Chapter 287
ဝမ်လေး၏ကိစ္စက ပြီးဆုံးသွားခဲ့ပြီး စိတ်ကျေနပ်ဖွယ်အဖြေတစ်ခု ရလာခဲ့သည်။ ရဲသားများကလည်း စိတ်သက်သာရာရသွားခဲ့သည်။ အဆုံးတွင် ဤသည်က မိသားစုတစ်စု၏ ကလေးပျောက်သောအမှုပင်ဖြစ်၍ ဆိုးဆိုးရွားရွားအဆုံးသတ်ကို မလိုချင်ကြပေ။
ဝမ်လေးပြန်ရောက်လာသော်လည်း ဖေဖေယွမ်နှင့် မေမေယွမ်တို့မှာ စိတ်သက်သာရာမရသေးပေ။ သူတို့ကိုယ်သူတို့ အပြစ်တင်နေကြဆဲသာဖြစ်သည်။ တစ်ညအတွင်း ချက်ချင်းအသက်များပင် ပိုကြီးသွားသယောင်ဖြစ်လာခဲ့သည်။
ကံကောင်းလို့ ဝမ်လေးကိုပြန်တွေ့ခဲ့တာ... အကယ်၍ မတွေ့ခဲ့ရင်ရော...
ထိုကဲ့သို့ဖြစ်ရပ်များက သတင်းတွင် မကြာခဏပေါ်လာနေကြဖြစ်သည်။ ကလေးတစ်ယောက်ပျောက်သွားခဲ့ပြီး ကလေး၏အဘွားမှာ သူမကိုယ်သူမအပြစ်တွေတင်ပြီး မြစ်ထဲခုန်ချသွားခဲ့သည်။
ထိုသတင်းကိုပြန်တွေးကြည့်ပြီး မေမေယွမ်မှာ အကယ်၍ဝမ်လေးသာ ထာဝရပျောက်ဆုံးသွားခဲ့ပါက ခံစားနိုင်မည်မဟုတ်ဟု တွေးမိလိုက်သည်။
ယွမ်ရှကသာ ဝမ်လေးနှင့်စုန့်ထင်ရှန်းတို့၏ ရှင်းပြချက်ကို သံသယဝင်နေ သူဖြစ်သည်။
"ရှင့်ရဲ့ ဘယ်သူငယ်ချင်းက ဘာမှမပြောမဆိုနဲ့ ကလေးကိုခေါ်သွားရအောင်အထိ မယုံရတာလဲ... ကျွန်မတို့စိုးရိမ်နေမယ်လို့ သူမသိဘူးလား... ပြောစမ်းပါ ဘယ်သူငယ်ချင်းလဲပြောပြ ကျွန်မဒေါသတွေလျော့အောင် သူ့ကိုဖုန်းခေါ်ပြီးဆူချင်လို့... သူက ကျွန်မတို့ကြောက်သွားအောင် တမင်လုပ်တာပဲနေမှာ..."
စုန့်ထင်ရှန်းက သူတို့၏စကားသက်သက်ဖြင့် ယွမ်ရှကိုမလိမ်နိုင်ကြောင်း သိပေသည်။ သူ့အမူအယာကိုပင် တစ်ချက်မပြောင်းပဲ လိမ်ချလိုက်သည်။
"သူကိုယ့်ကိုဖုန်းခေါ်ပါတယ်... ဒါပေမဲ့ ကိုယ်မကိုင်မိတာ... ထားလိုက်ပါ... အနာဂတ်မှာ ကိုယ်သူနဲ့ စကားမပြောတော့ပါဘူး..."
ယွမ်ရှက သေချာစဉ်းစားနေပြီး သူမ အမူအယာပြောင်းလဲသွားသည်။
"ရှင့်သူငယ်ချင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိလောက်တယ်... ကျွန်မကို အဲ့လိုလာမကြည့်နဲ့... ကလေးတစ်ယောက် သူ့မိဘတွေကိုအသိမပေးပဲ ခေါ်သွားတဲ့လူက လူကောင်းမဟုတ်ဘူး... ကျွန်မသားသာ တစ်ခုခုဖြစ်ခဲ့ရင် ရှင့်သူငယ်ချင်းကို ဘယ်တော့မှ အလွတ်မပေးဘူး..."
"ဟုတ်တယ်...ဟုတ်တယ်... ဟုတ်တယ်..."
စုန့်ထင်ရှန်းက ဆွံ့အနေရာမှ ပြန်ပြောလေသည်။
"ကိုယ်ဒီကိစ္စကိုဖြေရှင်းလိုက်ပါ့မယ်... စိတ်မပူနဲ့တော့နော်..."
ယွမ်ရှသူ့ကိုစိုက်ကြည့်လိုက်သည်။ စုန့်ထင်ရှန်းက ဤကိစ္စကိုပေါ့ပေါ့လေးတွေးနေသည်ဟု သူမခံစားနေရသည်။ ၎င်းက ကိစ္စကြီးတစ်ခုဖြစ်သော်လည်း သူက ဘာမှမဟုတ်သလို ဘေးပစ်ထားရန် ကြိုးစားနေသည်။
သူဘာတွေကြုံရကြုံရ ဘာလို့ဒီလောက်တောင် တည်ငြိမ်နေရတာလဲ...
"ကျွန်မက မစိုးရိမ်ပဲ ဘယ်နေနိုင်မှာလဲ... ဝမ်လေးက ငယ်ငယ်လေးရှိသေးတာ... ဘာအန္တရာယ်ကိုမှ ကြုံဖူးတာမဟုတ်ဘူး... စုန့်ထင်ရှန်း ရှင်သတင်းတွေသွားဖတ်ကြည့်စမ်းပါ... တရားခံအများစုက မိတ်ဆွေသူငယ်ချင်းတွေပဲ.. လုံးဝသူစိမ်းမဟုတ်တဲ့လူတွေ... ကျွန်မ အရမ်းဒေါသထွက်တယ်... ရှင့်သူငယ်ချင်းဖုန်းနံပါတ်ပေးစမ်းပါ... သူ့ကိုဖုန်းဆက်ပြီး သေအောင်ပြောပစ်ချင်လို့... ရှင် ရဲတွေကိုလည်း သူ့အကြောင်းပြောပြသင့်တယ်... ဒါမှ အဖမ်းခံရပြီး သင်ကြားပေးခံရမှာ... ဝမ်လေးက သူ့ကလေးမဟုတ်ဘူး,.. ဒါကိုစကားတစ်ခွန်းတောင် မပြောဘဲ ဘာလို့ခေါ်သွားရတာလဲ.. ကျွန်မသူ့ကိုတရားစွဲချင်ရင်တောင် အခွင့်အရေးရှိတယ် သိရဲ့လား..."
ဝမ်လေးက ဘေးနားတွင်ခိုးနားထောင်ရင်း သူ့အရုပ်နှင့်ဆော့နေသည်။ ဤသည်က သူ့မားမားအလွန်ဒေါသထွက်နေသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူမတုန်ယင်ပဲ မနေနိုင်တော့ချေ။
စုန့်ထင်ရှန်းက သူမကို ခပ်မြန်မြန်ဖက်လိုက်ပြီး ချော့မြူလေသည်။
"မစိုးရိမ်ပါနဲ့ ကိုယ်ကိုင်တွယ်လိုက်ပါ့မယ်.. အရမ်းဒေါသမထွက်နဲ့နော်... ဝမ်လေးက ကိုယ်တို့နဲ့အတူရှိနေတယ်လေ... ကိုယ်တို့ဦးစားပေးလုပ်ရမှာ သူ့ကိုသင်ပေးဖို့မဟုတ်ဘူးလားကွာ..."
သူ၏နှလုံးသားမဲ့သော ပါပါးက သူ့အပေါ်အပြစ်ပုံချလိုက်၍ ဝမ်လေး ချက်ချင်း ဆိုဖာပေါ်လှဲချလိုက်သည်။
"မာမား.. သားပင်ပန်းနေပြီ..."
ယွမ်ရှက ဝမ်လေးကိုချက်ချင်းပွေ့ချီလိုက်ပြီး နွေးထွေးစွာ ချော့မြူလေသည်။
"အဆင်ပြေပါတယ်... သားအိပ်ချင်ရင် အိပ်တော့နော်..."
သူမဝမ်လေးကို ပြောနေသည့်လေသံမှာ စုန့်ထင်ရှန်းကိုပြောနေသည့် လေသံနှင့်တခြားဆီသာဖြစ်သည်။
စုန့်ထင်ရှန်း သူ့နှာခေါင်းသူထိပြီး သက်ပြင်းချလိုက်သည်။ အမျိုးသမီးတစ်ယောက်တွင် ကလေးရှိလာပါက သူမယောက်ျားကို နောက်ပစ်လိုက်သည်မှာ မှန်ပေသည်။ ထိုယောက်ျားမှာ သူ့ဇနီးထံမှ ချစ်ခင်ယုယမှုကို မျှော်ကိုး၍ပင်မရတော့ချေ။ သူဘယ်လိုယှဉ်ပြိုင်ပါစေ အနိုင်ရရန် နည်းလမ်းမရှိပေ။
အစက ဝမ်လေးမှာ အိပ်ချင်စိတ်မရှိပါသော်လည်း ချော့သိပ်ခံရသည်နှင့် မျက်လုံးလေးမှိတ်ကာ ချက်ချင်းအိပ်ပျော်သွားလေသည်။
xxxxxx