အပိုင်း ၉၄
Viewers 12k

Chapter 94

"အိပ်နေရင်း လမ်းထလျှောက်တယ် ဟုတ်လား"

အစေခံ၏ စကားကြောင့် အမျိုးသမီး သည် စူးစူးရဲရဲ စိုက်ကြည့်လာသည်။ 

"ဟုတ်တယ်… သူက အိပ်နေတာတဲ့လေ…ဒါပေမယ့် လူကောင်းကြီးလို လမ်းတွေထလျှောက်တာ"

အမျိုးသမီးသည် မေးစေ့ကို ပွတ်သပ်ကာ မထင်မှတ်ထားသော အချက်ကို တွေးမိသွားသည်။ 

“ထယောင်တာပေါ့"

အမျိုးသမီးသည် အစေခံကို အရိပ်အခြည်ပြလိုက်ရာ အစေခံကလည်း ဘာမှ မပြောဘဲ အခန်းထဲက ထွက်သွားလေသည်။

အမျိုးသမီးက ရေးနေသည့် စာကို ခြစ်ချလိုက်ပြီး စာရွက်အသစ်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။

 ''လေးစားရပါသော မြို့စား ကိုင်လို့စ်…"

"စုန်းမက အိပ်ရင်း ထထယောင်တတ်ပါတယ်…ညဘက်ကျရင် လူကောင်းလိုပဲ အိပ်နေရင်း လျှောက်သွားနေတယ်တဲ့"

 

 "သူသာ ကောင်းကောင်းလုပ်ရင် ငါလည်း ကောင်းကောင်း အသုံးချနိုင်တယ်" 

အကြံဥာဏ်ကောင်းတွေ ပေးရင်း အမျိုးသမီးက ရယ်မောလိုက်သည်။ အခန်းထဲတွင် ထူးဆန်းသော ရယ်မောသံက ပဲ့တင်ထပ်သွားရသည်။ ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံသည် မိနစ်များစွာကြာပြီးနောက် ရပ်တန့်သွားသည်။

 "လူးဝစ်" 

"ဟုတ်ကဲ့ သခင်မလေး" 

ခေါ်သံကြောင့် တံခါးပွင့်လာပြီး လူးဝစ် ဝင်လာသည်။

 "မြို့စားမင်းကတော် ဖြစ်လာမယ့်သူက အဲ့ဒီ မင်းပြောတဲ့ စုန်းမဆိုတာနဲ့ အတူတူပဲ မဟုတ်လား" 

“…” 

လူးဝစ်က ပြန်မဖြေဘဲ မှုန်ကုပ်ကုပ် ဖြစ်နေသည်။ သူ တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးက ရက်စက်လွန်းစွာ ပြောင်းလဲသွားပြီး ယခု သူမကို ရင်ဆိုင်ဖို့ ခက်ခဲသွားသည်။လွန်ခဲ့သည့် သုံးနှစ်လောက်က ယခုလို မဟုတ်သော်လည်း ထိုနေ့ကစပြီး အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ လူးဝစ်သည် မီးတောက်ထဲတွင် အေးအေးဆေးဆေး လမ်းလျှောက်နေသော ဆာစီးနီယာ ကို ပြန်သတိရသွား၏။ ပြိုင်ဘက်ကို တိုက်ခိုက်ရန် တိုက်စစ်မဆင်နိုင်တော့ဘဲ သိမ်ငယ်သွားသလို ခံစားခဲ့ရသည်။ ထိုစွမ်းအားကြောင့် လောင်းကစားဘုရင် မွန်တင်း သည် သူ့တစ်သက်တာလုံး အိပ်ရာထဲတွင်သာ နေသွားရတော့မည် ဖြစ်သည်။ 

"ဟုတ်ပါတယ်...ဒါ သိပ်တော့ ပေါ့ဆရမှာမဟုတ်ပါဘူး"

ထိုအမျိုးသမီးသည် အံကြိတ်ထားကာ ရက်စက်သော မျက်လုံးများဖြင့် စိမ်းစိမ်းကြီး မော့ကြည့်လိုက်သည်။မြို့စားမင်း သည် ဆာစီးနီယာ ကို သူ၏ ဇနီးလောင်းအဖြစ် မိတ်ဆက်ခဲ့ကြောင်းကို လူတိုင်းသိသွားခဲ့သည်။ 

"ဒီခွေးမကြောင့် ငါအရာရာဆုံးရှုံးခဲ့ရတယ်…ဒီခွေးမကို သူ့ဘဝတစ်ခုလုံး ကောင်းကောင်း မရှင်သန်နိုင်တော့အောင် လုပ်မယ်… ဒါမှ မဟုတ်ရင် ငါ့အတွက် မတရားဘူး…မဟုတ်ဘူးလား…လူးဝစ်"

ထိုအမျိုးသမီးက ပြောလိုက်သော်လည်း လူးဝစ်က ငြင်းဆိုလိုက်သည်။

"ကျွန်တော် ဆေးလိမ်းရမှာမို့ သွားလိုက်ပါဦးမယ်" 

လူးဝစ်သည် ထိုအမျိုးသမီးကို ဦးညွှတ်ပြီး နှုတ်ဆက်ပြီးနောက် အခန်းထဲမှ ထွက်သွားခဲ့သည်။ သူသည် လောင်းကစားဘုရင်ကို တစ်နေ့လျှင် သုံးကြိမ်ထက်မနည်း ဆေးလိမ်း‌ပေးရသည်။မီးလောင်ဒဏ်ရာကြောင့် ဆေးကို အချိန်တိုင်း မလိမ်းပါက လောင်းကစားဘုရင် ၏ အရေပြားတို့သည် ရှုံ့တွလာပြီး အော်ညည်းနေရတော့သည်။ လူးဝစ်သည် လောင်းကစားဘုရင် ဆီကိုလှည့်ထွက်သွားသည်။ 

ထိုအမျိုးသမီးက ထိုကိစ္စကို စိတ်မဝင်စားတော့ဘူးဟု သူ မျှော်လင့်ထားသော်လည်း နောက်ကျသွားရပြီ။ သူမစိတ်ထဲတွင် ကျန်ရစ်ခဲ့သမျှသည် ကလဲ့စားချေခြင်းနှင့် မုန်းတီးခြင်းတို့ပင်ဖြစ်သည်။သူမ ဘယ်သူအား ဦးစွာဖျက်ဆီးမည်ကို မသိရသော်လည်း လူးဝစ်က အဖြေကို သိနေသည်။ အရာအားလုံး ချောချောမွေ့မွေ့ ပြီးဆုံးဖို့သာ မျှော်လင့်မိတော့သည်။

အခန်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့သော အမျိုးသမီးက ရေးထားသည့် စာကို ခေါက်ပြီး အစေခံကို ထပ်ခေါ်လိုက်၏။

"ဒီစာကို မြို့စားမင်း ကိုင်လို့စ် ဆီကိုပို့…မြန်မြန် ပို့လိုက်"

အစေခံသည် စာကိုလက်ခံရရှိသည်နှင့် အမျိုးသမီး၏ မျက်နှာအမူအရာကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာထားသည် အလွန်ရွံရှာဖွယ် ကောင်းပြီး လူသတ်လိုစိတ်ဖြင့် ပြည့်နှက်နေခြင်း ကြောင့်ဖြစ်သည်။ 

* * *

"သူမအကြိုက်ဆုံးအစားအစာက လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ croissant ပါ" 

ဆာစီးနီယာ ၏ စကားအဆုံးတွင် အိမ်ရှေ့စံ၏ လက်ထောက် အဲရစ်က မှတ်စုစာအုပ်ငယ် တစ်ခုတွင် စိတ်အားထက်သန်စွာ ချရေးနေသည်။ ဆာစီးနီယာ သည် ရက်ပေါင်းများစွာကြာအောင် သူလျှိုလုပ်ပေးရသည်ကို ငြီးငွေ့နေရသည်။

 "ဒါဆို မရသေးဘူးလား"

 

သူမ ဆံပင်ကို ခပ်ကြမ်းကြမ်း ဖွပစ်လိုက်သည်။ သူမသည် လိုင်မာဖီးရပ်စ် နှင့် တွေ့ပြီးကတည်းက ဗားန် ၏ လှုပ်ရှားမှုတိုင်းကို အဲရစ် ထံ သတင်းပေးပို့ခဲ့ရသည်။ တစ်နေ့တာလုံး ဗားန် ဘာတွေလုပ်နေကြောင်း၊ဘယ်နှစ်ခါ ရယ်ကြောင်း၊ဘာကြောင့် ရယ်ကြောင်း စသဖြင့် အသေးစိတ်ပြောပြနေရတော့သည်။

ထို့အပြင် ဆာစီးနီယာ သည် ဗားန် နှစ်သက်သော အရာအားလုံးကို ရှာဖွေပြီး အဲရစ် ကို ပြောပြရပြန်သည်။ဤသည်မှာလည်း လိုင်မာဖီးရပ်စ် ခိုင်းထားတာကြောင့်ပင်။

 

"ဟုတ်ကဲ့… ဒါပေမယ့် မမလေး ဗားန် ရဲ့အကြိုက်ဆုံးအရောင်၊ စံပြပုံစံ အမျိုးသား…ဘယ်လိုအချိန်မှာ အိပ်လဲ၊ဘယ်အချိန်ထလဲတို့… ဝါသနာတို့ အဲ့ဒါတွေကို ကျွန်တော်တို့ မသိရသေးပါဘူး" 

“ဟမ်…”

 အံ့အားသင့်နေသော ဆာစီးနီယာ သည် ရယ်မောလိုက်မိတော့သည်။

 'ဗားန် ရဲ့ အိပ်ချိန်ကို သူဘာလို့ သိချင်နေတာလဲ...' 

လိုင်မာဖီးရပ်စ် ၏ အကျင့်ဆိုးကို သိလိုက်ရသောအခါ သူမ အနည်းငယ် ထိတ်လန့်သွားသည်။ 

"ဒါဆို မနက်ဖြန်ပြန်တွေ့မယ်" 

“တစ်ခြားတစ်ယောက်ကို လာခိုင်းပါလား…ရှင်က အိမ်ရှေ့စံရဲ့လက်ထောက်ဆိုတော့ တခြားကိစ္စတွေ ရှိမှာပေါ့"

 “ကျွန်တော်လည်း အဲ့ဒီလို လုပ်ချင်ပါတယ်…ဒါပေမယ့် အဲ့ဒါ အရှင့်သားရဲ့ အမိန့်မို့ပါ… နှုတ်ဆက်ပါတယ်ဗျ” 

ပင်ပန်းနေပုံရသည့် အဲရစ်က ခပ်ဖြည်းဖြည်း ထွက်သွားတော့သည်။ ခါးကုန်းပြီး စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲက ထွက်သွားသည့် အဲရစ်ကို မြင်လိုက်ရတော့ အဲရစ်အတွက် နည်းနည်း သနားသွားမိသည်။

ဗားန်၏ နှလုံးသားကို ရယူရန် လိုင်မာဖီးရပ်စ် ၏စီမံကိန်းမှာ သူမသည် သားကောင်ဖြစ်သွားရသည်။ သို့တိုင် မြို့စားမင်း ပိုင်နက် နှင့် နန်းတော်တို့ကြား နေ့စဉ်သွားလာနေရသော အဲရစ်သည် ထိုဒဏ်ကို အခံရဆုံးသူဖြစ်သည်။

 "ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှေ့မင်းသားလို မြင့်မြတ်တဲ့လူနဲ့ ခင်ရတာပေါ့"

သူမသည် ဆိုဖာပေါ်တွင် ပစ်လှဲလိုက်ပြီး သည်။

"ဟင်…သူထွက်သွားပြီလား…ကျွန်မက လက်ဖက်ရည် ယူလာပေးတာ…” 

လက်ဖက်ရည်ပွဲ ယူလာသော ဗားန် သည် တစ်ယောက်တည်း အနားယူနေသော ဆာစီးနီယာ အနားကို ချဉ်းကပ်လာသည်။

"ဟုတ်တယ် သူ အလုပ်ရှုပ်နေလို့ ဖြစ်မယ်" 

"စကားမစပ်…အိမ်ရှေ့စံရဲ့လက်ထောက်နဲ့ မမလေး က နေ့တိုင်း ဘာတွေပြောနေကြတာလဲ"

ရှင်းရှင်းလင်းလင်း သိချင်စိတ်ကြောင့် ဗားန် က မေးလိုက်သည်။

ဆာစီးနီယာ သည် ဘာမှပြန်မဖြေဘဲ နှုတ်ဆိတ်၍သာ နေလိုက်သည်။

 'အိမ်ရှေ့စံ ညီမကို စောင့်ကြည့်နေတာလေ' လို့ ပြောရမလား… 

"ဘာမှမဟုတ်ပါဘူး…သူလည်း လုပ်စရာတွေရှိလို့ မမလေး နဲ့ တွေ့တာနေမှာပါ…ကျွန်မ မမေးတော့ဘူးနော်"

ဆာစီးနီယာ နှုတ်ဆိတ်နေချိန်တွင် ဗားန် သည် လက်ကို ပြင်းပြင်းထန်ထန် ခါယမ်းရင်း ပြောလိုက်သည်။ 

"လက်ဖက်ရည် အတူတူသောက်ရအောင်"

ဆာစီးနီယာ က ဗားန် ကို သူမ ဘေးမှာ ထိုင်ခိုင်းသည်။ ဗားန် သည် ငွေဗန်းကို စားပွဲပေါ်တင်ကာ လက်ဖက်ရည်ခွက်အား ဆာစီးနီယာ ရှေ့တွင် ထားလိုက်သည်။

 "ဗားန်…အိမ်ရှေ့မင်းသားကို ဘယ်လိုထင်လဲ"

 "ဟင်… မမလေး က ဘာကိုဆိုလိုတာလဲ …မမလေးကရော ဘယ်လိုထင်လဲ"

 “ညီမက အခမ်းအနားပွဲမှာတုန်းက အရှင့်သားနဲ့အတူ ကခဲ့တယ်လေ… ညီမ သူ့ အကြောင်းတွေ တွေးဖူးလား"

 “အဲ့ဒါ…” 

ဗားန် ၏မျက်နှာသည် စတော်ဘယ်ရီသီးမှည့်ကဲ့သို့ လျင်မြန်စွာ ပူလောင်နီရဲလာသည်။ လက်ဖက်ရည်ခွက်ကိုကိုင်ထားသည့် ဆာစီးနီယာ သည် ဗားန် ၏ ဘောထားကို သဘောပေါက်သွားပုံဖြင့် ငါးကြီးကြီး ဖမ်းမိသော တံငါသည်လို ရှေ့တိုးလာသည်။ 

"သူ့ကိုကြိုက်လား" 

သူမ၏ စပ်စုစိန် ကြက်သွေးရောင် မျက်စိနှစ်လုံးသည် ဗားန် စိတ်ထားကို သတိပြုမိသွားသည်။

" ဟင့်အင်း…ကျွန်မက အရှင့်သားလို လူမျိုးနဲ့ ဘယ်တန်ပါ့မလဲ"

ဗားန် သည် ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။

 "ဒါဆို သူ့ကို မုန်းလား" 

“မဟုတ်ပါဘူး…မမုန်းပါဘူး…”

"တစ်ကယ်လား"

ဗားန် ၏ မျက်နှာတစ်ခုလုံး နီရဲနေပြီဖြစ်သည်။ ယခု ဆာစီးနီယာ သည် သူမ၏ ကိုယ်ပိုင်ခံစားချက်များကို အတိုင်းအတာတစ်ခုအထိ သတိပြုမိနေပြီဖြစ်သည်။ သို့သော်လည်း ဗားန် သည် အဆင့်အတန်း မတူညီမှုကြောင့် ငြင်းဆိုနေခြင်း ဖြစ်နိုင်သည်

"အိုး…လက်ဖက်ရွက်တွေ ကုန်သွားပြီ… ဂိုဒေါင်ထဲကနေ သွားယူလိုက်ပါဦးမယ်"

ဗားန် သည် ဆာစီးနီယာ ၏အကြည့်ကို မခံနိုင်သလို အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။

 " ဗားန် ဘယ်သွားမလို့လဲ "

မေ သည် အခန်းထဲသို့ အချိန်မီရောက်လာရင်း ဆာစီးနီယာ ဆီ လျှောက်သွားကာ ဗားန် ပြေးသွားသည်ကို မြင်လိုက်သည်။

 "ငါလည်း မသိဘူး"

 ယခု ဗားန်၏ ပုံစံသည် ဘန် က သူမကိုချစ်ခွင့်ပန်စဉ်က သူမ ငြင်းခဲ့ပုံနှင့် ‌တူနေသည်။ 

"အစ်မက ပြုံးလို့ပါလား…ဘာတွေ ဖြစ်လို့လဲ" 

မေ သည် ဆာစီးနီယာ အနားကို ကပ်ကာ အပြုံးဖြင့်မေးလိုက်သည်။ 

"အနှေးနဲ့အမြန်ဆိုသလို အံ့အားသင့်စရာတစ်ခုဖြစ်လာမယ် ထင်တယ်"

နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ခံစားချက်တွေကို ဝန်ခံပြီးပါက.... လိုင်မာဖီးရပ်စ် သည် အင်ပါယာကို လှုပ်ခတ်စေမည့် ဗားန် နှင့် စေ့စပ်ကြောင်းလမ်းကြောင်းအား တရားဝင်ကြေငြာမည်ဖြစ်သည်။ ဆာစီးနီယာ သည် သူတို့နှစ်ဦးကို မျက်စိထဲ မြင်ယောင်ကြည့်လိုက်သေးသည်။ သူတို့နှစ်ယောက်သည် အဓိကဇာတ်ဆောင်များဖြစ်သောကြောင့် သူမ၏ စိတ်ကူးထဲတွင်ပင် လိုက်ဖက်ညီလှသည်။

"ငါတို့ မင်္ဂလာဆောင် တစ်ခု မကြာခင်တက်ဖို့ ရှိတယ်" 

မေ သည် ဆာစီးနီယာ ၏ စကားကြောင့် အံ့ဩသွားရသည်။

 "အစ်မတို့ မင်္ဂလာဆောင်မယ့်ရက်ကို ဆုံးဖြတ်ပြီးပြီလား" 

"ငါ့မင်္ဂလာပွဲမဟုတ်ဘူး" 

ဆာစီးနီယာက ပြုံးကာ ခေါင်းခါပြလိုက်သည်။ မေ က နားမလည်သော်လည်း ခေါင်းညိတ်လိုက်၏။

“ငါက ဘယ်လိုလုပ် အဲ့ဒီလို သတ္တိမျိုး ရှိမှာလဲ…” 

ဂိုဒေါင်ထဲ ဝင်သွားသော ဗားန် သည် သူမ၏ နှလုံးခုန်သံကို အကျယ်ကြီးကြားနေရသည်။ ဆာစီးနီယာက မေးမြန်းသောအခါ သူမ၏ နှလုံးသားသည် ထိန်းမနိုင်သိမ်းမရ ခုန်နေသောကြောင့် ရှက်သွားရသည်။ 

"ငါက အိမ်ရှေ့စံကို…” 

အဝတ်အစားလဲပြီးနောက် အိမ်ရှေ့စံနှင့် တွေ့ဆုံခဲ့သည့်အချိန်ကို သူမ သတိရမိသည်။ အိမ်ရှေ့စံက လက်ဆွဲနှုတ်ဆက်ပြီး ကပြသည့် မြင်ကွင်းကိုပင် သူမ စိတ်ထဲမှာ စွဲထင်သွားသည်။ 

“မဖြစ်ပါဘူး…”

ဗားန် သည် နွေဦးပန်းလို သူမ၏ နှလုံးသားတစ်ခုလုံး ပွင့်လန်းနေရလေသည်။ သို့သော် သူက အိမ်ရှေ့မင်းသား၊ ဧကရာဇ်မင်း၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်။

ဗားန် သည် ခါးသီးသော။ခံစားချက်များကို မျိုချလိုက်ပြီး သူမ ကိုင်ထားသော မီးခွက်ကို ကြးမ်ပြင်ပေါ် ချလိုက်သည်။ ထို့နောက် ဂိုဒေါင်ထဲမှာ ဆာစီးနီယာ မကြာခဏသောက်လေ့ရှိသည့် လက်ဖက်ရွက်တွေထည့်‌ထားသော ခွက်ပုံကြီးကို ယူလိုက်သည်။

 "ဒီရက်ပိုင်း မင်းကို သိပ်မတွေ့ရသလိုပဲ"

ဗားန် သည် ရုတ်တရက် ထွက်လာသော အသံကြောင့် လှည့်ကြည့်လိုက်သည်။ ဂျိုနသန် သည် ဂိုဒေါင်ထဲကို ခပ်စိမ်းစိမ်း အပြုံးဖြင့် ရောက်လာသည်။

ဗားန် သည် မျက်မှောင်ကြုတ်ပြီး ဂျိုနသန်ကို ကြည့်လိုက်သည်။ အိမ်ရှေ့စံက သူ့ကို ရိုက်နှက်ခဲ့သော်လည်း မှတ်သေးပုံမရ။

"မင်း အရမ်း မာနကြီးလာတယ်" 

ဂျိုနသန် က တခစ်ခစ်ရယ်ပြီး ဗားန် ဆီကို ချဉ်းကပ်လာသည်။

ဗားန် က နောက်ကျောက နံရံကို မှီပြီး တစ်ခုခုကို ကိုင်ထားလိုက်သည်။ ဂျိုနသန် သူမဆီ ပြေးလာလျှင် ပစ်ပေါက်ရအောင်ဖြစ်သညိ။

 "ဆာစီးနီယာ က မကြာခင် မြို့စားမင်းကတော် ဖြစ်လာတော့မှာ မဟုတ်လား… ဗားန်… မင်းလည်း တန်းစီထားသင့်တာပေါ့"

ဂျိုနသန်က ရွဲ့လိုက်သည်။ 

"ငါတစ်ကယ် မင်းနဲ့ အဲ့ဒီခွေးမစုတ်ကို ကြည့်မရဘူး"

 

"ရှင့်နှာခေါင်းကို ကျွန်မ ထပ်ပြီးမချိုးပစ်ခင် ထွက်သွားပါ"

ဗားန် သည် ကြောက်ကြောက်လန့်လန့်နှင့် ကုန်းအော်လိုက်တော့သည်။

“ငါ အလုပ်ထုတ်ခံရရင်တောင် မင်းရဲ့ ဟောဒီ မျက်နှာလှလှလေးကို ဒီတိုင်း မထားခဲ့နိုင်ဘူး"

ဂျိုနသန်သည် ယုတ်မာစွာဖြင့် ဗားန် ဆီကို တိုးလာသည်။

 "ထွက်သွား "

ဗားန် က ဂျိုနသန် ကို သူမ ကိုင်ထားသည့် ပုလင်းနှင့် ပစ်ပေါက်လိုက်တော့သည်။လေထဲ ဝဲပျံသွားသောပုလင်းသည် ဂျိုနသန်၏ မျက်လုံးကို ထိမှန်ကာ ကြမ်းပြင်ပေါ်သို့ ကျကာ ကွဲသွားသည်။ 

ထိုအခါ မီးခွက်ထွန်းရသည့် ဆီနံ့က တစ်ခန်းလုံး ကြိုင်သွားသည်။

 “အာ… ဒီကောင်မ” 

စူးရှသော ဝေဒနာကြောင့် ဂျိုနသန်သည် ဒေါသတကြီး သူမဆီ ပြေးလာပြန်သည်။ ဂျိုနသန်၏ ခြေသံပြင်းပြင်းကြောင့် ကြမ်းပြင်ပေါ် ချထားသော မီးခွက် မှောက်ကျပြီး စောစောက ဆီများနှင့် ရောကာ မီးထလောင်တော့သည်။

ဝုန်း…

 “ဟာ” 

အနီရောင်မီးတောက်များက သူတို့မျက်နှာပေါ်သို့ ကျလာသည်။ ဂျိုနသန် နှင့် ဗားန် တို့ကြား တောက်လောင်နေသော မီးသည် သူတို့နှစ်‌ယောက်ကို ပိုင်ခြားထား၏။

 "ငါ-ငါမဟုတ်ဘူး… မင်းအပြစ်ပဲ"

ဂျိုနသန် ကြောက်လန့်သွားပြီး ဂိုဒေါင်ထဲက ပြေးထွက်သွားတော့သည်။

 "ကယ်ကြပါဦး"

ဗားန် အပြင်ကို ထွက်မရတော့ပေ။ 

သူမကို ပိတ်ဆို့တားဆီးနေသည့် မီးတောက်ကြီးကြောင့် အပြင်ကိုတောင် မထွက်ရဲတော့။ သစ်သားစင်များဖြင့် ပြည့်နေသော ဂိုဒေါင်ထဲတွင် ပစ္စည်းအများစုမှာ လက်ဖက်ခြောက်များနှင့် ဆီမီးခွက်များသာ ဖြစ်သောကြောင့် မီးတောက်ကြီးက အရွယ်အစား ပိုပိုကြီးလာသည်။ 

"ဘယ်သူရှိလဲ…ကျွန်မကို ကယ်ပါ"

ဗားန် သည် ပူလောင်အိုက်စပ်သော မီးခိုးငွေ့များကြောင့် ပါးစပ်နှင့်နှာခေါင်းတို့ကို ဖုံးအုပ်ကာ မီးမလောင်သေးသော ထောင့်နားကို ပြေးကပ်လိုက်သည်။ ထို့နောက် သူမသည် ပြတင်းပေါက် ရှာရန် ပတ်ပတ်လည်ကို လိုက်ကြည့်သော်လည်း ဂိုဒေါင်ထဲတွင် ပြတင်းပေါက်တစ်ခုမှ မရှိချေ။