အပိုင်း (၂၉၄)
Viewers 34k

Chapter 294 


သူမ အံ့ဩနေရာမှ ပြန်ကောင်းလာချိန်တွင် သူမ၏အမူအယာပြောင်းလဲသွားသည်။ သူတို့က လူကြားထဲတွင်ရှိနေဆဲဖြစ်၍ သူမအသံကိုတိုးချလိုက်ကာ ပြောလိုက်သည်။


"ရှင်ဘာလို့ ဒီလောက်တောင် အသုံးအဖြုန်းကြီးရတာလဲ... ဒါကဘယ်လောက်တောင် ကုန်သွားလိုက်မလဲ.. "


စုန့်ထင်ရှန်း မရယ်ဘဲ မနေနိုင်တော့ချေ။ သူ့လက်ကိုဆန့်ထုတ်ကာ သူမ၏ပါးလေးကိုဖိညှစ်လိုက်သည်။ သူမအတော်လေးချစ်ဖို့ကောင်သည်ဟုပင် တွေးမိသွားသည်။


"တစ်နှစ်မှာတစ်ခါပဲ အသုံးအဖြုန်းကြီးရတာပါ.. မင်းသာကြိုက်ရင် ဈေးနှုန်းကို ပူစရာမလိုပါဘူး...."


ယွမ်ရှက ကျောက်မျက်ရတနာများအကြောင်း အများကြီးမသိသော်လည်း လက်စွပ်က အတော်လေးဈေးများလောက်ကြောင်းသိပေသည်။ ယခုလက်ရှိတွင်သူက အတော်ကြီးအလုပ်ရှုပ်နေသော်လည်း သူတို့၏မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပပေးရန် အတွေးရှိနေပြီး ဤမျှဈေးကြီးသော လက်ဆောင်ကိုပင် ဝယ်ပေးခဲ့သေးသည်။


သူမ ဘူးကို ဂရုတစိုက်လေး ပိတ်လိုက်ပြီး သူမ အိတ်ထဲထညိ့လိုက်သည်။


စုန့်ထင်ရှန်းက မေးလိုက်သည်။

"ဘာလို့ဝတ်မကြည့်တာလဲ..."


ယွမ်ရှက အသံပိုတိုးလိုက်သည်။

"ဒီမှာလူတွေအများကြီးရှိတယ်လေ... ကျွန်မတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ထုတ်ပြလို့မရဘူး.. သူခိုးတွေကိုဆွဲဆောင်မိသွားလိမ့်မယ်..."


သူမက အိတ်ကိုသူမပေါင်ပေါ် လုံခြုံစွာတင်လိုက်သည်။ စားနေချိန်တွင်ပင် ထိုအိတ်ကိုရင်ခွင်ထဲ ထား၍ရပါစေဟုပင် ဆုတောင်းနေမိသည်။ အကယ်၍ စုန့်ကော်ပိုရေးရှင်း ဒေဝါလီခံသွားခဲ့လျှင် ဝမ်လေးမူလတန်းတက်ချိန်၌ ဤလက်စွပ်ကိုရောင်း၍ ကျောင်းထားမည်ဖြစ်သည်။ ယနေ့ခေတ်မူလတန်းကျူရှင်များက ဈေးကြီးလှပြီး လက်စွပ်ရောင်းရုံဖြင့် လုံလောက်မည် မဟုတ်လောက်ပေ။


စုန့်ထင်ရှန်းက ရယ်ချင်နေသည်ကို မနည်းအောင့်လိုက်သည်။ ဤညစာမှာ ပိုမိုစားကောင်းလာသည်ဟုပင် ခံစားလိုက်ရသည်။


ယွမ်ရှက သူမ၏ပူပင်မှုများကို ကန်ထုတ်ပြီး စုန့်ထင်ရှန်းနှင့်အတူ ညစာစားလေသည်။ သူက ညစာစားပြီးသည်နှင့် ရုပ်ရှင်သွားကြည့်ရန် စီစဉ်ထားသော်လည်း သူမက သူအလုပ်ရှုပ်နေမှန်းသိလေသည်။ ဤညစာအတွက် အချိန်ကိုပင် မည်သို့ယူခဲ့ကြောင်း မသိပေ။


သူတို့အိမ်ပြန်ရောက်ချိန်တွင် စုန့်ထင်ရှန်းက စာကြည့်ခန်းထဲ တန်းဝင်သွားသည်။ ယွမ်ရှကလည်း သူမစုန့်ထင်ရှန်းကို များများစားစားမကူညီနိုင်ကြောင်းသိသည်။ သူမလုပ်နိုင်သည်မှာ သူ့အတွက်လက်ဖက်ရည်ယူပေး၊ သစ်သီးယူပေးပြီး ညလယ်စာမုန့်လုပ်ပေးရန်သာဖြစ်သည်။


စုန့်ထင်ရှန်းက ယွမ်ရှသူ့ကို ဂရုစိုက်ပေးနေ၍ အပျော်ကြီးပျော်နေသည်။ ခေါင်းခဲစရာ အလုပ်များပင် နည်းပါးလာသလိုပင်။


မူလက ယွမ်ရှမှာ သူ့ကိုအင်တာဗျူးအကြောင်း မေးမည်ပြင်သော်လည်းသူအလုပ်ရှုပ်နေသည်ကိုမြင်၍ နောက်မှမေးတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။


---


ဝမ်လေးကို မူကြိုမှသွားပို့ချိန်တွင် ဝမ်လေးကမေးလာသည်။

"မာမား... အလုပ်ရှာနေပြန်ပြီလား...."


ဤကလေးက အတော်လေး ဂရုစိုက်တတ်ပြီး သူ၏အမြင်ကလည်း အတော်လေးစူးရှပေသည်။


ယွမ်ရှက မဖုံးကွယ်တော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ် မာမားက သားကိုပို့ပြီးရင် အင်တာဗျူးသွားဖြေရမှာ...."


ဝမ်လေးက သက်ပြင်းချလိုက်သည်။


"မာမားက ဘာလို့အလုပ်ရှာဖို့လိုတာလဲ... သားသူငယ်ချင်းတွေရဲ့ အမေတွေဆို အလုပ်မလုပ်ကြဘူးလေ...."


ယွမ်ရှက ပြန်ဖြေလိုက်သည်။


"မာမားက သားကိုပျိုးထောင်ရမှာလေ... အလုပ်မရှိရင် ပိုက်ဆံမရဘူး... ပိုက်ဆံမရရင် သားကိုမပျိုးထောင်နိုင်ဘူးလေ...."


ကားထဲကထွက်ပြီးနောက်တွင် ဝမ်လေးက ယွမ်ရှကိုဖက်လာသည်။

"ပါပါးက သားတို့ကို မပျိုးထောင်နိုင်ဘူးလား..."


ယွမ်ရှက သူ့ကိုနမ်းလိုက်သည်။


"မာမားတို့က မိသားစုရဲ့ တာဝန်တွေအားလုံး ပါပါးကိုပစ်ပေးလိုက်လို့မရဘူးလေ... ပါပါးမှာလည်း အသက်ရှူချိန်ရှိဦးမှပေါ့... မာမားနဲ့ ပါပါးကလက်ထပ်ထားတာလေ...ဒါက မာမားကပါ သူနဲ့အတူ ဒီမိသားစုကိုထောက်ပံ့ရမယ်လို့ အဓိပ္ပါယ်ရတယ်လေ..."


"ဒါဆိုလည်း ပြီးရောပါ..."


ဝမ်လေးက ခေါင်းငြိမ့်ပြလိုက်သည်။


"သားကြီးလာလို့ ပိုက်ဆံရှာနိုင်ရင်လည်း ပါပါးနဲ့မာမားကို ဂရုစိုက်ပေးပါ့မယ်...."


ယွမ်ရှက သူ့နှဖူးလေးကိုထိလိုက်သည်။


"သားကို လက်မအကြီးကြီးပေးတယ်... ငါ့သားလေးက အရမ်းတွေးတတ်တာပဲ...."


ဝမ်လေးက သူမ၏ခါးကိုဖက်လိုက်ကာ မော့ကြည့်လာသည်။


"ဒါဆို သားက မာမားအောင်အောင်မြင်မြင် အင်တာဗျူးအောင်ပါစေလို့ ဆုတောင်းပေးမယ်နော်..."


"သားပြောသမျှဖြစ်လာပါစေကွာ..."


xxxxxxx