Chapter3
Viewers 540


အခန်း(၃) : စစ်ဆေးခြင်း 


ကံကောင်းထောက်မစွာပင် သခင်လေးချိုးက ထူလဲ့ဘာသာစကားကို အပေါ်ယံသာနားလည်ပြီး “အရပ်လေးမျက်နှာမှတ်တမ်းများ”ထဲမှ ဆီးနှင်းပြင်ဓလေ့ထုံးတမ်းများအကြောင်း ဖော်ပြချက်များအပေါ် မူတည်ပြီး ခန့်မှန်းနေရုံသာ ရှိသေးသည်။


ထိုသို့သာ မဟုတ်လျှင် ကိစ္စများက မျက်နှာပျက်ရုံထက်သာမက ပိုဆိုးရွားနိုင်ပေ၏။ 


—ထခုန်ပြီးတော့ပဲဖြစ်ဖြစ် ဓားသွားရှာရမယ်....


ဆီးနှင်းပြင်မျိုးနွယ်စုများ၏ အမဲလိုက်နယ်မြေကို တင်းတင်းကြပ်ကြပ် ပိုင်းခြားထားပေ၏။ အခြားလူမျိုးစု၏ အမဲလိုက်မြေကို မဆင်မခြင် ခြေချမိသူတိုင်းကို ခွင့်မလွှတ်နိုင်စရာ ရန်စမှုတစ်ခုအဖြစ်သတ်မှတ်ပြီး နှစ်ဖက်စလုံး၏ အင်အားအပေါ်မူတည်ကာ သေလျှင်သေ၊မသေလျှင် သားကောင်ဖြစ်လာရမည်။ 


အနီရောင်ဖီးနစ်ငှက်က ဤအကြောင်းအရာကို မသိခဲ့ပေ။ 

မျိုးနွယ်စုအားလုံးကို သတိပေးရန်အတွက် ထူလဲ့မျိုးနွယ်စုက စိုက်ထူထားသည့် အလံများကို လျစ်လျူရှုလျက် အကာအကွယ်မရှိသော သခင်လေးကို ဆောင်းရာသီကျက်စားခြင်း၏ အမဲလိုက်မြေ၌ လာ၍ လွှတ်ပေးခဲ့သည်။ 


သူ့တွင် ရွေးချယ်စရာ နှစ်လမ်းသာရှိတော့သည် :

သူတို့ရဲ့ တိုက်ပွဲနိုင်လက်ဆောင် မဟုတ်ရင် ရန်သူဖြစ်လာဖို့ပဲ...


သိသိသာသာကိုပင် ထူလဲ့စစ်သည်တော်များထဲက မည်သူကမှ ဆောင်းရာသီကျက်စားခြင်း၏ အမဲလိုက်မြေကို ထူးထူးဆန်းဆန်း ရောက်လာသည့် အလယ်ပိုင်းလွင်ပြင်မှ ဤသခင်လေးကို ရန်စမှုတစ်ခုအဖြစ် မမြင်ကြပေ။ 


သို့သော်လည်း “အရပ်လေးမျက်နှာမှတ်တမ်း”၏ စာရေးသူက အလယ်ပိုင်းလွင်ပြင်မှ ပညာရှင်သာဖြစ် ပေရာ အရပ်လေးမျက်နှာရှိ လူမျိုးစုများ၏ ရိုင်းစိုင်းပြီးညစ်ညမ်းသော ဓလေ့ထုံးတမ်းများကို စကားအလှသုံးပြီး မွမ်းမံရေးသားခဲ့ခြင်း ဖြစ်သည်။ 


အစစ်အမှန် ထူလဲ့မျိုးနွယ်စုဝင်များသည် တစ်နှစ်ပတ်လုံးအေးခဲနေသည့် ဆီးနှင်းပြင်တွင် မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့ကြသည်။ သူတို့၏ဘဝက အရက်ပြင်းပြင်းနှင့် ခွဲခြား၍ မရသကဲ့သို့ပင် သူတို့က တက်ကြွလှုပ်ရှားသော အရာမှန်သမျှကို တပ်မက်ကြသည်။ အလယ်ပိုင်းလွင်ပြင်သားများ ပြောဆိုရန်ရှက်ရွံ့ကြသည့် ကိစ္စများမှာ သူတို့အတွက်တော့ သာမန်ကိစ္စသာဖြစ်ပြီး စားသောက်ခြင်းနှင့်မီးပူဆာလှုံခြင်းလောက်သာ အရေးပါပေ၏။ 


ရှည်လျားကြမ်းတမ်းသော ဆောင်းရာသီတွင် အရက်ပြင်းလေးသောက်ပြီး မိန်းမလှလေးနှင့်အတူ သက္ကလပ်ဖျာပေါ်မှာ လူးလှိမ့်နေသင့်ပေ၏။ နှင်းအိမ်တွေက အအေးဒဏ်မှကာကွယ်ပေးထားပြီး အပြင်မှာ မည်မျှပင် လေပြင်းပါစေ အထဲရှိလူများမှာတော့ တစ်ယောက်၏ အရိုးနှင့်အသွေးအသားကို တစ်ယောက်က လောင်မြိုက်စေကာ ဖျာပင်အရည်ပျော်ကျသွားသည်အထိ ပြင်းပြင်းထန်ထန် လူးလှိမ့်နေကြမည်ဖြစ်သည်။


ပုံမှန်အားဖြင့် ဆွဲဆောင်အားကောင်းသော အချိုးအစားရှိသည့် အမျိုးသမီးများက ရေပန်းအစားဆုံးဖြစ်၏။

သို့သော် အလှတရားမှာ ကျား ၊ မ ခွဲခြားခြင်းမရှိပါချေ။ 


—လုံလုံလောက်လောက် လှပနေသရွေ့ပေါ့။ 


ထူလဲ့အမဲလိုက်မြေသို့ မတော်တဆရောက်လာသည့် အလယ်ပိုင်းလွင်ပြင်မှ သခင်လေး၏ လှပမှုမှာ ထူလဲ့လူမျိုးစု၏ အလှအပစံနှုန်းကို သံသယမရှိပင် အနိုင်ယူလိုက်နိုင်လေသည်။ 


သူ၏မျက်နှာသွင်ပြင်က ထွက်ပြူစ နေဝန်းထက်ပင် ပိုမိုလှပကာ၊ သူ၏ခါးမှာလည်း အာ့လန်၏ သစ်ကိုင်းနုတွေထက်ပင် သေးသွယ်၏။ သူ၏အသားအရေသည်လည်း ထူလဲ့၏ အထွတ်အမြတ်မြေမှ နှင်းတွေထက်ပင် ပိုဖြူနေသေးသည်။ 


ရင်သပ်ရှုမောဖွယ်ကောင်းလိုက်လေခြင်း... မျက်စိကျိန်းလောက်အောင် လှရက်လိုက်လေခြင်း..  


“နူးညံ့သိမ်မွေ့ခြင်း၊ ကြင်နာခြင်း၊ လေးစားသမှုရှိခြင်း၊ ခြိုးခြံခြွေတာခြင်းနှင့် နှိမ့်ချမှုရှိခြင်း” တို့ကို တန်ဖိုးထားသည့် အလယ်ပိုင်းလွင်ပြင်မှ စာပေပညာရှင်များသည်ပင်လျှင် သူ၏အသုံးအဖြုန်းကြီးမှုကိုဝေဖန်ရန် ကြိုးစားသော်လည်း မသိစိတ်အရ စုတ်တံကို မြှောက်လိုက် ချလိုက် လုပ်မိလောက်မည်ပင်။ ဤကဲ့သို့သောရုပ်ရည်သွင်ပြင်နှင့် မွေးဖွားလာသူတစ်ဦးက စည်းစိမ်ခံစားရသည့်ဘဝမှာ မနေထိုင်ရလျှင် အဘယ်မှာသူနှင့်ထိုက်တန်ပါတော့မည်နည်း?


ယခုချိန်တွင် သခင်လေး၏သွေးစွန်းနေ‌သော မျက်ခုံးတို့က ရှည်လျားထက်ရှနေပြီး မျက်တောင်ထူထူတို့ဝန်းရံထားသည့် သူ့မျက်လုံးက မည်းမှောင်နက်ရှိုင်းလျက်ရှိသည်။ သူ၏ဖြူ‌ဖွေးသောအရေပြားထက်မှ စီးကျနေသော သွေးစွန်းကွက်ဟာလည်း သွေးပေနေသည့်ကျောက်စိမ်းဖြူအလား အေးခဲသွားချေပြီ။


စာရေးလေ့ရေးထရှိသည့် ပညာရှင်တစ်ယောက်လက်ထဲသာ ကျရောက်သွားပါက အခန်းထောင်ချီရှည်လျားသည့် အံ့ချီးလက်ရာတစ်ခု ဖြစ်သွားလောက်သည်။ 


ထူလဲ့လူမျိုးများ၏အမြင်တွင်မူ ယင်းကို စာလုံးနှစ်လုံးထဲနှင့်သာ အကျဉ်းချုပ်နိုင်လေ၏ :

စိတ်ဝင်စားစရာကောင်းတယ်


သူ့ကို ချက်ချင်း နှင်းအိမ်ထဲဆွဲခေါ်သွားပြီး သက္ကလပ်ဖျာပေါ်ပစ်တင်ကာ သူ့မျက်ခုံးပေါ်မှသွေးကို အရသာခံပစ်လိုက်ချင်၏။ ဤမျှအဖိုးတန်သောဝံပုလွေဘုရင်၏သွေးကို မဖြုန်းတီးသင့်။ တစ်စက်ချင်းစီ ပြောင်စင်နေအောင် လျက်သင့်ပေ၏။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိမခံတဲ့ သခင်လေးက ဒီလောက်ပါးလျတဲ့အင်္ကျီတွေ ဝတ်ထားရတာလဲ? ဘယ်လောက်ရုန်းရုန်း မလွတ်မြောက်နိုင်သည့် ဝံပုလွေသားရေ သို့မဟုတ် ဝက်ဝံအမွေးစောင်ထူထူထဲ၌ သူ့ကို နှစ်မြုပ်ထားသင့်ပေ၏။ 


ပြီးတော့ ဒီလောက်သေးသွယ်တဲ့ခါးလေး...


လက်တစ်ဖက်ထဲနဲ့တောင် ညှစ်ပစ်လိုက်လို့ရတယ်...ဟုတ်တယ်မလား?


ပုံမှန်အားဖြင့် ထူလဲ့လူမျိုးများက ကျာပွတ်ကိုကိုင်စွဲကာ မြင်းပြိုင်စီးနိုင်သည့် သန်သန်မာမာ မိန်းကလေးမျိုးကို ပိုသဘောကျတတ်ကြသော်လည်း နည်းနည်းလေးထိလျှင်တောင် ပဲ့ကြွေသွားနိုင်သော ဤမျှသိမ်မွေ့လှပသည့် သခင်လေးကို အဘယ်သူကမကြိုက်ဘဲ နေနိုင်ပါမည်နည်း။ 


သူက ငိုနေလျှင်တောင် လှနေမှာ သေချာပေသည်။


ခြုံခိုစတိုက်သည့်အချိန်ကတည်းက ထူလဲ့စစ်သည်တော်များသည် ဝံပုလွေအုပ်အလယ်ရှိ ချောမောလှပသောသခင်လေးကို တောက်လျှောက် မျက်စိဒေါက်ထောင့် ကြည့်နေခဲ့ကြသည်။ 


ဤအအေးလှိုင်းကြီးဟာ ပြင်းထန်လွန်းတာကြောင့် ဆောင်းရာသီကျက်စားခြင်း၌ ပါဝင်သည့် အရည်အချင်းရှိသည့်သူ အားလုံးမှာလည်း မျိုးနွယ်စုရှိ ထိပ်တန်းသူရဲကောင်းများပင်။ သူတို့က တခြားသူများကို အနိုင်ချပြီး အလှလေးကို သူတို့၏နှင်းတဲဆီသို့ အလစ်သုတ်သွားနိုင်ရန် ဆောင်းရာသီကျက်စားခြင်းပြီးဆုံးသွားဖို့ စောင့်မျှော်နေကြပြီး တိုက်ခိုက်လိုစိတ် ပြင်းပြလျက်ရှိကြ၏။ 


လူတိုင်းမှာ ပြင်းထန်သည့် တိုက်ပွဲတစ်ခုအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်နေကြပြီး မည်သူက သူတို့၏ အသန်မာဆုံး ပြိုင်ဘက်ဖြစ်နိုင်လဲဆိုသည်ကို တိတ်တဆိတ် ချိန်ဆနေကြ၏။ 


.....သူတို့၏ လေးစားရသောနတ်ဆရာအကြီးအကဲ ရှစ်ဝူလော့ကိုတော့ လုံးဝလျစ်လျူရှုထားမိသည်။


သူတို့ဘက်ကကြည့်လျှင်လည်း ပေါ့ဆတယ်ဟု ပြော၍မရပေ။ 


ထူလဲ့နတ်ဘုရားမကို တိုင်တည်ပါရဲ့! ဆီးနှင်းပြင်လင်းယုန်ကို တိုင်တည်ပါရဲ့!

သူတို့၏လေးစားရသော နတ်ဆရာအကြီးအကဲဟာ သည်လိုကိစ္စတွေကို တစ်ခါမှစိတ်မဝင်စားခဲ့ဖူးပေ! သူ၏နှင်းအိမ်ကို မျိုးနွယ်စုတစ်ခုလုံးရဲ့ အမြင့်ဆုံးနှင့်အအေးစက်ဆုံးနေရာမှာ တည်ဆောက်ထားပြီး ထိုနေရာက ဖြူဖွေးအေးစက်နေသည့် ကျယ်ပြန့်သောနေရာတစ်ခုဖြစ်ကာ လုံးဝအလှဆင်ထားခြင်းမရှိပေ။ မျိုးနွယ်စုထဲက သူ့ကိုကြိုက်ကြသည့် မိန်းကလေးများရှိခဲ့ဖူးသော်လည်း သူ၏ တံခါးဝမှ ထွက်ပေါ်လာသော အေးစက်သော လေပြင်းများကြောင့် အားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရသည်။


ဒါက ဇနီးတစ်ယောက်ရှာနေတဲ့ ယောက်ျားတစ်ယောက်က ပြုမူသင့်တာမျိုးလား?


ချိုးပေါ်သုန့်ကတော့ သူခဲသေဖို့ ဘယ်လောက်ကြာအုံးမလဲဆိုသည်ကို တွက်ချက်နေချိန် အပေါ်က ထူလဲ့စစ်သည်တော် အယောက်နှစ်ဆယ်လောက်က သူ့အတွက် တိုက်ခိုက်ဖို့ပြင်နေကြပြီဆိုတာကို မသိခဲ့ပါလေ။ 


သူသိသည်က သူ နောက်ပြန်လှည့်ပြီး ဓားမြှောင်သွားပြန်ယူချင်တာပင်။


အရပ်မြင့်မြင့်ထူလဲ့စစ်သည်တော်များသည် စိတ်ပျက်ခြင်းတစ်ဝက် အားတက်ခြင်းတစ်ဝက်ဖြင့် စကားစမြည်ပြောဆိုနေကြသည်။ အလှလေးက သူတို့အပိုင်မဟုတ်တော့သော်လည်း နောက်ဆုံးတော့ နတ်ဆရာအကြီးအကဲက ဇနီးယူဖို့ကြံရွယ်နေခြင်းမှာ ကြီးကျယ်သော ကိစ္စပင် မဟုတ်ပါလား။


ချိုးပေါ်သုန့်က သူတို့ မည်သည်ကို စိတ်ပျက်သွားမှန်း မသိသော်လည်း “တိုက်ပွဲနိုင်လက်ဆောင်” ဆိုသည့် စကားလုံး၏ သွယ်ဝိုက်အဓိပ္ပာယ်နှင့် သူတို့၏လေသံထဲက မနာလိုအားကျစိတ်ကိုတော့ သဘောပေါက်နိုင်ပါသေး၏။ 


မွေးကတည်းက ဖူးဖူးမှုတ်ခံလာရသည့် အလိုလိုက်ခံသခင်လေးမှာ အမျက်ခြောင်းခြောင်းထွက်သွားရသည်။ 


တုန်းကျိုးမှာ လူတွေ မက်မွန်သီးဝေမျှစားခြင်းနှင့် ဝက်ရုံလက်ဖြတ်ခြင်းစသည့် သာဓကများရှိကြသည်။ 


[T/N: ယောက်ျားချင်းကြိုက်တာပါ]


သခင်လေး၏ ကြည့်ကောင်းသောရုပ်ရည်ကြောင့် မရေမတွက်နိုင်သော အမျိုးသမီးများက သူ့ကို တိတ်တခိုး စိတ်ကူးယဉ်နေကြသည်။သို့တိုင် တုန်းကျိုးရှိ နံပါတ်တစ်မိသားစု၏ ဖြုံလောက်သည့်ဩဇာအာဏာနှင့်ဆို မည်သူကမှ သခင်လေး၏ မျက်နှာရှေ့တွင် ယခုလိုအတွေးမျိုး၏ အရိပ်အမြွက်လေးပင် ထုတ်ပြရဲမည်နည်း။


အနက်ရောင်ကတ္တီပါထိပ်နှင့် မြင်းစီးဖိနပ်တစ်ရံက နှင်းတွေပေါ် လျှောက်နင်းလာသည်။ 


ယင်းက မြည်သံတရှပ်ရှပ် ထွက်ပေါ်လာစေ၏။ 


ထူလဲ့မျိုးနွယ်စု၏ နတ်ဆရာအကြီးအကဲသည် တောဆိတ်နှင့်သမင်အုပ်ကို ဖြတ်ကျော်လာပြီး သူပစ်ထားခဲ့သည့် မြားစက်ဝိုင်းရှိရာဆီ လျှောက်လှမ်းလာ၏။ မြားတွေဖြင့် ဝန်းရံခံထားရသည့် ချောမောလှပသောသခင်လေးက ထက်ရှသောမျက်ခုံး၊ နက်မှောင်သော မျက်လုံးတို့ဖြင့် စူးစိုက်ကြည့်လာ၏။ သခင်လေးကိုယ်တိုင်က မာနကြီးသူဖြစ်သောကြောင့် သူ၏ ကြွေလိုပါးပြင်နုနုလေးက သိသိသာသာကို ဒေါသကြောင့်နီရဲနေလေသည်။ 


ရေခဲပြင်ပေါ်တွင် မက်မွန်ပွင့်အရောင် ဖြာထွက်နေသကဲ့သို့ပင်....


“ခင်ဗျား...”


နင်းခြေခံနေရသည့် နှင်းသံက ရပ်တန့်သွားပြီး နေရောင်ခြည်က လုံးဝကာဆီးခံလိုက်ရကာ မြင်ကွင်းက ရုတ်တရက်မှုန်ဝါးလာ၏။ ချိုးပေါ်သုန့်၏ စကားလုံးတို့မှာလည်း ခဏတာ ရပ်တန့်သွား၏။ 


ထိုလူငယ်က ဝက်ဝံများထက်ပင်သန်မာသော အခြားထူလဲ့စစ်သည်တော်များနှင့်ယှဉ်လျှင် ပိန်ပါးပြီး အရပ်လည်းသိပ်မမြင့်ပေ။ သို့သော် တကယ်တမ်းတွင်မူ သူက အလယ်ပိုင်းလွင်ပြင်သားများထက် အများကြီးပိုမြင့်၏။ သူ အနားသို့ကပ်လာသောအခါ သူ၏အရိပ်မှာ အလိုလိုက်ခံ သခင်လေးအား ဖုံးလွှမ်းရန် လုံလောက်တာထက် ပိုနေချေပြီ။ ထို့ပြင် အနှီမျက်နှာဖုံး....


ငွေရည်စိမ်သမင်ရိုးက အလင်းရောင်မှိန်မှိန်ကို ရောင်ပြန်ဟပ်နေလျက် ခပ်နိမ့်နိမ့်တွဲကျနေ၏။ 


အေးတိအေးစက်နှင့် ဆန်းကြယ်နက်နဲလှ၏။


ယင်းမှာ အမှောင်ရိပ်ထဲမှ ပေါ်ထွက်လာသော ရှေးခေတ်ယစ်ပလ္လင်သို့ ရောက်သွားသည့်အလား၊ မြေအောက်ကမ္ဘာမှ ပြစ်ဒဏ်စီရင်သောအစောင့်အရှောက်ရှိရာသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။


ချိုးပေါ်သုန့်က ထိုသူ ဘာလုပ်မည်ဆိုတာကို မသိပေ။ သို့သော်လည်း သူ့ဒေါသက အတန်ငယ်အနည်ကျသွားသည်။ သူဘယ်လိုပင် ကြည့်ကြည့် တစ်ဖက်လူက အဲ့ဒီလိုကိစ္စမျိုးကိုစိတ်ဝင်စားမဲ့လူမျိုးနဲ့ မတူဘူးလေ....


အလင်းရောင်မှိန်မှိန်အောက်တွင် ကောင်လေး၏ လှပသော မျက်ဝန်းနက်တွေက ရုတ်တရက်ပြူးကျယ်လာ၏။ သူ၏ အင်္ကျီကော်လာမှ ကြယ်သီးကိုဖြုတ်နေသည့် လက်ကိုဆုပ်ကိုင်လိုက်ပြီး လေသံမှာ အစပိုင်းတွင် မြင့်တက်သွားသော်လည်း နောက်မှ ရုတ်တရက် ပြန်နှိမ့်ချလိုက်သည်။

“ခင်ဗျား...ခင်ဗျားဘာလုပ်နေတာလဲ?”


သူ၏ နားရွက်များက ဒေါသကြောင့်လား အအေးဒဏ်ကြောင့်လားမသိ သန္တာကျောက်တန်းအလား နီရဲနေလေ၏။ 


ရှစ်ဝူလော့က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ကျောက်စိမ်းနီလေးကဲ့သို့ နီနေသော နားရွက်ဆီသို့ ခဏတာ ရောက်သွားပြီးမှ သူ့လက်ဆီသို့ ပြန်ရောက်လာသည်။ သခင်လေး၏ ရှည်လျားသွယ်လျသော လက်ချောင်းလေးများမှာ သူ၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့လက်ဖဝါးများမှာ.... ဖြူစွတ်ချောမွေ့သော သိုးအဆီကဲ့သို့ နူးညံ့အိစက်နေသည်မှာ နည်းနည်းထိရုံနှင့်တင် အရည်ပျော်ကျသွားနိုင်ပေသည်။ 


ထိုတဒင်္ဂခံစားချက်မှာ ခဏတာသာ ဖြစ်ပြီး ထိုသူ၏ လှုပ်ရှားမှုမှာ ရပ်တန့်မသွားပေ။


သူ၏လက်ချောင်းများက ဝါးပင်ကဲ့သို့ ရှည်လျားပြီး အချိုးအဆစ်တွေနှင့် ကျစ်လျစ်သွယ်လျလှသည်။ 


သူက အလိုလိုက်ခံသခင်လေးအား သူ့လက်ကောက်ဝတ်ကို အကြောင်းအရင်းမရှိကိုင်ခွင့်ပေးထားလိုက်ပြီး သူကတော့ မြားကြောင့်ပြဲသွားသည့် ဝတ်ရုံကြယ်သီးကို ဖြုတ်ဖို့လုပ်လိုက်သည်။ သူမြားပစ်စဉ်က ကောင်လေးကိုရှောင်ပြီးပစ်ခဲ့သော်လည်း အလယ်ပိုင်းလွင်ပြင်၏ အထည်သားက အလွန်ပါးလွှာသဖြင့် ဝတ်ရုံကိုဖြတ်ပြီး အောက်ခံအဝတ်အစားအလွှာအထိ သေးသေးလေးစုတ်ပြဲသွားစေခဲ့သည်။ 


၎င်းပြဲရာက ညှပ်ရိုးအနီးတွင်ရှိ‌နေ၏။ 


ထူလဲ့နတ်ဆရာသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ အလယ်ပိုင်းလွင်ပြင်၏ အလွှာများဖြင့် အထပ်ထပ်ချုပ်ထားသည့် ဝတ်ရုံ၏ ကော်လာကို ဖွင့်လိုက်သည်။


ဖြောင့်စင်းသော ညှပ်ရိုးသားသေးသေးလေးက ပေါ်ထွက်လာသည်။ညှပ်ရိုးကြားရှိ နုနယ်သော အချိုင့်လေးထဲသို့ နှင်းပွင့်လေးတစ်ပွင့် ကျဆင်းနေသည့်အလား လှရက်လွန်း၏...


သားမွေးကော်လာကိုဖိထားသည့် လက်ချောင်းများ က တဒင်္ဂမျှ ရပ်တန့်သွားရ၏။ 


ရုတ်တရက်ပင် ချိုးပေါ်သုန့်၏ အင်္ကျီကော်လာက ဆွဲဟခံလိုက်ရသောကြောင့် လေအေးများဝင်လာတော့သည်။ ချိုးပေါ်သုန့်မှာ သတိလွတ်သွားပြီး အအေးကြောင့် တုန်ရီလာလေသည်။ သူ၏နှင်းလိုဖြူဖွေးနေသော အသားအရေပေါ်တွင်လည်း ချက်ချင်းပင် ကြက်သီးထလာတော့၏။ 


သူက အင်္ကျီကော်လာကို ပြန်ဆွဲယူပြီး ကြယ်သီးပြန်တပ်လိုက်သည်။ သူ့နှုတ်ခမ်းနှင့် လက်ချောင်းများကဒေါသကြောင့်တစ်ဝက်၊ အအေးဒဏ်ကြောင့်တစ်ဝက် မသိမသာတုန်ယင်နေလေ၏။ 


အလျင်လိုလေလေ ကြယ်သီးတပ်ဖို့ ပိုခက်လေလေပင်။ 

သခင်လေးက ဘယ်တုန်းက ဒီလိုကြုံခဲ့ဖူးလို့လဲ?


လက်ရှိအချိန်မှာတော့ သူ့မျက်လုံးထောင့်စွန်းတို့က နီရဲလာချေပြီ။ 


အကယ်၍ တစ်စုံတစ်ယောက်က ရုပ်ဆိုးနေလျှင် သူတို့ရှိုက်ကြီးတငင်ငိုလျှင်တောင်မှ မျက်စိစပါးမွှေးစူးစရာဖြစ်နေဆဲပင်။ သို့ပေမဲ့ အလှပဂေးဆိုလျှင်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျတာ အသာထား မျက်လုံးနည်းနည်းနီရဲနေလျှင်ပင် သူတို့ကို သနားချင့်စဖွယ်ကောင်းလောက်အောင် ချစ်စရာကောင်းပုံ ပေါက်နေ‌စေ၏။ 


အနီးပတ်ဝန်းကျင်ရှိ ထူလဲ့လူမျိုးများသည် သူတို့၏ နတ်ဆရာအကြီးအကဲအပေါ် ပုံမှန်ကြောက်ရွံ့လေးစားမှူတို့ကို ချက်ချင်းမေ့သွားပြီး ရုတ်ချည်းသောအကြည့်တို့က သူ့ဆီကျရောက်လာ၏....ယခင်က သူတို့ အလှလေးတွေကို ထိခဲ့လျှင်တောင် ထိုမျှမရိုင်းပျခဲ့ပေ။ အလှလေးများကို သိုးမွေးဖျာပေါ်မှာ ငိုအောင်လုပ်ခြင်းက လုံးဝကိုပုံမှန်ပါပင်။ သူမဘယ်လောက်ငိုငို “အပျော်” ဟု သတ်မှတ်၍ရသည်။ 


သို့ပေမဲ့ သိုးမွေးထည်ဝတ်ရင်း တစ်ယောက်ယောက်ကို ငိုအောင်လုပ်တာကတော့ တကယ့်ကိုမှားယွင်းပေသည်။ 


ထူလဲ့မျိုးနွယ်စု၏ ရိုးရှင်းသော အိမ်ထောင်ရေးအတွေးအခေါ်တွင် မိမိ၏လက်တွဲဖော်ကို မတရားဆက်ဆံသည့် သဘောထားမျိုးမရှိပေ။ 


နှင်းကျနေတဲ့နေ့လေးတစ်နေ့မှာ တစ်စုံတစ်ယောက်က မင်းရဲ့အိပ်ရာကို အနွေးဓာတ်ပေးဖို့ ဆန္ဒရှိနေတာကို... ဘယ်လိုလုပ် သူ့ကို မချစ်မြတ်နိုးဘဲနေမှာလဲ? မိန်းမ မရသေးတဲ့ မျိုးနွယ်စုထဲက လူပျိုပေါင်းများစွာက သူ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတုန်းပဲ!


သတ္တိရှိပြီး ဒူပေနာပေဒဏ်ခံနိုင်သော ထူလဲ့စစ်သည်တော်အမြောက်အမြားက လျှောက်လှမ်းလာကြသည်။ 

သူတို့က ကြိုးစားလိုစိတ် ထက်သန်နေပုံရသည်။ 


အစကတော့ နတ်ဆရာအကြီးအကဲက မြားစက်ဝိုင်းပစ်ချလိုက်စဉ်... ထိုလူများမှာ ပုံမှန်ဆိုလျှင်တစ်ယောက်တည်းသာ လှုပ်ရှားလေ့ရှိသည့် နတ်ဆရာအကြီးအကဲက ဤသို့လုပ်ရခြင်းမှာ တောဆိတ်နှင့်သမင်ထောင်ချီ တောင်ကြားထဲ တဟုန်ထိုးပြေးလွှားနေသောကြောင့်၊ အလွန်တရာအန္တရာယ်များသဖြင့် အသက်ကယ်ခဲ့ခြင်းဖြစ်ပြီး တကယ်တမ်းတွင် အလှလေးအတွက် မည်သည့်ခံစားချက်မှမရှိဟု ထင်ခဲ့ကြသည်။ တချို့က မျှော်လင့်ချက်ရောင်ခြည်လေးပင် သန်းလာကြသည်။ 


နတ်ဆရာအကြီးအကဲက မြားစက်ဝိုင်းရှိရာဆီ လျှောက်သွားတာကို တွေ့လိုက်မှသာ သူတို့အကြံကို လက်လျှော့ခဲ့ရ၏။ 


လေးစားဖွယ်ကောင်းပြီး စွမ်းအားကြီးသော နတ်ဆရာအကြီးအကဲနှင့် ယှဉ်ပြိုင်ခြင်းက အကြံကောင်းမဟုတ်သော်လည်း လက်ရှိအခြေအနေအရ နတ်ဆရာအကြီးအကဲက ကြမ်းတမ်းလွန်းနေသည်....

ဘယ်လိုလုပ် သူ အလှလေးကို ဖျက်ဆီးပစ်နိုင်ရတာလဲ?


“ဒုက္ခရောက်နေသော အလှလေးကိုကယ်တင်ရန်” ဆိုသည့် မြင့်မားသောရည်မှန်းချက်ကို မွေးမြူထား‌သော ထူလဲ့စစ်သည်တော်တို့က လမ်းတစ်ဝက်သာရောက်သေးချိန် သူတို့၏ “ရိုင်းစိုင်း” “စိတ်ကူးမယဥ်တတ်” “ရှစ်ဘဝစာ တစ်ကိုယ်တည်းဖြစ်သင့်သော” နတ်ဆရာအကြီးအကဲက ခေါင်းလှည့်လာပြီး အေးတိအေးစက်အကြည့်တို့က သူ့တို့ဆီသို့ ဖြတ်ပြေးလာ၏။


ထူလဲ့စစ်သည်တော်များမှာ နေရာမှာတင် ကြက်သေသေသွားကြသည်။ 


ရှစ်ဝူလော့က အကြည့်ကို ပြန်သိမ်းလိုက်သည်။ သူ၏ အကြည့်က လှပသော်လည်း ပါးလွှာပြီး အသုံးမဝင်သော အလယ်ပိုင်းလွင်ပြင်ဒေသ၏ အပြင်ဝတ်ရုံပေါ် ကျရောက်သွားကာ ထိုပုခုံးပေါ်တွင် ခဏတာ ရစ်ဝဲနေပြီးမှ ကောင်လေး၏နီရဲနေသောမျက်လုံးဆီ အမြန်ရွှေ့သွား၏။ 


သခင်လေးချိုးမှာ စိတ်တိုရလွန်း၍ ငိုချလုနီးနီးပင်။


သူက အသုံးမဝင်သောမာနကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။


အနောက်ဘက်တိုက်ကြီးထဲ ဝင်လာကတည်းက မည်သည့်အရာမှ အဆင်ပြေချောမွေ့ခြင်း မရှိသေးပေ! ပထမဆုံးက ပုံမှန်ဆိုလျှင် အားကိုးယုံကြည်ရသည့် သူ၏ တတိယဦးလေးက အရက်မူးသွားပြီး သင်္ဘောပျံသွားသည့် လမ်းကြောင်းကို ကမောက်ကမဖြစ်အောင်လုပ်ပစ်လိုက်၏။ ထို့နောက် “ကောင်းချီး”က လာရိုက်ခတ်ပြီး ထောင်စုနှစ်မှ တစ်ခါကြုံရသည့် အအေးလှိုင်းနှင့် ပက်ပင်းတိုးပြီး လူစုကွဲသွားလေ၏.... ကိစ္စတွေက တကယ်ပဲ တလွဲဖြစ်သွားလျှင်တောင် သူသေတာကို လက်ခံနိုင်ပါသေးသည်။ 


သို့ပေမဲ့ သူသေချင်လျှင်တောင် သေလို့မရ၊ ရှင်ချင်လျှင်တောင် ဒေါသကြောင့် သေသည်အထိ တွန်းအားပေးခံနေရ၏။ 


ဒီလူတွေက ဘယ်လိုလူတွေလဲဟ?!


ပြီးတော့ ဒီကွဲနေတဲ့ပုတီးလုံးကတော့!(အင်္ကျီကြယ်သီး)


သူ ကြိုးစားလေလေ တုန်းကျိုးအို့ဟွားဆိုင်မှ ပြုလုပ်ထားသည့် ကြာပန်းပုံစံ ငွေချိတ်လေးက တပ်ရခက်လေလေပင်။ ချိုးပေါ်သုန့်က အားမလိုအားမရနှင့် နှစ်ကြိမ်လောက် ဆွဲတပ်လိုက်သော်လည်း ငွေချည်နှင့် ရက်လုပ်ထားသည့်ချိတ်က တပ်မရ ဖြစ်နေပြီး သူ၏လက်ချောင်းပေါ်မှာတော့ သွေးထွက်နေသည့် အမှတ်ရာခပ်နက်နက်ကို ဖြတ်မိသွားလေ၏။


......ဟုတ်ပြီ‌လေ။ 


သူ ဓားမြှောင်ပဲ သွားရှာတာပေါ့။  


ချိုးပေါ်သုန့်က ခေါင်းလှည့်ပြီး သူ့မှတ်ဉာဏ်ထဲရှိ ဓားမြှောင်ကျသွားရာအရပ်ကို လမ်းလျှောက်သွားဖို့ပြင်လိုက်သည်။ 


သူ ခြေတစ်လှမ်းပင်မလှမ်းရသေးခင် လေးလံကာ ထူထဲပြီး နွေးထွေးလှသော အနက်ရောင်ဝတ်ရုံက သူ့ပုခုံးပေါ်ဖုံးအုပ်လာလေ၏။ ထို့နောက် သူက အလျားလိုက် ပွေ့ချီခံလိုက်ရလေတော့သည်။



___________


အလှလေးကနတ်ဆရာရဲ့အပိုင်🤍