#honest
Chapter ( 6 )
အခန်း ( ၆ ) : ဒါဆိုလဲကြိုးစားကြည့်ကြရအောင် [ ရှုရှု ]
လုထန်အားငြင်းဆိုပြီးသည့်နေ့မှစ၍ ရှုရှု၏နေ့ရက်များမှာ ပုံမှန်ကဲ့သို့ပင် များများစားစားပြောင်းလဲသွားခြင်းမရှိချေ ။ သူမ၏ သူငယ်ချင်းဖြစ်သူ က အပြင်ထွက်လည်ရန်ချိန်းဆိုသည့်အခါ ချက်ချင်းပင်လက်ခံလိုက်၏ ။
နှစ်ဦးသားချွေးထုတ်ခန်းသွားကြကာ အပန်းဖြေရင်းရောက်တတ်ရာရာပြောဆိုနေကြသည် ။ စုန့်ယွမ်ယွမ်က စတူဒိီယိုတွင်လာသောင်းကျန်းသွားသည့် ရှုရှုနောက်ဆုံးဘလိုင်းဒိတ်ပါတနာ၏ အကြောင်းကိုပြောလာ၏ ။
" အဲဒီအချိန်တုန်းက ငါလည်းအလုပ်များနေလို့သာပေါ့ မဟုတ်ရင် အဲမိန်းမကိုတရားစွဲပစ်မှာ ..."
စုန့်ယွမ်ယွမ်ပြောမှသာ ထိုမိန်းမအကြောင်းကိုရှုရှု သတိရသွားခြင်းဖြစ်၏ ။ သူမ၏ ပုံမှန်စိတ်အခြေအနေအတိုင်းသာဆိုလျှင် အာရုံစိုက်မည်မဟုတ်သကဲ့သို့မှတ်မိမည်လည်းမဟုတ်ပေ ။
" နင် အရမ်းစိတ်ပူနေဖို့မလိုပါဘူး ... ဘာပဲဖြစ်ဖြစ်လျော်ကြေးရမှာပဲလေ ... နောက်မှပျက်ဆီးသွားတာတွေကိုထပ်၀ယ်လိုက်လို့ရပါတယ် "
စုန့်ယွမ်ယွမ်က စိတ်ပျက်လက်ပျက်ပုံစံဖြင့်မျက်လုံးလှိမ့်လိုက်ကာ
" နောက်ထပ်တစ်ခုရှိသေးတယ်နော် ... နင်သေချာပေါက်အလိမ်ခံလိုက်ရတာပဲဖြစ်မယ် အသစ်၀ယ်ထားတဲ့ပန်းအိုးလေးကိုကြည့်ပါဦး ပိစိကွေးသေးလေးဟ ... အဲတာလေးကယွမ်နှစ်သောင်းကျော်ဆိုတာ ကျိန်ပြောရင်တောင်ငါမယုံနိုင်ဘူး ."
" ငါသိပါတယ် "
ရှုရှုက ပြုံး၍
" တကယ်တော့ရောင်းလိုက်တဲ့လူက ငါ့ရဲ့အကြိုက်နဲ့အများကြီးကိုက်နေလို့ "
ယွမ်ယွမ်က မျက်ခုံးပင့်၍
" ဒိီလိုဆိုမှပဲ နင်တို့နှစ်ယောက်ရဲ့အခြေအနေဘယ်လိုလဲ "
ရှုရှု : " ငါတို့နှစ်ယောက်ကအတူတူညစာစားကြရုံတင်ပါ ... ပြီးတော့ ငါသူ့ကိုငြင်းလိုက်တယ် "
စုန့်ယွမ်ယွမ်မှာ ပြောစရာစကားပင်ပျောက်ရှသွားရ၏။
" ဘယ်လိုသောက်ကျိုးနဲကြီးလဲဟ "
ရှုရှူ က တစ်ဖက်သို့လှည့်၍ အသံတိုးတိုးလေးနှင့်ပြောပြလိုက်သည် ။
" လက်ထပ်ဖို့အဆင်ပြေတယ်ဆိုပေမဲ့ သူ့ရဲ့ရည်းစားဟောင်းကိုမေ့နိုင်သေးပုံမရဘူး "
စုန့်ယွမ်ယွမ် : " အဲဒိီလူကရူးနေတာလား ... ဘလိုင်းဒိတ်မှာရှိသမျှအကုန်ပြောပြတာက ရိုးသားတာလား ဒါမှမဟုတ်တုံးအလွန်းနေတာလားပဲ "
" ငါထင်တာကတော့ သူကကလေးဆန်ဆန်နည်းလမ်းလေးတွေနဲ့ငါ့ကိုလိုက်ချင်နေတာပဲ ... ဒါပေမဲ့ သူ့ရဲ့လှည့်ကွက်လေးတွေထဲမှာ ငါပူးပေါင်းချင်စိတ်ရှိမနေတာတော့ နှမြောစရာကောင်းသွားတယ် "
ရုတ်တရက် ချွေးထုတ်ခန်းအတွင်းဘက်မှ မိန်းကလေးတစ်ဦး၏ ရယ်သံကိုကြားလိုက်သောကြောင့်နှစ်ယောက်လုံးကြောင်အသွားရသည် ။ အခန်းမှာ အနည်းငယ်ကျယ်ပြီးမီးရောင်မှိန်မှိန်ထွန်းထားကာ သူမတို့နှစ်ဦးက တံခါးနှင့်နီးသည့်နေရာတွင်ထိုင်နေသောကြောင့် မှောင်ရိပ်ကျသည့်အခန်းထောင့်၌ လူရှိကြောင်းမသိကြခြင်းဖြစ်၏ ။
မိန်းကလေးကပြုံး၍ တောင်းပန်စကားဆိုလာသည် ။
" ဟား ဟား ... ကျွန်မတောင်းပန်ပါတယ် ရှင်တို့နှစ်ယောက်ရဲ့စကား၀ိုင်းကနည်းနည်းလေးကြားရတာရယ်စရာကောင်းနေလို့ပါ "
ရှုရှုကလည်း ပြဿနာမဖြစ်ချင်သောကြောင့် ပြုံးပြလိုက်သည် ။
" ရပါတယ် "
မိန်းကလေးက အခန်းထဲမှထွက်သွားရန်ပြင်နေပြီး တံခါး၀သို့ရောက်သည့်အခါ ပြုံး၍မေးလာ၏ ။
" ရှင်ဆက်လုပ်မယ်လို့စဥ်းစားထားလဲ "
ဘာဆက်လုပ်ရမှာလဲ ...
ရှုရှုလည်း မသိပါချေ ။ သူမက လုထန် လိမ်ညာပြောဆိုသည်အားကိုယ်တိုင်လာဖြေရှင်းသည်ကိုစောင့်နေခြင်းလည်းဖြစ်နိုင်၏ ။ သို့တည်းမဟုတ် ထိုသူ့ဘက်မှလည်း ပျင်းစရာကောင်းသည့်သူမအား လက်လျှော့သွားခြင်းမျိုးလည်းဖြစ်နိုင်သေးသည် ။ ရှုရှုမှာ သက်ပြင်းသာချလိုက်မိ၏ ။
မိန်းမတွေရဲ့စိတ်ကတကယ်မပြတ်သားနိုင်ကြဘူးပဲ ...
—
ပုံမှန်အားဖြင့် လုထန်ကဲ့သို့အရာရာပြီးပြည့်စုံနေသည့်ယောက်ျားတစ်ယောက်မှာ ငြင်းဆိုခြင်းခံလိုက်ရသည်နှင့် ထိုမိန်းမအားဘယ်တော့မှပြန်လှည့်ကြည့်တော့မည်မဟုတ်ပေ ။ ရှုရှု ကိုယ်တိုင်လည်လည်း လက်ထပ်ဖို့နှင့် ဘလိုင်းဒိတ်ထပ်တွေ့ရန်ကိုလက်လျှော့လိုက်ပြီဖြစ်သည်။
မမျှော်လင့်ထားစွာပင် ယောဂသင်ချိန်တွင် သင်တန်းသူလေးအကြောလျှော့နေသည်အားကူညီပေးရင်း အမှတ်တမဲ့တံခါး၀ကိုလှမ်းကြည့်မိလိုက်ရာ လုထန်ကိုတွေ့လိုက်ရ၏ ။ ထိုသူကအနက်ရောင်ဆွယ်တာကို၀တ်ဆင်ထားပြီး ကော်ဖီခွက်တစ်ခွက်ကိုကိုင်ထားရင်း နံရံကိုမှီ၍ ရပ်နေလေသည် ။
ခြေတံရှည်ကြီးများမှာ အလွန်မျက်စိဖမ်းစားဖွယ်ဖြစ်နေ၏ ။ လုထန်ကသူမအားခေါင်းစောင်းကြည့်၍ ပြုံးပြလာသောကြောင့် အကြောလျှော့နေသည့်သင်တန်းသူလေးအားဖိထားသည့်အားများသွားသဖြင့်အော်ဟစ်လာသည် ။
" ဆရာမ ဖြည်းဖြည်းဖြည်း... ခါးကျိုးတော့မှာပဲ "
ရှုရှု : " တောင်းပန်ပါတယ် တော်တော်နာသွားလား "
သင်တန်းသူလေးထ၍ ခါးဆန့်လိုက်သည့်အခါ လက်ဆစ်ချိုးလိုက်သကဲ့သို့ တဂျွတ်ဂျွတ်အသံများပေါ်ထွက်လာ၏ ။
ရှုရှု : "…"
ကျန်ရှိနေသည့် အတန်းချိန်မိနစ်လေးဆယ်လုံးလုံး လုထန်အားမကြည့်မိရန်ပြင်းပြင်းထန်ထန်စိတ်ထိန်းချုပ်နေရ၏ ။ သို့သော်လည်း သင်တန်းခန်းမမှာ မှန်အပြည့်နှင့်ဖြစ်သောကြောင့် ခေါင်းမော့လိုက်ရုံဖြင့်ပင် အပေါက်၀၌နံရံကိုမှီရပ်နေသော ခပ်ချောချောအမျိုးသားတစ်ဦးအားမြင်တွေ့ရမည်ပင် ။
အတန်းပြီးသည်နှင့် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိ၏ ။ သူမအခန်းထဲမှမထွက်ရသေးခင်မှာပင် ချင်းချင်းကအခန်းထဲသို့အပြေး၀င်လာကာပြောလေသည် ။
" မစ္စတာလုက အစ်မကိုတွေ့ချင်လို့စောင့်နေတာကြာပြီ"
"အာ "
ရှူရှူ၏ မျက်၀န်းထဲမှတွန့်ဆုတ်မှုများကိုမြင်ရသဖြင့် ချင်းချင်းက အမြန်လက်ခါပြကာငြင်းဆိုလာ၏ ။
" မဟုတ်ဘူးနော် ... မဟုတ်ဘူး ... သူညီမဆီလာတာမဟုတ်ဘူး "
ပြောပြီးနောက် ချင်းချင်းမှာ သူမ၏ အိတ်ကိုဆွဲ၍ ပြေးထွက်သွားလေသည် ။ ရှုရှူမှာ နှလုံးခုန်သံများပင်အလွန်မြန်ဆန်လာရ၏ ။
သူငါ့ကိုတွေ့ဖို့လာတာလား ...
သူမ၏ ပထမဆုံးအတွေးမှာမူ သာမန်အကချိန်များမဟုတ်ဘဲ ယောဂချိန်ဖြစ်နေ၍သာတော်တော့သည်ဟုတွေးမိလေ၏ ။ မဟုတ်လျှင်သူမ၏ ချွေးများဖြင့်ရွဲနေသည့်ရုပ်ဆိုးဆိုးပုံစံအားလုထန်မြင်သွားလိမ့်မည်ပင် ။
မှန်ကြည့်၍ သူမကိုယ်သူမသပ်ရပ်အောင်အနည်းငယ်ပြုပြင်ပြီးနောက် လုထန်စောင့်နေသည့်နေရာသို့သွားလိုက်သည် ။ လုထန်က သူမကိုတွေ့သည်နှင့်မတ်မတ်ပြန်ရပ်ကာပြုံး၍မေးလာ၏ ။
" အတန်းပြီးသွားပြီလား "
ရှုရှု : " ကျွန်မကိုတစ်ခုခုပြောစရာရှိလို့လား "
" ဘာမှတော့ ထူးထူးခြားခြားမဟုတ်ပါဘူး ... ညစာအတူတူစားကြရအောင် "
ရှုရှုက ခဏမျှတုံ့ဆိုင်းနေမိသော်လည်း သူမငြင်းဆိုလိုက်လျှင်လုထန်စိတ်မကောင်းဖြစ်သွားမည်စိုးသဖြင့် ခေါင်းညိမ့်ကာသဘောတူလိုက်သည် ။
" ကျွန်မရေချိုးဦးမယ် ... ရှင်အောက်ထပ်မှာခဏလောက်စောင့်ပေးနိုင်မလား "
" ကောင်းပါပြီ "
သူကလှည့်ထွက်သွားသည့်ရှုရှု၏ နောက်ကျောကိုကြည့်၍ ပြုံးလိုက်ရင်းဖြင့်
" အရမ်းကြီးအလျင်စလိုမလုပ်ပါနဲ့ ... ဆံပင်ကိုလည်းသေသေချာချာခြောက်အောင်အခြောက်ခံဖို့လည်းသတိရဦး "
ရှုရှုက နားလည်ကြောင်းအသံပြု၍ လျှောက်သွားလေ၏ ။ လုထန်၏ ယနေ့ပုံစံမှာ သာမန်နေ့များထက်များစွာထူးခြားနေပုံရသည်ဟုခံစားလိုက်ရသည် ။
—
စားသောက်ဆိုင်သို့ရောက်သောအခါ လုထန်ကအစပ်မစားသော်လည်း သူမအတွက်ဟော့ပေါ့မှာပေး၏ ။ နှစ်ခြမ်းခွဲထားသည့်ဟော့ပေါ့အိုးမှာ တစ်ဖက်ကအစပ်ဖြစ်၍ တစ်ဖက်ကအချိုဖြစ်သဖြင့် အကြိုက်မတူသည့်လူနှစ်ေယာက်ပင်အတူတကွထိုင်၍စားသောက်နိုင်သည် ။
ဟော့ပေါ့အိုးထဲသို့အသားထည့်နေရင်း လုထန်အားခိုးကြည့်မိသောအခါ ထိုအမျိုးသားမှာ အလေးအနက်အားရုံစိုက်၍ နှမ်းဆိီဘူးကိုကိုင်ရင်းအချဥ်စပ်နေလေ၏ ။
လုထန်တွင် ပစ္စည်းအမျိုးအစားကိုအသေအချာခွဲခြားတတ်သည့်အလေ့အကျင့်ရှိပုံရပြီး စားပွဲပေါ်ရှိအရာအားလုံးကိုစနစ်တကျသပ်သပ်ရပ်ရပ်ခွဲခြားထား၏ ။ အသားများကိုပြုတ်ပြီးနောက် ရှုရှုစားသောက်နေသည့်အချိန်၌ လုထန်မှာ အသီးအရွက်များထည့်ပေးနေသည့်အပြင်တစ်ဖက်မှလည်း အသားများကိုရှုရှုစားရန်ဖယ်ပေးနေသည် ။
သူမက ပြုံး၍ လုထန်အလွန်ချစ်ဖို့ကောင်းကြောင်းမတွေးဘဲမနေနိုင်တော့ချေ ။ ပျော်ပျော်ရွှင်ရွှင်စားသောက်နေရင်း လုထန်အားမေးလိုက်သည် ။
" ရှင်ဘာလို့မစားတာလဲ "
လုထန် : " ကိုယ့် စားဖို့ကဒီနေ့အတွက်ကိုယ့်ရဲ့ရည်ရွယ်ချက်မဟုတ်ဘူး "
" ဒါဆိုရင် ရှင့်ရဲ့ရည်ရွယ်ချက်ကဘာလဲ "
" မင်းကိုတောင်းပန်ဖို့ "
လုထန်က ပန်းကန်ထဲမှ ဖက်ထုပ်ကိုတူဖြင့်ညှပ်ယူရင်း
" နောက်ဆုံးတစ်ခေါက်တွေ့တုန်းက ကိုယ်မင်းကိုလိမ်မိသွားတယ် "
လုထန်က အသံကိုနှိမ့်ချပြီးနောက် အယဥ်ကျေးဆုံးပုံစံဖြင့်တောင်းဆိုလာသည်မှာ အလွန်ဆွဲဆောင်မှုရှိလှသည် ။
" ကိုယ်ညာပြောမိတဲ့ရည်းစားဟောင်းအကြောင်းကလွဲရင် ကျန်တာအကုန်ကိုယ့်ရဲ့စိတ်ရင်းမှန်တွေပါကွာ ... မင်းကိုယ့်ကိုနောက်ထပ်အခွင့်အရေးပေးနိုင်မလား "
ရှုရှုက လုထန်ကိုတည့်တည့်စိုက်ကကည့်ကာ တဖြည်းဖြည်းချင်းပြုံး၍ပြောလာသည် ။
" တကယ်လို့ကျွန်မသဘောတူလိုက်မယ်ဆိုရင် ... ကျွန်မအတွက်ရှင့်ဘက်ကသဘောထားကဘယ်လိုဖြစ်မလဲ "
လုထန်က ပြုံး၍
" မင်းကိုယ်နဲ့ အတူတူညစာလိုက်စားပေးတာကိုပဲ ကိုယ်ကကျေးဇူးတင်နေပါပြီကွာ "
…
🐳
Xxxxxx