အပိုင်း (၂၉၃)
Viewers 34k

Chapter 293


စုန့်ထင်ရှန်းက အတော်လေးအလုပ်များပြီး အနားယူချိန်ပင် ရှိမနေသော်လည်း သူတို့၏ မင်္ဂလာဆောင် နှစ်ပတ်လည်ရောက်တော့မည်မှန်း သိလေပြီး ဈေးကြီးသောလက်ဆောင်များဝယ်ရန် အချိန်ခဏယူလိုက်သေးသည်။သူတို့၏ မင်္ဂလာနှစ်ပတ်လည်နေ့တွင် သူ၏အလုပ်များသော အချိန်ဇယားကို အတင်းအကြပ်တွန်းအားပေးကာ ယွမ်ရှနှင့်အတူ ညစာသွားရန်ရနိ အချိန်ရအောင် လုပ်လေသည်။


စုန့်ထင်ရှန်းက သူမကို ထိပ်တန်းစားသောက်ဆိုင်တစ်ဆိုင်ကိုခေါ်သွား၍ ယွမ်ရှက ကူကယ်ရာမဲ့သလိုဆွံ့အနေခဲ့သည်။သူမ စုန့်ထင်ရှန်းလက်ကိုဆွဲ၍ပြောလေသည်။


"ကျွန်မတို့ဒီကိုဘာလို့လာကြတာလဲ.... အရမ်းဈေးကြီးတာကို...."


လွန်ခဲ့သည့်ရက်များအတွင်း သူမက အဆိုးဆုံးကိုသာ ရွေးချယ်ပြီး တွေးကြည့်ခဲ့သည်။ သူတို့ မကြာခင် ဆင်းရဲတော့မည်ဖြစ်၍ သူ၏အသုံးစရိတ်များကို စတင်ဖြတ်တောက်ခြင်းဖြင့် ပဏာမခြေလှမ်းကို အစပြုထားသည်။ စုန့်ထင်ရှန်းက သီးသန့်နေရာရရန်ခက်ခဲသော ဤနေရာကိုခေါ်လာစဉ်က သူမစိတ်ထဲတွင် ယွမ်ထောင်ပေါင်းများစွာ ကုန်တော့မယ်...ယွမ်ထောင်ပေါင်းများစွာ ကုန်တော့မယ်ဟုသာတွေးနိုင်လေသည်။


သာမန်မိသားစုတစ်ခုအတွက် ထိုပမာဏမှာ တစ်လစာ အသုံးစရိတ်နှင့် ညီမျှသော်လည်း သူတို့ကတော့ တစ်ညတည်းဖြင့် သုံးပစ်မိတော့မည်။


စုန့်ထင်ရှန်းက အတော်လေးအံ့ဩသွားပြီးမေးလိုက်သည်။

"ဒီနေ့ဘာနေ့လဲမေ့နေတာလား..."


ယွမ်ရက အံ့ဩသွားပြီး ခဏမျှတုန့်ဆိုင်းသွားပြီးမှ ပြန်ဖြေလာသည်။

"ဘယ်နေ့ကမှ လက်ဖွာပြီး အသုံးအဖြုန်းကြီးဖို့ မထိုက်တန်ဘူး...."


"ဘာဖြစ်လို့လဲ...."


စုန့်ထင်ရှန်း သူမကို အံ့အားတသင့်စိုက်ကြည့်လေသည်။


"ညစာလေးစားရုံပါ... မင်းဘာလို့ ပြင်းပြင်းထန်ထန် တုန့်ပြန်နေရတာလဲ...."


ယွမ်ရှ စိတ်ဓာတ်ကျသွားသည်။ သူမ၏ အပြုအမူများကို စုန့်ထင်ရှန်းကို ရှင်းပြ၍မရကြောင်း ခံစားလိုက်ရသည်။ သူမ ယခုအချိန်တွင် ကျွန်မတို့မိသားစုက မကြာခင်ဆင်းရဲတော့မှာဖြစ်လို့ နည်းနည်းလောက် စုဆောင်းရအောင်ဟု မပြောနိုင်ပေ။


သူမသေချာစဉ်းစားကြည့်ပြီးနောက်တွင် ၎င်းတို့က အနာဂတ်တွင်ဖြစ်ပျက်လာမည့်အရာဖြစ်ကြောင်း တွေးလိုက်သည်။ ထို့ကြောင့် ယခုလက်ရှိနှင့်မဆိုင်ဟုတွေးကာ အံတင်းတင်းကြိတ်၍ ညစာစားလိုက်သည်။


သူမက စုန့်ထင်ရှန်းနောက်မှလိုက်ကာ စားသောက်ဆိုင်ထဲဝင်ပြီး သူတို့ကြိုတင်မှာယူထားသော စားပွဲတွင်ထိုင်လိုက်သည်။


သူတို့ထိုင်ပြီးမှ စုန့်ထင်းရှန်းက ပြောလာလေသည်။


"ကိုယ်အခုတဘော အတော်လေးအလုပ်များနေတာ... မင်းနဲ့ဝမ်လေးနဲ့ အတူရှိပေးဖို့ အချိန်တောင်မရှိဘူး...ဒီအလုပ်ရှုပ်တဲ့ကာလကြီးပြီးရင် မင်းတို့နှစ်ယောက် အပန်းဖြေရအောင် ခရီးထွက်ဖို့ ခေါ်သွားပေးမယ်... မြို့တော်က ဆောင်းတွင်းဆို အရမ်းအေးပြီး လေထုအရည်အသွေးကလည်း မကောင်းဘူး...."


ယွမ်ရှက တုန့်ဆိုင်းစွာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ...."


သူမ စုန့်ထင်ရှန်းကို ကုမ္ပဏီအခြေအနေအကြောင်း မေးချင်သော်လည်း သူက သတင်းကောင်းကိုသာ ဝေမျှလိုပြီး သတင်းဆိုးကို ရေငုံနှုတ်ပိတ်ထားတတ်သူဖြစ်၍ သူမပြောမချင်း မမေးရန် ဆုံးဖြတ်လိုက်သည်။


သူမ၏ စိုးရိမ်မှုများကို ဘေးဖယ်ကာ ချိုမြိန်သည့်ညစာလေစားရန် ပြင်လိုက်ချိန်တွင် သူက ဘူးတစ်ဘူးကို ထုတ်လိုက်ပြီး သူမကိုပေးလိုက်သည်။

"ဒီမယ်... မင်းအတွက်လက်ဆောင်... ကြိုက်မယ်လို့ မျှော်လင့်ရတာပဲ.."


ယွမ်ရှက တွေးဆဆဖြင့်မေးလိုက်သည်။

"ဒီနေ့ ကျွန်မ မွေးနေ့မလို့လား...."


စုန့်ထင်ရှန်းက သူ့လက်ကိုသူမ နှဖူးလေးပေါ်တင်လိုက်သည်။


"ဒီနေ့က ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်လေ... အရင်က ကိုယ်တို့တစ်ခါမှ မဆင်နွှဲဖူးပေမဲ့ ဒီနှစ်ကစပြီး နောက်နှစ်တိုင်း အတူတူဆင်နွှဲကြမယ်လေ..."


လက်စသတ်တော့ ဒီနေ့က မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်နေတာလား... 


ယွမ်ရှ အနည်းငယ် ရှက်ရွံ့သွားသည်။

"ကျွန်မ မေ့နေတာ.. ရှင့်အတွက် လက်ဆောင် မပြင်ပေးခဲ့ရဘူး...."


သူမစိတ်ကို စုန့်ကော်ပိုရေးရှင်းဒေဝါခံပြီးနောက်တွင် ဘာလုပ်မလဲဟူသော အတွေးသာစိုးမိုးနေသည်။ သူတို့တွင် ယခုလိုစိုးရိမ်စရာများမရှိလျှင်ပင် သူတို့၏ မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပရန် အတွေးရှိမည်မဟုတ်ဟု ပြော၍ရသည်။


စုန့်ထင်ရှန်းက စိတ်ထဲမထားဘဲ လက်ခါပြလိုက်သည်။

"ကိုယ်က လက်ဆောင်မလိုပါဘူး.... မင်းကို ညစာဖိတ်ကျွေးချင်ရုံပဲ..."


သူယွမ်ရှကို ဘူးဖွင့်ကြည့်ရန် အမူအယာပြလိုက်သည်။

"ဖွင့်ကြည့်လိုက်... မင်းကြိုက်လားလို့..."


ယွမ်ရှက ဘူးကိုဖွင့်ကြည့်လိုက်ပြီးနောက်တွင် တလက်လက်တောက်ပနေသော စိန်လက်စွပ်ကိုမြင်ပြီး ပင့်သက်ရှိုက်မိသွားသည်။


အရမ်းကြီးတယ်... မူလပိုင်ရှင်ရဲ့လက်စွပ်ထက်ကြီးတယ်... ချင်ယွီပြင်ပေးတဲ့ဟာထက် ပိုကြီးသေးတယ်...


xxxxxxx