အပိုင်း ၉၂
Viewers 12k

Chapter 92


နောက်တစ်နေ့....


ဒေါက် …ဒေါက်


"မမလေး ဆာစီးနီယာ" 


အထဲက ဘာသံမှ မကြားရသောအခါ ရီနာ သည် ဆာစီးနီယာ ကိုနောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။သို့သော်လည်း မကြားရသေးပေ။


"ကျွန်မ ဝင်လာခဲ့မယ်နော်"


ရီနာ သည် တံခါးလက်ကိုင်ကို လှည့်လိုက်သည်။ လေးလံသောတံခါးမကြီးကို တွန်းဖွင့်လိုက်သည်နှင့် သူမ အံ့ဩသွားရတော့သည်။


 "ဟာ"


ရီနာ တစ်ခုခုကို တွေ့လိုက်ရပြီး အံ့ဩသွားလေ၏။


 "မမလေး ဆာစီးနီယာ" 


အိပ်ယာပေါ်တွင် အိပ်နေရမည်ဖြစ်သော ဆာစီးနီယာ သည် တံခါးရှေ့က ကြမ်းပြင်ပေါ်တွင် လဲနေတော့သည်။ ရီနာ သည် မူးလဲသွားတာလားဟု တွေးကာ ဆာစီးနီယာဆီ အမြန်သွားလိုက်သည်။


 "မမလေး ဆာစီးနီယာ…ထပါ" 


“အမ်…” 


ဆာစီးနီယာ သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ညည်းတွားလိုက်သည်။


 "အဆင်ပြေရဲ့လား…မမလေး ဘယ်နားက နေမကောင်းဖြစ်တာလဲ…ကျွန်မ ဆရာဝန်ခေါ်ရမလား" 


ရီနာ က သူမကို တရစပ်ပြောနေတော့သည်။


'ဒီ‌နေ့မှ ဘာလို့ ဒီလောက် စိတ်ရှုပ်နေရတာလဲ' 


ဆာစီးနီယာ သည် စိတ်ရှုပ်သွားသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။သို့သော်လည်း မကြာခင်မှာပင် ရီနာ စကားကို နားလည်သွားရသည်။


“အစ်မ မဖျားပါဘူး…အဆင်ပြေပါတယ်" 


ထို့နောက် သူမသည် အေးစက်နေသော ကြမ်းပြင်ပေါ်မှ ခုန်ထ,လိုက်သည်။ ပျောက်ကင်းသွားပြီဟု သူမထင်သော်လည်း ယခု ပြန်ဖြစ်လာပုံရသည်။ ထို့ကြောင့် သူမ ညက အိပ်ယာပေါ်တွင် အိပ်ပျော်သွားသော်လည်း ကြမ်းပြင်ပေါ်တွင် နိုးလာရခြင်းဖြစ်သည်။


“ဒါဆို မမလေးက ဘာလို့ ကြမ်းပြင်ပေါ်မှာ အိပ်နေတာလဲ…” 


ရီနာ သည် ဆာစီးနီယာ ကို စိုးရိမ်သွားရပြီး ဆွဲထူရင်း မေးလိုက်သည်။


ဆာစီးနီယာ သည် အတွဲမခံဘဲ ခေါင်းယမ်းကာ ကုတင်နားကို လျှောက်သွားလိုက်၏။


“တစ်ခါတစ်လေ ဒီလိုမျိုး ဖြစ်တတ်ပါတယ်…စိတ်မပူပါနဲ့” 


သူမသည် ကြမ်းပြင်ပေါ်တွင် အချိန်အတော်ကြာ အိပ်မောကျနေခဲ့တာကြောင့် တစ်ကိုယ်လုံး ညောင်းညာနေတော့သည်။ နောက်တစ်ကြိမ် ထပ်မဖြစ်တော့ဘူးဟု သူမ ထင်ထားသော်လည်း မထင်မှတ်ဘဲ ယနေ့ပြန်ဖြစ်လာသည်။


"မမလေး အရင်ကလည်း ဒီလိုဖြစ်ဖူးတယ်လား…ဆရာဝန် ခေါ်ပေးရမလား"


“ရတယ်…မခေါ်နဲ့”


"ဟုတ်လို့လား... ဆရာဝန်ပြတာ ပိုကောင်းတယ်မလား" 


ဆာစီးနီယာ က သက်ပြင်းချလိုက်ပြီး သူ့နောက်ကို လိုက်လာနေသည့် ရီနာ ကို သေချာပြန်ပြောလိုက်သည်။


“အိပ်နေရင်း ယောင်တာလေ…ဘာမှမဖြစ်ဘူး"


ဆာစီးနီယာ သည် ထုံကျင်နေသော ခန္ဓာကိုယ်ကို နွေးထွေးစေရန် အိပ်ရာပေါ် တက်ကာ စောင်တစ်ထည် ခြုံလိုက်သည်။


 "အိပ်နေရင်း ယောင်တာ…"


"သိပ်လည်း မပြင်းထန်ပါဘူး…ဒါပေမယ့် တစ်ခါတစ်လေမှာ ဖြစ်တတ်တာမို့ မပူနဲ့နော်"


ရီနာ က စကားတစ်ခွန်းမှ မပြောဘဲ ဆာစီးနီယာကို စိုးရိမ်စွာ ကြည့်နေတော့သည်။


"သခင်က အိပ်ရာနိုးရင် မမလေးနဲ့ မနက်စာ အတူတူစားချင်တယ်လို့ ပြောတယ်" 


"ဟုတ်လား…ခဏနေ ထလိုက်မယ်"


 "ဒါဆို မမမလေး တစ်ခုခု လိုရင် ခေါ်လိုက်ပါနော်"


ရီနာ ထွက်သွားသည်နှင့် ဆာစီးနီယာ သည် သူမ ဘာကြောင့် ယောင်ရမှန်းကို သိချင်လာသည်။ 


'ငါ မနေ့က စိတ်ဖိစီးနေလို့များလား' 


မနေ့က ကပွဲသည် သူမ ထင်ထားသည်ထက် ပိုပင်ပန်းသော်လည်း သိပ်လည်း စိတ်ဖိစီးမှုမရှိချေ။


 "ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လား" 


အေရိုးနီးယား နှင့် တွေ့ပြီးကတည်းက သူမစိတ်ထဲ တစ်မျိုးဖြစ်ခဲ့ရသည်။


ဆာစီးနီယာ သည် အိပ်ရာမှ နိုးနေပြီ ဖြစ်သောကြောင့် ခဏ မှေးနေပြီး ထလာခဲ့သည်။ မနေ့ က အပြန်လမ်းတွင် ရထားလုံးပေါ် မှာ ဟန်ဆောင်ပြီး အိပ်ခဲ့သည်။ သူမ ဘေးနားမှ ခပ်တိုးတိုးရယ်မောသံတို့ကို ကြားနေရသော်လည်း ဂရုမစိုက်ဘဲ မျက်လုံးကို တင်းတင်းမှိတ်ထားခဲ့သည်။ ဘန် သည် သူမ အိပ်မပျော်ကြောင်း သိသော်လည်း မသိဟန်ဆောင်၍သာ နေသည်။သူမကလည်း ရထားပေါ်တက်ပြီး ဆင်းချိန်အထိ သူ့အကြည့်တွေကို တမင်တကာ ရှောင်နေခဲ့သည်။အကယ်၍ အကြည့်ချင်းဆုံလိုက်လျှင်လည်း ဘာပြောရမှန်း သိမှာမဟုတ်ပေ။သို့သော် သူမ နှလုံးသားသည် တောက်လျှောက် တုန်ခါနေရပေသည်။


ထို့နောက် သူမ၏ ဒုက္ခအစမှာ ဘာမှမတွေးဘဲ ခုံပေါ်အိပ်လိုက်ခြင်းပင် ဖြစ်တော့သည်။ထိုသို့ သူမ အိပ်ပျော်ဟန်ဆောင်ပြီး မကြာမီ အေးစက်လှသော လက်တစ်စုံက လက်ချောင်းထိပ်များကို လာထိလေသည်။သေချာပေါက် ဘန်၏ လက်ချောင်းများသာ ဖြစ်ချေတော့သည်။ သူမတို့စိတ်တွေ ချိတ်ဆက်နေသလိုပင် တစ်ယောက်နှင့်တစ်ယောက်၏ လက်ချောင်း ထိပ်ဖျားလေးတွေက ညင်သာစွာ ထိတွေ့နေကြသည်။ နည်းနည်းလေး ထိတွေ့လိုက်ရုံနှင့် တစ်ယောက်ရင်ခုန်သံကို တစ်ယောက် ခံစားရနိုင်သည်။ 


 


“အိုး…”


ဆာစီးနီယာသည် မျက်နှာသစ်နေတုန်း မနေ့ညက သူမတို့နှစ်ယောက်၏ ပထမဆုံးအနမ်းကို သတိရသွားရပြီး မျက်နှာကြီး နီရဲလာ၏။ထို့နောက် ထူပူလာပြီး မျက်နှာကိုသာ အထပ်ထပ် ပြန်သစ်လိုက်သည်။


 * * *


 "စေ့စပ်ပွဲ"


ဆာစီးနီယာ မျက်လုံးကြီး ပြူးကာ မေးလိုက်သည်။ ခက်ရင်းနှင့် ထိုးထားသည့် ပန်းဂေါ်ဖီစိမ်းကလည်း ပန်းကန်ပြားပေါ် ကျသွားသည်။


 "ဟုတ်တယ်… မကြာခင် စေ့စပ်ပွဲလေး လုပ်ချင်တယ်… ဆာစီးနီယာ ကရော ဘယ်လိုထင်လို့လဲ"


ဘန် သည် ဆာစီးနီယာ ၏ပန်းကန်ထဲကို အသုပ်ထည့်‌ပေးလိုက်သည်။ 


“စေ့စပ်ပွဲအတွက် ပြင်ဆင်စရာ မလိုပါဘူး”


 "ဒါဆို စေ့စပ်ပွဲကို ရိုးရိုးလေးလုပ်ပြီး မင်္ဂလာပွဲကိုပဲ ခမ်းနားအောင် လုပ်လိုက်မယ်‌လေ"


ဆာစီးနီယာက ကိုင်ထားသည့် ခက်ရင်းကို ချလိုက်ပြီး သူ့ကိုကြည့်နေတော့သည်။


 "ဘန်…ဒီလို ပွဲအတွက် စိတ်မပူနဲ့တော့" 


စေ့စပ်ပွဲက အရေးမကြီးပေ။ထို့အပြင် ဘန်လည်း ပင်ပန်းပေလိမ့်မည်။ထို့ကြောင့် နှလုံးသားတစ်ခုတည်းသာ ပေါင်းစည်းပြီး တစ်ယောက်ကိုတစ်ယောက် ကတိပေးပြီး အကျဉ်းချုံးလိုက်လျှင် ပိုကောင်းမည်ဖြစ်သည်။


 "ကိုယ်က လောဘကြီးတယ်"


 "ဘယ်လို"


 "ကိုယ်က ဆာစီးနီယာ ရဲ့ ချစ်သူဆိုတာကို အားလုံးကို အသိပေးချင်တယ်"


သူသည် စားပွဲပေါ်တင်ထားသော ဆာစီးနီယာ ၏လက်ကို ဆုပ်ကိုင်ထားသည်။


"ဆာစီးနီယာ ကို ဘယ်သူမှ မထီမဲ့မြင်မပြုရဲအောင် ခမ်းခမ်းနားနားကြီး လုပ်ချင်တာ"


သူ့မျက်လုံးများက သူမကို စူးစူးစိုက်စိုက်ကြည့်နေပြီး ပြင်းပြသော ဆန္ဒများ ပါ၀င်နေသည်။ မနက်ကတည်းက သူမကို ယခုလိုကြီး ကြည့်နေခြင်းပင်။


ဆာစီးနီယာ သည် မနေ့ညက သူ့အကြည့်ကို ပြန်အမှတ်ရသွားသောကြောင့် စိတ်တည်ငြိမ်သွားအောင် ခေါင်းကိုခါယမ်းလိုက်သည်။ သူ့မျက်လုံးတွေကို သေချာ ကြည့်လိုက်လျှင် သူတို့နှစ်‌ယောက် နမ်းချင်နမ်းမိသွားနိုင်၏။ ထို့အပြင် ဘန် ၏ လက်ကလည်း သူမလက်ကို အနမ်းတစ်ပွင့်တောင့်တနေသလို ပွတ်သပ်နေသည်။


"ဘန် ကျွန်မ မနက်စာစားနေတယ်လေ"


ဆာစီးနီယာ က မကျေနပ်သဖြင့် အပြစ်တင်လိုက်သောအခါ ဘန် သည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။


 


"မနက်ခင်း နေလေးကလည်း သာနေတဲ့အချိန်မှာ ဆာစီးနီယာ ရဲ့မျက်နှာကို မြင်ရတာ စိတ်ထဲလန်းသွားတာပဲ"


 “ဟားဟား…”


မျက်နှာအရောင် မပြောင်းဘဲ ခပ်တည်တည် ပြောနေသော ဘန် ကြောင့် သူမရယ်မောလိုက်သည်။ 


"ရှင် သိပ်ပြီး ပြောင်းလဲသွားတယ်"


မနေ့ကတည်းက 180 ဒီဂရီပြောင်းသွားသည့် သူ့အမူအရာက သူမကို ထိတ်လန့်စေသည်။


"ရှင် အရင်က ဒီလို မဆင်မခြင်ကြီး မနေပါဘူး..."


ဆာစီးနီယာ သည် ယခုအချိန်တွင် ဤကဲ့သို့ဖြစ်နေမည်ကို စွဲလမ်းနေပါသည်။ ဆာစီးနီယာ က သူ့လက်ကို ဆွဲကိုင်လိုက်သည်။ သို့သော်လည်း ဘန် သည် သူ့လက်ကို လွှတ်ရန် ရည်ရွယ်ချက်မရှိသလို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။


 "ဘာမှမပြောင်းလဲဘူး…ကိုယ်က စိတ်မရှည်တာပါ"


ဘန် က သူ့ထိုင်ခုံကနေ ထလိုက်ရာ ထိုင်ခုံဆီမှ ကျွီကနဲ မြည်သံက သူမကိုတုန်လှုပ်သွားစေသည်။


သူမ အခုတော့ အန္တရာယ်ရှိနေပြီဖြစ်သည်။ဘန်၏ ဦးခေါင်းမှ ခြေဖျားအထိ သူမအတွက် အန္တရာယ်မဖြစ်စေသော နေရာမရှိပေ။ပေါ့ပေါ့ပါးပါး ဝတ်ထားသော သူ့အင်္ကျီအောက်က ကြွက်သားများကလည်း သူ လမ်းလျှောက်လိုက်တိုင်း ထင်းနေရသည်။


 "အဲ့ဒီကနေပဲပြော"


ဆာစီးနီယာ က အလျင်စလို ထအော်လိုက်သည်။ ဘန် သည် ခြေလှမ်းနှစ်လှမ်းမျှသာ ရွေ့သွားသော်လည်း အလွန်နီးကပ်နေရသည်။ 


"ဆာစီးနီယာ"


သို့သော် သူသည် သူမနှင့် အလွန်ပင် နီးကပ်နေပြီဖြစ်သည်။ သူက သူမထိုင်နေသည့် ထိုင်ခုံကို သူ့ဘက်ဆွဲလှည့်လိုက်သည်။


 


“ကျွီ” 


ထိုင်နေသူတစ်ယောက်မှ မရှိသလိုမျိုး ထိုင်ခုံက ပေါ့ပါးပြီး ချာကနဲ သူ့ဘက်လှည့်သွားသည်။


ဆာစီးနီယာသည် လန့်ဖျပ်သွားသည့် ယုန်တစ်ကောင်လို မျက်လုံးဖွင့်ကြည့်လိုက်ရာ ဘန် ၏ ရင်ဘတ်သည် သူမ မျင်နှာရှေ့တွင် ရောက်လာသည်။ဘယ်ကို ကြည့်ရမှန်းမသိတော့သည့် ဆာစီးနီယာ က ခေါင်းငုံ့ပြီး ဘန် ၏ လက်ကိုသာ စိုက်ကြည့်နေတော့သည်။သူ့လက်က ထိုင်ခုံလက်ရန်းကို ကိုင်ထားဆဲဖြစ်ပြီး သွေးပြန်ကြောများကလည်း ပေါက်ထွက်မလို ဖုဖောင်းနေသည်။ သူမ၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်ကာ အာခေါင်လည်း ခြောက်လာရသည်။


"ကိုယ်တို့ ရထားလုံးစီးပြီး ပြန်အလာတုန်းက ဘယ်လောက်တောင် သည်းခံခဲ့ရလဲ မင်းသိလား" 


“…” 


ဆာစီးနီယာ သည် ရထားလုံးပေါ်မှာ တစ်ချိန်လုံး အိပ်ပျော်နေဟန် ဆောင်ထားတာကြောင့် သူမ ဘာမှ မပြောတော့ပေ။ ဘန် ၏လက်သည် သူမ၏ နားရွက် အနောက်ဘက်ရှိ ဆံပင်ရှည်များဆီသို့ ရောက်သွားသဖြင့် သူမ ဆတ်ကနဲဖြစ်သွားရသည်။ 


 “ထမင်းစားခန်းကြီးမှာ…” 


အခုအချိန်မှာ သူတို့ နှစ်ယောက်ပဲ ရှိနေသော်လည်း အစေခံတွေ ချက်ချင်း ဝင်လာနိုင်သော နေရာဖြစ်သည်။ ရှက်စရာကောင်းလှသဖြင့် ဆာစီးနီယာ က အားတင်းပြီး သူ့ကို ပြန်တွန်းထုတ်ခဲ့သော်လည်း အသုံးမဝင်ပေ။ သူမ မော့ကြည့်လိုက်တော့ ဘန် ၏ မျက်လုံးတွေက နောက်ဆုတ်ဖို့ ရည်ရွယ်ချက်မရှိသလိုပင်။


ဘန် က ခပ်ဖွဖွ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်သည်။ 


"ကိုယ်သိပါတယ်" 


ခပ်ဖွဖွ အသံတစ်ခုက သူမ နားထဲကို ထိုးဖောက်ဝင်ရောက်လာသည်။ ခဏကြာသောအခါ သူ့နှုတ်ခမ်းတွေက သူမနဖူးကို လာထိပြီး မွကနဲ အသံထွက်လာသည်။ဆာစီးနီယာ ၏ မျက်လုံးများသည် လိပ်ပြာ အတောင်ပံလို တဖျပ်ဖျပ်ခတ်နေတော့သည်။ 


"မင်းစိတ်ပူရင် မင်းအခန်းထဲ သွားမယ်လေ"


အခန်းထဲတွင် နမ်းရတာသည် လူအများကြီးရှိနေသည့်နေရာမှာ နမ်းရတာထက် ပိုပြီး လုံခြုံနိုင်သည်။ဆာစီးနီယာ က "အင်း" ဟု ဖြေဖို့ ကြိုးစားသော်လည်း ဘန် ဆက်ပြောလာသော စကားကြောင့် မပြောဖြစ်လိုက်ပေ။


 "ဒါပေမယ့် မင်း အခန်းကို သွားလိုက်ရင် အခုထက်တောင် ပိုကြာလိမ့်မယ်" 


သူမ ရှက်ကိုးရှက်ကန်းနှင့် သူ့မျက်နှာကို မော့ကြည့်လိုက်ရာ ထူးဆန်းသည့် အပြုံးနှင့် ပြုံးနေသည်ကို မြင်လိုက်ရသည်။


ဆာစီးနီယာ အကျပ်ရိုက်နေရသည်။ သူတို့နှစ်ယောက် သူမ အခန်းကိုသွားလိုက်လျှင် တစ်နေကုန် နေနိုင်သော်လည်း ထမင်းစားခန်းထဲမှာ ဆိုပါက အစေခံတွေ မြင်သွားနိုင်သည်။ဆာစီးနီယာ သည် ရွေးချယ်ခွင့်ရှိမရှိ တွေးနေပြီး စိတ်ပူပန်နေသည်။ 


ဘန်က သူမကို စူးရှရှ ကြည့်ရင်း ပြုံးလိုက်သည်။ စိုးရိမ်နေသည့် သူမ အမူအရာက ချစ်စရာကောင်းလွန်းလှသည်။ဘန် သူမ အဖြေကို မစောင့်နိုင်တော့။


 "ဒါဆိုလည်း ကျွန်မ အခန်းထဲသွားရအောင်..." 


ဘန် ၏မျက်လုံးများသည် ရုတ်တရက်တောက်ပလာသည်။ 


“မသွားချင်‌တော့ဘူး"


 "…ဘာလို့" 


"မင်းအခန်းထဲထိ သွားရမှာကို မစောင့်နိုင်တော့လို့"


ထို့နောက် သူ၏ အနက်ရောင်ဆံပင်များက သူမ နဖူးကို ကလိလိုက်ကြသည်။ အသက်ရှုသံပြင်းပြင်းကလည်း သူမနှုတ်ခမ်းကို ထိလုနီးပါး ဖြစ်နေ၏။


“သခင်ကြီး" 


မာချန်းသည် ထမင်းစားခန်းထဲသို့ ဝင်သွားသည် ။ 


"ကျွန်တော် တောင်းပန်ပါတယ်" 


မာချန်းသည် သူ့ရှေ့မှ မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေသည်။ ဆာစီးနီယာ သည် မာချန်းကို ရှက်သွားပြီး ဘန်၏ ရင်ဘတ်ကို တွန်းထုတ်လိုက်သည်။ 


"ဘာလဲ" 


ဘန်သည် မာချန်းက နှောင့်ယှက်လိုက်တာကြောင့် စိတ်ဆိုးသွားရပြီး ဆောင့်ကြီးအောင့်ကြီး အော်လိုက်တော့သည်။