အပိုင်း (၂၈၈)
Viewers 34k

Chapter 288


ယွမ်ရှ စုန့်ထင်ရှန်းနှင့် စကားပြော၍မပြီးသေးသောကြောင့်  သူမ၏အခန်းတံခါးကိုပိတ်ကာ စာကြည့်ခန်းထဲဝင်သွားလိုက်သည်။ 


စုန့်ထင်ရှန်းက သူမဝင်လာသည်ကိုမြင်သည်နှင့် ခေါင်းကိုက်သွားသလို ခံစားလိုက်ရပြီး ကူရာမဲ့စွာ ပြောလိုက်တော့သည်။

"ကိုယ်နဲ့အတူ စကားပြောဖို့ အားရှိသေးတယ်ပေါလေ...."


ယွမ်ရှက ထိုင်ခုံကိုဆွဲယူလိုက်ပြီး သူ့ရှေ့တည့်တည့်တွင်ထိုင်ကာ လေးနက်နေသောအမူအယာဖြင့်ပြောလာသည်။

"ဒါပေါ့ ကျွန်မမှပြောလို့ မပြီးသေးတာ.. ကျွန်မတစ်ဘဝလုံးဒါကို မှတ်မိနေမှာ... ရှင်ကိုလည်းမှတ်ထားမှာ..."


စုန့်ထင်ရှန်းက သူ့နှာခေါင်းရိုးသူဖိလိုက်သည်။

"ကိုယ့်သူငယ်ချင်းရဲ့အမှားပါ...."


ယွမ်ရှက မျက်လုံးပြူးသွားသည်။

"ရှင်က အဲ့လူကို ရှင့်သူငယ်ချင်းလို့ သတ်မှတ်နေတုန်းလား..."


"အဲ့ဒါက အဲ့ဒီ့...."

စုန့်ထင်ရှန်း စကားပြောရပ်သွားပြီးမှ ခက်ခက်ခဲခဲကြီးပြောလိုက်ရသည်။

"အဲ့ဒီ့လူယုတ်မာရဲ့အမှားပဲ...."


ယွမ်ရှက ထိုနာမ်စားကြောင့် စိတ်ကျေနပ်ရုံသာရှိသည်။


"ကိုယ်သူနဲ့ အဆက်အသွယ်ဖြတ်လိုက်မယ်.... သူ့ကိုရိုက်ဖို့အခွင့်အရေးတစ်ခုပါ ရှာလိုက်မယ်..."


"ဒီလိုတုန့်ပြန်ရမှာ.... အဲ့လိုလူမျိုးနဲ့ မပေါင်းနဲ့... ကျွန်မက သူငယ်ချင်းဖွဲ့တာလိုမျိုး ရှင့်ရဲ့ လွတ်လပ်ခွင့်ကို မပိတ်ပင်ပါဘူး... သူ့လိုသူငယ်ချင်းမျိုးကတော့ လူကောင်းမဟုတ်ဘူးလေ... သာမန်လူကတော့ဒီလိုအမှားမျိုးကို ဘယ်သောအခါမှမှ လုပ်မှာမဟုတ်ဘူးမလား..."


ယွမ်ရှက ပိုတွေးလေလေ ပိုဒေါသထွက်လေလေဖြစ်နေသည်။ မနေ့ညက ခံစားခဲ့ရသည့် စိုးရိမ်ပူပန်မှုတို့ကို ပြန်တွေးလိုက်မိကာ ဗူးဒူးရုပ်လုပ်ပြီး အပ်ဖြင့်ပင် ထိုးချင်လာခဲ့သည်။


"အဲ့လူက ဘာဖြစ်နေတာလဲ... သူများရဲ့ကလေးကို ဘာမှမပြောမဆိုနဲ့ ခေါ်သွားလိုက်သေးတယ်... အနည်းဆုံးတော့ ကျွန်မတို့ကို အရင်ပေးသိသင့်တာလေ... ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အဲ့လူက တစ်ခုခုမှားနေတယ်လို့ကို ထင်နေမိတယ်... သူကဝမ်လေးနဲ့အတူ ကစားချင်ရုံခေါ်သွားချင်ရုံမဟုတ်လောက်ဘူး... မကောင်းတဲ့ရည်ရွယ်ချက်တော့ သေချာပေါက်ကိုရှိနေလောက်မှာ..."


စုန့်ထင်ရှန်း ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

"ကိုယ့်မိန်းမလေး မှန်တယ်..."


ယောက်ျားများက ဝက်များဆိုသည်မှာ မှန်ပေသည်။ သူက ယခုလိုအချိန်မျိုးတွင်ပင် အီစီကလီလုပ်ရန် စိတ်အခြေအနေရှိနေသေးသည်။


ယွမ်ရှ မျက်ဆန်လှန်လိုက်သည်။

"ကျွန်မ ရှင့်ကို သတိပေးချင်တာရှိတယ်...."


စုန့်ထင်ရှန်းက ရုတ်တရက်ကြီး မကောင်းသည့်ခံစားချက်များရနေသည်။ သူမထိုသို့စပြောလာလျှင် သေချာပေါက်ကို မကောင်းသည့်အရာဖြစ်ပေသည်။


"ရဲစခန်းကိုသွားပြီး အဲ့လူကိုစောင့်ကြည့်ဖို့ပြောကြည့်လိုက်ပါလား.. ဘယ်သူသိနိုင်မှာလဲ သူကတခြားမိသားစုက ကလေးတွေကိုလည်း ဒီလိုလုပ်နိုင်တယ်လေ... သူက အတော်လေး အန္တရာယ်ရှိနေတာ..."

ယွမ်ရှက အသေအချာတွေးပြီး ထပ်ပြောလိုက်သည်။

"ရှင့်မှာ အချိန်မရှိရင် ကျွန်မသွားလိုက်မယ်...."


စုန့်ထင်ရှန်း မရယ်ဘဲမနေနိုင်တော့ချေ။

"ကောင်းပါပြီဗျာ.. ကောင်းပါပြီ... ကိုယ်မနက်ဖြန်ကြရင် လုပ်လိုက်ပါမယ်..."


ယွမ်ရှ ခဏမျှတိတ်ကျသွားပြီး စုန့်ထင်ရှန်းကို ကြည့်လိုက်သည်။ ထို့နောက် တီးတိုးလေးပြောလိုက်သည်။

"စုန့်ထင်ရှန်း... ကျွန်မ ဘယ်လောက်တောင် လန့်သွားလဲဆိုတာ ရှင်မသိဘူးလား..."


စုန့်ထင်ရှန်း ထရပ်လိုက်ပြီး သူမဘေးနားလျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် သူမလက်ကိုကိုင်ကာ ဖွဖွလေးနမ်းလိုက်သည်။


"ကောင်းပါပြီကွာ... အနာဂတ်မှာ ဒီလိုကိစ္စမျိုးကို လုံးဝမဖြစ်စေရဘူးလို့ ကတိပေးပါတယ်... ဝမ်လေး ကောင်းကောင်းမွန်မွန်ကြီးပြင်းရစေမယ်... မင်းကိုစိတ်ပူစေမယ့်အရာမျိုး ဘယ်တော့မှမဖြစ်လာစေရတော့ဘူးနော်..."


ယွမ်ရှက အချိန်ခဏကြာမှ ခေါင်းအသာငြိမ့်ပြလိုက်သည်။

"ကောင်းပြီလေ... ကျွန်မတို့ သူ့ကိုအတူတူ ကာကွယ်ကြတာပေါ့...."


နောက်ဆုံးတွင် သူမက မိဘဖြစ်ရခြင်းက မည်မျှခက်ခဲပြီး မည်မျှတာဝန်ကြီးကြောင်း နားလည်သွားခဲ့သည်။ တစ်ခဏမျှဂရုမစိုက်မိရုံဖြင့် နဂိုအတိုင်းပြန်မဖြစ်နိုင်သော မကောင်းသည့်အရာများ ဖြစ်သွားနိုင်သည်။


ကလေးများက သူတို့၏မိဘများဖြင့် ကျန်းမာ ငြိမ်းချမ်းစွာ ကြီးပြင်းလာရန်မှာ မလွယ်ကူပါချေ။ ထိုအချိန်မျိုးတွင် မတော်တဆမျိုးစုံဖြစ်ပျက်နိုင်သည်။


ဘယ်သူကများ အဲ့လိုကိစ္စမျိုးနဲ့ ကြုံရင် ခံနိုင်ရည် ရှိပါ့မလဲ...


သူမစုန့်ထင်ရှန်း၏ လည်ပင်းကိုငုံ့ကိုင်းပြီးဖက်လိုက်သည်။ ထို့နောက်တွင် ဗလုံးဗထွေးအသံလေးဖြင့် ပြောလိုက်သည်။

"အမေတစ်ယောက်ဖြစ်ရတာ အရမ်းခက်တာပဲ... အရမ်းခက်တဲ့ အခက်အခဲတွေကလည်း အများကြီးပဲ..."


စုန့်ထင်ရှန်းက ပြန်ပြောလာသည်။

"အင်း... သူ့ကိုဒီလောကကြီးထဲ ခေါ်ဆောင်လာရုံနဲ့ မလုံလောက်ဘူး... ကိုယ်တို့မှာ လုပ်စရာတွေအများကြီးရှိတယ်.. ဒါကအစပဲဆိုပေမဲ့ မိဘတစ်ယောက်ရဲ့ တာဝန်က ပြီးလေးလွန်းတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ကိုယ်မင်းနဲ့အတူ ရင်ဆိုင်ပေးမှာပါ..."


သူတို့ မည်သည့်ကိစ္စမဆို မည်သည့်ဒုက္ခဆင်းရဲမဆို ကြုံရပါစေ ကိစ္စမရှိချေ။ ဤမိသားစုတွင် ရှရှနှင့် ဝမ်လေးတို့ရှိနေသည်။ သူတို့ထက် အရေးကြီးသောအရာ ဘာမှမရှိပေ။


xxxxxxx