အပိုင်း ၅
Viewers 7k

#honest 
Chapter ( 5 )

အခန်း ( ၅ ) : နေ့ရက်တိုင်းက တိမ်တွေပေါ်လမ်းလျှောက်နေရသလိုပဲ [ လုထန် ]

ညစာစားရန်ချိန်းဆိုထားသည့်နေရာသို့မသွားမှီလုထန်က ကုန်တိုက်သို့၀င်၍ လက်ဆောင်ပစ္စည်းတစ်ခုကို၀င်၀ယ်ခဲ့၏ ။ သူရောက်ပြီး သိပ်မကြာခင်မှာပင် ရှုရှုလည်းရောက်လာသည် ။ 

ယနေ့ည၌ သူမက မိန်းမသားဆန်ဆန်၀တ်စားဆင်ယင်လာပြီး လှပသည့်ဆံနွယ်များကိုလည်းပုခုံးတစ်ဖက်ပေါ်သို့ဖြေချထား၏ ။ လုထန်က သူမထိုင်ရန်အတွက် လူကြီးလူကောင်းဆန်ဆန်ခုံဆွဲထုတ်ပေးပြီးသည့်အချိန်တွင်သူမဘက်မှလည်း ပြုံးပြလာသဖြင့် အသက်ရှုမှားသည်အထိ ထိုအပြုံးထဲတွင်နစ်မြောသွားရသည် ။ 

ဟင်းပွဲများမှာယူပြီးစောင့်ဆိုင်းနေကြသည့်အချိန်တွင် လက်ဖက်ရည်တစ်ခွက်သောက်ရင်းရောက်တက်ရာရာစကားပြောဆိုကြသည်မှာ ဘလိုင်းဒိတ်၏ ထုံးစံပင်ဖြစ်သည် ။ လုထန်က ရှုရှုဖိတ်ခေါ်၍ လာရသူဖြစ်သောကြောင့် သဘာ၀ကျစွာပင် စကား၀ိုင်း၏ အကြောင်းအရာမှာသူမအပေါ်မူတည်သွား၏ ။

ရှုရှုကလည်း ဘလိုင်းဒိတ်ရိုးရာများနှင့်ပက်သက်၍ အလွန်ရင်းနှီးသူဖြစ်သဖြင့် အရေးကြီးသည့်အချက်များကိုသာတိုက်ရိုက်ထားပြောဆိုလေသည် ။ 

" တချို့မိသားစုကိစ္စလေးတွေကြောင့် သုံးလအတွင်းလက်ထပ်ဖို့လိုအပ်တယ် "

ဘလိုင်းဒိတ်အတွင်းသူမတွေ့ကြုံခဲ့ရသည့်အမျိုးသားများအနက် အသက်အကြီးဆုံးမှာ နှစ်ဆယ့်သုံးနှစ်ဖြစ်သောကြောင့် ဤအချက်ကိုကြားသည်နှင့်တော်တော်များများလန့်ပြေးသွားတတ်ကြသည် ။

ကြင်ဖက်ရှာဖွေပေးသည့်ကုမ္ပဏီမှ၀န်ထမ်းများပင်လျှင် သူမတွင်ဖုံးကွယ်ထားသည့်ရောဂါရှိသောကြောင့် လက်ထပ်ရန်အလျင်လိုနေခြင်းဖြစ်သည်ဟုတွေးနေကြသည် ။ သာမန်နှစ်ဆယ့်ငါးနှစ်အရွယ်အမျိုးသမီးတစ်ဥိိီးက လက်ထပ်ရန်အလောကြီးနေမည်မဟုတ်ပေ။

ထို့ကြောင့် သူမအပေါ် ကြင်ဖက်ရှာဖွေပေးသည့်ကုမ္ပဏီမှ၀န်ထမ်းများ၏ အမြင်မှာသိပ်မကောင်းလှချေ ။ 

မမျှော်လင့်ထားစွာပင် လုထန်ကခေါင်းညိမ့်၍ 

" ကိုယ်လဲ လက်ထပ်သင့်တဲ့အသက်အရွယ်ရောက်နေပါပြီ ကိုယ်တို့နှစ်ယောက်သာအဆင်ပြေမယ်ဆိုရင် စောစောစီးစီးလက်ထပ်ရလဲကိစ္စမရှိပါဘူး "

" လက်ထပ်ပြီး သုံးနှစ်ကျော်အတွင်းကလေးမယူဘူး "

လုထန် : " ကောင်းပြီ "

ထိုသူ့ဘက်မှအကုန်အဆင်ပြေနေပုံရသော်လည်း ရှုရှုက ထပ်မပြောခင်သေသေချာချာစဥ်းစားနေသေး၏ ။

" အဲဒီအချက်တွေကလွဲရင် ကျွန်မကတစ်ကယ်ကိုပျင်းစရာကောင်းတဲ့မိန်းမတစ်ယောက်ပါ ... ခရီးထွက်တာနဲ့ အကသင်တာကလွဲရင်အခြား၀ါသနာပါတာမရှိဘူး ... တစ်ခါတစ်လေ စတူဒီယိုမှာပဲ တစ်ချိန်လုံးနေနေတတ်တယ်... တစ်နေ့မှာ ချွဲနွဲ့တတ်ပြီးချစ်စရာကောင်းတဲ့ကောင်မလေးမျိုးနဲ့ရှင်ဖောက်ပြန်ချင်တယ်ဆိုရင်တောင်မှ ကျွန်မကိုကြိုအသိပေးဖို့မျှော်လင့်ပါတယ်"

သူမ၏ အပြုမူမှာစိတ်မသက်မသာဖြစ်နေခြင်းမျိူးမရှိသည့်အပြင် စကားပြောဆိုရာတွင်လည်းချောချောမွေ့မွေဖြင့် လူမှုအသိုင်းအ၀ိုင်းအတွင်းဖြစ်လေ့ဖြစ်ထရှိသည့်အချက်များကိုပါအသားပေးပြောဆိုသွား၏ ။

လုထန်ကပြုံး၍ 

" အခုတော့ မင်းဘာလို့ဘလိုင်းဒိတ်တွေ့တိုင်းအဆင်မပြေတာလဲဆိုတာသိသွားပြီ ... အဲတာတွေပြီးရင် အခြားဘာအားသာချက်တွေရှိသေးလဲ "

သဘောထားအရကြည့်ရရင် သူ့ဘက်ကလုံး၀စိတ်အနှောင့်အယှက်မဖြစ်သွားပုံပဲ ...

လုထန်အတွက် သူမလက်ထပ်ရန်အလျှင်လိုနေရခြင်းအကြောင်းမှာ မိသားစုမှဖိအားပေးနေခြင်းဟူသည့်အချက်က ပိုမိုသေချာသွားပြီဖြစ်သည် ။

" ကျွန်မကဒီတိုင်း မလိုအပ်တာတွေအတွက်အချိန်ကုန်မခံချင်ရုံပါ " 

ရှုရှုက သူမ၏ ဆံပင်ကိုသပ်၍ 

" ကျွန်မဟင်းချက်နိုင်တယ် ... အချိုပွဲနဲ့မုန့်နည်းနည်းလည်းလုပ်နိုင်ပါတယ် ... ရှင် ကျွန်မရဲ့အကောင့်ကိုသာ၀င်ကြည့်မယ်ဆိုရင် ရှင်သိမှာပါ ပြီးတော့ ..."

ရှုရှု မှာစဥ်းစားပါသော်လည်းထပ်ပြောစရာမရှိတော့သောကြောင့်တိတ်ဆိတ်သွားပြီး လေထုအခြေအနေမှာလည်း အနည်းငယ်နေရထိုင်ရခက်လာ၏ ။

လုထန်က စိတ်ထဲမထားဘဲ လက်ဆောင်ဘူးကိုထုတ်၍ ရှုရှုထံပေးလိုက်သည် ။ ခဏမျှတုံ့ဆိုင်းနေပြီးနောက် ယူလိုက်သည့်အခါ လက်ဆောင်ဘူးလေးမှာ အနည်းငယ်လေးလံနေလေ၏ ။ ဖွင့်ကြည့်လိုက်ရာ ပင်များဖြင့်တွဲထားသည့်ဖိုင်တွဲများဖြစ်ကြောင်းတွေ့လိုက်ရသည် ။

ဖိုင်ထဲရှိအကြောင်းအရာများမှာ မိသားစုအခြေအနေ အလုပ်အကိုင် ပိုင်ဆိုင်မှုများနှင့် အခြားသောအသေးစိတ်အကြောင်းအရာများစွာပါ၀င်၏ ။ ရှုရှုက လုထန်ကိုအံ့အားသင့်စွာကြည့်၍ 

" ဒါကဘာအဓိပ္ပာယ်လဲ"

" ကိုယ့်ရဲ့ရိုးသားမှုကိုပြတာလေ... ကိုယ်ကတော့ ဒီဘလိုင်းဒိတ်ကိုအလေးအနက်ထားတယ်... ဒါ့ကြောင့်မို့ ကိုယ့်ကိုဒီညရဲ့ညစာကိုဧည့်ခံခွင့်ပြုပါ "

လုထန်၏ အလွန်ယဥ်ကျေးကောင်းမွန်သောသဘောထားကြောင့် ရှုရှုမှာနားရွက်ဖျားများနီရဲလာသည်အထိရှက်သွားရပြီး လက်ဖက်ရည်ခွက်ကိုမ၍အရှက်ပြေသောက်လိုက်သည် ။

သူမ၏ အပြုအမူကိုကြည့်၍ လုထန်၏ အပြုံးမှာပိုမိုတောက်ပလာလေ၏ ။ ဟင်းပွဲများလည်းရောက်လာပြီဖြစ်သောကြောင့် နောက်ဆုံးမေးခွန်းကိုမေးလိုက်သည်။

" ကျွန်မသိချင်တာလေ ... ရှင်ဘာလို့ရည်းစားမထားခဲ့တာလဲ "

သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့်များအရင်ကရည်းစားမထားခဲ့ဘဲနဲ့ လက်ထပ်ဖို့အလောတကြီးဖြစ်နေရတာလား ...

လုထန်ကခေါင်းငုံ့၍ သူ၏ မျက်၀န်းများကို ရှုရှု၏ မြင်ကွင်းထဲမှဖုံးကွယ်လိုက်၏ ။

အချိန်ကျလာပြီ ....

တစ်ညလုံးနီးပါး လုချွမ်ရှန်းအား မီးပွင့်မတတ်မေးမြန်းပြီးနောက် မိန်းကလေးများ စိတ်၀င်စားဆုံးဖြစ်သောမေးခွန်းများအကြောင်းသိခဲ့ရသည် ။

အဆင့် ၈

ကောင်မလေးများကိုပိုးပန်းရန် လုချွမ်ရှန်း၏ လက်စွဲစာအုပ်အရ ၀မ်းနည်းဖွယ်နောက်ခံဇာတ်ကြောင်းများနှင့်အမျိုးသားများမှာအောင်မြင်နိုင်ချေအလွန်မြင့်မား၏ ။

" ကောမှာ အနိုင်ကျင့်တတ်တဲ့အချစ်ဦးရှိသလိုမျိုးဟန်ဆောင်ရမယ်... မိန်းမတွေက သနားစရာကောင်းတဲ့ယောက်ျားတွေကိုဆိုသနားပြီးကြိုက်ကြတယ်လေ ကောရဲ့ကြေကွဲဖွယ်အတိတ်ကြောင့်မို့လို့ ပိုပြီးနူးညံ့ကြင်နာပေးပြီး ကောရဲ့ဒဏ်ရာတွေကိုကုစားပေးချင်လာမယ် ... နောက်ဆုံးကျရင် ကောတို့တွဲဖြစ်သွားမှာပဲ"

လုထန်က လုချွမ်ရှန်းအား စိတ်မနှံ့သည့်ကောင်ဟူသောအကြည့်ဖြင့်ကြည့်၍ 

" ငါကနေမကောင်းဖြစ်နေတာ ... ပြီးတော့ရည်းစားဟောင်းရဲ့အနိုင်ကျင့်တာကိုခံခဲ့ရတယ်လို့လဲပြောရဦးမှာလား "

လုချွမ်ရှန်းက လုထန်အား တက်တက်ကြွကြွပင်ရှင်းပြလာ၏ ။

" လူတိုင်းမှာ အတိတ်တွေရှိကြတာပဲ ... ယောက်ျားတစ်ယောက်ရဲ့အတိတ်ကရင့်ကျက်မှုရဲ့လက္ခဏာတစ်ခုပဲနော် ... ကော တစ်ခါမှမချစ်မိဘူးလို့ပြောရင် ဘယ်သူကယုံမှာလဲ ... ရည်းစားထားဖူးတယ်ဆိုတာက မိန်းမတစ်ယောက်ကိုဘယ်လိုချစ်ရမလဲဆိုတာသိတယ်လို့ဆိုလိုတာပဲလေ...ယောက်ျားတစ်ယောက်ရဲ့အချစ်ဦးကအဲဒီယောက်ျားရဲ့အရည်အချင်းကိုဖော်ပြတာပဲ ... မိန်းမတွေကသူတို့ကိုဂရုစိုက်မပေးနိုင်တဲ့သူကိုကြိုက်မှာမဟုတ်ဘူး နားလည်လား ... "

" ကောက လူတိုင်းကိုဒီလိုလိုက်ပြီးကြေငြာချင်နေတာလား ... တောင်းပန်ပါတယ် ကျွန်တော်ကအေးစက်ပြီးနှလုံးသားမရှိတဲ့လူတစ်ယောက်မို့လို့ ဘယ်မိန်းကလေးနဲ့မှမကြိုက်ခဲ့ဖူးပါဘူး ... ပထမဆုံးစပြီးစိတ်၀င်စားခဲ့ဖူးတဲ့မိန်းကလေးကိုလည်း မကောင်းမကန်းကျောက်စိမ်းကိုလိမ်ရောင်းလိုက်မိပါတယ် ... သူမက လူဆိုးကောင်ပုံစံကိုမကြိုက်ဘူးဆိုလို့ လူလိမ္မာလူယဥ်ကျေးလေးဖြစ်အောင်ကြိုးစားဟန်ဆောင်နေပါတယ် လို့တစ်လောကလုံးသိအောင်အော်ပြောမလို့လား ဟမ် ...."

လုထန်က လုချွမ်ရှန်းအားတစ်ချက်ကြည့်လိုက်၏ ။ 

" ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့နည်းလမ်းတွေအတိုင်းအစ်ကိုသေသေချာချာလိုက်နာရမယ် ... ကျွန်တော့်ရဲ့နည်းလမ်းတွေက ကောင်မလေးတစ်ယောက်ကိုသေချာပေါက်ဆွဲဆောင်နိုင်တယ် "

လုချွမ်ရှန်းအား ၀က်ရုပ်ပေါက်သည်အထိဖူးယောင်နေအောင်ထရိုက်ပစ်လိုက်ချင်ပါသော်လည်း အခြားရွေးချယ်စရာနည်းလမ်းမရှိသဖြင့်အောင့်အီးသည်းခံနေရ၏ ။



ထို့ကြောင့် လုချွမ်ရှန်း၏ လက်ဆွဲတော်နည်းလမ်းများအတိုင်း မူယာမာယာများရန်ပြင်ဆင်လိုက်၏ ။ ခေါင်းငုံ့ပြီးနောက် အထီးကျန်ဆန်သည့်အကြည့်များကိုချက်ချင်းဖန်တီးယူလိုက်ကာ 

" အထက်တန်းတုန်းက ကိုယ့်မှာ ကောင်မလေးရှိခဲ့ဖူးတယ် ... ဒါပေမဲ့တက္ကသိုလ်တက်နေရင်းနဲ့ သူမကနိုင်ငံခြားကိုထွက်သွားတယ်လေ ... ကိုယ်သူမကိုနှစ်အတော်ကြာစောင့်ခဲ့ပါသေးတယ် ... အခုတော့ကိုယ်လဲအခြေတကျဖြစ်ချင်ပြီ "

လုချွမ်ရှန်းအသင့်ပြင်ပေးထားသည့် စုတ်ချာချာဒိုင်ယာလော့ကိုခံစားချက်အပြည့်ဖြင့်သရုပ်ဆောင်ပြနေရသည့် လုထန် မှာခိုးကြောင်ခိုး၀ှက်အံကြိတ်နေရသည် ။

ဘယ်လိိုတောင်အပေါစားအချစ်စာအုပ်ထဲက စာသားတွေလဲကွာ ...

ရှုရှုသည်လည်း လုထန်ကဲ့သို့ချောမောအရည်အချင်းရှိသည့်အမျိုးသားတစ်ဦးတွင်ဤ ကဲ့သို့ကြေကွဲဖွယ်အတိတ်ရှိနေလိမ့်မည်ဟုမထင်ထားမိချေ ။ သူမက အားပေးနှစ်သိမ့်သည့်သဘောဖြင့် လုထန်၏ ပုခုံးအားနှစ်ချက်မျှပုတ်ပေးလိုက်သည် ။ 

" ရှေ့ဆက်ရမဲ့နေ့ရက်တွေကအများကြီးရှိပါသေးတယ်"

" အင်း "

ဇာတ်ကွက်ထဲသို့ရှုရှု ကျရောက်လာမည်မထင်ထားသောကြောင့် လုထန်လည်းအံ့အားသင့်သွားရသည် ။ ကြေကွဲဖွယ်ဇာတ်ကွက်လေးပြီးနောက် ညစာစားပွဲ၏ လေထုမှာအရင်ကထက်ပိုမိုလိုက်ဖက်ညီကာအေးချမ်းနေ၏ ။ 

လုထန် ထားခဲ့ခံရသည့်အတိတ်ကြောင့် ရှုရှုကအတော်အတန်သနားသွားပုံရသဖြင့် စားသောက်ရင်းနှင့်စကားဆက်ပြောနေကြသည် ။ သူတို့နှစ်ဦးစလုံး၏ စိတ်ထဲ၌ ဘလိုင်းဒိတ်မှသည် အတည်တကျဖြစ်ရန်သို့ဦးတည်နေကြောင်းသတိထားမိနေကြသည်ပင် ။

လုထန်မှာ ထကမိလုမတတ်ပျော်ရွှင်နေပြီး အိမ်ပြန်လျှင် လုချွမ်ရှန်းအား ဖက်နမ်းလိုက်မည်ဟုပင်တွေးမိနေ၏ ။ ညစာစားပြီးနောက် လုထန်က ရှုရှုအားအိမ်ပြန်လိုက်ပို့လေသည် ။ 

 " ကျွန်မကိုအိမ်ပြန်လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် .... တကယ်ကိုကောင်းမွန်တဲ့ညစာလေးလဲဖြစ်ခဲ့ပါတယ် ... ကျွန်မတို့ကမလိုက်ဖက်ပေမဲ့ အနာဂတ်မှာတော့ သူငယ်ချင်းကောင်းတွေဖြစ်နိုင်ကြမှာပါ "

လုထန်၏ ပျော်ရွှင်နေသည့်အပြုံးမှာတောင့်ခဲသွားရပြီး မှင်သက်သွားရ၏ ။

" ဟမ် "

" အလျင်စလိုလက်ထပ်ရမယ်ဆိုပေမဲ့ အခြားတစ်ယောက်ကိုအတင်းအကြပ်ချည်နှောင်လိုက်တာမျိုးကြီးမဖြစ်စေချင်ဘူး ... ကျွန်မရဲ့အိမ်ထောင်ရေးကိုအပြည့်အ၀တာ၀န်ယူချင်တယ် "

" ကိုယ်လည်း ကိုယ့်ရဲ့အိမ်ထောင်ရေးကိုအပြည့်အ၀တာ၀န်ယူမှာပါ "

" ရှင့်ရဲ့ရည်းစားဟောင်းအပေါ်ထားတဲ့သံယောဇဥ်ကို ကျွန်မလေးစားပါတယ် ... ဒါပေမဲ့ သူမကိုမေ့ဖို့အတွက်နဲ့ အလောတကြီးလက်ထပ်တယ်ဆိုတာကတော့မဟုတ်သေးဘူး ... ဒီလိုမျိုးသံယောဇဥ်လက်ကျန်အပြည့်နဲ့ဆက်ဆံရေးမျိုးက အချိန်မရွေး ရှင်သူ့ဆီပြေးသွားနိုင်တယ်လို့ဆိုလိုတာပဲ ... ကျွန်မဘက်ကလက်ထပ်ဖို့အလျင်လိုနေတယ်ဆိုပေမဲ့ တစ်ယောက်ယောက်အပေါ်မပြီးပြတ်သေးတဲ့အချစ်လက်ကျန်တွေရှိတဲ့လူကိုတော့ လက်ခံမှာမဟုတ်ဘူး "

လုထန် : "…"

လုထန်၏ ပထမဆုံးအတွေးမှာ ရှုရှု၏ ရည်းစားဟောင်းက ထိုကဲ့သို့မရှင်းမရှင်းဖြစ်ရပ်များလုပ်ခဲ့ဖူး၍ သူမစိတ်ဒဏ်ရာရနေခြင်းဖြစ်ကြောင်းနှင့် ....

ဒုတိယမြောက်အတွေးကမူ ...

လုချွမ်ရှန်း ! ခွေးသားလေး ! အိမ်ပြန်ရောက်တာနဲ့သတ်ပစ်မယ် !🐳


Xxxxxx