Chapter 297
သားအဖနှစ်ယောက်က လက်ဆေးပြီးသည်နှင့် ထမင်းစားခန်းထဲ ဝင်လာကြသည်။ ယွမ်ရှက သူတို့အတွက် ထမင်းပင် ခူးပေးထားပြီးပြီဖြစ်သည်။ ထိုင်လိုက်သည်နှင့် သူမက သူတို့ကိုမျှော်လင့်တကြီးကြည့်ပြီး အမြန်စားကြည့်စေချင်နေသည်။
ဝမ်လေးက လုံးဝတုန့်ဆိုင်းမနေဘဲ ပန်းကန်ပြားပေါ်မှ ကြက်တောင်ပံကိုကောက်ယူကာ စားလိုက်သည်။ စားပြီးသည်နှင့် ပလုံးပထွေးပြန်ပြောလာသည်။
"စားကောင်းလိုက်တာ..."
ချက်ပြုတ်သည့်သူသာ ကိုလာကြက်သားကြော်ကို အညွှန်းအတိုင်းသေချာလိုက်လုပ်ပါက အရသာက ဆိုးမည်မဟုတ်ပေ။
ကလေးများ၏မျက်လုံးထဲတွင် သူတို့မိခင်များ ချက်ကျွေးသည့်ဟင်းများက အကောင်းဆုံးသာဖြစ်သည်။
စုန့်ထင်ရှန်းက ပန်းကန်ထဲမှ ဝက်နံရိုးတစ်ခုကို တုံ့ဆိုင်းစွာ ကောက်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် အရသာက အဆင်ပြေရုံမျှသာဖြစ်ပြီး အသားက အကျက်လွန်နေသည်။ သို့သော် မဆိုးလှပေ။ အထူးသဖြင့် ယွမ်ရှကဤဝက်နံရိုးများကိုချက်ထားသည်ဖြစ်၍ မျက်ခုံးများပင့်သွားပြီး လက်မထောင်ပြကာ ချီးမွမ်းလိုက်သည်။
"အတော်လေး အရသာရှိတယ်..."
ယွမ်ရှက သူမကိုယ်သူမ အတောအလေးစိတ်ကျေနပ်နေပြီး ပြန်ဖြေလာသည်။
"ဒါပေါ့လို့...."
သူမ ဤနေ့ည၏ ညစာကို အောင်မြင်စွာ ချက်နိုင်ခဲ့သည်။ သူမ လက်ကိုဓားမရှသလို ဆီပူလည်းမစင်ဘဲ စုန့်ထင်ရှန်းနှင့် ဝမ်လေးတို့ထံမှ ချီးကျူးခံရသေးသည်။
စုန့်ထင်ရှန်းနှင့် ဝမ်လေးတို့က အတော်လေး အကူအညီရသည်။ မိသားစုသုံးယောက် အတူတကွစားပြီး ဟင်းပွဲလေးခုလုံးကို အပြတ်ဖြတ်လိုက်သည်။
ညစာစားပြီးနောက်တွင် စုန့်ထင်ရှန်းက အလိုက်တသိဖြင့် ပန်းကန်ဆေးတာဝန်ကိုယူလိုက်သည်။ အိမ်တွင် ပန်းကန်ဆေးစက်ရှိနေလေရာ ပန်းကန်ဆေးရသည်မှာ လွယ်ကူရိုးရှင်းသွားပေသည်။ ဝမ်လေးက ဆိုဖာပေါ်တွင်ထိုင်ပြီး ကာတွန်းကြည့်နေသည်။ စုန့်ထင်ရှန်းက စားပွဲကိုသန့်ရှင်းရေးလုပ်နေသည်။ ယွမ်ရှက သစ်သီးများလှီးနေသည်။ လူတိုင်းက ကိုယ့်အလုပ်ကိုယ်လုပ်နေကြပြီး ဆောင်းတွင်းညဖြစ်နေသော်လည်း အလွန်အမင်းနွေးထွေးနေလျက်ရှိသည်။
ဝမ်လေးက တခြားကိုအာရုံရောက်နေသည်ကို အခွင့်ကောင်းယူပြီး စုန့်ထင်ရှန်းက ယွမ်ရှအရင်တစ်ခေါက်လုပ်သလို အတုခိုးပြီး သူမကိုနောက်ကသိုင်းဖက်လိုက်ကာ တီးတိုးမေးလေသည်။
"မင်းဘယ်လိုလုပ် ဟင်းချက်ဖြစ်သွားတာလဲ... အရင်ကဆို မင်းက မီးဖိုချောင်ထဲတောင် ဝင်ချင်တာမဟုတ်ဘူးလေ...."
ယွမ်ရှက ပန်းသီးလှီးနေရင်း ပြန်ဖြေလေသည်။
"လူတိုင်း သင်ထားသင့်တဲ့အရာတွေဆိုတာ ရှိတာပဲလေ...."
သူမက ချမ်းသာသောမိသားစု၏ အကြီးဆုံးသမီးမဟုတ်ပေ။ သူမ၏အရင်ကမ္ဘာတွင် သူမက သာမန်လူသာဖြစ်သည်။ နေ့တိုင်း အလုပ်ကပြန်လာသည်နှင့် ညစာချက်ရသည်။ ကိုယ့်အဝတ်ကိုယ်လည်း လျှော်ရသေးသည်။ ယခု သူမဤကမ္ဘာကိုရောက်လာပြီး ချမ်းသာသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်မှာ လအနည်းငယ်သာကြာသေးသည်။ ထို့ကြောင့် သူမ၏မူလအခြေအနေကို မည်သို့မေ့နိုင်မည်နည်း။ ထို့အပြင် သူမတွင် ယောက်ျားနှင့်ကလေးတစ်ယောက်ရှိနေလေရာ သူမသင်ထားသင့်သည့် အရာများရှိလေသည်။ သူမသာ စောစောသင်ထားပါ အမှန်တကယ်အရေအကြောင်းဆိုလျှင် အိုးနင်းခွက်နင်းမဖြစ်တော့မည်ဖြစ်သည်။
စုန့်ထင်ရှန်းက သူမလက်ထဲရှိ သစ်သီးလှီးဓားကိုယူလိုက်သည်
"ဒါပေမဲ့ ကိုယ်ကတော့ မင်းကို အိမ်အလုပ်တွေအများကြီးမလုပ်စေချင်ဘူး... မင်းရဲ့လက်တွေကို ပျက်စီးစေလိမ့်မယ်...."
"ကျွန်မလက်တွေကို သေချာကိုကာကွယ်ထားပါတယ်... ကျွန်မသာ ပန်းကန်မဆေးရင် အဆင်ပြေတယ်...ခဏနေရင် hand maskသုံးလိုက်ပါ့မယ်..."
စုန့်ထင်ရှန်း၏မှတ်ချက်ကိုကြားလိုက်ပြီး ယွမ်ရှက ပျားသကာရည်သောက်လိုက်ရသလို ခံစားလိုက်ရသည်။ သူမက လူအများစုထက် ကံကောင်းလေသည်။ သူမ၏ယောက်ျားက သူမက ဇနီးတစ်ယောက် မိခင်တစ်ယောက်ဖြစ်နေ၍ အိမ်အလုပ်များလုပ်ရမည်ဟု မတွေးဘဲ သူမအိမ်အလုပ်လုပ်နေ၍ စိတ်ဖိစီးနေသေးသည်။
"ကိုယ်တို့ ယာယီအိမ်အကူအန်တီငှားရင်ရော..."
စုန့်ထင်ရှန်း အကြံပြုလိုက်သည်။
ယွမ်ရှက ချက်ပြုတ်ရသည်ကို သဘောကျစိတ်ဝင်စားပါသ်ေလည်း စုန့်ထင်ရှန်းက သူမကို မလုပ်စေချင်ပေ။ သူတို့သာ အိမ်အကူအန်တီငှားလိုက်ပါက ပိုလွယ်ကူသွားမည်ဖြစ်သည်။ ၎င်းက သူမကို သူမကြိုက်သည့် အရာများအပေါ် အချိန်ပေးနိုင်ရန် လုံလောက်သွားမည်ဖြစ်သည်။ ဥပမာ ကိတ်မုန့်ဖုန်သင်တန်းတက်ခြင်းနှင့် အခြားအရာများဖြစ်သည်။
ယွမ်ရှ၏ ပထမဆုံးတုံ့ပြန်ချက်မှာ ငြင်းဆန်ရန်သာဖြစ်သည်။
"မငှားဘူး..."
အိမ်အကူအန်တီငှားရမယ်တဲ့လား.. လုံးဝမငှားဘူး.. သူတို့က မကြာခင် ခက်ခက်ခဲခဲနေရတော့မှာလေ.. သူတို့မှာ စုထားတာတွေအများကြီးရှိတယ်ဆိုပေမဲ့... သူတို့ ထင်ရာမြင်ရာလျှောက်သုံးနေလို့မှ မရတာ... သူတို့မှာ ကလေးတစ်ယောက်ကလည်းရှိသေးတယ်... ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ အတော်လေးဝန်ကြီးတယ်လေ...
"ဘာလို့မငှားတာလဲ... ကိုယ်တို့ရဲ့ အိမ်အကူအန်တီက နှစ်သစ်ကူးပြီးလို့ အတော်ကြာတဲ့အထိ ပြန်မလာသေးဘူးလေ..."
ယွမ်ရှက ရင်ဘတ်ပုတ်ပြလိုက်သည်။
"ကျွန်မရှိသေးတယ်မလား... ကျွန်မက ချက်ပြုတ်နိုင်သလို သန့်ရှင်းရေးလုပ်နိုင်တယ်လေ...."
စုန့်ထင်ရှန်းက ခဏမျှတိတ့်ဆိတ်သွားသည်။
"သေချာလို့လား...."
xxxxxxx