အပိုင်း (၂၉၀)
Viewers 31k

Chapter 290 


စုန့်ထင်ရှန်းက အလုပ်တွင် အတော်လေးဖိအားများနေသည်။ ဈေးကွက်ကို ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေရသည်။ ကုမ္ပဏီစတင်တည်ထောင်သူများအားလုံးက ဤကဲ့သို့ ကိစ္စမျိုးကို ကြုံရသည်မှ မလွဲမသေပင်ဖြစ်ပြီး နောက်ခံတောင့်တင်းသောလူများပင် ကြုံတွေ့ရသေးသည်။ ပရောဂျက်တစ်ခုတွင် အမှားတစ်ခုပါလာသည်နှင့် အတော်ကြီးကိုဆုံးရှုံးမှုများသွားမည်ဖြစ်သည်။ ဤမြို့ထဲတွင်ပင် နေ့တိုင်းအပတ်တိုင်း ဒေဝါလီခံနေရသော ကုမ္ပဏီများရှိနေသည်။ ထိုအထဲတွင် လုပ်ငန်းအကြီးစားများနှင့် အတိတ်ကအောင်မြင်ခဲ့သော ကုမ္ပဏီများပင် ပါဝင်သေးသည်။ ယခုတွင် စီးပွားရေးအခြေအနေမှာ ပိုမိုဆိုးရွာလာပြီဖြစ်ပြီး ဈေးကွက်စီးပွားရေးကို သေချာပေါက် သက်ရောက်စေကာ အခြားသူများနှင့်အတူ လဲမကျသွားစေရန် ကြိုးစားနေရသည်။


စုန့်ကော်ပိုရေးရှင်းပင် ချွင်းချက်မဟုတ်ခဲ့ပေ။ ကံကောင်းစွာဖြင့် စုန့်ထင်ရှန်းက အတော်လေးတည်ငြိမ်နေသည်။ အဆုံးတွင် ဤကဲ့သို့အခြေအနေများဖြစ်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သူလုပ်ငန်းစတင်ချိန် လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက ယခုကဲ့သို့ အတက်အကျများစွာဖြင့် ကြုံခဲ့ရပြီးဖြစ်သည်။


လက်တလောတွင် သူ့မိသားစုကို အချိန်သေချာမပေးမိကြောင်း သူသိပေသည်။ သူယွမ်ရှကို အရာအားလုံးရှင်းပြချင်သည့် အချိန်ရှိသော်လည်း သူမကိုမစိုးရိမ်စေချင်ပေ။ စုန့် ကော်ပိုရေးရှင်းက အကျပ်အတည်းကာလထဲတွင်ရောက်နေသည်။ နောက်ထပ် ပိုမိုတိုးတက်သွားမည်လား ထိုးကျသွားမည်လားဆိုသည်မှာ ဤကာလတွင် မူတည်နေသည်။၎င်းက ကုမ္ပဏီများရှောင်လွဲမရသည့် ဖြစ်ရပ်ဖြစ်သည်။ ဤအလုပ်ရှုပ်သည့်ကာလပြီးသွားလျှင် သူက ဝမ်လေးနှင့်ယွမ်ရှကိုခေါ်ကာ ချည်းကပ်လာပြီဖြစ်သော ဆောင်းရာသီကိုရှောင်တိမ်းရန် အပူပိုင်းကျွန်းတစ်ခုကို ခေါ်သွားမည်ဖြစ်သည်။


သူက သူ့ကုမ္ပဏီ၏ ကိစ္စများကို သူငယ်ချင်းများနှင့် မိသားစုကို ပြောပြလေ့မရှိပေ။


သူက မရှင်းပြ၍ ယွမ်ရှကလည်း လျှောက်ပတ်စဉ်းစားနေမိတော့သည်။


ဤနေ့မနက်တွင် အိမ်အကူအန်တီကြီးက စားပွဲရှင်းရင်း သက်ပြင်းချလေသည်။

"အချိန်ကုန်တာမြန်လိုက်တာ... နှစ်သစ်ရောက်ဖို့ တစ်လပဲလိုတော့တယ်..."


သူမ၏စကားများကြောင့် ယွမ်ရှတစ်ခုခုကိုသတိရသွားသည်။ သူမအခန်းထဲကို လှစ်ခနဲပြေးဝင်ပြီး လေးနက်စွာ အချိန်ကိုတွက်ကြည့်လေသည်။


အိုး... သွားပြီ...


ဝတ္ထုထဲတွင် စုန့်ကော်ပိုရေးရှင်းက စုန့်ထင်ရှန်းသေပြီး နောက်နှစ်ဝက်အကြာ၌ အကျပ်အတည်းကြုံခဲ့ရသည်။ မူလပိုင်ရှင်မှာ ထိုကိစ္စကြီးကိုမကိုင်တွယ်နိုင်၍ စုန့်ကော်ပိုရေးရှင်း ပြိုလဲသွားသည်ကိုသာ ထိုင်ကြည့်နေခဲ့ရသည်။ သူမတွင် ကုမ္ပဏီကိုကိုင်တွယ်ရန် နည်းလမ်းမရှိသလို အတွေ့အကြုံလည်းမရှိပေ။ သူမ ဘွဲ့မရခင်ကတည်းက စုန့်ထင်ရှန်းနှင့် လက်ထပ်ခဲ့ရ၍ တစ်ခါမှအလုပ်ခွင်မဝင်ခဲ့ရပေ။ ထို့အပြင် စုန့်ကော်ပိုရေးရှင်းက ပရောဂျက်များစွာကို ရင်းနှီးမြှုပ်နှံထားခဲ့သည်။ စုန့်ထင်ရှန်းက  ဤကုမ္ပဏီကိုတည်ထောင်နိုင်ရန် ဆယ်စုနှစ်တစ်ခုစာ အသေအလဲကြိုးစားခဲ့သော်လည်း ကတ်အိမ်လေးတစ်ခုအလား ပြိုကျသွားခဲ့ရသည်။


ဤကိစ္စနှင့်ပတ်သတ်၍ အတိအကျဖော်ပြထားခြင်းမရှိ၍ ယွမ်ရှက ထိုအခြေအနေအကြောင်း အများကြီးမသိပေ။ ဝတ္ထု၏ အချိန်ကာလအရ ဤအချိန်က စုန့်ကော်ပိုရေးရှင်း အကျပ်အတည်းကြုံရသည့် အချိန်ဖြစ်ပေသည်။


ထို့အပြင် ဝတ္ထုထဲတွင် စုန့်ကော်ပိုရေးရှင်းပြိုလဲကျသွားသည်မှာ လျှို့ဝှက်ပူးပေါင်းမှုများကြောင့်ဟု ဖော်ပြခဲ့၍ သူမ၏အတွေးများမှာ အတော်လေးဆိုးဝါးလာသည်။ စုန့်ထင်ရှန်း အသက်ရှိနေစဉ်ပင် ဤသို့ဖြစ်ပျက်ခဲ့၍ ၎င်းက ဈေးကွက်ထဲတွင် သေချာပေါက်ဖြစ်ပျက်မည့်အရာဖြစ်ပြီး သူမရှိလျှင် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။


ဇာတ်ကွက်မှာ အလွန်သန်မာလှသည်။ သူမက စုန့်ထင်ရှန်းသာ မသေခဲ့လျှင် ပြောင်းလဲသွားမည်ဟု ထင်ခဲ့သည်။ ထို့အပြင် သူမသာ အပြင်မထွက်လျှင် ချင်ယွီလည်း ပေါ်လာမည်မဟုတ်ပေ။ အဆုံးတွင် သူကအကြိမ်ပေါင်းများစွာပေါ်လာခဲ့ပြီး သူမကို ပြဿနာများစွာဖြစ်ပျက်စေခဲ့သည်။ သူမက စုန့်ထင်ရှန်းသာရှိလျှင် စုန့်ကော်ပိုရေးရှင်း ဘာမှမဖြစ်တော့ဟု ထင်ခဲ့သော်လည်း ကြည့်ရသည်မှာ သူမ အတွက်မှားသွားပုံပင်။


ယွမ်ရှက သူမကူညီနိုင်သည့်အရာရှိသလားမသိသော်လည်း စုန့်ထင်ရှန်းပြန်လာချိန်တွင် ထိုအကြောင်းနှင့်ပတ်သတ်၍မေးမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။


xxxxxx