အပိုင်း ၁၀
Viewers 7k

#honest
Chapter ( 10 )

အခန်း ( ၁၀ ) : ချွေးမလေး

လုထန်ဖုန်းခေါ်သည့်အချိန်တွင် မစ္စလီကဟင်းချက်နေချိန်ဖြစ်သောကြောင့် လက်တစ်ဖက်ကဖုန်းကိုင်၍ တစ်ဖက်ကဟင်းအိုးကိုစောင့်ကြည့်နေရ၏ ။

" သားလေး ဘယ်အချိန်ပြန်လာမှာလဲ မားသားအတွက်ငါးဟင်းချက်ထားပေးရမလား "

လုထန်မှာ တိမ်တိုက်များပေါ်တွင်လမ်းလျှောက်နေရသကဲ့သို့ခံစားနေရလေသည် ။ 

" အင်း ... ပြီးတော့ ချွေးမလေးကိုညစာစားဖို့အိမ်ခေါ်လာမလို့ ဟင်းများများပိုချက်ထားပါဦး "

မစ္စလီ၏ အပြုံးမှာတောင့်ခဲသွားရ၏ ။ 

" ဒီညလား ...အရမ်းကြီးမြန်လွန်းမနေဘူးလား "

" အခုလေးတင်ပဲလက်ထပ်မှတ်ပုံတင်လုပ်လာတာလေ သေချာပေါက်ဒီညအိမ်ခေါ်ပြရမှာပေါ့ "

မစ္စလီ၏ လက်ထဲမှယောင်းမကကြမ်းပြင်ပေါ်သို့ ကျယ်လောင်သည့်အသံဖြင့်ပြုတ်ကျသွားသဖြင့် ပါးပါးလုမှာဧည့်ခန်းထဲမှစိတ်ပူစွာဖြင့်အပြေးလာကြည့်လေသည် ။

" ဘာဖြစ်လို့လဲ ...အပူလောင်သွားသေးလား ...ဟင်းချက်နေရင်းတန်းလန်းနဲ့ ဘာလို့ဖုန်းပြောနေတာလဲ "

မစ္စလီက တံတွေးမြိုချပြီးနောက်တစ်လုံးချင်းပြောပြလာသည် ။ 

" ရှင့်သားက လက်ထပ်မှတ်ပုံတင်လုပ်ပြီးသွားပြီတဲ့ "

အစောကလေးတင်မှကောက်ယူထားသည့်ယောင်းမသည် ပါးပါးလု၏ လက်ထဲမှနောက်တစ်ဖန်ကြမ်းပြင်ပေါ်သို့ထပ်ပြုတ်ကျသွားလေ၏ ။ 

လုထန်တစ်ယောက် သူ့ထက်အသက်များစွာပိုကြီးသည့်အမျိုးသမီးတစ်ဦးနှင့်ရုတ်တရက်လက်ထပ်လိုက်သည်ကို ပါးပါးလုတစ်ယောက်အမှန်ပင်မကျေနပ်ပေ ။ 

 သို့သော်လည်း လက်ထပ်မှတ်ပုံတင်ပြုလုပ်ပြီးသွားပြီဖြစ်သဖြင့် မည်မျှပင်ကန့်ကွက်သည်ဖြစ်စေ နောက်ဆုတ်၍မရတော့ပေ ။ ထို့ကြောင့် ရောက်ရှိလာမည့်ချွေးမကိုသာစည်းကမ်းတင်းကြပ်ပြရန်ဆုံးဖြတ်လိုက်လေသည် ။ 


လင်မယားနှစ်ယောက်မှာ ဧည့်ခန်းအတွင်းခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း လုထန်ခေါ်လာမည့်အသက်ကြီးကြီးချွေးမလေးအားစောင့်မျှော်နေကြရရှာလေသည် ။ အချိန်တဖြည်းဖြည်းကြာလာသည်နှင့်အမျှ မစ္စလိီမှာပို၍ စိတ်လှုပ်ရှားနေလေ၏ ။ 

" ကလေးတွေရှေ့မှာပေါက်ကရတွေပြောဖို့မစဥ်းစားနဲ့နော် ... အခုခေတ်မှာအသက်အရွယ်ကွာတာကဘာမှမဟုတ်တော့ဘူး ... ရှင့်သားကိုဒီနေ့လက်ထပ်ပြီးမနက်ဖြန်ကွာရှင်းရတော့အောင်မလုပ်စမ်းနဲ့ ရှင့်ပါးစပ်ကိုသေသေချာချာပိတ်ထားစမ်း "

ပါးပါးလုက မျက်ဆံလှန်၍ 

" ကိုယ်အဲလောက်ထိလဲအပေါက်မဆိုးပါဘူးကွာ "

မစ္စလီက အသံကျယ်ကျယ်ဖြင့် 

" ရှင်ဘာလို့ဒီလောက်တောင်တည်တည်ငြိမ်ငြိမ်ဖြစ်နေရတာလဲ ... သားလေးသာကွာရှင်းခံလိုက်ရမယ်ဆိုရင် နောက်တစ်ခေါက်ထပ်ပြီးလက်ထပ်ချင်ပါတော့မလား .... ဟမ် ... မိသားစုမျိုးဆက်ပြတ်သွားစေချင်နေတာလား "

မစ္စလီအမှန်တကယ်ဒေါသထွက်နေပြီကိုသတိထားမိသွားသောကြောင့် ပါးပါးလုမှာခေါင်းငုံ့၍ သနားကမားလေးသံနှင့်ပြောလာ၏ ။ 

" ဒါပေမဲ့ လက်ထပ်လိုက်တာကအရမ်းအလျင်လိုလွန်းတယ်လေကွာ သူတို့အချင်းချင်းလနည်းနည်းလောက်ပိုပြီးအကဲခတ်ကြတာလဲမဟုတ်ဘဲနဲ့ "

မစ္စလီက ပါးပါးလု၏ ခေါင်းကိုတစ်ချက်ခေါက်၍ 

" နောက်ဆုံးတစ်ခေါက်လုထန် အိမ်မှာညစာလာပြန်စားတုန်းက သူ့စိတ်အခြေအနေသိပ်ကောင်းမနေဘူး ... အဲဒီအချိန်ကတည်းကစတွက်ရင် သူတို့တွဲနေတာသုံးလမကလောက်တော့ဘူး "

" ဒါဆိုရင် ကောင်စုတ်လေးအလောတကြီးလက်ထပ်လိုက်တာကသေချာပေါက် ကလေးရနေလို့ပဲဖြစ်ရမယ် ... မိန်းကလေးမွေးမယ်ဆိုရင် မြေးမလေးကိုသေချာပေါက်ဖူးဖူးမှူတ်ပြီးအလိုလိုက်ထားပစ်မှာ "

" ကျွန်မကတော့ ယောက်ျားလေးကပိုပြီးအဆင်ပြေမယ်လို့ထင်တာပဲ အစ်ကိုကြီးတစ်ယောက်ရှိမှ ညီမလေးကိုကာကွယ်ပေးလို့ရမှာပေါ့ "


ဤသို့ဖြင့် လူအိုလင်မယားနှစ်ယောက်မှာ မြေးသုံးယောက်၏ အမည်များကိုပင်စတင်ရွေးချယ်နေကြပြီဖြစ်သည် ။ ညနေစောင်းအချိန် ခြံ၀န်းထဲသို့ ကား၀င်လာသည့်အသံကိုကြားမှသာ စိတ်လှုပ်ရှားစွာဖြင့် ခါးမတ်မတ်ဆန့်လိုက်ကြ၏ ။ 

ကားတံခါးကိုပထမဆုံးဖွင့်၍ ဆင်းလာသူမှာ သူတို့မိသားစုမှလုထန်ဖြစ်ပြီး မျက်နှာအနေအထားနှင့် ခပ်ရေးရေးပြုံးနေပုံအရ စိတ်အခြေအနေအတော်လေးကောင်းနေပုံပင် ။ 

၀တ်စားထားသည့်ပုံစံမှာလည်း မော်ဒယ်တစ်ယောက်ကဲ့သို့ပုံစံဖြစ်နေသဖြင့် မစ္စလိီမှာ မျက်ဆံသာလှန်မိသွားရှာ၏ ။ 

ကောင်စုတ်လေး တက်ကြွတဲ့ကြက်ဖလိုကိုယ့်ကိုယ်ကိုပြင်ဆင်ခြယ်သနေတာ အခုမှပဲမြင်ဖူးတော့တယ် ...

ပါးပါးလုသည်လည်း မစ္စလိီကဲ့သို့ပင်တွေးမိသဖြင့် လုထန်အားထမရိုက်မိစေရနိ အမြန်အကြည့်လွှဲလိုက်ရ၏။ 

မိဘနှစ်ဦးထံမှလျှစ်လျှူရှုခြင်းခံလိုက်ရသည့်လုထန် : "..."

ထို့နောက် လင်မယားနှစ်ယောက်၏ အကြည့်များမှာ လုထန်နောက်တွင်ရပ်နေသည့် ရှုရှုထံသို့ကျရောက်သွား၏ ။ မိုးပြာရောက်ဂါ၀န်အစွန်းတွင် ကြာပန်းပုံချည်ထိုးထားသည့်ဂါ၀န်ကို၀တ်ဆင်ထားပြီး သူမ၏ မျက်နှာ အမူအယာမှာသိမ်မွေ့ကာအေးချမ်းလေသည် ။ မည်သည့်ဘက်ကကြည့်ကြည့်အသက်ကြီးကြီး အမျိုးသမီးဥက္ကဌတစ်ဦးနှင့်မတူညီသဖြင့် မစ္စလီအံ့သြနေရသည် ။ 

ပုံမှန်အားဖြင့် ရှုရှုမှာ အခြားသူများနှင့်အေးတိအေးစက်ပြောဆိုဆက်ဆံတတ်ပါသော်လည်း လူကြီးများရှေ့တွင်မူ ထိန်းထိန်းသိမ်းသိမ်းပြုမူ၏ ။ ချွေးမလေးနှင့်စတွေ့သည့်ညမှာပင် မစ္စလီမှာပျော်လွန်း၍ ပါးစပ်နားရွက်နက်ချိတ်မတတ်ပြုံးနေတော့သည် ။ 

ညစာစားပြီးနောက် ရှုရှုအိမ်ပြန်ရမည့်အချိန်သို့ရောက်သည့်တိုင် လက်ကလေးတစ်ကိုင်ကိုင်ဖြင့် ပြန်လွှတ်ရန်ဆန္ဒရှိပုံမရပေ ။ 

 " အစောကြီးပြန်တော့မလို့လား ...မားကသမီးဂရုစိုက်ရမဲ့အချက်ကလေးတွေကိုအများကြီးပြောပြချင်သေးတာ "

ပါးပါးလုနှင့်အတူအပေါ်ထပ်မှဆင်းလာသည့်လုထန်မှာ ထိုစကား၀ိုင်း၏ တစ်စွန်းတစ်ကိုကြားလိုက်ရ၍ တစ်ခုခုမှားနေပြီမှန်းတွေးမိသော်ငြားလည်း ဘာမှန်းစဥ်းစား၍မရချေ ။ ရှုရှုအားကြည့်လိုက်သောအခါ သူမလည်းပြုံးနေ၍ ဘာမှပြဿနာမရှိဟုသာတွေးလိုက်၏။

လုထန်က ပါးပါးလုဘက်သို့လှည့်၍ပြုံးရင်းဖြင့်စနောက်လိုက်သည် ။ 

" ပါး ... ပါးရဲ့မိန်းမကိုနည်းနည်းလောက်ထိန်းပါဦးဗျာ"

မစ္စလီ : "…"

နောက်ဆုံး၌ လုထန်နှင့်ရှုရှုမှာ အကြောင်းပြချက်များစွာပေး၍ ထိုအိမ်မှထွက်ပြေးကြရလေသည် ။ 


အိမ်ပြန်သည့်လမ်းတွင် လုထန်ကအူမြူးစွာဖြင့်လက်ထပ်ပွဲကျင်းပမည့်ပုံစံနှင့်အစီအစဥ်များကိုစိတ်ကူးယဥ်တွေးတောနေလေသည် ။ ဖြစ်နိုင်မည်ဆိုလျှင် ယခုချက်ချင်းပင်လက်ထပ်ပွဲကိုထစီစဥ်ချင်စိတ်ပင်ပေါက်နေလေ၏ ။ လမ်းတစ်၀က်သို့ရောက်သောအခါမှသာ ရှုရှုအလွန်ငြိမ်နေကြောင်းသတိထားမိသွား၍ မီးနီမိနေသည်ကိုအခွင့်ကောင်းယူကာ သူမ၏ နဖူးကိုလက်ဖြင့်စမ်း၍ မေးလိုက်သည် ။ 

" ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

ရှုရှုက ခေါင်းခါပြ၍ 

" ကျွန်မတောင်းပန်ပါတယ် "

လုထန် : "?"

" ကျွန်မရှင့်ကိုအရင်တုန်းက အထင်လွဲနေခဲ့ဖူးတယ် " 

ရှုရှုက လုထန်အား စိုက်ကြည့်၍ 

" အခုတော့ ကျွန်မအထင်လွဲနေခဲ့တာတွေကအမှန်ဖြစ်နေတဲ့ပုံပဲ ... ရှင့်မှာတကယ်ကိုရည်းစားဟောင်းရှိတယ်"

လုထန် : "??"

" ရှင့်အမေကိုရှင်လမ်းခွဲခဲ့တဲ့အကြောင်းမပြောရသေးဘူးလား ... သူကကျွန်မကိုအဲ့မိန်းကလေးနဲ့လူမှားနေတယ် "

" ဟမ် …"

" ရှင့်အမေက ကျွန်မကိုကုမ္ပဏီအလုပ်လုပ်ရတာပင်ပန်းလား ... ကလေးလွယ်ထားရတာခက်ခဲလို့မေးနေတာကိုမအံ့သြတော့ပါဘူး "

" ကိုယ်ရှင်းပြတာကိုနားထောင်ပါဦး …"

" ကုမ္ပဏီကြီးတစ်ခုက အမျိုးသမီးဥက္ကဌ "

"…"

" ကိုယ်၀န်လည်းရှိနေသေးတယ် "

ရှုရှု : " ကျွန်မ မပျော်ဘူး ... ဒါကြောင့်မို့ ဒီညတော့အခန်းခွဲအိပ်ကြရအောင် "

လုထန် : "…"


🐳