အပိုင်း (၂၉၁)
Viewers 31k

Chapter 291


ထိုနေ့ညတွင် ယွမ်ရှက စုန့်ထင်ရှန်း အိမ်ပြန်အလာကိုစောင့်နေခဲ့သည်။ ည၁၁နာရီထိုးခါနီးပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် သူမက ဝမ်လေးနှင့်အတူသွားအိပ်သည်မှာ ကြာလှပြီဖြစ်သည်။


စုန့်ထင်ရှန်းက သူမနိုးနေသည်ကိုတွေ့၍ အတော်လေးအံ့ဩသွား၏။ သူမကို သူ၏ကုတ်အင်္ကျီကိုကမ်းပေးလိုက်ပြီး မေးလိုက်သည်။

"အရမ်းနောက်ကျနေပြီလေ... ဘာလို့မအိပ်သေးတာလဲ...."


ယွမ်ရှက လုပ်သားပျားလေးတစ်ကောင်နှယ်ပြုမူကာ သူ၏ကုတ်အင်္ကျီကိုယူပြီး သွားချိတ်ကာ ရေနွေးတစ်ခွက်ပါငှဲ့ပေးလိုက်သည်။ နောက်ဆုံးမှ မေးလိုက်တော့သည်။

"ရှင်ဗိုက်ဆာနေလားဟင်... ကျွန်မရှင့်အတွက် ပေါ့ပေါ့ပါးပါးစားစရာတစ်ခုလောက် လုပ်ပေးမယ်..."


စုန့်ထင်ရှန်းက သူမလေး သူ့ကြောင့်အလုပ်ရှုပ်နေရသည်ကိုကြည့်ပြီး အတော်လေးပျော်ရွှင်လေသည်။ သူအရမ်းဗိုက်ဆာမနေပါသော်လည်း ယခုညတွင် အတော်လေးအေးနေသည်ဖြစ်ရာ နွေးထွေးသောအရာတစ်ခုခုဖြင့် သူ့အစာအိမ့်ကိုဖြည့်တင်းလိုက်ပါက အတော်လေးကောင်းပေမည်။ ထို့ကြောင့် သူခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီလေ...."


ဆောင်းတွင်းညလယ်တွင် ခေါက်ဆွဲပူပူလေးတစ်ခွက်စားရခြင်းမှာ အတော်လေးသက်တောင့်သက်သာရှိစေမည် ဖြစ်သည်။


စုန့်ထင်ရှန်းက ပန်းကန်လုံးတစ်ခုလုံး ပြောင်စင်သွားအောင်အထိ မော့သောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ချွေးအလွှာပါးပါးလေးတစ်ခု ထွက်ပေါ်လာ၍ သက်တောင့်သက်သာရှိစွာ သက်ပြင်းချလိုက်သည်။

"ဇနီးတစ်ယောက်ရှိရတာ တကယ်ကောင်းတာပဲ...."


ယွမ်ရှ ပြန်ဖြေအလာကိုမစောင့်လိုက်ဘဲ မတ်တတ်ရပ်ကာ တူနှင့်ပန်းကန်လုံးကိုယူပြီး မီးဖိုချောင်ထဲဝင်သွားခဲ့သည်။


ယွမ်ရှက သူ့နောက်မှနေ၍ မီးဖိုချောင်ထဲလိုက်ဝင်လေသည်။ သူတို့တွင် ပန်းကန်ဆေးစက်ရှိပါသော်လည်း လက်ရှိတွင်ဆေးစရာ ပန်းကန်တစ်လုံးသာရှိ၍ စုန့်ထင်ရှန်းက ဘေစင်ရှေ့တွင်ရပ်ကာ ဆေးကြောလေတော့သည်။


သူမစုန့်ထင်ရှန်းဘေးကို သွားရပ်လိုက်သည်။ TVရှိုးများထဲမှ ဇာတ်ကွက်ကိုအတုယူကာ သူ့နောက်ကျောမှနေ၍ သိုင်းဖက်လိုက်ပြီး ပွတ်သီးပွတ်သပ်လုပ်လိုက်သည်။


နှစ်ယောက်လုံး ဘာမှပြောမလာပေ။ လက်ရှိအချိန်လေးကိုသာ တန်ဖိုးထားနေကြသည်။


စုန့်ထင်ရှန်းအတွက် ယခုကဲ့သို့ညမျိုးက အလွန်နှစ်လိုဖွယ်ပင်ဖြစ်သည်။ ခေါက်ဆွဲပူပူတစ်ပန်းကန်နှင့် တိတ်တဆိတ်ဖက်ပေးခြင်းက လွန်ခဲ့သည့်ရက်များအတွင်း ခံစားခဲ့ရသည့် ပင်ပန်းမှုအားလုံးကို ပပျောက်သွားစေခဲ့သည်။


"ရှင်အခုတလော အရမ်းအလုပ်များနေတယ်နော်... ကုမ္ပဏီမှာတစ်ခုခုဖြစ်လို့လား.... "


ယွမ်ရှက နွေးထွေးနေသည့် အချိန်လေးကို အရင်ဆုံးချိုးဖျက်လိုက်သည်။ သူမတည်ကြည်လေးနက်စွာ မေးလိုက်သည်။


"ရှင် နေ့တိုင်း အစောကြီးသွားပြီး နောက်ကျမှပြန်လာနေတာ... ကျွန်မ မသိတာတွေ အများကြီးရှိတယ်ဆိုပေမဲ့ ရှင်သာ ကျွန်မကိုပြောပြရင် အတော့လေး ခံစားရအဆင်ပြေသွားလောက်တယ်... မဟုတ်ရင် ရှင်ဘာဖြစ်နေလောက်လဲဆိုပြီး စိုးရိမ်နေမိလိမ့်မယ်...."


သူမက နောက်ဆုံးစာကြောင်းကို ပြောရဆိုရ လွယ်ကူစေရန်သာ ထည့်ပြောလိုက်ခြင်းဖြစ်သည်။ သူမက အခြားလူတိုင်းထက် စုန့်ထင်ရှန်း၏ စိတ်နေစိတ်ထားကို အယုံကြည်ဆုံးလူဖြစ်သည်။


စုန့်ထင်ရှန်းရယ်လိုက်သည်။


"ကိုယ်ကဖြင့် မင်းကိုအလိုလိုက်ရတာနဲ့တင် ပင်ပန်းနေပြီ... လှေနံနှစ်ဖက်နင်းတာလို ခက်ခက်ခဲခဲလုပ်ဖို့ ဘယ်နားမှာ ဆန္ဒတွေ စွမ်းအင်တွေရှိတော့မှာလဲ... မင်းကိုယ့်ကိုအရမ်းအထင်ကြီးလွန်းနေတာပဲ...."


သူမ ထိုကဲ့သို့ထင်နေ၍ သူအံ့ဩသွားရသည်။ မိန်းမတစ်ယောက်၏ တွေးခေါ်ပုံဆိုသည်မှာ ခက်ခဲနက်နဲလှသည့် စာအုပ်တစ်အုပ်လိုဖြစ်ပြီး ၎င်းကိုနားလည်ရန် ဘဝသက်တမ်းတစ်ခုတည်းဖြင့်ပင် မလုံလောက်ပေ။


ယွမ်ရှ လက်သီးဆုပ်လိုက်ကာ သူ့ကိုကျီစားသလို ထိုးလိုက်သည်။

"ရှင်ဘာပြောတာလဲ..."


"ဟုတ်ပါပြီ... ကိုယ်အမှန်အတိုင်းပြောပါ့မယ်...."


စုန့်ထင်ရှန်းက ယွမ်ရှကိုဤကိစ္စမပြောပြချင်ဘူးဆိုသည်မှာ ၎င်းက စကားလုံးအနည်းငယ်ဖြင့် ရှင်းလင်းအောင် ရှင်းပြနိုင်သည့်အရာမျိုးမဟုတ်၍ ဖြစ်သည်။ သူသာ ကောင်းကောင်းမရှင်းပြနိုင်လျှင် သူမဘက်က အတွေးလွန်ပြီး ပိုမိုစိတ်ပူလာနိုင်သည်။ သူက ထိုသို့မဖြစ်စေချင်ပေ။ သူဘယ်ကစပြောရမလဲဟု အစီအစဉ်ဆွဲပြီးမှ ဖြေးဖြေးချင်းပြောလေတော့သည်။ 


"ကိုယ် လွန်ခဲ့တဲ့လအနည်းငယ်တုန်းက အစီအစဉ်တစ်ခုဆွဲခဲ့တယ်... ကုမ္ပဏီကပြောင်းလဲတော့မှာလေ... အခုလက်ရှိ စီးပွားရေးအခြေအနေတွေကိုလည်း မင်းသိတယ်မလား.... ကုမ္ပဏီက အဆင့်ပဲမြင့်သွားသွား နိမ့်ပဲကျသွားသွား.. ကုမ္ပဏီတိုင်းက ဒီလိုအခြေအနေမျိုး ကြုံရတာပဲလေ... စုန့်ကော်ပိုရေးရှင်းကလည်း ချွင်းချက်မဟုတ်ဘူးပေါ့.... ကိစ္စတွေက တစ်ဟုန်ထိုးဖြစ်ပျက်လာပြီး ရှေ့သာဆက်မသွားရင် အစားထိုးခံရမှာပဲ.. ဒီအလယ်မှာတော့ မလွဲမရှောင်သာတဲ့ မကောင်းတဲ့ကိစ္စတွေကြုံရမှာပေါ့. ... စိတ်မပူပါနဲ့ ကိုယ်ဖြေရှင်းနိုင်ပါတယ်..."


ယွမ်ရှက သူပြောသမျှအကုန်နားမလည်သော်လည်း သူမနားလည်တာတစ်ခုတော့ရှိသည်။ ၎င်းက စုန့်ကော်ပိုရေးရှင်းမှာ အကျပ်အတည်းထဲရောက်နေခြင်းကိုဖြစ်သည်။


ဇာတ်ကြောင်းမှာ အမှန်တကယ်ပြောင်းလဲ၍ မရခဲ့ချေ။


ဒါဆိုရင် စုန့်ကော်ပိုရေးရှင်းရဲ့ ပြိုလဲသွားမှုက ပြောင်းလဲလို့မရတော့ဘူးလား...


xxxxxxxx