အပိုင်း (၂၉၅)
Viewers 31k

Chapter 295


ယွမ်ရှက တတ်နိုင်သမျှမြန်မြန် အလုပ်လိုချင်နေပါသော်လည်း မည်သည့်အလုပ်ကိုမဆို လက်ခံမည်ဟု မဆိုလိုပေ။ အင်တာဗျူးဖြေသောအခါမှ စုန့်ထင်ရှန်းပြောသည့် ယခုလက်ရှိ စီးပွားရေးအခြေအနေက ကျပ်တည်းနေကြသည်ဟူသော စကားကို နားလည်သွားလေသည်။ အိုဟောင်းနေသည့် ရုံးအဆောက်အဦးမှထွက်လာချိန်တွင် သူမ အတော်လေးရင်လေးသွားရသည်။ သူမရင်ဘတ်ပေါ်တွင် ကျောက်ခဲကြီးတစ်တုံးတင်လိုက်သလို ခံစားသွားရသည်။ ကုမ္ပဏီများစွာက သူမကိုဆက်သွယ်ခဲ့သော်လည်း အကုန်လုံးနီးပါးက အဆင်ပြေခြင်းမရှိပေ။ အဆုံးတွင် ယခုက နှစ်ကုန်ခါနီးပြီဖြစ်သည်။ သူမ အချိန်ယူပြီး အလုပ်ရှာသင့်ပေသည်။ အလုပ်များက နှစ်သစ်ကူးပြီးအချိန်တွင် ပိုကောင်းလာလောက်သည်။


နှစ်သစ်ကူးနီးလာသည်နှင့် အိမ်အကူအန်တီကြီးမှာ မိသားစုကိစ္စကြောင့် ခွင့်ယူသွားခဲ့သည်။ ယွမ်ရှက သူမကို ပိတ်ရက်ရှည်ပေးလိုက်ပြီး နှစ်သစ်ကို မိသားစုနှင့် အချိန်ကုန်ပေးရန် ပြောလိုက်သည်။


အလုပ်ရှာရန်မလွယ်ကူ၍ ယွမ်ရှက အိမ်အကူမရှိသော ဘဝကို လိုက်လျောညီတွေဖြစ်အောင် လုပ်ရန်ဆုံးဖြတ်လိုက်လေသည်။


စုန့်ကော်ပိုရေးရှင်း ဒေဝါလီခံသွားလျှင် သူတို့အိမ်၌ အိမ်အကူထားရန်တတ်နိုင်တော့မည်ဟုတ်ပေ။ ထိုအချိန်ရောက်လျှင် သူမနှင့်စုန့်ထင်ရှန်းတို့က အိမ်အလုပ်အတူတူခွဲဝေလုပ်ကြမည်ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သတ်လျှင် ယွမ်ရှက စုန့်ထင်ရှန်းကို ယုံကြည်သည်။ သူငယ်ငယ်ကတည်းက သူ့ကိုယ်သူအားကိုး၍ နေလာခဲ့ရသဖြင့် သူ့ဇနီးက အိမ်အလုပ်အားလုံးကို လုပ်ရမည်ဟု တွေးသော လူတစ်ယောက်မဟုတ်ပေ။


သူမတို့၏အနာဂတ်ဘဝကိုတွေးနေရင်း ယခုလက်ရှိလောက်သက်တောင့်သက်သာမနေရသော်လည်း အဆင်ပြေမည်ဟု ယုံကြည်ချက်ရှိနေသည်။ စုန့်ထင်ရှန်းနှင့် ဝမ်လေးနှင့်ဆိုလျှင် သူမတို့တွင် ပျော်ရွှက်ဖွယ်ရာ ဘဝလေးရှိမည်ဖြစ်သည်။


ယွမ်ရှ အနာဂတ်တွင် သူမ၏ကားကိုပြောင်းရန် အသေအချာတွေးနေသည်။ လက်ရှိသူမကား၏ ထိန်းသိမ်းစရိတ်မှာ အလွန်မြင့်နေသည်။ အရင်တုန်းက ၎င်းကိုဂရုစိုက်စရာမလိုသော်လည်း အနာဂတ်တွင်တော့ ကိစ္စအကြီးကြီးဖြစ်လေသည်။ သူမ ထိန်းသိမ်းစရိတ်နိမ့်သော ကားဖြင့် အစားထိုးရပေမည်။ ကားတစ်စီးက မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ကားဖြင့်ဆိုလျှင် သူမက ဝမ်လေးကို အားလပ်ရက်တိုင်း အလည်အပတ်ပို့လို့ မည်ဖြစ်ပြီး ကျောင်းလည်း လိုက်ပို့နိုင်မည်ဖြစ်သည်။


သူမ အင်တာဗျူးဖြေပြီးနောက်တွင် စူပါမားကတ်သွားရန် အစီအစဉ်ဆွဲထားခဲ့သော်လည်း စူပါမားကတ်ရှိ လတ်ဆတ်သော ထုတ်ကုန်များက ယခုတွင် ကုန်ဆုံးလောက်ပြီဖြစ်၍ အနီးဆုံး အစားအသောက်ဈေးတွင် ကားပါကင်ထိုးလိုက်လေသည်။ အစားအသောက်ဈေးထဲမှ ထုတ်ကုန်များမှာ စူပါမားကတ်မှပစ္စည်းများထက် ပိုမိုလတ်ဆတ်ကာ ပိုမိုဈေးနည်းပေသည်။


ယွမ်ရှက ဒီနေ့ညဘာချက်ရမလဲဟူသော အတွေးသာစိုးမိုးနေ၍ ချင်ယွီ သူမနောက်လိုက်လာကြောင်း သတိမပြုမိပေ။


ချင်ယွီက သူမ၏ဘဝကို ထပ်မနှောင့်ယှက်တော့ရန် စီစဉ်ထားသော်လည်း သူမ၏နောက်ကျောဘက်ပုံရိပ်လေးကို မြင်လိုက်ရချိန်တွင် သူ့ကိုယ်သူမထိန်းနိုင်ခဲ့ချေ။ သူ သူမကို နည်းနည်းလောက် ကြာအောင် ကြည့်ချင်မိသည်။


သူမ အစားအသောက်ဈေးထဲဝင်သွားသည်ကို မြင်ပြီး ချင်ယွီက ထရပ်ကားတစ်စီးဖြင့် အတိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။


အစားအသောက်ဈေးတန်းထဲတွင် လူပေါင်းများစွာရှိပြီး ယွမ်ရှက ချင်းယွီကို လုံးဝသတိမပြုမိပေ။


သူမက အာလူးများကိုကိုင်ထားပြီး ဆိုင်ရှင်ကိုဈေးဆစ်နေသည်။


"သူဌေး... ကျွန်မ ဒီအာလူးတွေဝယ်မယ်... ဒါဆိုရင် ကြက်သွန်မြိတ်လက်တစ်ဆုပ်လောက် အပိုပေးမလား...."


နောက်ထပ်ဆိုင်တစ်ဆိုင်တွင် သူမကမေးလေသည်။


"သူဌေး... ရှင့်ရဲ့ဟင်းရွက်တွေက လတ်ဆတ်ရဲ့လား... ဘာလို့ပိုးကိုက်ရာတွေပါနေရတာလဲ..."


ချင်ယွီ "....."


ဤလူက ယွမ်ရှဟု သူမယုံနိုင်ပေ။


သူ့နှလုံးသားထဲတွင် ယွမ်ရှက ယခုထက်ပို၍ မြင့်မားသည်။ သူမက စူပါမားကတ်ကိုသွားရန်ပင် ဆန္ဒမရှိလေရာ ယခုလိုဈေးတန်းထဲတွင် ဟင်းသီးဟင်းရွက်ဝယ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။


သို့သော် ယခုတွင်တော့ မာနကြီးကာ မြင့်မြတ်လှသော ယွမ်ရှက အစားအသောက်ဈေးထဲအမှန်တကယ်လာခဲ့သည်။ သူမက ကြက်သွန်မြိတ်လက်တစ်ဆုပ်နှင့် ဂျင်းအနည်းငယ်ပိုရအောင် မဟုတ်ကဟုတ်ကများပင် ပြောနေသေးသည်။ သူမကို ကြည့်ရသည်မှာ သူစိမ်းလိုဖြစ်နေပြီး သူမ၏အမူအယာများက ရယ်ချင်ဖွယ်ဖြစ်နေသည်။


သူက သူမကိုကြက်ဥတစ်လုံးအတွက် ပုစွန်အနည်းငယ်အတွက်နှင့် တခြားလူကို ဈေးဆစ်မည်ကို မလိုချင်ပေ။ သူဈေးတန်းထဲမှ အသက်လုပြေးသွားလေသည်။


သူမက ထိပ်တန်းအဆင့် နေထိုင်မှုပုံစံကို သူမချစ်သည့်ယောက်ျားအတွက် စွန့်လွှတ်ချင်ပါသော်လည်း ထိုလူက သူမဟုတ်ပေ။


သူ ဝမ်းနည်းသလိုခံစားရသင့်သော်လည်း သူ့နှလုံးသားထဲတွင် ယွမ်ရှက ထိုကဲ့သို့ မိန်းမတစ်ယောက်ဖြစ်ကြောင်း လက်မခံနိုင်ပေ။


ယွမ်ရှက ချင်းယွီသူမနောက်လိုက်လာသည်ကို သတိမပြုမိသလို သူမကိုမြင်ပြီးနောက် သူ၏အတွေးများကိုလည်း မသိပေ။ သူမ၏အတွေးထဲတွင် အိမ်ပြန်ရောက်သည်နှင့် အွန်လိုင်းပေါ်တွင်ဟင်းချက်နည်းရှာကာ စုန့်ထင်ရှန်းနှင့် ဝမ်လေးကို အရသာရှိရှိချက်ကျွေးမည်ဟူသော အတွေးသာစိုးမိုးနေသည်။


xxxxx