Chapter 93
ဘန် ၏ အေးစက်သောလေသံကြောင့် မာချန်းက ခေါင်းငုံ့ကာ ဆက်ပြောသည်။ နောက်မှ ပြောပြချင်သော်လည်း စောင့်နေလို့မဖြစ်ပေ။
“အဲ့ဒါ… အိမ်ရှေ့စံမင်းသား ရောက်လာလို့ပါ”
ဆာစီးနီယာ နှင့် ဘန် တို့နှစ်ယောက်လုံးမျက်မှောင်ကြုတ်သွားကြသည်။
မနက်မိုးလင်းသေးဘဲ ဘာလို့ သူများ အိမ်ကို လာတာလဲ…
“ဟူး…”
ဘန် သည် စိတ်အနှောင့်အယှက် ဖြစ်စရာများကြောင့် ဆံပင်ကို ကြမ်းတမ်းစွာ သပ်လိုက်သည်။ အိမ်ရှေ့စံကို သာမက သတင်းပို့ဖို့ကလွဲ၍ ရွေးချယ်စရာမရှိသော မာချန်းကြောင့်လည်း ဖြစ်သည်။
"နောက်မှတွေ့မယ်နော်"
ဆာစီးနီယာ က ပြောပြောဆိုဆို ထလိုက်သည်။ ကံအားလျော်စွာနှင့် အိမ်ရှေ့စံ၏ ကျေးဇူးကြောင့် နံနက်စာစားချိန် ကုန်ဆုံးသွားခဲ့ရသည်။ထို့ကြောင့် ဘန် စိတ်အနှောင့်အယှက်ဖြစ်ရသည်မှာ အံ့သြစရာမဟုတ်ပေ။
“ခဏစောင့်ပါလို့ ပြောလိုက်"
ဘန် က ပြန်ပြောလိုက်သည်။
ဆာစီးနီယာက အံ့သြသောအကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။ ဘန် ဘယ်လောက်ပဲ အာဏာရှိနေပါစေ၊ အိမ်ရှေ့စံကို စောင့်ခိုင်း၍မရပေ။ ဘန် က အလုပ်ရှုပ်နေတာလည်း မဟုတ်ဘဲ သူမနှင့်သာ အလုပ်ရှုပ်နေခြင်းပင်။
"မဟုတ်ဘူး… အိမ်ရှေ့စံကို မစောင့်ခိုင်းပါနဲ့လား"
"မချိန်းထားပဲ ရုတ်တရက်ရောက်လာတာဆိုတော့ အဆင်ပြေပါတယ်"
'ဘယ်လိုသတ္တိမျိုးလဲ'
ဆာစီးနီယာ က တစ်ခုခုပြောဖို့ ကြိုးစားလိုက်သော်လည်း မာချန်းက အရင် ပြောလာသည်။
"အရှင့်သားက မမလေး ဆာစီးနီယာ နဲ့တွေ့ချင်တာပါတဲ့"
“…ဟင်”
မမျှော်လင့်ထားသော စကားကြောင့် ဆာစီးနီယာ အံဩသွားရသည်။
"ဘာလို့လဲ"
ဘန် ၏မျက်နှာသည် ယခင်ကထက် ပို၍ မှုန်ကုပ်ကုပ်ဖြစ်နေသည်။
“အဲ့ဒါလည်း ကျွန်တော် မသိပါဘူး… သူက ဧည့်ခန်းထဲမှာ စောင့်နေမယ်… မမလေး ဆာစီးနီယာ တစ်ယောက်တည်း လာဖို့လည်း ပြောပါတယ်"
"ထွက်သွားတော့"
"ဒါဆို သခင့်ကို နှုတ်ဆက်ပါတယ်ခင်ဗျာ"
မာချန်းသည် ဘန် ဒေါသမထွက်မီ ထမင်းစားခန်းထဲမှ အမြန်ထွက်သွားသည်။ ဆာစီးနီယာ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။ လိုင်မာဖီးရပ်စ် သည် ဘန် ဆီ လာသည်ဟု ထင်ထားပြီး သူမဆီ လာမည်ဟု ထင်မထားပေ။
အကြောင်းအရင်းက ဘာလဲ…
' ဗားန် ရဲ့ကိစ္စလား'
မူရင်းဇာတ်လမ်းထဲတွင် ကပွဲအခန်းကို ဘယ်လိုပင် ရေးဖွဲ့ထားပါစေ၊ လိုင်မာဖီးရပ်စ် သည် ပွဲကို ဖိတ်ကြားထားခြင်းမရှိသော ဗားန် တက်ရောက်သည့်အတွက် သူမအား အပြစ်တင်မည် မဟုတ်ချေ။ထိုလုပ်ရပ်သည် ဧကရာဇ်နန်းတော်ကို စော်ကားခြင်းလိုပင်။
ဆာစီးနီယာ သည် လိုင်မာဖီးရပ်စ် ကို သဘောမတွေ့လှသော်လည်း သူမ သွားရပေမည်။
"ပြန်လာခဲ့မယ်"
"ကိုယ်လည်း မင်းနဲ့လိုက်ခဲ့မယ်"
ဘန် သည် ဆာစီးနီယာ ၏ လက်ကိုကိုင်ထားသည်။ သူမကို လိုင်မာဖီးရပ်စ် နှင့် တစ်ယောက်တည်း မတွေ့စေချင်ပေ။ ထို့ကြောင့် သူမကို လွှတ်မထားနိုင်ဘဲ ပူပန်နေမိသည်။ တစ်ယောက်ကို တစ်ယောက် စကားသာ ပြောကြမယ်ဆိုတာ သူသိသော်လည်း လိုင်မာဖီးရပ်စ် အကြောင်းကို သိနေသည့်အတွက် ပိုမုန်းနေသည်။
"စိတ်မပူပါနဲ့”
ဆာစီးနီယာ က ပြုံးပြီး သူ့ပါးကို ညင်သာစွာ နမ်းလိုက်သည်။ စိုးရိမ်နေပုံရသော ဘန်ကို သူမနှလုံးသားက ဘယ်မှာရှိတယ်ဆိုသည်ကို အရိပ်အမြွက်ပြောပြလိုက်ရသည်။
ဘန် သည် မျက်လုံး ပြူးသွားပြီး ဆာစီးနီယာ ၏ ပထမဆုံး အနမ်းကို အံ့အားသင့်သွားရသည်။ထို့နောက် နှင်းတွေ အရည်ပျော်သွားနိုင်သည့် နူးညံ့ သော အပြုံးလေးနှင့် သူမ လက်ကို ဆုပ်ကိုင်ထားလိုက်၏။
"ဒီအနမ်းက မင်းကို လိုက်မပို့ရဘူးလို့ ဆိုလိုတာလား"
"မဟုတ်ဘူး…ပြန်လာမယ်လို့ ပြောတာ"
ဆာစီးနီယာ က တခစ်ခစ်ရယ်ပြီး သူ့မျက်နှာကို လက်နှစ်ဖက်နှင့် ပွတ်သပ်နေသည်။ဘန်က သူမကို မလွှတ်ချင်သလို ခါးကို ခပ်တင်းတင်း ဖက်ထားရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"ကိုယ့်အခန်းထဲမှာ စောင့်နေမယ်"
အဓိပ္ပါယ်များစွာရှိသော စကားဖြစ်ပြီး သူမ မတ်တပ်မရပ်နိုင်အောင် မူးဝေစေလောက်အောင် ပြင်းထန်လှသည်။
“…”
ဆာစီးနီယာ က ပြီးသွားပြီဟု ထင်ခဲ့သော်လည်း သူ့စကားကြောင့် နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ အင်းဟု ပြောရမှာလည်း ရှက်ရသလို သူမ၏ နှလုံးသားကလည်း မငြင်းချင်ပေ။ သေချာတာတစ်ခုကတော့ သူနှင့် နှစ်ယောက်တည်း အချိန်ဖြုန်းရတာကို သဘောကျမိ၏။ ဘန် သည် ဆာစီးနီယာ ကို ကြင်နာစွာပြုံးပြလိုက်သည်။
"ဘယ်တော့ စေ့စပ်ပွဲ လုပ်ချင်လဲ"
သူ့နှုတ်ခမ်းများက သူမ နဖူးပေါ်ထိသွားရပြီး ဆာစီးနီယာ ကလည်း မော့ကြည့်လိုက်သည်။ သူ့အကြည့်တွေက မနက်ခင်းနေရောင်လို နွေးထွေးလှသည်။
"မနက်ဖြန်ဆိုရင်တောင် အဆင်ပြေပါတယ်"
သူမအတွက် အရေးမကြီးပေ။သို့သော် စေ့စပ်ပွဲကို သူတို့ နှစ်ယောက်တည်းသာ ကျင်းပချင်သည်။
"ဒါပေမယ့် ဆောင်းကုန်ပြီး နွေဦးပေါက်လာတဲ့အခါမှ မင်္ဂလာပွဲကို ကျင်းပကြရအောင်နော်"
ဝတ္ထု ပြီးသွားသောအခါမှ ပေါ့ပေါ့ပါးပါးနှင့် သူ့ဘဝတစ်သက်တာလုံးအတွက် ကတိတစ်ခုပေးချင်သည်။ နွေဦးရောက်ရန် အချိန်သိပ်မကျန်တော့ချေ။အနည်းဆုံး နောက်တစ်လခန့်ကြာလျှင် နှင်းတွေ အရည်ပျော်ပြီး အပင်တွေ ပေါက်လာကြပေမည်။
"ရာသီဥတု ပူတုန်းလေး လုပ်ချင်တယ်"
မူရင်း ဝတ္ထုအကြောင်း မပြောနိုင်သော်လည်း ဆာစီးနီယာ က ထိုအကြောင်းပြချက်ကိုသာ ပေးလိုက်သည်။ အေးသည့်နေ့ထက် ပူသည့်နေ့တွေမှာ လုပ်တာက ပိုကောင်းသည်။ သူ့သတို့သမီးလေး ဖြစ်လာတော့မည့် ချစ်စဖွယ် ကောင်မလေးကို ငုံ့ကြည့်ရင်း ဘန် က သူမ၏ နဖူး၊မျက်လုံးတွေနှင့် နှာခေါင်းကို ခပ်ဖွဖွ နမ်းလိုက်သည်။
"မင်းသဘော"
နောက်ဆုံးတော့ သူမ၏ နှုတ်ခမ်းနီရဲရဲလေးပေါ် သူ့နှုတ်ခမ်းကို ထပ်လိုက်တော့သည်။
* * *
“အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ်”
ဧည့်ခန်းထဲ ဝင်သွားသောအခါ ဆာစီးနီယာ က ပြတင်းပေါက်အနားမှာ ရပ်နေသည့် လိုင်မာဖီးရပ်စ် ၏ ကျောပြင်ကို ကြည့်ရင်း နှုတ်ဆက်လိုက်သည်။
"မင်းနည်းနည်း နောက်ကျတယ်"
လိုင်မာဖီးရပ်စ် က နောက်လှည့်လာပြီး တောက်ပစွာ ပြုံးလိုက်သည်။ ထိုအပြုံးထဲတွင် တစ်ခုခုရှိနေပုံရသောကြောင့် ဆာစီးနီယာ ရင်ထဲ တုန်လှုပ်သွားသော်လည်း ဘာမှမဖြစ်သလိုနေလိုက်သည်။ သူပြောသည့်အတိုင်း သူမ နည်းနည်းနောက်ကျသွား၏။ သူမ နောက်ကျမှ ရောက်ရခြင်းမှာ ဘန် နှင့်အတူရှိနေရတာကို သဘောကျသောကြောင့် ဖြစ်သည်။
"တောင်းပန်ပါတယ်ရှင်"
ထို့နောက် လိုင်မာဖီးရပ်စ် သည် ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။
"ထိုင်ရအောင်"
ထို့နောက် ဆာစီးနီယာ သည် သူနှင့်မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
လိုင်မာဖီးရပ်စ် သည်သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားသည်။ တခြားအရေးကြီးသည့် ကိစ္စများ ချိန်းထားသလား မသိရသော်လည်း သူ့ပုံစံက အရင်ကထက် ရွှင်လန်းနေသည်။
"မင်း အရင်ကထက် ကိုယ့်ကို ပိုကြည့်နေပါလား"
လိုင်မာဖီးရပ်စ် သည် လက်ဖက်ရည်ခွက်ကိုချကာ အဓိပ္ပါယ်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။ ဖာဘီယမ်း လမ်းတုန်းက မြို့စားမင်း ၏ လျှို့ဝှက်ချက်ကို ပြောပြစဉ်က သူဘာကြောင့် ပြောခဲ့မှန်း မသိခဲ့ပေ။
'ဒါပေမယ့် အခုတော့ ငါတို့အတွက်ပဲဆိုတာ သိလိုက်ပါပြီ'
"အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် အရှင့်သား"
ဘာပဲဖြစ်ဖြစ်၊ လိုင်မာဖီးရပ်စ် က မြေအောက်ခန်း အကြောင်းကို သူမအား ပြောပြခဲ့သည့်အတွက် ဘန် ၏အတိတ်ကို သိခဲ့ရပြီး အပြည့်အဝနားလည်မှု ပေးနိုင်သွားသည်။
လိုင်မာဖီးရပ်စ် သည် အမှန်တရားကို အလုံးစုံသိပြီး ဘန် ကိုစိတ်ပူပေးကာ သူငယ်ချင်းကောင်းလို သတ်မှတ်ပေးသည့်အတွက် သူမ ကျေးဇူးတင်ရပေသည်။
“စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ် ကြားလိုက်ရတယ်"
"ဘာပါလဲ…"
ဆာစီးနီယာ က သူမ သိချင်သော အဖြေကို မေးလိုက်သည်။မနက်ခင်းကြီး ရောက်ချလာသော လိုင်မာဖီးရပ်စ် သည် တော်ရုံတန်ရုံ အသေးအဖွဲကိစ္စတော့ မဟုတ်နိုင်။
“ကျောက်တုံးကြီးလို အေးစက်စက်ဖြစ်နေတဲ့ မြို့စားမင်း ဟာ မိန်းကလေးတစ်ယောက်ကို အိမ်ပေါ် ခေါ်တင်ထားတယ်တဲ့…ဘုရင်မလည်း အဲ့ဒီကောလဟာလအကြောင်းကို သိတယ်"
ဆာစီးနီယာ သက်ပြင်းချလိုက်သည်။ မျက်လုံးနှင့် နားတွေ ဘယ်လောက်ပဲရှိရှိ၊ လူတစ်ယောက်၏ ပုဂ္ဂိုလ်ရေးရာကို ဝင်ရောက်စွက်ဖက် နေသည့်အတွက် စိတ်မသက်မသာ ခံစားရသည်။
“မနေ့က ကပွဲကို အတူလာကြည့်တာဆိုတော့ ကောလဟာလတွေက မှန်သွားပါပြီ…ကိုယ် ပြောတာကို မင်း သဘောပေါက်ပြီ ထင်တယ်"
“အားလုံးအတွက် ကျေးဇူးတင်ပါတယ်…အရှင့်သား"
"အခု မင်း ကိုယ့်ကိုယုံပြီလား"
"အဟမ်း…အဲ့ဒီတုန်းက ရိုင်းပြမိသွားတာ တောင်းပန်ပါတယ်..."
"ဟားဟား… နောက်တာပါ"
ဆာစီးနီယာ ၏ မျက်ခုံးများ တွန့်ချိုးသွားရသည်မှာ လိုင်မာဖီးရပ်စ် ၏ အဓိပ္ပာယ်မရှိသော ဟာသများကြောင့် မဟုတ်ပေ။ အိမ်ရှေ့စံသည် အကြောင်းတစ်ခုခုကြောင့် အဓိကအကြောင်းအရာကို မပြောဘဲ လှည့်ပတ်ပြောနေသလို ခံစားရတာကြောင့်ပင်။
"အလက်စ်အနားမှာ မစ္စ ဆာစီးနီယာ ရှိပေးနေတာ ကောင်းပါတယ်…သူက ကျောက်တုံးတစ်တုံးလို သန်မာတဲ့လူဆိုတော့ သူ့ကိုယ်သူ လိုက်လျောညီထွေရှိဖို့ လိုအပ်တယ်…မစ္စ ကသာ သူ့ဒေါသကို ပျော့ပျောင်းစေတဲ့ တစ်ဦးတည်းသော မိန်းကလေးလေ"
ဆာစီးနီယာ သည် ဘန် ကို ဂရုစိုက်ပေးသော လိုင်မာဖီးရပ်စ်၏ စကားကို လေးနက်စွာ နားထောင်နေမိတော့သည်။ သို့သော် ဆာစီးနီယာ သံသယဝင်နေမိသည်။အကြောင်းမှာ သူ့အပြုံးက သူမကို အနှောင့်အယှက်ဖြစ်နေသလို ခံစားနေရ၏။
"အရှင့်သား…ကျွန်မကို ပြောစရာရှိလို့လား"
လိုင်မာဖီးရပ်စ် က သူမ အမေးကို ပြုံးလိုက်သည်။
"ထင်တဲ့အတိုင်း မင်းက တယ်လျှင်တာကိုး…ကျေးဇူးဆပ်နည်းသိတဲ့သူကို ကိုယ်ကတော့ ချီးမြှောက်မိမှာပဲ"
ဆာစီးနီယာ သဘောပေါက်သွားသည်။ လိုင်မာဖီးရပ်စ် သည် ထိုအချိန်က သူမအား မြေအောက်ခန်း အကြောင်းကို ပြောပြခဲ့သည့်အတွက် တစ်ခုခုကို မျှော်လင့်နေခြင်းဖြစ်သည်။
"အရှင့်သား…ကျွန်မရဲ့ အကူအညီလိုရင်ပြောပါ"
လိုင်မာဖီးရပ်စ် က ကျေနပ်သည့် မျက်နှာနှင့် ခေါင်းညိတ်ပြီး ပြောလေသည်။
"ဗားန် အကြောင်းပါ"
"ဗားန် အကြောင်း"
ဆာစီးနီယာ သည် ရင်းနှီးသော နာမည်ကို မသိဟန်ဆောင်ကာ မျက်လုံးကို ဝိုင်းစက်နေအောင် ပြူးကျယ်လိုက်သည်။ ဗားန် ဆိုသောအမည်ကို သူ့ပါးစပ်မှ ထွက်တာကို သူမ မယုံနိုင်။ မနေ့က ကပွဲမှာ ကခုန်ခဲ့ခြင်းက ထိရောက်ပုံရသည်။မျှော်လင့်ထားသည့်အတိုင်း၊မနေ့က အခန်းသည် သူတို့ အချင်းချင်း ခံစားချက်များကို နားလည်သဘောပေါက်သည့် အဓိကအခန်းဖြစ်သည်။
ဆာစီးနီယာ သည် သူမစီစဉ်ထားသည့်အတိုင်း အရာအားလုံးသည် မူလဝတ္ထုအတိုင်း ဖြစ်နေသည့်အတွက် အနည်းငယ် စိတ်သက်သာရာရသွားသည်။ တစ်ယောက်ကို တစ်ယောက် ချစ်ကြောင်း အတည်ပြုပြီးနောက်ဝတ္ထုသည် ဆုံးသွားမည်ဖြစ်သည်။
“ဗားန်း.…သူမကို လိုအပ်တယ်"
"အသေးစိတ် ပြောပြလို့ရမလား…အရှင့်သား"
"သူမက ကိုယ်နဲ့ ရေစက်ပါမှန်း စိတ်ထဲက သိနေတယ်"
လိုင်မာဖီးရပ်စ် သည် အနည်းငယ် ရှက်သွားပုံရပြီး အမြဲတမ်း တည်တည်ငြိမ်ငြိမ်သာ ပြုံးတတ်သူက နည်းနည်း ပြာယာခတ်နေသည်။မြေခွေးလို ပြုံးပြတာထက် ရှက်ရွံ့နေပုံကို မြင်ရတာ သူမအတွက် အထူးအဆန်းဖြစ်နေသည်။
"ဟုတ်လား"
ဆာစီးနီယာ က ဝင်ထောက်ပေးလိုက်သည်။ တွေးကြည့်လိုက်လျှင် အမျိုးသား ဇာတ်ဆောင်က အမျိုးသမီး ဇာတ်ဆောင်ကို သဘောကျကြောင်း ဝန်ခံသည့် မြင်ကွင်းကို သူမကိုယ်တိုင် မျက်စိနှင့် မြင်နေရခြင်းပင်။ လွန်ခဲ့သော 3 နှစ်က သူမ ယခုလို မြင်ခွင့်ရလိမ့်မည်ဟု မျှော်လင့်မထားမိ။ ထိုစဉ်က မူရင်းဇာတ်ကောင်များနှင့် မပတ်သက်ဘဲ တိတ်တဆိတ် နေထိုင်သွားမည်ဟုသာ တွေးခဲ့၏။သို့သော်လည်း ဘန် နှင့် တွေ့ပြီးနောက် အရာအားလုံးပြောင်းလဲသွားရသည်။ ရှေးလူကြီးများဆိုခဲ့သော "အနာဂါတ်ကို ကြိုမသိနိုင် " ဟူသော စကားသည်ကား အလွန်ပင် မှန်ကန်လှ၏။
"ဒါကြောင့် မစ္စက ကိုယ့်ကိုကူညီရမယ်"
"ဘယ်လို"
ရုတ်တရက် အကူအညီတောင်းလာသဖြင့် သူမ အံ့သြသွားသည်။
'မူရင်းဝတ္ထုမှာ ဘယ်သူကမှ မကူညီဘဲ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို နားလည်ခဲ့တာဆိုတော့…အခုက ဘာလို့လဲ...'
နီရဲနေသော သူမ မျက်လုံးများသည် ခေတ္တမျှ လှုပ်ခါသွားသည်။
“ဗားန် က မင်းကို အများကြီး ယုံကြည်ပြီး အားကိုးတယ်လေ… ဒါကြောင့် မစ္စ ဆာစီးနီယာ က ကိုယ့်အတွက် အားဖြစ်ပေးပါ”
ဘာမဆို ကူညီပါ့မည်ဟု ပြောခဲ့တာမို့ သူမ ငြင်းဆန်လို့ မရတော့။ ဗားန် နှင့် လိုင်မာဖီးရပ်စ် ကြားတွင် ညပ်နေသော ဆာစီးနီယာ သည် စိတ်ဖိစီးသွားရသည်။သူတို့ကိစ္စတွေနှင့် မပတ်သက်ဖို့ လုပ်လေလေ၊သူတို့နှင့် ပိုပိုပြီး နွယ်မိနေရသည်။