အပိုင်း ၁၆၄
Viewers 15k

Chapter 164

ချင်အိမ်တော်မှပြန်လာသောအခါ ဆွေ့ဆွေ့၏လက်ထဲတွင် သစ်ခွပန်းအိုးတစ်အိုးပါအတူပါလာသည်။

ဆွေ့ဆွေ့မှာ ထိုသစ်ခွပန်းပင်လေးကို နေ့နေ့ညညဂရုတစိုက် ကိုင်တွယ်ပြုစုသည်။ အပင်ကောင်းကောင်းရှင်သန်ကြီးထွားလာအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်နည်းလမ်းများသိ
ရရန် ချင်အိမ်တော်သို့သုံးလတစ်ခါတိုင်းသွားတတ်သေးသည်။

ချင်ဇီချန်လည်းအတူတူပင်ဖြစ်သည်။ အခွင့်အရေးရတိုင်း ဆွေ့ဆွေ့အိမ်သို့သွားရန်ချောင်းနေတတ်သည်။ ရံဖန်ရံခါတွင် သက်တော်စောင့်အုပ်လိုက်ကြီးနှင့်ရောက်ချလာသည်။ ကလေးငယ်
နှစ်ဦးမှာ မတွေ့ရသည့်ရက်မရှိလောက်အောင် တစ်ယောက်အိမ်တစ်ယောက်အလှည့်ကျသွားလည်တတ်သည်။

ဖုန်းယောက်ချင်းကမူ ဆွေ့ဆွေ့ချင်အိမ်တော်သို့သွားလည်တိုင်း လက်ဗလာနှင့်မသွားစေပဲ ဟင်းပွဲများ အချိုပွဲများထည့်ပေးသွားသည်။ ဆွေ့ဆွေ့က ချင်အိမ်တော်သို့မကြာမကြာဝင်ထွက်သွားလာနေသောကြောင့် ချင်ဇီချန်း၏မိဘများကငြိုငြင်လာမည်ကိုလည်း စိတ်ပူရသေးသည်။

ချင်မိသားစုနှင့်ဆက်ဆံရေးမကောင်းလျှင်ဆွေ့ဆွေ့အပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်သည်။ ချင်ဖျော်ဖြေရေးအေဂျင်စီက သူတို့လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်နေသော
ကြောင့်ပင်။ ထို့ကြောင့် ချင်အိမ်သူအိမ်သားတို့၏ရှေ့တွင် အစစအရာရာသတိထားပြီးနေရန်ဆွေ့ဆွေ့အားအမြဲလိုလိုမှာမှာနေရသည်။

သို့သော် ကုကျန်းနျန့်ကမူ များများစားစားတွေးမနေပေ။ ဆွေ့ဆွေ့အပေါ်အလိုက်ငိပြီးဂရုစိုက်တတ်သော ထိုကောင်လေးကို သူတော်တော်သဘောကျသည်။ 

"ဦးဦးကု...ဒီပန်းကုံးကြီးသီတတ်ဖို့အတွက်...ဘယ်လောက်တောင်အချိန်ယူပြီးသင်ရဦးမှာလဲဟင်"။ ချင်ဇီချန့်က ကုကျန်းနျန့်အား စိတ်မရှည်သည့်လေသံဖြင့်မေးလိုက်သည်။ 

ကုကျန်းနျန့်ကပန်းများကိုသီနေရင်း အေးအေးလူလူပြန်ဖြေသည်။ "သားရဲ့အရည်အချင်းနဲ့ဆိုရင်....နောက်တစ်လလောက်ထပ်သင်လိုက်ရင်...ကျွမ်းကျွမ်းကျင်ကျင်တတ်သွားမှာပါ"။ 

"အာ...နောက်တစ်လကြီးတောင်ထပ်သင်ရဦးမှာပေါ့"။ ချင်ဇီချန်းတစ်ယောက် သင်နေရင်းအနည်းငယ်စိတ်ညစ်လာသော်လည်း ကျောင်းတွင်ဖြစ်စေ ရိုက်ကူးရေးတွင်ဖြစ်စေဆွေ့ဆွေ့နှင့်အတူကစားချင်သူ ခင်ချင်သူအလွန်များပြားသောကြောင့် သူ့သူငယ်ချင်းလေးကိုအခြားသူနောက်ပါမသွားစေပဲ သူ့အနားတွင်သာရှိနေစေရန် ဆွေ့ဆွေ့သဘောကျသည့်ပန်းကုံးများများလုပ်ပေးပြီး သူ့ကိုသာခင်တွယ်စေမည်ဟုတွေးမိကာ ကြိုးကြိုးစားစားသင်ယူနေရှာသည်။

နာရီဝက်ခန့်ကြာပြီးနောက် အန်တီဖုန်းယောက်ချင်းက ပန်းသီနေသည့်သူတို့ဆီသို့ရောက်လာသည်။ "ဇီချန်း....ဒီလိုလက်မှုပညာမျိုးက...ခဏလေးနဲ့သင်လို့တတ်တာမဟုတ်ဘူး...အချိန်ယူရမယ်...ကိုယ့်ကိုကိုယ်တစ်အားကြီးဖိအားမပေးပါနဲ့...ခဏလောက်နားလိုက်ဦး...ဆွေ့ဆွေ့ကသားနဲ့အတူတီဗွီကြည့်ဖို့ဧည့်ခန်းထဲမှာစောင့်နေတယ်"။

"ဟုတ်...သားဆွေ့ဆွေ့ဆီသွားလိုက်ပါ့မယ်...အန်တီ"။ တစ်ချိန်လုံးထိုင်နေရသောကြောင့် သူ့ခြေထောက်များကထုံကျင်နေသည်။ ကိုယ်ကိုမနည်းဆွဲထူထလိုက်ရင်း ဧည့်ခန်းဆီသို့ခြေဦး
လှည့်ခဲ့သည်။

ဆွေ့ဆွေ့ဘေးတွင်တီဗွီထိုင်ကြည့်နေရင်း ချင်ဇီချန်းတစ်စုံတစ်ခုကိုတွေးမိသွားသည်။ "ဆွေ့ဆွေ့...နှစ်သစ်ကူးနေ့ကျရင်...ကိုကိုဒီမှာလာနေလို့ရမလား"။ 

နှစ်သစ်ကူးနေ့ကိုသူအိမ်တွင်မကုန်ဆုံးချင်ပါ။ နှစ်တိုင်းလိုလိုထိုနေ့ရောက်လျှင် ဒယ်ဒီကပါတီပွဲများကျင်းပတတ်သည်။ ထိုအခါတစ်အိမ်လုံးသူမသိသောသူစိမ်းများနှင့်ပြည့်နေသည်။ ဒယ်ဒီဖိတ်ထားသောလူများက အမြဲတမ်းဟန်ဆောင်ပြုံးပြုံးနေတတ်ပြီးဒယ်ဒီ့ကွယ်ရာတွင်မာမီ့မကောင်းကြောင်းကိုပြောတတ်သေးသည်။ 

သူတို့၏သားသမီးများကလည်း သူနှင့်တစ်စက်ကလေးမှမတည့်။ တစ်ခေါက်ကဒယ်ဒီဖိတ်ထားသောဧည့်သည်၏ကလေးတစ်ယောက်နှင့်အရုပ်လုကြရာမှရန်ထဖြစ်သောကြောင့် ချင်ဇီ
ချန်းတစ်ယောက် တစ်ပတ်လုံးလုံးအိမ်သန့်ရှင်းရေးလုပ်ပြီးအပြစ်ပေးခံလိုက်ရသေးသည်။ 

"ဘာလို့လဲဟင်"။ ဆွေ့ဆွေ့က တီဗွီဖန်သားပြင်ထက်မှ အကြည့်ခွာကာချင်ဇီချန်းကိုအာရုံစိုက်လျက် မေးလာသည်။

ထိုသို့မေးလိုက်ခြင်းမှာ ကိုကိုဇီချန်းကိုမလာလည်စေချင်၍မဟုတ်။ သို့သော်ဆွေ့ဆွေ့နားလည်ထားသလောက် နှစ်သစ်ကူးနေ့တွင်မိသားစုဝင်များနှင့်သာအချိန်ကုန်ရသည် မဟုတ်လား။ ကိုကိုဇီချန်းကိုလည်း ဆွေ့ဆွေ့အနားတွင်သာတစ်ချိန်လုံးအဖော်ပြုပေးခြင်းမဟုတ်ပဲ သူ့မိသားစုဝင်များနှင့်ပျော်ပျော်ပါးပါးအချိန်ကုန်စေချင်သည်။

"ကိုကိုရယ်...နှစ်သစ်ကူးဆိုတာက...မိသားစုဝင်တွေနဲ့ပဲအတူရှိနေသင့်တာပေါ့...ဆွေ့ဆွေ့ကလာမလည်စေချင်လို့မဟုတ်ပါဘူး...ဒါပေမဲ့ကိုကို့အိမ်ကလူတွေကလည်း...ကိုကို့ကိုမျှော်နေကြမှာပေါ့...ဆွေ့ဆွေ့ဆီပဲတစ်ချိန်လုံးရောက်နေရင်ဘယ်ကောင်းပါ့မလဲ"။

ဆွေ့ဆွေ့စကားကြောင့် ချင်ဇီချန်းမှာအလေးအနက်စဥ်းစားသွားသည်။ "အင်း...ဆွေ့ဆွေ့ပြောတာ...မှန်သလိုလိုရှိသားပဲ...ကိုကိုနားလည်ပါပြီ"။