အခန်း(၂) : မြားစက်ဝိုင်း
ဝံပုလွေသွေးများက သူ၏ပါးပြင်ပေါ်မှ စီးကျလာပြီး လမ်းတစ်ဝက်မရောက်ခင်မှာပင် အေးခဲသွား၏။ လေတိုက်သံ၊ နှင်းကျသံနှင့် ကဆုန်ပေါက်ပြေးလွှားနေသည့် သားရဲအားလုံး၏ အသံများပါ တိတ်ဆိတ်ကုန်ကြသည်။ ချိုးပေါ်သုန့်မှာ ဤကဲ့သို့ ရုတ်တရက်ပေါ်လာသော လူများ၏ အထောက်အထားကို စဉ်းစားချိန်မရှိသေးပေ။ သူက သမင်ရိုးမျက်နှာဖုံးနှင့်လူကို စူးစူးရဲရဲ စိုက်ကြည့်ရုံသာ တတ်နိုင်ပြီး တစ်ဖက်လူ၏ လေးကလည်း သူ့ကို မလှုပ်မယှက်ချိန်ထားလျက်ရှိ၏။
ထိုအမျိုးသားက အလင်းရောင်ကို ကျောပေးလျက်ရပ်နေပြီး မျက်နှာဖုံးတပ်ထားသဖြင့် သူ့မျက်နှာနှင့်အမူအရာကို မမြင်ရဘဲ သူ့အကြည့်ကိုသာ အာရုံခံနိုင်ပေသည်။
အလွန်တရာအေးစက်ပြီး စူးရှလှသည့်အကြည့်ပင်။
အင်မတန်လည်း အန္တရာယ်များပေ၏။
၎င်းမှာ အထွတ်အမြတ်နေရာကို စောင့်ကြပ်နေသည့် နှင်းတောင်ပေါ်မှ လင်းယုန်ငှက်တစ်ကောင်က ကျူးကျော်ဝင်ရောက်လာသူကို ငုံ့ကြည့်နေသည့်နှယ်။
ခဏအကြာတွင် အလင်းရောင်မှိန်မှိန်ထဲတွင် လက်စွပ်က အလင်းပြန်လာသည်။
အလင်းရောင် လက်ခနဲဖြစ်သွား၏။
ချိုးပေါ်သုန့်မှာ ရင်တဒိတ်ဒိတ်ခုန်သွားရသည်။ သူက မျက်လုံးကိုမှိတ်ပစ်လိုက်ချင်နေသည့် ဗီဇစိတ်ကို အတင်းအကြပ်ချိုးနှိမ်လိုက်ပြီး လေထုထဲကနေ တရှိန်ထိုး လွင့်ပျံလာသည့်မြားများအား မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။ မြားက အရှိန်မြန်လွန်းသဖြင့် လေထဲတွင် မြားလမ်းကြောင်းပင် ချန်မထားခဲ့ဘဲ ဆီးနှင်းပွင့်များကိုသာ စက်ဝိုင်းဖြူသေးသေးလေးများအဖြစ် ကြေမွထွက်သွားစေသည်။
လေပြင်းတစ်ချက်က ဘေးမှဖြတ်တိုက်သွားသည်။
ကလန်! ကလန်! ကလန်!
သတ္တုချင်းခတ်သံက ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာ၏။
အနက်ရောင်ငှက်မွေးများနှင့် မြားဆယ်စင်းက တစ်စင်းပြီးတစ်စင်း အေးခဲနေသောမြေပြင်ကို ထိုးဖောက်သွား၏။ ထိုမြားများသည် တစ်စင်းနှင့်တစ်စင်းကြား အကွာအဝေးတစ်ခုခြား၍ စိုက်ဝင်နေပြီး သူ့ကို အလယ်မှာဝန်းရံထားကာ စက်ဝိုင်းပုံစံတစ်ခုကို ဖန်တီးလျက်ရှိသည်။
— တစ်ဖက်လူက သူ့ကိုသတ်လိုစိတ်မရှိပါချေ။
ယင်းကို သဘောပေါက်သွားချိန်တွင်တော့ ယခင်က ပျောက်ကွယ်သွားသော အပြင်လောကမှ အသံများက ရုတ်တရက်တိုးဝင်လာပြီး နင်းခြေသံများသည်လည်း သောင်းသောင်းဖြဖြ ထွက်ပေါ်လာ၏။
တောဆိတ်နှင့်သမင်ထောင်ချီတို့၏ခွာများက ခဲတောင့်မာကျောနေသောမြေပြင်ကို တဒုန်းဒုန်းဆောင့်နေလျက် တောင်ကြားထဲသို့ ဒီရေလှိုင်းအလား တရှိန်ထိုးပြေးဝင်းလာရင်း နားကွဲလုမတတ် ကျယ်လောင်သောအသံကို ထုတ်လွှတ်နေ၏။ ယင်းမှာ ကသောင်းကနင်းဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသည့် ရှေးခေတ်မြင်းတပ်ကြီးက နှင်းဖုံးလွှမ်းနေသည့် တောင်ကြားအား နက်ရှိုင်းသော အညိုရောင် အက်ကွဲကြောင်းတစ်ခုအဖြစ် ဆွဲဖြဲလိုက်သည့်အလားပင်။
တောင်ကြားထဲတွင် တအုန်းအုန်းအသံက ပဲ့တင်ထပ်သွားသည်။
တောဆိတ်နှင့်သမင်များက ချိုးပေါ်သုန့်ရှိရာသို့ အစုလိုက်အပြုံလိုက် ပြေးလာကြသည်။
စိတ်ဖောက်ကုန်ကြသော တောဆိတ်နှင့်သမင်သောင်းချီက အတူတကွ ပြေးလာကြသောကြောင့် ဧရာမအာတိတ်ဝံပုလွေကြီးများသည်ပင် ယာယီနောက်ဆုတ်နေကြရ၏။ သာမန်လူများသာ သူတို့ကြားထဲ ဒရောသောပါးဝင်တိုးမိပါက သွေးအိုင်နေသောရွှံ့နွံအဖြစ် နင်းခြေခံလိုက်ရမည်ပင်။
ချိုးပေါ်သုန့်က တောင်ကြား၏အလယ်ဗဟိုတွင် တည်ရှိနေသည်။
သေရေးရှင်ရေး အခြေအနေတွင် တိရစ္ဆာန်တွေ၏အနံ့ဆိုးနှင့် ဝံပုလွေသွေးနံ့ဆိုးတွေက ရောနှောကုန်၏။ ချိုးပေါ်သုန့်မှာ အသက်မရှူနိုင်လောက်အောင် မွန်းကြပ်ရီဝေနေပြီး ထွက်ပြေးရန် တွေးနိုင်စွမ်းပင်မရှိတော့ပေ။ သူက ထိုနေရာမှာတင်အော်ဂလီဆန်နေပြီး သူ့ကိုယ်တွင်းအင်္ဂါတွေကိုပါ အန်ထုတ်ပစ်ချင်နေသည်။
ချက်ချင်းနီးပါးဆိုသလိုပင် တောဆိတ်နှင့်သမင်တွေက သူ့နားကိုရောက်လာတော့မည်ပင်။ ချိုးပေါ်သုန့်က သူ၏မျက်နှာကို လာရိုက်ခတ်သည့် နှင်းများကြောင့် မအီမသာဖြစ်နေခြင်းဆီမှ သတိဝင်လာခဲ့သည်။ ပြေးဖို့နောက်ကျသွားချေပြီ... သူထိုနေရာမှာပဲ ရပ်နေပြီး တိရစ္ဆာန်အုပ်ကြီး သူ့ဆီပြေးလာတာကို ကူရာမဲ့စွာကြည့်နေရုံသာ တတ်နိုင်တော့သည်။
သို့သော် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည် —
ပထမဆုံးသမင်က သူ့ရှေ့ကနေ ဘယ်ဘက်ခြမ်းကို ဦးတည်ချက်ပြောင်းသွားပြီး သူ့ကိုကွေ့ပတ်သွား၏။
ဒုတိယတစ်ကောင်၊ တတိယတစ်ကောင်....
ရုန်းရင်းဆန်ခတ်ဖြစ်နေသော တောဆိတ်များနှင့်သမင်များမှာ မြစ်တစ်စင်းမှခွဲထွက်သွားသော လှိုင်းလုံးကြီးကဲ့သို့ လျှိုမြောင်၏ဗဟိုတွင်ရှိနေသည့် ချိုးပေါ်သုန့်ကို အလိုအလျောက်ရှောင်ကွင်းသွားကြသည်။
ယင်းမှာ သူရှိနေသည့်နေရာက ဝံပုလွေအုပ်များနှင့်နှင်းမုန်တိုင်းထက်ပင် ပိုကြောက်စရာကောင်းသည့် တားမြစ်ဧရိယာအလား။
ခဏတာအံ့အားသင့်နေပြီးနောက် ချိုးပေါ်သုန့်မှာ သူတို့ကို ဘာက အလွန်အမင်းကြောက်ရွံ့သွားစေလဲဆိုသည်ကို သဘောပေါက်သွား၏။
မြားပဲ!
သူ့ဘေးပတ်ပတ်လည်မှာ စိုက်ကျနေသည့် အနက်ရောင်ငှက်မွေးတွေနှင့် သစ်သားမြားတွေပင်။
မည်သည့်နေရာမဆို သူတို့သာ ဘောင်ခတ်လိုက်ပါက ထိုနေရာမှာ ကျူးကျော်၍မရသည့် တားမြစ်ဧရိယာဖြစ်သွားလိမ့်မည်။
ချိုးပေါ်သုန့်သည် အကြောင်းအရင်းတချို့ကြောင့် သူ ယခင်က အလားတူဇာတ်လမ်းများ ကြားဖူးသလို ခံစားလိုက်ရသည်။
သူ ထိုအကြောင်းတွေးနေရင်းမှပင် ထိုကိစ္စ၏ အရင်းခံရာဘက်ကို မသိစိတ်အရ ကြည့်လိုက်မိသည်။ သို့သော် ငွေရည်စိမ်သမင်ရိုးမျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အမျိုးသားက တောင်ကြားထိပ်တွင် မရှိတော့ပေ။
ထိုသူရယ်၊ လေးသည်တော်များနှင့် ဗုံတီးစစ်သည်တော်များအားလုံးက မတ်စောက်နေသော ချောက်ကမ်းပါးနံရံမှတဆင့် အောက်သို့ဆင်းလာကြသည်။ လေးသည်တော်တွေထဲမှ တစ်ယောက်က မီးမြားတစ်စင်းကို ပစ်ခတ်လိုက်သည်နှင့် နားကွဲလုမတတ် မြည်သံများက လိုက်ပါလာပြီး တောင်ကြားနှစ်ဖက်လုံးမှ ကျောက်တုံးကြီးလေးငါးတုံးလောက်က လိမ့်ကျလာကာ ထွက်ပေါက်အားလုံးကို လုံးလုံးပိတ်ဆို့ထားလေတော့သည်။
—ဆောင်းရာသီ စားကျက်လွှတ်ခြင်း
ချိုးပေါ်သုန့် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွား၏။
ဤသည်က ဒဏ္ဍာရီလာ ထူလဲ့မျိုးနွယ်စု၏ ဆောင်းရာသီကျက်စားခြင်းပင်။
“အရပ်လေးမျက်နှာမှတ်တမ်း” အရ
လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုတစ်ခုက နွေရာသီမရှိ ဆောင်းရာသီသာရှိသည့် ဝေးလံခေါင်သီသောတောရိုင်းဒေသ၌ နေထိုင်ခဲ့ကြသည်။
ဒဏ္ဍာရီအရ သူတို့က သူတို့ကိုယ်သူတို့ ဆီးနှင်းပြင်ကြီးများ၏ အစောင့်အရှောက်အဖြစ် ခံယူထားကြသည်။ ရေခဲမြစ်များကို သူတို့၏အဖေအဖြစ်၊ နှင်းတောင်ကြားတွေကိုတော့ သူတို့အမေအဖြစ် သတ်မှတ်ထားကြသည်။ သူတို့က နှစ်တစ်နှစ်၏ နှင်းမုန်တိုင်း အပြင်းဆုံးကျရောက်ချိန်တွင် အမဲလိုက်တတ်ကြပြီး အကြောင်းမှာ လေပြင်းများက အကွဲကွဲအပြားပြားဖြစ်နေသော ကျွဲ၊ နွား၊ သိုး၊ ဒရယ်နှင့်မြင်းများကို အတူစုရုံးနိုင်၍ပင်။
“...ဆီးနှင်းပြင်နတ်ဘုရားမ ထူလဲ့ဟာ သူမရဲ့နတ်တန်ခိုးစွမ်းအားဖြင့် ဆီးနှင်းပြင်က လူတွေကို ကာကွယ်စောင့်ရှောက်လေတယ်...”
ချိုးပေါ်သုန့်သည် တောဆိတ်နှင့်သမင်တို့ကို စည်းချက်ကျကျ မောင်းနှင်နေသည့် လေးသည်တော်နှင့်ဗုံတီးစစ်သည်တော်တို့ကို ကြည့်ရင်း သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်လေ၏။
အလယ်ပိုင်းဒေသမှ ပညာရှင်များက ထူလဲ့မျိုးနွယ်စုအကြောင်းမှတ်တမ်းများကို အမြဲတစေ မဟုတ်တမ်းတရားတွေဟုသာ မှတ်ယူခဲ့ကြသည်။
အနောက်ဘက်တိုက်ကြီး၏ ဝေးလံခေါင်သီသောလွင်ပြင်များကို ဝိညာဉ်စွမ်းအင်မရှိခြင်း၊ အမြဲတစေဆောင်းဝင်နေပြီး နွေရာသီမရှိခြင်း၊ ရှေးဟောင်းသားရဲအမျိုးမျိုးနှင့် အကြွင်းအကျန်များပြားခြင်းကြောင့် “မိုးကောင်းကင်အောက်ရှိ အန္တရာယ်အများဆုံးနေရာ”အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြသည်။ ဆီးနှင်းပြင်ထဲဝင်ရောက်သွားကြသော သာမန်ကျင့်ကြံသူများမှာ သူတို့၏ကျင့်ကြံဆင့် ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ထိ ဖိနှိပ်ခံထားရတတ်သည်။ အခြေအနေက ကြမ်းတမ်းလွန်းသည်မှာ စွမ်းအားကြီးသူများပင် သေခြင်းတရားနှင့်ရင်ဆိုင်ကြရ၏။
ပုံမှန်အခြေအနေအရဆိုလျှင် သိုင်းလောက၌ နာမည်ဆိုးဖြင့်ကျော်စောပြီး နှိမ်နင်းရခက်သည့်လူဆိုးပေါ်လာပါက အမတဂိုဏ်းနှင့်မင်းမျိုးမင်းနွယ်မိသားစုများက အတူတကွပေါင်းစည်းပြီး သူ့ကို ဤနေရာသို့ ပြည်နှင်ဒဏ်ပေးတတ်ကြသည်။
ထို့ကြောင့် အနောက်ဘက်တိုက်ကြီး၌ "အထီးကျန် အအေးဒဏ်၏အကျဉ်းထောင်” ဟူ၍ အခြားနာမည်တစ်ခုလည်းရှိသေးသည်။
အဲ့ဒီလိုနေရာမျိုးမှာ မျိုးနွယ်စုတစ်ခုက ဘယ်လိုရှင်သန်နေခဲ့တာလဲ?
ဘယ်မျိုးနွယ်စုကများ လေကို ကြာပွတ်လို သုံးပြီး ဒီလောက်ပြင်းထန်တဲ့ နှင်းမုန်တိုင်းထဲမှာ သူတို့ရဲ့မွေးမြူရေးသားရဲတွေကို ထိန်းကျောင်းနိုင်မှာလဲ?
ဘယ်လိုပဲဖြစ်ဖြစ်....
ကြည့်ရသလောက်တော့ အရပ်လေးမျက်နှာမှတ်တမ်းက ပြောတာတွေက မှန်နေခဲ့တာပဲ...
လေးသည်တော်တို့က အဆက်မပြတ်လေးကြိုးဆွဲနေကြပြီး ထွက်ပေါ်လာသည့် အသံများက မှော်ဆန်သည့် တေးသွားတစ်ခုလို ဖြစ်နေသည်။ဂနာမငြိမ်ဖြစ်နေကြသော တောဆိတ်နှင့်သမင်တို့သည်လည်း ထိန်းမနိုင်သိမ်းမရဖြစ်ခြင်းကနေ တဖြည်းဖြည်းငြိမ်သွားကြပြီး မရပ်မနားပြေးလွှားမနေကြတော့ပေ။ ထို့နောက် ဗုံတီးစစ်သည်တော်များက တကွဲတပြားဖြစ်နေသော ဝံပုလွေကြီးများ၏အလောင်းတွေဆီသို့သွားပြီး အထူးတလည်ပြုလုပ်ထားသည့် ဓားကောက်များဖြင့် ကျွမ်းကျင်စွာ အရေခွံခွာလိုက်ကြသည်။
ဤလူတွေဝတ်ထားသည့် သမင်ရိုးမျက်နှာဖုံးတွေအားလုံးက မတူညီကြပေ။
ကြည့်ရသည်မှာ သမင်ဦးချို၏အလှနှင့် သမင်ရိုးများ၏ဖြူစွတ်မှုအပေါ်မူတည်ပြီး အဆင့်အတန်းအမျိုးမျိုး ကွာခြားကြပုံပေါ်သည်။
ငွေရည်စိမ်သမင်ရိုးမျက်နှာဖုံးကိုတော့ လူတစ်ယောက်တည်းကသာ ဝတ်ဆင်ထား၏။
ချိုးပေါ်သုန့်သည် မဝေးလှသည့်နေရာက လူရွယ်ထံ အကြည့်ပြောင်းလိုက်သည်။
ထိုသူက လေးကိုသယ်ထားဆဲဖြစ်ပြီး ခေါင်းကိုနည်းနည်းငုံ့ထားရင်း ကျောက်တုံးတစ်တုံးပေါ်မှီလျက် တောဆိတ်နှင့် သမင်အုပ်၏ အပြင်ဘက်တွင် ရပ်နေ၏။ သူက ဆောင်းရာသီကျက်စားခြင်း၏ အပိတ်လှုပ်ရှားမှုတွင် ဝင်ပါခြင်းမရှိသလို အခြားသူတွေကဲ့သို့ တိရစ္ဆာန်၏သွားနှင့်ပြုလုပ်ထားသည့် အဆင်တန်ဆာတွေလည်း ဝတ်ဆင်ထားခြင်းမရှိပေ။ သူဝတ်ထားသည့် တစ်ခုတည်းသောအရာကား သူ့မျက်နှာပြင်တစ်ခုလုံးကို ဖုံးကွယ်ထားနိုင်ပြီး ဖြူဖျော့ပါးလျသည့်မေးရိုးကိုသာ ပေါ်လွင်စေသည့် ငွေရည်စိမ်သမင်ရိုးမျက်နှာဖုံးပါပင်။
ထိုသူက ချိုးပေါ်သုန့် လှမ်းကြည့်လိုက်သည့်အခိုက်မှာပင် သူ့ကိုသတိပြုမိသွားသည်။
လူငယ်က စိတ်မဝင်စားဟန်နှင့် လှမ်းကြည့်လာသည်။
ချိုးပေါ်သုန့်က မလှုပ်မယှက်သာရှိနေဆဲဖြစ်ပြီး သူ့ကိုစိုက်ကြည့်နေ၏။ သူတို့နီးကပ်သွားမှပင် ထိုအမျိုးသား၏မျက်လုံးများမှာ အလွန်တရာ အရောင်ဖျော့သော ငွေမီးခိုးရောင်ဖြစ်ပြီး အလင်းရောင်မှိန်မှိန်အောက်တွင် အေးစက်စက် လက်နက်တစ်ခုနှင့်တူနေကို သတိထားမိလိုက်သည်။
....မျိုးနွယ်စုခေါင်းဆောင်လား? နတ်ဆရာလား?
ဒါမှမဟုတ် မှော်အတတ်နဲ့မျိုးနွယ်စုအရေး ရောထားတဲ့ဟာမျိုးလား?
ချိုးပေါ်သုန့်တစ်ယောက် ကောက်ချက်မချနိုင်သေးခင် ထိုလူရွယ်ကတော့ သူ့ဆီလျှောက်လာနေပြီ။
အခြားသူများကလည်း တောဆိတ်နှင့်သမင်တို့ကို စုစည်းမှု ပြီးလုပြီဖြစ်သောကြောင့် တဖြည်းဖြည်းနှင့် ပင် သူတို့ခေါင်းဆောင်ဆီသို့ လာစုရုံးနေကြ၏။ အလယ်ပိုင်းလွင်ပြင်ဒေသမှ လူတွေထက်ပင် အရပ်ပိုမြင့်ကြသော ထူလဲ့လူမျိုးတို့က သူတို့ဘာသာစကားဖြင့် အော်ပြောလာကြသည်။
ချိုးပေါ်သုန့်က အကြမ်းဖျင်းတော့ နားလည်နိုင်ပါ၏။
သူ ချက်ချင်း မျက်နှာပျက်သွားသည်။
“မြားတွေနှင့်စက်ဝိုင်းဆွဲခြင်း” ကစားနည်းကို သူဘာကြောင့်မှတ်မိနေလဲဆိုတာ သတိရသွားသည်။
အဆိုပါကစားပွဲအကြောင်းကို “အရပ်လေးမျက်နှာမှတ်တမ်း”၌ မှတ်တမ်းတင်ထား၏။
ထူလဲ့မျိုးနွယ်စု၏ စစ်သည်တော်များက သူတို့ခွန်အားနှင့်စွမ်းပကားကို နည်းအမျိုးမျိုးဖြင့် ဖော်ပြရသည်ကို ကြိုက်ကြသည်။ တော်ဝင်အမဲလိုက်ပွဲတော်အတွင်း သူ့ကိုယ်သူ အသန်မာဆုံးဟု သတ်မှတ်ထားသည့် စစ်သည်တော်တစ်ယောက်က မြားသုံးကာ သားကောင်အများဆုံးရှိသည့် နယ်မြေအား အမှတ်အသားပြုထားလိမ့်မည်။ ထိုစက်ဝိုင်းအတွင်းရှိသားကောင်ကို ရယူချင်သည့် အခြားသူများက သူ့ကိုစိန်ခေါ်ရမည်ပင်။ ထိုစက်ဝိုင်းကို ထူလဲ့တွေ၏ စိန်ခေါ်မှု အမှတ်အသားဟု ယူဆကြသည်။
စက်ဝိုင်းအတွင်းရှိ သတ္တဝါများအားလုံးကို ဆီးနှင်းပြင်နတ်ဘုရားမမှ အောင်နိုင်သူထံသို့ပေးအပ်သော ဆုလာဘ်အဖြစ် သတ်မှတ်ကြသည် —
တိုက်ပွဲနိုင်လက်ဆောင်အဖြစ်ပေါ့...