အပိုင်း (၂၉၂)
Viewers 31k

Chapter 292 


အဓိကဖြစ်ရပ်များက မပြောင်းလဲနိုင်ကြောင်း အတည်ပြုပြီးနောက်တွင် ယွမ်ရှက စုန့်ထင်ရှန်း၏ မူလကံကြမ္မာကို အောင်အောင်မြင်မြင် မပြောင်းလဲနိုင်လျှင် ဖြစ်ပေါ်လာမည့် အဆိုးဆုံးအခြေအနေအတွက် အသင့်ပြင်ထားရမည်ဟု ခံစားလိုက်ရသည်။ သူမက အမြဲတမ်း အဆိုးမြင်ဝါဒီရှိသူဖြစ်သည်။ ထိုနည်းဖြင့် မကောင်းသည့်ကိစ္စများ အမှန်တကယ်ဖြစ်ခဲ့ပါလျှင် လက်ခံနိုင်သွားမည်ဖြစ်သည်။ 


ပထမဆုံး မူလပိုင်ရှင်က စုန့်ထင်ရှန်းကို လုံးဝအမှီမလိုက်နိုင်ဘဲ ကုမ္ပဏီကိုစီမံခန့်ခွဲရသည့် ကိစ္စများကိုလည်း နကန်းတစ်လုံးမှ နားမလည်ပေ။ ထို့ကြောင့် ယခုလက်ရှိတွင် စုန့်ကော်ပိုရေးရှင်း၏ ပြိုလဲမှုက ပြောင်းလဲမရသော်လည်း မူလပိုင်ရှင်ထက် ဆိုးရွားမည်မဟုတ်လောက်ပေ။ အနည်းဆုံးတော့ နှစ်လုံးထက်ပိုသော အိမ်၊ ဇိမ်ခံကားနှင့် ငွေသားအချို့တော့ ကျန်ရှိလောက်ပေမည်။


မြို့တော်ထဲတွင် အိမ်နှစ်လုံးပိုင်ဆိုင်ရခြင်းမှာ ဘဝ၏အောင်နိုင်သူများဟုပင် သတ်မှတ်နိုင်ပေသည်။ ထို့အပြင် သူတို့တွင် ငွေသားအချို့လည်းကျန်နေသေးသည်။ သူတို့မိသားစုသုံးယောက်က ထိုပစ္စည်းများဖြင့် အေးအေးလူလူအသက်ဆက်နိုင်လေသည်။ သို့သော် သူတို့၏နေထိုင်မှုက ယခုလောက်တော့ကောင်းမည် မဟုတ်တော့ပေ။


ယွမ်ရှက ထိုအကြောင်းတွေးမိလိုက်သည်။ နောက်တစ်နေ့တွင် မူလပိုင်ရှင်၏အိတ်များနှင့် လက်ဝတ်ရတနာများကို စုကာဈေးကြည့်ကြည့်လေသည်။ သူမ လျှာမတောက်ပဲမနေနိုင်တော့ပေ။ ဤလက်ဟောင်းအိတ်များက ပိုက်ဆံအများကြီးရနိုင်သည့်အပြင် အဖိုးတန်လက်ဝတ်ရတာနာများကလည်း အတော်လေးရနိုင်ပေသည်။ ဤပစ္စည်းများကိုရောင်းလိုက်ပါက သူတို့မိသားစုကို နှစ်အနည်းငယ်ထောက်ပံ့နိုင်လေသည်။


ဒါပေမဲ့ ဒါလေးနဲ့ လောက်ပါ့မလား...


ဝမ်လေး၏မူကြိုကျောင်းမှ နှစ်စဉ် သင်တန်းကြေးမှာ မနည်းလှပေ။ သူမ၏သားက ပါရမီရှင်ဖြစ်၍ အကောင်းဆုံးအရင်းအမြစ်များကို ပေးမည်သာဖြစ်သည်။ သူမသာ ဝမ်လေးကို လက်ရှိအရင်းအမြစ်များအတိုင်း အတိအကျပေးချင်ပါက ပိုက်ဆံလောက်မည်မဟုတ်ပေ။ သူမက သူလေးအနာဂတ်တွင် နိုင်ငံခြားပညာတော်သင်သေချာပေါက်ထွက်မည့်အကြောင်းနှင့် သူလက်ထပ်ချိန်တွင် အိမ်တစ်လုံးဝယ်ပေးရန်ကိုပါ တွေးနေပြီဖြစ်သည်။


ဟုတ်ပါတယ် ဝမ်လေးက လေးနှစ်ပဲရှိသေးပြီစ သူမက အရမ်းကြီးအတွေးလွန်နေတာပါ...


သို့သော်လည်း စုန့်ကော်ပိုရေးရှင်း ‌ပြိုလဲပြီးနောက်တွင် စုန့်ထင်ရှန်းနှင့်သူမက ဒုက္ခခံနိုင်သော်လည်း သူမတို့၏ကလေးအတွက် ပညာရေးကိုမူ ဒုက္ခခံခွင့်မပေးနိုင်ပေ။ ထို့အပြင် ပညာရေးမှာ ဈေးအကြီးဆုံးအရာဖြစ်နေတတ်ပြန်သည်။


ယွမ်ရှက မူလပိုင်ရှင်၏ အလှအပရေးရာVIP ကတ်များကို အွန်လိုင်းတွင်ရောင်းလိုက်သည်။ တစ်ပဲနိပင်မချန်ဘဲ အသေအချာတွက်ချက်ကာ အနာဂတ်အတွက် အသေးစိတ် အစီအစဉ်ဆွဲလေသည်။ ၎င်းက သူမစုန့်ထင်ရှန်း၏ စွမ်းဆောင်ရည်ကို မယုံကြည်၍မဟုတ်ပဲ မူလဇာတ်ကွက်၏ အင်အားကြီးမှုကို ကြောက်၍ဖြစ်သည်။ ဇာတ်လမ်းက စုန့်မိသားစုကို ဆင်းရဲဒုက္ခခံစေချင်ပြီး စုန့်ထင်ရှန်းက မူလဇာတ်ကွက်နှင့် အပြိုင်တိုက်ရန် ခက်ခဲပေလိမ့်မည်။


သူမက ထိုအရာများကိုသာလုပ်နေခြင်းမဟုတ်ဘဲ အလုပ်တစ်ခုကို အပူတပြင်းရှာနေလေသည်။


အမှန်တကယ်ပိုင်ဆိုင်မှုများနှင့် စုငွေများက သူတို့ကိုကောင်းကောင်းမွန်မွန် နေစေရန်လုံလောက်သော်လည်း သူမ အနာဂတ်အခြေအနေများကိုပါ ထည့်တွက်ရပေဦးမည်။ သူနှင့်စုန့်ထင်ရှန်း နှစ်ယောက်တည်းဆိုပါက လွတ်လွတ်လပ်လပ် နေချင်သလိုနေ၍ရသော်လည်း သူတို့တွင် ဝမ်လေးရှိနေရာ သူမလုပ်သမျှ တွေးသမျှတိုင်းက ဝမ်လေးအတွက် ဖြစ်လာလေသည်။ ထို့အပြင် စုန့်ကော်ပိုရေးရှင်း ပြိုလဲသွားချိန်တွင် ဆန်ပိုးလေးတစ်ကောင်လို အေးအေးဆေးဆေးနိုင်ရန် မျက်နှာလည်းမရှိသလို အကြောင်းပြချက်လည်း မရှိပေ။ သူမတွင် လက်ရောခြေပါရှိသလို သူမက ငယ်ရွယ်နေသေးသည်။ သူတို့၏ဘဝအတွက် အခြေကျစေရန် အလုပ်ရှာရန်မှာ ကိစ္စကြီးမဟုတ်ပေ။


နောက်တစ်နေ့တွင် ယွမ်ရှက သူမ၏ အရည်အချင်းများကို လေးနက်စွာတွက့်ချက်လေသည်။ တစ်ကိုယ်ကောင်းဆန်သော လှုပ်ရှားမှုများမပါဘဲ သူမက သူမ၏ကိုယ်ရေးအချက်အလက်ကို သေချာအလှဆင်လေသည်။ ချင်ယွီ၏ကုမ္ပဏီတွင် အလုပ်လုပ်ဖူးသည့် အတွေ့အကြုံအပြင် စုန့်ကော်ပိုရေးရှင်းတွင် နှစ်နှစ်အလုပ်လုပ်ဖူးသည်ဟု ညာရွှီးလိုက်သည်။


မဟုတ်ရင် ဘယ်ကုမ္ပဏီကများ လုပ်သက်နဲ့ အသက်အရမ်းကွာနေတဲ့ အလုပ်လုပ်ကာစလူကို အင်တာဗျူးမှာလဲလို့...


ကိုယ်ရေးအကျဉ်းကို ကြည့်ပျော်အောင်လုပ်ပြီးနောက်တွင် ဤတစ်ကြိမ်၌ သူမ၏ အိပ်မက်အလုပ်ကိုလျှောက်ရန် မတွေးခဲ့ပေ။ ယင်းအစား သင့်တော်သည့် အလုပ်တိုင်းကိုလိုက်လျှောက်ကာ ကုမ္ပဏီများ၏ အကြောင်းကြားမှုကို တိတ်တိတ်လေးစောင့်နေလေသည်။


xxxxxx