Chapter 289
ညရောက်ချိန်တွင် ယွမ်ရှက မအိပ်နိုင်သေးပေ။ သူမဘေးတွင် ဝမ်လေးအိပ်နေကြောင်းမြင်နေရမှသာ စိတ်သက်သာရာရလေသည်။ တစ်ခါက အဖေတစ်ယောက်သည် သူ၏ပြန်ပေးဆွဲခံထားရသော သားကို အခက်အခဲများစွာကြုံပြီးမှ ပြန်တွေ့ခဲ့ရသည့် ဇာတ်ကားမျိူး ကြည့်ခဲ့ဖူးသည်။ သူ့သားကိုပြန်တွေ့ပြီးချိန်တွင် သူအမှိုက်သွားပစ်ချိန်ပင် အိပ်ပျော်နေသော သူ၏သားလေးကို ချီပိုးပြီးမှသာ သွားလေသည်။ ယခုတွင် သူမမှာ ထိုဇာတ်ကားထဲရှိ အဖေကို နားလည်သွားလေပြီ။
ဝမ်လေးကို တစ်ခါပျောက်ဆုံးခဲ့ရသည့် နာကျင်မှာကိုကြုံတွေ့ပြီးဖြစ်၍ နောက်တစ်ကြိမ်ပျောက်ဆုံးခဲ့လျှင်နာကျင်မှုကို ခံနိုင်မည်မဟုတ်ပေ။
---
တဖြေးဖြေး နေ့ရက်များက ငြိမ်းချမ်းလာသည်။ ယွမ်ရှ ထိုပုံမှန်နေ့ရက်လေးများကို သဘောကျပြီး တန်ဖိုးထားလေသည်။
စုန့်ထင်ရှန်းက နောက်ကွယ်တွင်တစ်ခုခု လုပ်နေသည်ဟု တွေးနေမိသည်။ သူမ၏အရင်အလုပ်က ဧည့်ကြိုနှင့် စကားပြောမိချိန်တွင် ကုမ္ပဏီအခွဲက ပိတ်သွားပြီဖြစ်ကြောင်း သိခဲ့ရသည်။ အလုပ်သများကို လစာပေး၍ အလုပ်ထုတ်ခြင်း သို့မဟုတ် ရုံးချုပ်ကိုပို့ခြင်းတို့ လုပ်ခဲ့သည်။ ဧည့်ကြိုမှာ ပွင့်ပွင့်လင်းလင်းကြီးမပြောခဲ့သော်လည်း သူမ၏ ချင်ယွီ၏ကုမ္ပဏီကို ကပြောင်းလိုက်ခြင်းထက် လစာယူပြီး အလုပ်ထွက်သွားခဲ့သော ရွေးချယ်မှုကို အခြေခံပြီး ချင်ယွီ၏ ကုမ္ပဏီမှာအခြေအနေမကောင်းကြောင်း သိပေသည်။ ဧည့်ကြိုက ယွမ်ရှစောစောအလုပ်ထွက်သွားခဲ့၍ နှမျောနေပြီး နည်းနည်းနောက်ကျမှ အလုပ်ထွက်ခဲ့လျှင် လစာအပြည့်ရမည်ဟူ၍ ပြောသေးသည်။
ယွမ်ရှက စုန့်ထင်ရှန်း ထိုသို့လုပ်ခဲ့လားဟု မသိသော်လည်း မေးရန်အစီအစဉ်လည်းမရှိပေ။ ချင်ယွီသူမတို့၏ ဘဝထဲမှ ပျောက်ကွယ်သွားသည်ကပင် လုံလောက်နေလေပြီ။ စုန့်ထင်ရှန်းက သူလုပ်နေသမျှကို သူမကို မပြောပြသည်မှာ အကြောင်းရှိ၍သာဖြစ်ရမည်။ ထို့ကြောင့် သူမဘက်ကလည်း ထိုကစ္စကိုမေးရန် အကြောင်းမရှိပေ။
---
နေ့တိုင်းပိုပိုအေးလာပြီး ဆောင်းတွင်းရောက်တော့မည်ဖြစ်သည်။
ယွမ်ရှက သူမ၏စွမ်းအင်အကုန်လုံးကို ဝမ်လေးနှင့် စုန့်ထင်ရှန်းအတွက်သာ သုံးလေသည်။ ဤကမ္ဘာတွင် နေတာကြာလာသည်နှင့်အမျှ သူမတွင် သူတို့ရှိနေသည့်ဟူသော ခံစားချက်က ပိုမိုပီပြင်လာခဲ့သည်။ သူမကိုယ်သူမ စုန့်ထင်ရှန်း၏ဇနီးဖြစ်လာပြီး ဝမ်လေး၏အမေဖြစ်လာသည်ဟု ခံစားရသော အချိန်များရှိလာခဲ့ပြီး သူမ၏မူလကအတွေးများကို ဘေးပစ်ထားနိုင်ခဲ့လာသည်။
သူမကသူတို့၏ ပုံမှန်နေ့ရက်လေးများက နှစ်သစ်ကူးအထိဖြစ်နေမည်ဟု ထင်ခဲ့သည်။ သို့သော် လက်တလောတွင် စုန့်ထင်ရှန်းက မထင်မှတ်ထားအောင် ပြောင်းလဲနေသည်။
ယခင်က သူသည် နေ့တိုင်းအချိန်မှန်အလုပ်ဆင်းပြီး သူမတို့သားအမိနှင့် ညစာအတူစားသည်။ အလုပ်လုပ်စရာများရှိနေလျှင်ပင် အိမ်ကိုယူလာသည်။ ရုံးတွင်အချိန်ပိုလုပ်လျင်လည်း သူမက ညစာသွားပို့ပေးရသည်။
သို့သော်ယခုတွင် ညစာစားချိန်ကို လွဲချော်လာသည်မှာ မကြာခဏဖြစ်လာသည်။ သူမဘက်က ညစာလာပေးရမလားဟုမေးလျှင်ပင် ငြင်းဆိုလေသည်။ သူငြင်းဆိုရသည့် အကြောင်းပြချက်မှလည်း မရေမရာသာဖြစ်သည်။ အိမ်ပြန်နောက်ကျသည်ထက် နောက်ကျလာသည်။ သူမနှင့် ဝမ်လေးတို့ အိပ်ပျော်ချိန်မှ အိမ်ပြန်ရောက်သည့်အခါများလည်းရှိသည်။ အိမ်ကနေလည်း အစောကြီးထွက်သွားတတ်သေးသည်။ အချိန်အများစုတွင် သူမတို့နှင့် မနက်စာပင်မစားတော့ဘဲ အလုပ်ကိုတမ်းသွားလေသည်။
ပိတ်ရက်များတွင်ပင် သူ့ကိုတွေ့ရန်မှာ ရှားပါးလှလေသည်။ သူက နှစ်ကုန်ခါနီး၍ အလုပ်ပိုများလာသည်ဟုပြောသော်လည်း အတူတူထမင်းစားဖို့ အချိန်မရှိလောက်သည်အထိ အလုပ်များရန်မှာ မဖြစ်နိုင်ပေ။
ဝမ်လေးပျောက်သွားသည့် နေ့က ဒိတ်မှလွဲ၍ စကားကောင်းကောင်းမပြောဖြစ်ကြသလို အတူထွက်မလည်ဖြစ်သည်မှာလည်း ကြာလှလေပြီ။ ဝမ်လေးကလည်း သူ့ပါပါး အိမ်တွင်ရှိသည့်အချိန် နည်းသည်နည်းလာ၍ အထွန့်တက်လာသည်။ သူ့ပါပါးနှင့် ယောက်ျားချင်း အတွေးလေးများဖလှယ်ကာ လျှို့ဝှက်ချက်များ မပြောရသည်မှာ ကြာလှလေပြီ။
သူမဘက်က စုန့်ထင်ရှန်းကိုယုံကြည်ပြီး သူ့တွင် မိသားစုကိုနာကျင်အောင်လုပ်မည့် မည်သည့်အတွေးမှမရှိကြောင်း သိသော်လည်း သူဘာတွေကြုံတွေ့နေသလဲ တဖြေးဖြေးချင်းသိချင်လာတော့သည်။
xxxxxxx