Chapter 296
ဈေးမှာ ညစ်ပတ်ခြင်းမရှိသော်လည်း အနံ့များတော့ရှိနေ၍ရာ ယွမ်ရှကမြန်မြန်သာဝယ်ပြီး အိမ်ပြန်လိုက်သည်။
အတော်လေးစောနေသေးပြီး ဝမ်လေးက မူကြိုတွင် သူ့သူငယ်ချင်းများနှင့် နေ့လည်စာစားနေလေသည်။ စုန့်ထင်ရှန်းက အခုတလောအိမ်ကိုညစာပြန်မစားဖြစ်သည်က များသော်လည်း ယွမ်ရှက စုန့်ထင်ရှန်းကို ဝီချက်မှ မက်ဆေ့ပို့၍ မေးနေဆဲသာဖြစ်သည်။ ပြန်စားမည်ဟု ပြောသော မက်ဆေ့ကိုကြည့်ပြီးနောက်တွင် ယွမ်ရှက ဟင်းပွဲများချက်ပြုတ်ရာတွင်သာ စိတ်နှစ်လိုက်တော့သည်။
သူမက ဘွဲ့ရပြီးသည်နှင့် တစ်ယောက်တည်းနေခဲ့သူဖြစ်သည်။ သူမ မှာစားရန်စိတ်မပါလျှင် ကိုယ့်ဘာသာ ရိုးရှင်းသောဟင်းပွဲလေးများ ချက်စားတတ်၍ ဟင်းချက်ရာတွင် အတွေ့အကြုံရှိလေသည်။ သူမ ယနေ့ညအတွက် ဘာဟင်းချက်ရမလဲတွေးပြီးသားဖြစ်သည်။ ဝမ်လေးအကြိုက် ကိုလာကြက်သားကြော်၊ စုန့်ထင်ရှန်းအကြိုက် ဝက်နံရိုးနှပ်၊ အာလူးချဉ်စပ်တောက်တောက်စဉ်းကြော်နှင့် ဟင်းရွက်စုံကြော်တို့ဖြစ်သည်။
ထိုဟင်းပွဲလေးခုက ချက်ရမခက်ခဲသော်လည်း ယွမ်ရှက ညနေလေးနာရီအထိ အသေအချာပြင်ဆင်လေသည်။
ယွမ်ရှက အာလူးနှစ်လုံးကို တောက်တောက်စဉ်းပြီးနောက်တွင် မတ်မတ်ပင်မရပ်နိုင်တော့ပေ။ ချက်ပြုတ်ခြင်းက သူမထင်သလောက် မရိုးရှင်းနေပေ။
ကံကောင်းစွာဖြင့် မီးဖိုချောင်ထဲဝင်ရာတွင် အတွေ့အကြုံရှိပြီး လုံးဝကြီးဘာမှမသိနေသည့်လူမျိုးမဟုတ်၍ တော်သေးပေသည်။ သူမက ဟင်းချက်နည်းအတိုင်း အတိအကျလိုက်လုပ်ပြီး သူမလုပ်ထားသမျှကို မြည်းကြည့်လေသည်။ အိမ်အကူအန်တီချက်သလောက် စားမကောင်းသော်လည်း ကောင်းပါသေးသည်။
ယွမ်ရှ ချက်ချင်း ယုံကြည်ချက်တို့ပြည့်သွားရသည်။ သူမသာ ပြင်းပြင်းထန်ထန်လေ့ကျင့်ပါက သူမ၏အချက်အပြုတ်အရည်အချင်းက သေချာပေါက်တိုးတက်လာပေမည်ဖြစ်သည်။ သူမသာ အနာဂတ်အလုပ်အတွက် အလုပ်မရှုပ်နေခဲ့ပါက ညတိုင်း ညစာချက်ရန်မှာ ပြဿနာမဟုတ်ပေ။
သူမ ထိုကဲ့သို့ဘဝမျိုးတွင် နေရမည်ကိုမကြောက်ပေ။ သူမက အစကတည်းက သာမန်လူတစ်ယောက်သာဖြစ်သည်။ အနာဂတ်တွင် အခက်ခဲများနှင့်ကြုံရပါလျှင်လည်း စုန့်ထင်ရှန်းနှင့် ဝမ်လေးသာ သူမနားရှိပါက တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မည်ဖြစ်သည်။
---
ဝမ်လေးနှင့် စုန့်ထင်ရှန်းတို့ ပြန်လာချိန်တွင် ညစာက အဆင်သင့်ဖြစ်နေလေပြီ။ ယွမ်ရှက ရေခဲသေတ္တာထဲမှ သစ်သီးများထုတ်ကာ အထူးတဆန်း အစွမ်းပြပြီး အသီးတစ်ပန်းကန်ပါ လှီးထားသေးသည်။ ယနေ့ညစာချက်ကြည့်ရာတွင် သူမက တိုးတက်လာဦးမည်ဖြစ်ပြီး စုန့်ထင်ရှန်းနှင့် ဝမ်လေးတို့ကိုစောင့်ရှောင့်ပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။ သူတို့ အိမ်အကူအန်တီကို ငှားရန်ပင် မလိုအပ်ပေ။
စုန့်ထင်ရှန်းနှင့် ဝမ်လေးတို့က စားပွဲပေါ်ရှိဟင်းပွဲလေးခုကို မြင်သည်နှင့် မယုံသင်္ကာ ပင်ဖြစ်သွားရသည်။
ဝမ်လေးက မေးလာသည်။
"ဝိုး... မာမား ဒါတွေမာမားချက်ထားတာလားဟင်...."
ယွမ်ရှက အေပရွန်ဝတ်ထားဆဲဖြစ်သည်။ သူမက ဂုဏ်ယူစွာဖြင့် မျက်နှာကိုမော်ချီလိုက်သည်။
"ဒါပေါ့... သားရဲ့မာမားက ဒါတွေအကုန်ချက်ထားတာလေ... သွားလက်သွားဆေး... စားဖို့က အဆင်သင့်ဖြစ်နေပြီ...."
စုန့်ထင်ရှန်းက ယွမ်ရှကို အံ့အားတသင့်ကြည့်လိုက်သည်။ သူဘာမှထုတ်မပြောလိုက်ဘဲ ဝမ်လေးကိုခေါ်၍ လက်အတူသွားဆေးလိုက်သည်။
သူဝမ်လေးကို ကြိုပြောထားရန်လည်း မမေ့ပေ။
"ညစာ စားမကောင်းရင်တောင်... အဖေတို့ဆက်စားနေမှရမယ်... သားမာမားကို စားမကောင်းဘူးလို့မပြောရဘူး... နားလည်လား..."
စုန့်ထင်ရှန်းက ယွမ်ရှကို မယုံ၍မဟုတ်ပေ။ သူမချက်ပေးသည့်ခေါက်ဆွဲမှာ စားကောင်းလှသည်။ သို့သော် အသေအချာစဉ်းစားကြည့်လျှင် ခေါက်ဆွဲချက်ရသည်မှာ အရည်အချင်းအများကြီးမလိုပါချေ။ ဟင်းပွဲများချက်ပြုတ်ရခြင်းကသာ အတော်လေးလိုအပ်ပေသည်။ ထို့အပြင် သူမချက်ထားသောဟင်းပွဲများက အတော်လေးအားထုတ်ရသော ဟင်းများဖြစ်နေသေးသည်။
ကလေးများက လိမ္မာပါးနပ်မှုမရှိပေ။ စုန့်ထင်ရှန်းက ဝမ်လေးစားသောက်ပြီး၍ ထွက်ပေါ်လာသည့် တုန့်ပြန်ချက်ကြောင့် ယွမ်ရှ၏ခံစားများကို မနာကျင်စေပေ။ ထို့ကြောင့် ဝမ်လေးကို စားမကောင်းလျှင်ပင် ကောင်းသလိုဟန်ဆောင်ရမည်ဟု ကြိုသတိပေးထားခြင်းဖြစ်သည်။
ဝမ်လေးက ကလေးသာဖြစ်သေး၍ သူ့မာမားချက်သော ဟင်းပွဲများအပေါ် အတော်လေးမျှော်မှန်းထားလေသည်။ သူစုန့်ထင်ရှန်းကိုပင် လောဆော်လိုက်သေးသည်။
"ပါပါး...မြန်မြန်လုပ်ပါ... သား မာမားချက်ထားတာစားချင်နေပြီ..."
စုန့်ထင်ရှန်း သက်ပြင်းချလိုက်သည်။
"ပါပါးပြောတာကောနားထောင်ရဲ့လား... သားသာ သားမာမားကို နာကျင်အောင်လုပ်မိရင် အကျိုးဆက်ကို ခံစားဖို့ပြင်ထားနော်..."
xxxxxx