#honest
Chapter ( 9 )
အခန်း ( ၉ ) : ကောတော့အောက်ဖဲလှန်တာခံလိုက်ရပြီ
ရှုရှုတစ်ယောက် လုထန်အားအမှန်အကန်ချစ်မိသွားသည့်အကြောင်းကိုကြားသောအခါတွင် စုန့်ယွမ်ယွမ်မှာ အောက်မေးရိုးတစ်ခုလုံးကျွတ်ကျသွားမတတ်ပင်အံ့သြသွားရ၏ ။ ရှုရှုက သူမနှင့်သိကျွမ်းလာသည်မှာဆယ်စုနှစ်တစ်ခုစာမျှရှိတော့မည်ဖြစ်ပြီး အမြဲအေးတိအေးစက်သာနေတတ်သောသူမ၏ သူငယ်ချင်းချစ်မိသွားသည့်အကြောင်းအရာမှာ အမှန်တကယ်ကိုအံ့ဖွယ်ဖြစ်၏ ။
လောကကြီးတစ်ခုလုံးဇောက်ထိုးများဖြစ်သွားပြီလား ...
ဖုန်းတစ်ဖက်မှ ယွမ်ယွမ်က သက်ပြင်းချ၍
" နင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတိုးတက်တာအရမ်းမြန်တာပဲ ...ဘယ်တော့ ငါ့ကိုညစာဖိတ်ကျွေးမှာလဲ ... ငါနင့်အစားအဲဒီလူကိုသေသေချာချာစစ်ဆေးကြည့်ရမယ် "
ရှုရှုက ခဏမျှတုံ့ဆိုင်းနေပြီးနောက် ယွမ်ယွမ်အားအမှန်အတိုင်းပြောပြရန်ဆုံးဖြတ်လိုက်သည် ။
" ငါတို့နှစ်ယောက်တကယ်တော့ လက်ထပ်မှတ်ပုံတင်လုပ်ပြီးသွားပြီ "
စုန့်ယွမ်ယွမ် : "????"
နှစ်စက္ကန့်ကြာပြီးနောက်
စုန့်ယွမ်ယွမ် : "!!"
——
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့သည်များကိုပြန်ပြောရမည်ဆိုလျှင် ....
နှစ်ယောက်အတူတူချိန်းဆိုကာ ညစာစားပြီးသည့်အကြိမ်တိုင်း လုထန်က ပန်းခြံအတွင်းလမ်းလျှောက်ရန်သူမအားခေါ်သွားတတ်သည် ။ လုထန်၏ရှုရှုကို ပန်းခြံသို့ခေါ်သွားရခြင်း၏ ရည်ရွယ်ချက်မှာသေချာပေါက် လမ်းလျှောက်ရန်တစ်ခုတည်းအတွက်မဟုတ်ပေ ။
သစ်တောတန်းလေးနားသို့ရောက်သည့်အခါတိုင်း သူကသူမအား လူကွယ်သည့်ထောင့်နားလေးသို့ခေါ်သွား၍ ခိုးနမ်းတတ်၏ ။ တိတ်ဆိတ်နေသည့်သစ်ပင်များအကြားတွင် သူမကြားရသမျှမှာ သူမ၏ နှုတ်ခမ်းကိုတစ်ဖက်အမျိုးသားကစုပ်ယူနမ်းရှိုက်နေသည့်အသံများပင် ။
အနည်းငယ်ရှက်ဖို့ကောင်းသော်ငြားလည်း ရင်ခုန်စိတ်လှုပ်ရှားနေရ၏ ။ လုထန်၏ အရပ်မှာခြောက်ပေကျော်သဖြင့် သူတို့နမ်းရှိုက်သည့်အကြိမ်တိုင်းတွင် လုထန်ကခါးကိုင်းကာခေါင်းငုံ့ပေးထားလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင်မူ ထိုသူကသူမအားတမင်သပ်သပ်စနောက်တတ်သေးသည် ။
ရှုရှုမှာ ခြေဖျားထောက်၍ နမ်းရန်ကြိုးစားပါသော်လည်း မမှီနိုင်သောကြောင့် လုထန်၏ ပုခုံးကိုဖိချသည့်အကြိမ်တိုင်းတွင်ထိုသူက အားရကျေနပ်နေဟန်ဖြင့်ရယ်မောပေလိမ့်မည် ။
အားရအောင်စနောက်ပြီးသောအခါမှသာ လက်တစ်ဖက်ကသူမ၏ခေါင်းကိုထိန်းကိုင်၍ ကျန်လက်တစ်ဖက်က သူမ၏ ခါးကိုပွေ့ပိုက်ကာ သူနှင့်ပေါင်းစပ်သွားမတတ်ဆွဲယူကာ အသက်ရှုကြပ်သည်အထိနမ်းရှိုက်လိမ့်မည်ပင် ။
အကြည့်ချင်းဆုံကြသည့်အခါတွင် နှစ်ဦးစလုံး၏ မျက်၀န်းများထဲမှ လိုချင်တပ်မက်မှုများကိုအပြန်အလှန်တွေ့လိုက်ကြရသဖြင့် အံ့အားသင့်စွာငေးကြည့်နေမိကြသည် ။
…
လုထန်နှင့် နမ်းရှိုက်သည့်အကြိမ်တိုင်းတွင် ရှုရှုမှာ သူမ၏ ခုခံအားအကုန်လုံးကိုထိုအမျိုးသားကစုပ်ယူသွားသလိုအမြဲတမ်းခံစားနေရ၏ ။ နားရွက်ဖျားလေးများသာမက မျက်နှာတစ်ခုလုံးနီရဲနေတတ်သည်။
လုထန်ကိုယ်တိုင်သည်လည်း နမ်းရှိုက်ရာ၌ ညင်သာကာဂရုတစိုက်ရှိလှသည် ။ နမ်းရှိုက်နေရင်းဖြင့် ရှုရှု၏ ခန္ဓာကိုယ်တစ်ခုလုံးအထိမခံဖြစ်နေသည့်အချိန်တွင် သူမ၏ခါးလေးအားလက်ဖ၀ါးဖြင့်ခပ်ဖွဖွပွတ်သပ်တတ်၏ ။
လုချွမ်ရှန်းခမျာ အမြဲတတ်ကြွနေသည့်လူငယ်လေးဖြစ်သည့်အလျှောက် ရှုရှုတစ်ယောက်လုထန်နှင့် ရန်မဖြစ်ဘဲ မည်ကဲ့သို့တွဲနေနိုင်သည်ကိုအလွန်သိချင်နေသဖြင့် မကြာခဏဆိုသလိုမေးမြန်းတတ်သည် ။
နမ်းတဲ့နေရာမှာအတွေ့အကြုံရှိနေသလိုမျိုး ဘာလို့ဒီလောက်ထိပိုင်နိုင်နေရတာလဲ ...
ရှုရှုက လုထန်၏ ကျွမ်းကျင်သောအပြုအမူများအကြောင်းမတွေးဘဲမနေနိုင်တော့ချေ ။
—
လုထန်က သူမအားချပေးလိုက်သည့်အခါ သူမ၏ မျက်၀န်းထဲမှသံသယများကိုတွေ့လိုက်ရသောကြောင့် သူ့တွင်အတွေ့အကြုံမရှိပါဟုရှင်းပြချင်ပါသော်လည်း ယောက်ျားတစ်ဦး၏ ဂုဏ်သိက္ခာကိုထိခိုက်သလိုခံစားရသောကြောင့် မပြောပြတော့ပေ ။
ရှုရှုကသာ သူစိတ်၀င်စားသည့်ပထမဆုံးမိန်းကလေးတစ်ဦးဖြစ်သည့်အတွက် သူမသည်သာသူ၏ ပထမဆုံးအတွေ့အကြုံပင် ။ ရှုရှုက လုထန်၏ စိတ်ထဲတွင်တွေးနေသည့်အရာများကိုမသိချေ ။
ထို့ကြောင့် လုထန်အားအခြားသောမိန်းမများနှင့် ပက်သက်ခဲ့ဖူးခြင်းရှိမရှိမေးချင်နေသည် ။
" ရှင် …"
လုထန်က သူမ၏ ရည်ရွယ်ချက်ကိုခန့်မှန်းမိသောကြောင့်တားလိုက်၏ ။
" မင်း၀ိတ်ကျသွားတာလား "
လုချွမ်ရှန်း၏ ကောင်မလေးများလိုက်ပိုးနည်းလမ်းညွှန်နံပါတ် ဆယ့်ကိုး - သူမပိန်သွားကြောင်းပြော၍ ခန္ဓာကိုယ်လှကြောင်းချီးမွမ်းပြောဆိုပေးခြင်း - ( မှတ်ချက် - ဤအချက်ကိုငြင်းပယ်ဖူးသည့်မိန်းမမရှိသေး )
အမှန်ပင် ရှုရှု၏ အာရုံမှာ ၀ိတ်အတက်အကျဖြစ်သည့်ဆီသို့သာကူးပြောင်းသွားလေသည် ။
" ရှင်ပိိန်သွားတယ်လို့ထင်လို့လား ကျွန်မနည်းနည်းလေးပို၀လာတယ်လို့ထင်နေတာ "
" ကိုယ်မင်းခါးကိုကိုင်ဖူးပါတယ်ကွာ ကိုယ်မသိဘဲနေပါ့မလား "
" တကယ်လား "
လုထန်က သက်ပြင်းချ၍ လုချွမ်ရှန်း၏ လက်စွဲစာအုပ်မှာအနည်းငယ်အသုံး၀င်ကြောင်း ၀န်မခံချင်ဘဲ၀န်ခံလိုက်၏ ။
လုထန်မှာ စောနကသူမ၏ ခါးကိုကိုင်ထားရသည့်ခံစားချက်အားပြန်လည်တွေးမိသွားရ၏ ။ သူမ၏ ခါးမှာပျော့ပျောင်းကာ နူးညံ့လှသည် ။ လုထန်က သူမ၏ ခါးကိုဆွဲ၍ သူနှင့်နီးကပ်စေကာ ကိုယ်ကိုငုံ့ကိုင်း၍ ပြောလာသည် ။
" ဒီလိုပုံစံလေးအတိုင်း ကိုယ်တို့လက်ထပ်ပွဲဓာတ်ပုံရိုက်ရင်အရမ်းကြည့်လို့ကောင်းမှာပဲနော် "
ထိုစကားအားပြောပြီးသောအခါမှသာ လုထန်က တစ်ခုခုကိုစဥ်းစားမိသွားပုံရကာ အလေးအနက်ဖြစ်နေသည့်မျက်နှာထားမျိုးဖြစ်၍သွား၏ ။
" ကိုယ်ဆိုလိုတာကိုမင်းနားလည်ရဲ့လား "
ရှုရှု : " ဘာကိုလဲ "
" လက်ထပ်စာချုပ်သွားလုပ်ရအောင် "
" ကောင်းပြီလေ "
ဤသို့ဖြင့် မနက်ဖြန်မနက်စောစောတွင် လက်ထပ်စာချုပ်ပြုလုပ်ရန်ဆုံးဖြတ်လိုက်ကြလေသည် ။ အလွဲပေါင်းများစွာဖြင့်ဘလိုင်းဒိတ်များကိုကျော်လွန်၍ ရှုရှုမှာနောက်ဆုံး၌ လက်ထပ်ရန်မျှော်လင့်ချက်လမ်းစလေးပေါ်ထွက်လာပြီပင် ။
လုထန် မပြန်မှီ သူမကလှမ်း၍ စနောက်လိုက်သေး၏ ။
" ရှင်အခုအချိန်နောက်ဆုတ်လို့မှီသေးတယ်နော် "
လုထန်က ရယ်မော၍ သူမအားပျော်ရွှင်စွာဖြင့်
" ကိုယ့်ကိုယုံစမ်းပါကွာ ... မင်းနောင်တရပြီးလက်မထပ်တော့မှာကိုပဲ ကိုယ်စိုးရိမ်တာ "
…
သူပြောခဲ့သည့်စကားအတိုင်းပင် နောက်တစ်နေ့နံနက်စောစော၌ ရှုရှုအလုပ်သွားရန်ဆင်းလာသည့်အချိန်တွင် လုထန်က တိုက်အောက်တွင်ကားရပ်စောင့်နေလေသည် ။ သူမကိုမြင်သည်နှင့် ကားမှန်ကိုချလိုက်ကာ
" ဒီနေ့စောသားပဲ "
ရှုရှုလည်း လုထန် စောစောစီးစီးရောက်လာလိမ့်မည်ဟုထင်မထားပေ ။
" ကျွန် ... ကျွန်မမနက်စာအရင်၀ယ်စားလိုက်ဦးမယ် "
" ကိုယ်၀ယ်လာခဲ့တယ် "
" ရှင်ဘယ်အချိန်ကတည်းကရောက်နေတာလဲ "
လုထန်က ခပ်ဖွဖွပြုံးပြီးနောက် ရှုရှုထံ မဖောက်ရသေးသည့်ဒိန်ချဥ်တစ်ဘူးကမ်းပေးကာပြောလိုက်သည် ။
" ဒီလူပျိုကြီးက မင်းလက်မထပ်တော့ဘဲထွက်ပြေးသွားမှာကြောက်လို့လာစောင့်နေတာလေ "
ရှုရှုနှင့်အတူ လက်ထပ်ရန်ရုံးသို့သွားနေသည့်အချိန်မှာ မနက်အစောပိုင်းဖြစ်သောကြောင့် လမ်းမတွင်ကားပိတ်ဆို့ခြင်းမရှိဘဲ ရုံးတက်ရန်သွားနေသူအနည်းငယ်နှင့် မနက်ခင်းလေ့ကျင့်ခန်းလုပ်နေသူများသာရှိသည် ။
ဆယ်မိနစ်မျှကားမောင်းပြီးသည့်နောက်တွင် လုချွမ်ရှန်းတစ်ယောက် အော်ကြီးဟစ်ကျယ်အသံကြီးဖြင့် ဖုန်းခေါ်ဆိုလာလေသည် ။
" ကော ... မနေ့ညကကျွန်တော်ကြားရတဲ့သတင်းကဘာကြီးလဲ ...ကောတကယ်လက်ထပ်တော့မယ်ဆို ... ဘယ်သူနဲ့လဲ ... ဆရာမရှုနဲ့လား ... လက်ထပ်ဖို့ကအရမ်းမြန်လွန်းမနေဘူးလား "
လုထန်က နားကြပ်တပ်လိုက်ပြီးနောက် လုချွမ်ရှန်းအားဆူပူလာ၏ ။
" မင်းစကားကိုကောင်းကောင်းကန်းကန်းပြောလို့မရဘူးလား "
တစ်ဖက်မှလုချွမ်ရှန်းတစ်ယောက် ချက်ချင်းအသံတိတ်သွားလေ၏ ။ ရှုရှုမှာ ဟိုကြည့်ဒိီကြည့်လုပ်ရင်းဖြင့်ပင် ကားမောင်းကာဖုန်းပြောနေသည့် လုထန်ထံအကြည့်ရောက်သွားလေ၏ ။ ဘေးဘက်မှမြင်ကွင်းအရ အမျိုးသား၏ မေးရိုးမှာတိကျပြတ်သားပြီး သူ၏ လည်စေ့မှာလည်း တစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိနေလေသည် ။
လုချွမ်ရှန်းက လုထန်ကိုအော်ငေါက်ရန်သတ္တိမရှိသောကြောင့် စိတ်လျှော့ကာ မဲ့ရွဲ့ပြောလာ၏ ။
" ဘယ်တော့အိမ်မှာညစာစားကြမှာလဲ ကျွန်တော်လဲလာမလို့ "
" မားတို့ကို မပြောပြရသေးဘူး "
" ကျစ်...ဘာတွေစိုးရိမ်နေတာလဲ ကောကိုမိန်းမယူဖို့ သူတို့ပဲအတင်းတိုက်တွန်းနေကြတာမဟုတ်လား "
…
ဖုန်းချပြီးနောက် လုထန်က ရှုရှုကို အကဲခတ်ရင်းမျှော်လင့်တကြီးမေးလိုက်၏ ။
" ဒီညကိုယ့်မိဘတွေနဲ့လိုက်တွေ့မလား "
" ရတယ်လေ "
လုထန်မှာ စိတ်အခြေအနေအလွန့်အလွန်ကောင်းမွန်နေပုံရကာ ခပ်ပြုံးပြုံးဖြင့် ' ကျွန်တော်အရမ်းပျော်နေတယ် ' ဟု လည်ပင်း၌ စာမချိတ်ထားရုံတမယ်ပင် ။ ပြုံးရယ်ကာ ရှုရှုအားစနောက်လာ၏ ။
" မစ္စရှုကနေ မကြာခင်မှာ မစ္စလုဖြစ်တော့မှာနော် "
ရှုရှုကဒိန်ချဥ်သောက်နေရင်းဖြင့် လုထန်အားမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးနောက်
" ရှင်မနေ့ညကတည်းက ဂနာမငြိမ်ဖြစ်နေတာကိုယ့်ကိုယ်ကိုသတိထားမိရဲ့လား ... သူများတွေမြင်ရင်ရူးနေတယ်ထင်နေပါဦးမယ် "
လုထန် : "…"
—
ကားထဲ၌ တိတ်ဆိတ်သွားရပြီး လုထန်မှာ မလုံမလဲခံစားလာရ၏ ။ ရှုရှုက ဂရုမထားဟန်ဖြင့် ဟမ်ဘာဂါဆက်စားနေသော်လည်း အရည်အသွေးနိမ့်ကျောက်စိမ်းပန်းအိုးကိုလိမ်ရောင်းခဲ့မိသည့်လုထန်မှာမူ ဖုံးကွယ်ထားရသည်ကို၀န်လေးနေသည် ။
အချိန်အနည်းငယ်ကြာ ချီတုံချတုံဖြစ်နေပြီးနောက် အမှန်အတိုင်းဖွင့်ပြောပြရန်ဆုံးဖြတ်လိုက်၏ ။
" လုချွမ်ရှန်းက မင်းကိုအကုန်ပြောပြခဲ့တာလား "
ရှုရှုကခေါင်းခါ၍
" ကျွန်မတို့ပထမဆုံးအကြိမ်စတွေ့ကတည်းက ရှင်သူ့ကိုပြောခဲ့တဲ့စကားတွေအကုန်ကြားခဲ့ပြီးသား "
လုထန် : "…"
" ကိုယ်တောင်းပန်ပါတယ် ... တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး မင်းတကယ်၀ယ်သွားမယ်လို့ကိုယ်မထင်လို့ပါ..."
ရှုရှုက လုထန်အားမျက်ခုံးပင့်၍ကြည့်ရင်းဖြင့်
" ရှင်ဒေါသထွက်နေတာလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်နေတာလား "
လုထန်က သူမစိတ်ပျက်သွားမည်ကိုအလွန်စိုးရိမ်သွားသည် ။ လမ်းဘေးတွင်ကားရပ်လိုက်ပြီးနောက် စတီယာရင်ကိုလက်ဆစ်များဖြူဖျော့သည်အထိကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ အားငယ်နေသည့်လေသံဖြင့်ပြောလာ၏ ။
" ကိုယ်နဲ့လက်ထပ်ဖို့နောင်တရနေပြီလား "
နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ မျက်နှာအသွင်အပြင်မှာလည်း ၀မ်းနည်းနေပုံပေါက်နေလေသည် ။
" တကယ်လို့ ကျွန်မငြင်းလိုက်မယ်ဆိုရင် ရှင် ကျွန်မကိုရိုက်ပြီးကားပေါ်ကပစ်ချထားခဲ့မှာလား "
လုထန်က သူမအားစိုက်ကြည့်လာပြီး သူ၏ လည်ဇလုတ်မှာလည်းအထက်အောက်နှစ်ကြိမ်လှုပ်ရှားသွားလေသည် ။
" ကိုယ်ကဘာလို့မင်းကိုရိုက်ရမှာလဲကွာ "
လုထန်က လက်ဆန့်ကာသူမ၏ ပျော့ပျော့ပြောင်းပြောင်းဆံနွယ်များကိုပွတ်သပ်၍
" မင်းကို အိမ်ပြန်လိုက်ပို့ပေးမှာ "
လက်ထပ်မှတ်ပုံတင်ရုံးသို့ရောက်ရန်ဆယ့်သုံးမိနစ်ကျော်ဆက်လက်မောင်းနှင်ရန်လိုအပ်သေးသည် ။ ဤတိုတောင်းသောဆယ့်သုံးမိနစ်စာမှာလုထန်အတွက်မူ လွန်စွာမှကြာရှည်လှ၏ ။
သူမအားဖုံးကွယ်ထားခဲ့မိသည့်အကြောင်းများကြောင့် လုထန်အပြစ်ရှိသလိုခံစားနေရသည့်အချိန်များ၌ ရှုရှုကဘေးမှစောင့်ကြည့်ကာ လုထန်အားအကဲခတ်နေခဲ့သည် ။ မိမိကိုယ်ကိုအတော်ဆုံးဟုသတ်မှတ်ထားသည့်လုထန်ကဲ့သို့သောသူမျိုးကိုပင် ချုပ်ကိုင်နိုင်သည့် ရှုရှု၏ စွမ်းရည်မှာပေါ့သေးသေးမဟုတ်ချေ ။
ရှုရှု ဘလိုင်းဒိတ်များစွာတွေ့ခဲ့ဖူးသည့်အကြောင်းကိုပြန်တွေးမိကာ လုထန်တစ်ယောက် ချဥ်စုပ်စုပ်ခံစားနေလေ၏ ။
" လုထန် "
ရှုရှုက ရုတ်တရက်ကြီးသူ၏ အမည်ကိုခေါ်လာသော်လည်း လုထန်မှာ ရှလကာရည်နင်နေဆဲဖြစ်သဖြင့် စိတ်မပါလက်မပါဖြင့်သာပြန်ထူးလိုက်လေ၏ ။ သို့သော်လည်းထိုအခိုက်မှာပင် ရှုရှုကခေါင်းစောင်းကာ သူ၏ နှုတ်ခမ်းကိုနမ်းရှိုက်လာလေသည် ။
လုထန်မှာ အသက်ရှုရပ်မတတ်ဖြစ်သွားရပြီး အဆက်မပြတ်ခုန်ပေါက်နေသည့်ရင်ခုန်သံများကိုလည်းမထိန်းချုပ်ထားနိုင်တော့ပေ ။
သူမအားခုံပေါ်သို့ပြန်ဖိချလိုက်ပြီး အပေါ်စီးမှနေကာ သူမ၏ ခါးနှင့်လည်တိုင်တစ်၀ိုက်ကိုလက်တစ်ဖက်စီမှဆုပ်ကိုင်ထားရင်း အသည်းအသန်ပြန်လည်နမ်းရှိုက်နေမိသည် ။ ရှုရှုဘက်မှစတင်ခဲ့သည့်နူးနူးညံ့ညံ့အနမ်းတစ်ပွင့်မှာ လုထန်ဘက်မှပြန်လည်တုံ့ပြန်သောအခါ၌ အင်အားကြီးမုန်တိုင်းတစ်လုံးသဖွယ်ဖြစ်သွားရ၏ ။
သူမ၏နှုတ်ခမ်းအားလွှတ်ပေးလိုက်သည့်တိုင် လုထန်မှာ တစ်ကိုယ်လုံးလျှပ်စီးကြောင်းလေးများဖြတ်စီးနေသလိုခံစားရပြီး သူ၏ အာရုံထဲ၌ရှိသည်မှာသူမ၏ နူးညံ့ချိုမြိန်သောနှုတ်ခမ်းပါးလေးသာပင် ။
လုထန်က သူမ၏ နဖူးကိုအကြိမ်အနည်းငယ်ထပ်မံနမ်းရှိုက်ပြီးစကားပြောလာသောအခါ၌ သူ၏အသံမှာအက်ရှနေလေသည် ။
" အကုန်လုံးလဲစီစဥ်ပြီးနေပြီ မင်းနောင်တရနေပြီဆိုလဲ ကိုယ်လက်လွှတ်ပေးမှာမဟုတ်ဘူး "
—
ဓာတ်ပုံရိုက်သည်မှစ၍ လက်မှတ်ထိုးခြင်းအဆုံး လက်ထပ်မှတ်ပုံတင်ပြုလုပ်ခြင်းကိစ္စရပ်မှာလွန်စွာမှလျှင်မြန်လှသည် ။ စာအုပ်နီနီလေးနှစ်အုပ်လက်ထဲရောက်သည့်တိုင် ရှုရှုမှာ အူလည်လည်ဖြစ်နေဆဲပင် ။
ယခုမူ သူမသည်အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်သွားပြီဖြစ်သည် ။ လုထန်သည်လည်း ပြုံးဖြီးဖြီးဖြင့် အိတ်ကပ်ထဲမှ ကတ္တီဗာဘူးလေးကိုထုတ်၍ ဒူးထောက်ကာ တလတ်လတ်တောက်ပနေသောစိန်လက်စွပ်တစ်ကွင်းကိုပြသလာ၏ ။
လက်ထပ်မှတ်ပုံတင်လာရောက်လုပ်ကြသောစုံတွဲများထံမှ အားပေးသည့်အသံများထွက်ပေါ်လာပြီး လုထန်မှာ လက်စွပ်ကိုရှုရှု၏ လက်တွင်စွပ်ပေးရင်းအားရပါးရရယ်မောနေလေသည် ။
" မစ္စလု လက်ထပ်ခွင့်တောင်းခံရတာတောင်အရမ်းတည်ငြိမ်တာပဲနော် "
ရှုရှုက သိမ်မွေ့သောအပြုံးလေးတစ်ပွင့်ဖြင့် လုထန်၏ နဖူးကိုနမ်းကာ ပြုံးပြလိုက်သည် ။ တည်ငြိမ်ချင်ယောင်ဆောင်နေပါသော်ငြားလည်း သူမ၏ရင်ထဲတွင်မူ မီးပန်းပွဲတော်ကြီးတစ်ခုကျင်းပနေသကဲ့သို့ ၀ုန်းဒိုင်းကြဲနေတော့၏ ။ ဤအခိုက်အတန့်လေးမှာ နှစ်ဆယ့်ငါးနှစ်တာကာလအတွင်း သူမစိတ်လှုပ်ရှားရဆုံးအခိုက်အတန့်ပါပင် ။
🐳