသည်။ ကုကျန်းနျန့်
၏ဒဏ်ရာမှာဖူဟန်ရှမ်လောက်မပြင်းထန်ပေ။ ဖူဟန်ရှမ်ကညာဘက်ခြေထောက်ကိုသေနတ်ထိမှန်သွားပြီး သွေးထွက်လွန်ကာနောက်ကျမှဆေးရုံရောက်သွားသောကြောင့် အချိန်မီအသက်အန္တရာယ်မှကျော်လွှားနိုင်ခဲ့သော်လည်း ခြေထောက်ကအကြောသေသလိုဖြစ်သွားပြီး လမ်းမလျှောက်နိုင်တော့ပေ။
.....
ဆွေ့ဆွေ့အိမ်မှပြန်ထွကိလာပြီးနောက် ဖူရင်းယွီတစ်ယောက်လူကွယ်ရာနေရာတစ်ခုတွင်အချိန်အတော်ကြာကြာငိုနေခဲ့သည်။ ငိုရလွန်းလို့မျက်လုံးများမို့အစ်ကာခေါင်းကိုက်လာမှသူ(မ)ကားရပ်ထားသောနေရာသို့သွားလိုက်သည်။
"အစ်မရင်းယွီ...ဘာဖြစ်လို့လဲ...ဘာလို့ငိုနေတာလဲဟင်"။ ကားထဲတွင်အသင့်စောင့်နေသောလက်ထောက်လီရှောင်ကစိုးရိမ်တကြီးမေးလာသည်။
"ငါဘာမှမဖြစ်ဘူး...ခေါင်းကိုက်နေလို့ထပ်မမေးနဲ့တော့...အိမ်ပြန်ရအောင်"။ လက်ထောက်လီရှောင်လည်း အခြေအနေကောင်းပုံမရသော
ဖူရင်းယွီကိုတစ်ချက်လှမ်းကြည့်ပါဘာမှထပ်မမေးတော့ပေ။
အပြင်ဘက်တွင်ဖြူဖွေးပိတ်ပိန်းနေအောင်တဖွဲဖွဲကျနေသောနှင်းများကိုကြည့်ရင်း ဖူရင်းယွီိတစ်ယောက်လေးတွဲ့စွာဖြင့်ပြုံးလိုက်မိသည်။
ဆွေ့ဆွေ့အဖေကဖူရင်းယွီမသိသေးသောအမှန်တရားတစ်ခုကိုပြောပြလာသည်။
သူ(မ)တို့သားအမိကိုစွန့်ပစ်ခဲ့သောကြောင့်တစ်ချိန်လုံးနာကြည်းနေခဲ့ရသည့်အဖေဆိုသူက မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်ကာမူးယစ်ဆေးဝါးဂိုဏ်းတစ်ခုတွင် သူ့ဘဝသူစတေးကာနှစ်ပေါင်းများစွာသူလျှိုအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်တဲ့လေ။ နိုင်ငံသားကောင်းတစ်ယောက်အဖြစ်တိုင်းပြည်တာဝန်သိတတ်လွန်းသော သူ(မ)အဖေဖူဟန်ရှမ်ကိုစိတ်ဆိုးရမည်လား။ ချီးကျူးဂုဏ်ယူရမည်လား။ သူ(မ)မဝေခွဲနိုင်တော့။