အပိုင်း ၉၅
Viewers 12k

Chapter 95

ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်ရာ ဆာစီးနီယာ သည် စံအိမ်ကြီး အစွန်းမှ မီးခိုးမည်းများ တဖျပ်ဖျပ် ထွက်လာနေသည်ကို တွေ့လိုက်ရ၏။ ဟင်းချက်သည့် မီးခိုးအရောင်နှင့် မတူတာကြောင့် ထူးဆန်းလှသည်။

 "အမှိုက်တွေ မီးရှို့ထားတာလား" 

လွန်ခဲ့သော သုံးနှစ်က အခန်းတွင်း၌ ရစ်ဖွဲ့ထားသော မီးခိုးများကဲ့သို့ တစ်စုံတစ်ခုကို လောင်ကျွမ်းနေသော မီးခိုးများ ဖြစ်ရမည်။

 "အစ်မ ဆာစီးနီယာ"

မေ သည် သူမ။အခန်းထဲသို့ပြန်သွားပြီးနောက် ဆာစီးနီယာ အခန်းထဲကို အမြန်ပြန်ပြေးလာပြန်သည်။

 "ဘာဖြစ်လို့လဲ…မေ" 

"ဂိုဒေါင် မီးလောင်နေတယ်" 

"ဘာ" 

ဆာစီးနီယာ ထိုင်ရာကနေ ခုန်ထ,လာသည်။

'ဂိုဒေါင်… ဂိုဒေါင်ဆိုရင် ဗားန် လက်ဖက်ခြောက်သွားယူတာပဲ'

"ဗားန် ကော… ဗားန် ကို နင် မြင်လိုက်လား"

ဆာစီးနီယာ သည် ပျာယာခတ်နေကာ ဗားန် ကို လိုက်ရှာနေတော့သည်။ စိုးရိမ်စိတ်က သူမ ရင်ထဲကို ရိုက်ခတ်သွားရသည်။ 

" ဗားန်…ညီမ သူမကို မတွေ့ပါဘူး…ဘာလို့လဲ"

ဗားန် မီးလောင်နေသည့် ဂိုဒေါင်ထဲမှာ ပိတ်မိနေသလိုပင်။

"ဘယ်လိုမှ မဖြစ်နိုင်ဘူး…" 

ဆာစီးနီယာ သည် ဘာမှ မတွေးနိုင်တော့ဘဲ အခန်းထဲမှ ပြေးထွက်လာခဲ့သည်။  

"အစ်မ ဆာစီးနီယာ"

မေ က သူမကို အနောက်ကနေ ခေါ်ပြီး လိုက်လာသော်လည်း ဆာစီးနီယာ က ပို၍ မြန်မြန်ပြေးသွားတော့သည်။ မူရင်းဇာတ်လမ်းထဲတွင် ယခုလို အဖြစ်မျိုး မရှိသော်လည်း မဖြစ်လာဘူးဟုလည်း ပြောလို့မရပေ။ 

ဆာစီးနီယာ သည် စင်္ကြံကိုဖြတ်၍ လှေကားမှဆင်းကာ ပင်မတံခါးမှ အမြန် ထွက်သွားလိုက်သည်။ ပင်မအဆောက်အဦးမှ အနည်းငယ် ဝေးသော‌ နေရာ၌ အနက်ရောင်မီးခိုးငွေ့များကို မြင်နေရသဖြင့် သူမသည် အတင်းဒုန်းစိုင်းပြေးလာတော့သည်။ အေးစက်သော လေပြင်းသည် သူမ ပါးပြင်နှစ်ဖက်ကို ရိုက်ခတ်လာကာ ဆံနွယ်များသည်လည်း တဖားဖား လွင့်ပျံနေကြသည်။ ဗားန် သာ မီးထဲတွင် ပိတ်မိပြီး တစ်ခုခု ဖြစ်သွားပါက အရာအားလုံး ပြီးသွားမည်ဖြစ်သည်။ မူရင်းဇာတ်လမ်းအတိုင်း ဇာတ်မသိမ်းပါက ဘယ်လိုဆက်ဖြစ်မည်မှန်း တွေးကြည့်လို့တောင် မရပေ။ အချိန်အတော်ကြာပြီးနောက် ဆာစီးနီယာ သည် ဂိုဒေါင်အနားကို ရောက်လာသောအခါ စုရုံးနေကြသော အစေခံတို့ကို တွေ့လိုက်ရ၏။

 “ဘာလုပ်ကြမလဲ…” 

သူတို့ မြင်နေရသည်မှာ မီးတောက်တွေသာဖြစ်၏။

 "ဘာလုပ်နေကြတာလဲ…ရေသယ်မလာဘဲနဲ့" 

ဆာစီးနီယာ က စိတ်ပျက်လက်ပျက်နှင့် အနီးနားက လူတွေကို အော်လိုက်သည်။ ထိုမှသာ သူတို့လည်း အမြန်ပင် ပြေးသွားကြတော့သည်။ 

ထို့နောက် ဆာစီးနီယာ သည် ဂိုဒေါင်အနီးကို ချဉ်းကပ်လာပြီး မီးခိုးငွေ့များကြားထဲကို ပြူးပြဲကြည့်လိုက်သည်။ ဂိုဒေါင်တံခါးကို ဖွင့်ထားသော်လည်း မီးတောက်များက ပိတ်ဆို့ထားသဖြင့် ဗားန် သည် အတွင်းထဲ၌ ရှိ၊ မရှိကို မသိနိုင်ပေ။

“ဗားန်… ဗားန် ရှိလား"

သူမ အော်ခေါ်လိုက်သော်လည်း ဘာသံမှ မကြားရပေ။ပင်မ အဆောက်အဦးနှင့် ဝေးကွာလှသော ဂိုဒေါင်ငယ်သည် မီးလောင်နေပြီဖြစ်သည်။ ကံကောင်းထောက်မစွာပင် အခြားအဆောက်အဦးများ အနီးတွင် မရှိသောကြောင့် မီးမကူးစက်ပေ။

 "ဗားန်"

 “မမလေး ဆာစီးနီယာ…” 

မီးတောက်များ ကြားထဲမှတစ်ဆင့် နုနယ်တိုးလျသော အသံတစ်ခု ထွက်ပေါ်လာသည်။ 

“ဗားန်…ညီမ အထဲမှာလား…အဆင်ပြေရဲ့လား" 

သူမသည် အံ့အားသင့်စွာဖြင့် ဂိုဒေါင်ဆီသို့ ချဉ်းကပ်လိုက်သည်။ 

"အိုး... ဘယ်လိုလုပ်ရမလဲ…ထွက်ဖို့ လမ်းမရှိဘူး”

အော်ဟစ်သံနှင့်အတူ ကြောက်လန့်တကြား တုန်လှုပ်သံ တစ်ခု ပေါ်လာသည်။ ဆာစီးနီယာ၏ နှလုံးသား တစ်ခုလုံး ဆို့တစ်လာရသည်။ သူမ မြန်မြန် မလုပ်လျှင် ဗားန် မီးလောင်ပြီး သေသွားလိမ့်မည်ဖြစ်သည်။

"အစ်မ ဆာစီးနီယာ"

ဂိုဒေါင်ကို ရောက်လာသော မေက အမောတကော ပြောလိုက်သည်။

 “လူစုပြီး ရေသယ်လာခိုင်းလိုက်"

 "မီး… ဂိုဒေါင်ထဲမှာ မီးလောင်နေတယ်” 

မေ က သူမ လာရာလမ်းကို ပြန်လှည့်ပြီး လူအများကြားအောင် လှမ်းအော်လိုက်၏။ ဂိုဒေါင်ထဲမှ ထွက်လာသော အနက်ရောင် မီးခိုးများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားလောက်အောင် ပြင်းထန်လာသည်။

"ဘာလို့လဲ…" 

ဆာစီးနီယာ စိတ်လှုပ်ရှားစွာဖြင့် လက်သည်းကို ကိုက်ပြီး အော်ညည်းလိုက်မိသည်။ ဘန် ကလည်းအပြင်ထွပ်သွားတာကြောင့် မီးငြိမ်းသတ်ဖို့ အစေခံတွေကိုသာ ဦးဆောင်ခိုင်းရတော့မည်ဖြစ်သည်။ 

“အဟွတ်… မမလေး” 

မီးတောက်ထဲမှ အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

 "အဆင်ပြေရဲ့လား…ထိခိုက်မိသွားလား"

 “ဟင့်အင်း… ကျွန်မ ဘာမှမဖြစ်သေးပါဘူး… ဒါပေမယ့် မကြာခင် မီးတောက်တွေ ကျွန်မဆီ ရောက်လာလိမ့်မယ်ထင်တယ်…ကျွန်မ ဘာလုပ်ရမလဲ..."

 မီးခိုးတွေကြောင့် အသက်ရှူရခက်နေသည့် ဗားန် က အသက်ကိုပြင်းပြင်းရှူနေပုံရသည်။ ဆာစီးနီယာ သည် စိုးရိမ်စိတ်အပြည့်ဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဂိုဒေါင်သည် ပင်မအဆောက်အဦးနှင့် ဝေးသောကြောင့် ရေသွားယူသူများအား သူမ မမြင်ရပေ။

အချိန်မရှိတော့။သူတို့ ရေယူလာသည့်အခါ မီးငြိမ်းသွားနိုင်သော်လည်း ဗားန် မှာ မီးခိုးကြောင့် အသက်ရှူကျပ်နေခြင်း၊ သို့မဟုတ် မီးလောင်ပြီးသေသွားနိုင်၏။

 'အရင်ဆုံး ငါ သူ့ကို ကယ်ရမယ်'

ထို့နောက် ဆာစီးနီယာ သည် ဖွင့်ထားသော ဂိုဒေါင်ထဲသို့ ၀င်သွားသည်။ မူရင်းဇာတ်လမ်းကို အပြီးသတ်ရန် အမျိုးသမီး ဇာတ်ဆောင်ကို လိုအပ်တာ ကြောင့် တစ်ကြောင်း၊ သူမသည် လူတစ်ယောက် ဖြစ်နေ၍ ဗားန် အား တွယ်တာလာတာကြောင့် တစ်ကြောင်း ဆာစီးနီယာ သူမကို ကယ်တင်ရမည် ဖြစ်သည်။

 "အဟွတ်…အဟွတ်" 

ဂိုဒေါင်ထဲသို့ သူမဝင်လာသည်နှင့် တစ်ပြိုင်နက် ဆာစီးနီယာ ၏ မျက်နှာသည် မီးခိုးငွေ့များနှင့် ပြင်းထန်သော အပူရှိန်ကြောင့် ရှုံ့မဲ့သွားရသည်။

အခြေအနေက ပြင်းထန်လှသည်။အပြင်မှမြင်နေရသလို ဟုတ်မနေဘဲ ဂိုဒေါင် အတွင်းပိုင်းသည် အနီရောင်မီးတောက်များ ဖုံးလွှမ်းနေသည်။

“ဗားန်း…ရှေ့မှာ ဘာရှိလဲ…အစ်မ လာပြီ"

 မီးတောက်များကြောင့် ဗားန် ဘယ်မှာရှိနေမှန်း မသိရပေ။

 “ဟောဟဲ…ဟောဟဲ… မဟုတ်ဘူး… မမလေး လာလို့မရဘူး… ပြဿနာအကြီးကြီး တက်သွားလိမ့်မယ်…”

မေ့လဲလုနီးပါး ဖြစ်နေသော အသံတစ်ခု ကြားလိုက်ရသည်။ 

'ရေစို မျက်နှာသုတ်ပုဝါ ယူလာသင့်တယ်...' 

ပြန်ယူဖို့ သူမမှာ အချိန်မရှိတော့။ 

ချက်ချင်း ဆာစီးနီယာ သည် သူမ၏ အင်္ကျီများကို ဆုတ်ဖြဲကာ ပါးစပ်နှင့် နှာခေါင်းတို့ကို ပိတ်ဆို့ထားလိုက်သည်။ သူမ၏ အရေပြားမှခံစားနေရသော အပူဒဏ်မှာ အလွန်ကြောက်စရာကောင်းပြီး မျက်လုံးထဲထိ ဝင်လာသည့် မီးခိုးငွေ့များကလည်း ပြင်းထန်လွန်းသဖြင့် သူမ မထိန်းနိုင်ဘဲ မျက်ရည်ကျနေမိလေသည်။ ဤအတိုင်းသာ ဆက်နေလျှင် မီးခိုးငွေ့တွေ ရှူရှိုက်ရပြီး‌ မေ့လဲသွားနိုင်သည်။ ထို့ကြောင့် သူမသည် လျင်မြန်စွာ လှုပ်ရှားရလေသည်။

“ဒီဟာက…” 

တုံ့ဆိုင်းမနေဘဲ ရှေ့သို့ တိုးလာနေသော သူမ၏ ခြေလှမ်းများသည် ရပ်တန့်သွားရသည်။ ယခုအချိန်အထိ သူမဖြတ်သန်းခဲ့ရသည့် မီးတောက်တွေနှင့် ယှဉ်လို့မရနိုင်သော အလွန့်အလွန် ကြီးမားလှသည့် မီးတောက်ကြီးတစ်ခု အား တွေ့လိုက်ရ၏။

 သူမ ရှေ့မတိုးနိုင်တော့။ ရေတံခွန်ကဲ့သို့ ကြီးမားသော မီးတောက်ကြီးသည် သူမ ရှေ့တည့်တည့်တွင် တောက်လောင်နေတာကြောင့် ဖြစ်သည်။ သူမ မီးတောက်ကြီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

 'ဘာလို့ ဒီမှာပဲ အုံပြီးတောက်နေတာလဲ"

တခြားမီးတောက်များနှင့် မတူဘဲ ဤမီးတောက်ကြီးသည် မျက်နှာကျက်ထိရောက်နေပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားတော့မလို ဖြစ်နေသည်။ နံရံကြီးတစ်ခုလို ပိတ်ဆို့နေသော မီးတောက်ကြီးကို သူမ မဖြတ်နိုင်တော့ပေ။သူမ လက်နှင့် ထိန်းချုပ်ဖို့ကြိုးစားကြည့်သော်လည်း မီးတောက်က တုတ်တုတ်မျှ မလှုပ်ပေ။ ဤနေရာတွင်ကွက်၍ မီးအားပြင်းနေရသည့် အကြောင်းရင်းကို ရှာရန် သူမ လှည့်ပတ်ကြည့်လိုက်သောအခါ အနံ့တစ်ခု ရလိုက်သည်။ထို့နောက် သူမ ခြေထောက်အောက်မှာလည်း ကွဲကြေနေသည့် ဖန်ကွဲစတွေကို မြင်နေရပြန်၏။ ဖန်ကွဲစ အနားကို မီးတောက်ထိသွားတိုင်း မြေဩဇာကို မျိုချလိုက်သလို မီးတောက်ကလည်း ပိုကြီးလာရသည်။