အပိုင်း (၂၈၅)
Viewers 31k

Chapter 285


"အိုး... စကားမစပ်..."


မူလက ချင်ယွီသည်။ ယွမ်ရှမှာ သူသေဆုံးပြီးနောက်တွင် သူတို့၏ကလေးကိုပေးပစ်ခဲ့သည်ဟု စုန့်ထင်ရှန်းကို ပြောပြလိုက်ချင်သော်လည်း ထိုစကားလုံးများ သူ့နှုတ်ဖျားကိုရောက်လာသည်နှင့် ပြန်မျိုချလိုက်ရလေသည်။ ၎င်းက စုန့်ထင်ရှန်း၏ရင်ထဲတွင် အထုံးတစ်ထုံးဖြစ်သွားစေမလား သူမသေချာပေ။ ဤလူမှာ သူ့မိသားစုနှင့်ပတ်သတ်လျှင် အလွန်အမင်းဂရိုစိုက်လေသည်။


အကယ်၍ သူ့မိန်းမက သူသေသွားပြီးတဲ့နောက်မှာ ဒီလိုလုပ်ခဲ့မှန်းသိ၍ ခွင့်လွှတ်ပေးနိုင်ပါ့မလား....


"ထားလိုက်တော့.... အရေးမကြီးဘူး... ငါလည်း သူမရဲ့ဘဝကို ထပ်ပြီးမဖျက်စီးချင်တော့ဘူး...."


စုန့်ထင်ရှန်း သူ၏သံသယများကို ဖိနှိပ်ရန် သူ့ကိုယ်သူတွန်းအားပေးလိုက်သည်။ သူ့လက်သူမြှောက်ကာ နာရီကြည့်လိုက်သည်။

"မင်း ဂရုစိုက်နေတာကောင်းမယ်...."


ချင်ယွီခေါင်းငြိမ့်ပြလိုက်သည်။

"ငါသိပါတယ်..."


သူ စုန့်ထင်ရှန်း၏ အထိမခံသည့် အရာကိုသွားထိမိခဲ့ကြောင်း သိလေသည်။ စုန့်ထင်ရှန်းက မည်သို့လက်စားချေပါစေ သူခံစားရတော့မည်ဖြစ်သည်။ ၎င်းက ဂိမ်းတစ်ခု၏စည်းမျဉ်းဖြစ်သည်။


စုန့်ထင်ရှန်းက ချင်ယွီနှင့်စကားပြောရင်း အချိန်မဖြုန်းချင်တော့ပေ။ သူအိပ်ခန်းထဲပြန်ဝင်ကာ ဝမ်လေးကို သူ့အင်္ကျီနှင့်ပတ်ပြီး ပွေ့ချီကာ ထွက်ပေါက်ကိုဦးတည်လိုက်သည်။


စုန့်ထင်ရှန်းထွက်သွားပြီးနောက်တွင် ချင်ယွီက နောက်ထပ်ဝိုင်တစ်ခွက်ထပ်လောင်းထည့်ကာ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှည်လျားသော ပြတင်းပေါက်ရှေ့တွင်ရပ်၍ သူနှင့်ယွမ်ရှ ပထမဆုံးဆုံခဲ့သည့်အချိန်ကို တွေးနေလိုက်သည်။


သူ၏ယခင်ဘဝတွင် မကောင်းတာဘာတစ်ခုမှမလုပ်ခဲ့ဖူး၍ သူ့ကိုလူဆိုးဟု မသတ်မှတ်နိုင်ပေ။ သူမတွင် ကလေးရှိကြောင်းသိချိန်တွင်ပင် ကလေးကိုပြန်ခေါ်ပေးရန်ပင် တွေးခဲ့သေးသည်။


ဝမ်လေး၏ကြည်လင်လှသော မျက်လုံးလေးများကို မြင်ချိန်တွင် သူ့ကိုယ်သူပြက်လုံးတစ်ခုဟု ခံစားလိုက်ရသည်။ သူနှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့်အရာကို စုန့်ထင်ရှန်းက လွယ်လွယ်ရနေခဲ့သည်။


သူဘာများလုပ်နိုင်ဦးမှာလဲ... သူတို့ကို အောင်အောင်မြင်မြင်ခွဲလိုက်နိုင်ပါပြီတဲ့... သူမနှလုံးသားထဲမှာ တခြားလူရှိနေတယ်ဆိုတာကို သူလက်ခံနိုင်ပါ့မလား...


သူမမှာ ချစ်ရတဲ့လူမရှိသလို သူ့ကိုလည်းမချစ်ရင် လက်ခံနိုင်တယ်... ဒါပေမဲ့ အခုတော့ သူမနှလုံးသားထဲမှာ လူတစ်ယောက်ရှိနေပြီလေ.... ဒါကိုသူလက်ခံနိုင်ပါ့မလား...


ဒီလိုဆိုမှတော့ လက်လွှတ်လိုက်တာက အကောင်းဆုံးပဲ.... သူမှာ သူ့ရဲ့အောက်ခြေစည်းနဲ့ ဂုဏ်သိက္ခာဆိုတာ ရှိပါတယ်...


---


ဝမ်လေးက စုန့်ထင်ရှန်း သူ့ကိုကားပေါ်တင်ကာနီးတွင် နိုးလာခဲ့သည်။ သို့သော် အိပ်ချင်မူးတူးဖြစ်ကာ မျက်လုံးများကိုပွတ်နေလေသည်။ သူ့ပါပါးကိုမြင်၍ အံ့အားတသင့်ပျော်ပြီးခေါ်လိုက်သည်။

"ပါပါး..."


စုန့်ထင်ရှန်းက သူ့ကိုအောက်ပြန်မချပေးပေ။ သူ၏နှဖူးပြင်လေးကိုနမ်းလိုက်သည်။ ဤနေ့ နေ့လည်ခင်းက အတော်လေးကျော်ဖြတ်ရခက်ခဲ ခဲ့သည့် နေ့လည်ပင်။ သူ မရေမတွက်နိုင်သောဖြစ်နိုင်ချေများကို တွေးခဲ့သည်။ ဖြစ်နိုင်ခြေအားလုံးက သူလက်မခံနိုင်သော အရာများဖြစ်နေခဲ့သည်။ ဝမ်လေးမမွေးလာခင်က သူ့တွင်ဆွေမျိုးမရှိသလို ပျော့ကွက်လည်းမရှိပေ။


စုန့်ထင်ရှန်းက သူ့ကိုကြည့်ပြီး လေးလေးက်နက်မေးလာသည်။

"သားဒီနေ့ ဘာအမှားလုပ်ခဲ့လဲသိလား...."


ဝမ်လေးက အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။

"သားသိပါတယ်... ဒါပေမဲ့ ဦးဦးချင်ကပြောတယ်..."


စုန်ထင်ရှန်းက ဖြတ်ပြောလိုက်သည်။


"သူဘာပြောပြော သူ့နောက်ကိုမလိုက်သွားခဲ့သင့်ဘူး... သားဖြစ်စေချင်တာမျိုးမဟုတ်လောက်ပေမဲ့ ဘွားဘွားက မေလဲ့သွားခဲ့တယ်...."


အတော်လေး မတရားသလိုခံစားလိုက်ရ၍ ဝမ်လေးက ခေါင်းသာဆက်ငုံ့နေသည်။


"ဦးဦးချင်က သူနေမကောင်းဘူးတဲ့... နီးစပ်ရာဆေးရုံကိုခေါ်သွားပေးပါလို့ပြောတယ်လေ..."


"သူနဲ့လိုက်မသွားခင် ဘွားဘွားကို ဘာလို့ ပြောမသွားရတာလဲ..."


ရုတ်တရက် စုန့်ထင်ရှန်းက သူ့သားမှာ မည်မျှဉာဏ်ကောင်းနေပါစေ သိတတ်နေပါစေ ကလေးသာဖြစ်သေးကြောင်း သိသွားခဲ့ရသည်။ လောကကြီး၏ရက်စက်ကြမ်းကြုတ်မှုကို လုံးဝမကြုံရသေးသော အန္တရာယ်ကိုအာရုံမခံနိုင်သေးသော ကလေးသာဖြစ်သေးသည်။ သတင်းများထဲမှ ပြန်ပေးဆွဲခံရသည့်ကလေးများလို ဝမ်လေးက လူစိမ်းများဆိုလျှင် သတိတကြီးရှိမည်ဖြစ်သည်။ သို့သော် ပြန်ပေးဆွဲသူက ရင်းနှီးနေသူဖြစ်ခဲ့ပါလျှင် မည်သို့ဖြစ်မည်နည်း။


သူတို့ကလည်း မိဘအနေအဖြင့် မှားယွင်းခဲ့မိသည်။ ဝမ်လေးကို လူစိမ်းများနှင့်စကားမပြောရန် ထိုလူများပေးသည့်ချိုချဉ်ကိုမယူရန်နှင့် သူတို့နောက်မလိုက်သွားရန်ပြောခဲ့သည်။ သို့သော် ရင်းနှီးနေသောသူများနှင့်ဆိုလျှင်လည်း သတိထားရမည်ဟု ‌ပြောရန်မေ့သွားခဲ့သည်။


ဝမ်လေးက သေချာစဉ်းစားပြီး ပြန်ဖြေလေသည်။

"သားက သိပ်မကြာခင်ပြန်လာမှာလို့တွေးခဲ့မိလို့ပါ...."


xxxxxxx