အပိုင်း ၁၂
Viewers 7k

#honest
Chapter ( 12 )


အခန်း ( ၁၂ ) : သဘောထားကွဲလွဲခြင်း 


သူမ၏ အသက်သုံးဆယ်အတွင်း၌ ပထမဆုံးအကြိမ်ယောက်ျားတစ်ယောက်နှင့်အတူတူနေထိုင်ဖြတ်သန်းခြင်းဖြစ်သဖြင့် ရှုရှုမှာမဆိုးလှဟုလည်းတွေးမိသွားသည် ။ အိပ်ရာ၀င်သည်နှင့်လုထန်ကသူမအားပွေ့ဖက်ပေးထားပြီး မနက်မိုးလင်းလျှင်လည်းသူမအတွက်မနက်စာပြင်ပေးထားလေ့ရှိသဖြင့် သာယာသောအိမ်ထောင်ရေးသုခကို ရှုရှုတစ်ယောက်အပြည့်အ၀ခံစားနေတော့၏ ။ 

ရှုရှုက စတူဒီယိုမှခွင့်တစ်ပတ်ကျော်ယူကာ လုထန်နှင့်အတူတူအေးအေးဆေးဆေးအချိန်ဖြုန်းနေပြီး လုထန်လည်းရှိသမျှအလုပ်အားလုံးကိုပစ်ချကာ ဇနီးလေးနှင့်အတူအိမ်ထောင်သည်ဘ၀ကိုပျော်ပျော်ကြီးဖြတ်သန်းနေလေသည် ။ 

နှစ်ယောက်စလုံးပန်းကန်ဆေးရသည်ကိုမကြိုက်သောကြောင့် လုထန်၏ တိုက်ခန်းအတွင်းထားရန်အတွက် ပန်းကန်ဆေးစက်တစ်လုံးကိုအမြန်ချောပို့ဖြင့်မှာယူလိုက်သည် ။ မနက်ခင်းတွင်မှာယူခဲ့ပြီး ညနေဘက်တွင်းရောက်ရှိလာသဖြင့် ပန်းကန်ဆေးစက်ကိုနေရာချပြီးနောက် ရှုရှုကသက်ပြင်းချကာဖြင့် 

" ဒီလိုမှန်းသိရင်အစောကြီးကတည်းက၀ယ်ခဲ့ပါတယ်"

လုထန်က သူမ၏ခါးသက်သက်ဖြစ်နေသည့်မျက်နှာအမူအယာကိုကြည့်ရင်းပြုံး၍

" မင်းအိမ်မှာ ထမင်းရောချက်စားဖြစ်ရဲ့လား "

ရှုရှုကခေါင်းခါပြကာ

" မစားဖြစ်ဘူးလေ ဒါပေမဲ့ ကျွန်မရဲ့အိမ်က ရှင့်အိမ်လောက်ရှုပ်ပွမနေဘူးနော် "

ထိုသို့ပြောပြီးနောက် ရှုရှုမှာ အနည်းငယ်ရှက်သလိုခံစားသွားရ၏ ။ 

" ရှင်က ကျွန်မကိုအပျင်းထူတဲ့မိန်းမလို့တွေးနေတာလား "

လုထန်က မီးဖိုချောင်ထဲမှတူတစ်ချောင်းကိုယူကာ၀ါးစများကိုပွတ်သပ်ရင်း 

" ကိုယ်ဟင်းချက်တတ်နေရင်ရပြီလေ ... မင်းမလုပ်နိုင်တာတွေဆိုကိုယ်လုပ်ပါ့မယ် "

ရှုရှုက လုထန်၏စကားကိုလက်မထောင်ပြကာသဘောတူလိုက်သည် ။ အမှန်ပင် လုထန်သာစိတ်ရှိမည်ဆိုပါက စားဖိုမှူးလက်မှတ်ကိုပင် သာသာယာယာယူနိုင်၏ ။ ရှုရှုက စားပွဲပေါ်တွင်တင်ထားသည့် အေပရွန်ကို လုထန်အား၀တ်ပေးကာ သဘောတကျရယ်မောလေတော့သည် ။ 

လုထန်က သူမထက်အရပ်တော်တော်ရှည်သောကြောင့် အေပရွန်၀တ်ရန်ခေါင်းငုံ့ပေးပါသော်လည်း ရှုရှုကခြေဖျားထောက်ထားရဆဲပင် ။ ကြိုးချည်ပေးနေပုံမှာ ရှုရှုကသူ့အားခြေဖျားထောက်၍ ဖက်ထားသည့်ပုံပေါက်နေ၏ ။  

ဇနီးလေးက ညင်ညင်သာသာပွေ့ဖက်ထားတဲ့အချိန်မှာ စိတ်ရိုင်းတွေကိုထိန်းချုပ်ဖို့အရမ်းခက်တယ် ...

လုထန်၏ လည်စေ့မှာ အကြိမ်ရေအနည်းငယ်မျှလှုပ်ရှားသွားပြီးနောက် သူမ၏ခါးကိုဆွဲ၍ သူနှင့်နီးကပ်စေလိုက်သည် ။ ရှုရှုမှာ လုထန်၏ ရင်ဘတ်နှင့်ဖိကပ်ခံနေရပြီး သူမခေါင်းမော့ကြည့်လိုက်သောအခါ သူ၏နက်မှောင်နေသောမျက်၀န်းတစ်စုံနှင့်အကြည့်ချင်းဆုံသွား၏ ။ 

အချိန်အတော်ကြာအတူနေထိုင်ခဲ့ကြသည်ဖြစ်၍ ရှုရှုမှာ လုထန်၏ မျက်၀န်းများကိုကြည့်၍ စိတ်အခြေအနေကိုအတိအကျသိနေပြီဖြစ်သည် ။ မှင်တစ်စက်ကဲ့သို့နက်မှောင်နေသည့်မျက်၀န်းထဲ၌ လိုအင်ဆန္ဒမီးလျှံများတောက်လောင်နေလေ၏ ။ 

ရှုရှုက သူမငိုယို၍ရပ်တန့်ရန်တောင်းပန်ခဲ့ရသည်ကိုပြန်သတိရမိသွားပြီး နောက်ဆုတ်လိုက်သည် ။ လုထန်ကသူမကိုလွှတ်မပေးဘဲ ကပ်လိုက်သောကြောင့်နှစ်ဦးသား၏အသားချင်းထိကပ်နေလေသည် ။ လုထန်သူမအားငုံ့နမ်းတော့မည့်အချိန်မှာပင် တံခါးဘဲလ်သံမြည်လာသောကြောင့် ရှုရှုကအခွင့်ကောင်းယူ၍ လုထန်ကိုတွန်းကာရုန်းထွက်လိုက်သည် ။ 

 " ကျွန်မပစ္စည်းတွေအများကြီးထပ်မှာထားသေးတယ်"

လုထန်၀တ်ဆင်ထားသည့်အေပရွန်လေးမှာကြိုးပြေ၍အောက်သို့လျှောကျသွားရှာသည် ။ 

လုထန် : "…"

ရှုရှုက ပြေးသွားပြီးတံခါး၀သို့ရောက်သောအခါမှသာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်၏ ။ နေ့ခင်းကြောင်တောင်အချိန်ကြီး၌ လုထန်အားငို၍ ရပ်တန့်ပေးရန်မတောင်းပန်ချင်ပေ ။ 

ပန်းကန်ဆေးစက်အားတပ်ဆင်ပေးရန်လာရောက်သည့်၀န်ထမ်းမှာ အလုပ်လုပ်ရာတွင်မြန်ဆန်သောကြောင့်မိနစ်နှစ်ဆယ်အတွင်း၌ တပ်ဆင်ပြီးသွားလေသည် ။ ရှုရှုက သူမမှားယွင်းတပ်ဆင်မိခဲ့သည့်နေရာများကိုစေ့စေ့စပ်စပ်ကြည့်ရှု၍ ခေါင်းတငြိမ့်ငြိမ့်ဖြင့်အလွန်သဘောကျနေ၏ ။

" တကယ်မိုက်တယ် ... ဒီလိုမှန်းသိရင်အရင်ကတည်းကတစ်လုံးလောက်၀ယ်ထားပါတယ် "

လုထန်က နံရံကိုမှီ၍ရပ်နေကာ ' အင်း ' ဟုပြောပြီးနောက် နာရီကိုတစ်ချက်ကြည့်ကာ ရှုရှုအားမျှော်လင့်တကြီးဖြင့်မေးလာ၏ ။ 

" တစ်ရေးလောက်အတူတူအိပ်ကြမလား "

ရှုရှုက အေးဆေးသာယာသည့်အိမ်ထောင်ရှင်မတစ်ယောက်ကဲ့သို့မနက်စာအဖြစ်ပုံမှန်နွားနို့သောက်လေ့ရှိပြီး နေ့လည်ခင်း၌လည်းတစ်ရေးတစ်မောအိပ်လေ့ရှိသည် ။ 

ရှုရှုကခေါင်းခါ၍ 

" ကျွန်မမှာထားတဲ့သေတ္တာတွေကဒီနေ့ရောက်မှာ ဗီဒိုလည်းရှင်းရဦးမယ်... ရှင်အရင်အိပ်နှင့်လိုက်လေ "

လုထန်က မျက်လွှာချလိုက်သော်လည်း သူ၏ မျက်၀န်းများမှာမူ ယခင်ကထက်ပင်နက်မှောင်သွား၏။

ထိုနေ့ခင်းတွင် ရှုရှုမှာ ဗီဒိုထဲမှရောထွေးနေသည့်လူနှစ်ယောက်၏ အ၀တ်များကိုထုတ်၍ တစ်ထည်ချင်းခေါက်ကာဘယ်ညာခွဲ၍ ပြန်စီထားနေသည် ။ သူမမှာယူထားသည့်အတွင်းခံထည့်သည့်သေတ္တာလေးမှာ အရောင်နုသဖြင့် အတွင်းရှိအ၀တ်များကိုမှုန်၀ါး၀ါးဖောက်မြင်နေရလေ၏ ။ 

သူမက အတွင်းခံများကိုတစ်ထည်ချင်းစီလိပ်ခေါက်နေပြီးနောက် သပ်သပ်ရပ်ရပ်စီတန်းထားသည်မှာ ဆူရှီတန်းလေးကဲ့သို့ပင် ။ သူမ၏ အ၀တ်များကိုရှင်းလင်းပြီးနောက် ဗီဒိုတစ်ဖက်ရှိလုထန်၏ နက်မှောင်နေသောအမျိုးသား၀တ်၀တ်စုံများကိုကြည့်၍ နှုတ်ခမ်းသပ်ကာ ထိုအ၀တ်များကြားထဲသို့မျက်နှာနှစ်မြုပ်လိုက်ပြီး လုထန်၏ ကိုယ်သင်းရနံ့ကိုရှုရှိုက်လိုက်သည် ။ 

သူမစိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီးနောက်တွင် အမျိုးသား၏ ပျင်းရိပျင်းတွဲအသံကသူမနောက်မှထွက်ပေါ်လာ၏ ။ 

" ကိုယ့်ကိုအရမ်းလွမ်းနေတာလား "

ရှုရှုမှာ ဗီဒိုထဲသို့သာ၀င်ပုန်းချင်မိတော့သည် ။ သူမလှည့်ကြည့်လိုက်သည့်အချိန်တွင် လုထန်ကကုတင်ပေါ်တွင်တစောင်းလှဲ၍ သူမအားကြည့်နေကြောင်းတွေ့လိုက်ရ၏ ။ 

" ရှင်အိပ်နေတာမဟုတ်ဘူးလား "

လုထန်က အိပ်ရာခင်းကိုပုတ်၍ 

" ကိုယ်တစ်ယောက်တည်းအိပ်လို့မပျော်ဘူး "

လုထန်က ပြန့်ကျဲနေသည့်အ၀တ်များကိုကြည့်၍ 

" ဘာလို့ကိုယ့်အောက်ခံဘောင်းဘီတွေကိုထုတ်ထားတာလဲ "

ရှုရှုမှာရှက်လွန်း၍ မျက်နှာတစ်ခုလုံးနီရဲသွားရ၏ ။ 

" အ၀တ်တွေရှုပ်ပွနေလို့ရှင်းနေတာလေ "

လုထန်က ရှုရှု၏ အတွင်းခံများထည့်ထားသည့်ပုံးကိုလက်ညိုးထိုးပြ၍ 

" ကိုယ့်ဘောင်းဘီတွေကိုလဲ အဲ့လိုဆူရှီတန်းလေးလိုမျိုးစီပေး "

ရှုရှု : "…"

ရှုရှုက သူတောင်းဆိုသည့်အတိုင်းခေါက်ပေးရန်ပြင်လိုက်သည့်အချိန်တွင် လုထန်က အိပ်ရာပေါ်မှဆင်းလာကာ သူမကိုချီ၍အိပ်ရာပေါ်သို့ပစ်တင်လိုက်သည်။ 

" ထားလိုက်ပါတော့ ... နောက်မှပဲကိုယ့်ဘာသာလုပ်လိုက်မယ် ... အခုတော့ကိုယ်နဲ့အတူတူအိပ်ပေးပါကွာ ဟုတ်ပြီလား " 

လွန်ခဲ့သည့်ရက်များအတွင်းကြုံတွေ့ခဲ့ရသည့် နေ့လည်ခင်းတစ်ရေးအိပ်ချိန်များမှာ သူမအားဆက်တိုက်ခြောက်လှန့်နေသဖြင့် လုထန်၏ လက်ကိုဆွဲကာအသည်းအသန်ခေါင်းခါပြလာ၏ ။ 

" အ၀တ်လျှော်ရဦးမယ် "

လုထန်က မတုန်မလှုပ်တည်တည်ငြိမ်ငြိမ်ဖြင့် 

" ကိုယ်လျှော်ထားပြီးပြီ "

ရှုရှု : " ကျွန်မကလေ့ကျင့်ထားမလို့ပါ "

" မင်းကအိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီပဲ ဘာကိုများလေ့ကျင့်ချင်နေသေးတာလဲကွာ "

ရှုရှု : "…"

လုထန်ကိုလှည့်စားဖို့မလွယ်ကူဘူးပဲ ...

လုထန်က ခေါင်းငုံ့လိုက်ပြီးနောက် စိတ်ဓာတ်ကျနေသည့်အသံလေးဖြင့်ပြောလာ၏ ။

" ကိုယ်လုံလောက်အောင်မကျွမ်းကျင်လို့လား "

လုထန်ဘက်မှတောင်းဆိုသည့်အကြိမ်တိုင်းတွင် သူမကတုံ့ဆိုင်းနေခြင်းမဟုတ်လျှင်အသည်းအသန်ငြင်းဆန်နေတတ်သောကြောင့် လုထန်မှာ သူ၏ကျွမ်းကျင်မှုမလုံလောက်ဟုထင်မှတ်နေလေ၏ ။ 

သူ့အတွက်လည်းပထမဆုံးအကြိမ်ဖြစ်သောကြောင့် အမှားအယွင်းများရှိခဲ့နိုင်သော်လည်းနောက်တစ်ကြိမ်တွင်မူ အသေအချာသတိထားရန်အတွက်စဥ်းစားနေလေသည် ။ သူမဘက်မှအမြဲတမ်းငြင်းဆန်နေမည်ကိုမလိုလားချေ ။ 

အကြိမ်ပေါင်းများစွာငြင်းဆန်ခံနေရ သောကြောင့်လုထန် မှာသူမငြင်းဆန်နေရသည့်အကြောင်းအရင်းကိုအလွန်သိချင်လာလေသည် ။ 

" ဆိုးလို့လား ... တကယ်ကြီးမကောင်းလို့လားလို့ ..."

ရှုရှုမှာ နေ့လည်ခင်းတစ်ရေးအိပ်သည့်အကြောင်းမှနေ၍ လိင်ဆက်ဆံသည့်နည်းလမ်းများကိုဆွေးနွေးခြင်းသို့မည်ကဲ့သို့ရောက်လို့လာမှန်းမသိတော့ချေ ။ ထို့ကြောင့် လုထန်အားတွန်း၍ ဆင်းပြေးရန်ကြိုးစားပါသော်လည်း အမျိုးသားမှာသူမထက်များစွာသန်မာသဖြင့်အချည်းအနှီးဖြစ်သွား၏ ။ 

ရှုရှုကဖြေမည့်ပုံမရသဖြင့် လုထန်ကမေးရန်မတွေးတော့ဘဲ လက်တွေ့ပြရန်အတွက် သူမ၏ အင်္ကျီအောက်သို့လက်လျှို၀င်သွားကာအ၀တ်အစားများကိုစတင်ချွတ်တော့သည် ။ 

သူမက ကုတင်ပေါ်မှလှိမ့်ချဆင်းပြေးပြီးနောက် ရေချိုးခန်းထဲသို့သွား၍မျက်နှာသစ်လိုက်လေသည် ။ လုထန်ကမူ ကုတင်ပေါ်တွင်အေးအေးဆေးဆေးသာလှဲ၍ သူမအားကြည့်နေ၏ ။ 

သူမ၏အပြုအမူများမှာအနည်းငယ်တုံ့ပြန်မှုလွန်ကဲသွားကြောင်းသိ၏ ။ ယောကျ်ားများမှာ အစပြုလာပြီဆိုလျှင် လိုအင်ဆန္ဒများကိုထိန်းချုပ်ရန်ခက်ခဲသည် ။ လုထန်တောင်းဆိုသည့်အချိန်တိုင်းသူမထွက်ပြေးနေ၍မဖြစ်ပါချေ ။ 

အပြင်သို့ပြန်ထွက်လာကာ အ၀တ်အစားများလှဲလှယ်ပြီးနောက် လုထန်အားခပ်ဖွဖွတစ်ချက်အနမ်းပေး၍ 

" တောင်းပန်ပါတယ် ... ယွမ်ယွမ်နဲ့မတွေ့ရတာအရမ်းကြာနေပြီမို့ပါ ခဏလေးပဲသွားတွေ့ပြီးပြန်လာမှာပါ ဟုတ်ပြီလား ... ကျွန်မကတိပေးပါတယ် "

လုထန်၏ မျက်နှာထားမှာမှုန်ကုပ်နေသည့်အပြင် မကျေမနပ်ဖြင့်မေးခွန်းထုတ်လာသေး၏ ။ 

" မင်းပြန်လာရင်တစ်ကယ်လုပ်ရမှာလား "

လုထန်ကခဏမျှစဥ်းစားနေပြီးနောက် လက်သုံးချောင်းထောင်ပြ၍

" သုံးခါလုပ်မယ် "

ရှုရှု ကဘေးမှခေါင်းအုံးကိုယူ၍ လုထန်အားအားရပါးရရိုက်နှက်ပြီးမှထွက်သွားလေတော့သည် ။ လုထန်မှာမူ မျက်နှာကျက်ကိုသာကြောင်စီစီဖြင့်မော့ကြည့်နေပြီး အချိန်အတော်ကြာသောအခါမှသာ ဖုန်းထုတ်၍ ဘိုင်ဒူ၌စတင်ရှာဖွေလေ၏ ။ 

 အမျိုးသားတစ်ယောက်ရဲ့အိပ်ရာပေါ်ကစွမ်းဆောင်ရည်ကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲ ...

လင့်ပေါင်းစုံတွင်ကျန်းမာရေးဗဟုသုတအများအပြားသာမက လိုအပ်သည့်နည်းလမ်းများကိုပါမျှဝေထားကြသေး၏ ။ ထိုထဲမှအတွေ့ရများဆုံးသောအကြံပေးချက်မှာ ' မင်းရဲ့ပါတနာကိုစိတ်ချမ်းသာအောင်ထားပြီး များများလေ့ကျင့်ပါ ' ပင်ဖြစ်သည် ။

လုထန် : "…"

လုထန် အသေအချာတွေးတောနေသည့်အချိန်မှာပင် တံခါးဘဲလ်သဲမြည်လာလေ၏ ။ ရှုရှုကဤရက်ပိုင်းအတွင်းအိမ်သုံးပစ္စည်းအများအပြားမှာယူထားသောကြောင့် ပစ္စည်းပို့သမားဟုထင်၍ တံခါးသွားဖွင့်လေသည် ။ တံခါးဖွင့်လျှင်ဖွင့်ချင်းမှာပင် အမျိုးသမီးတစ်ဦး၏ ကြိမ်းမောင်းသည့်အသံအကျယ်ကြီးကအရင်ထွက်ပေါ်လာ၏ ။ 

" နင်ငါ့ဆီကနေဘယ်လောက်ကြာအောင်ပုန်းနေမလို့လဲ "



🐳