အပိုင်း ၉၆
Viewers 12k

Chapter 96

ဆံပင်များ လွင့်ထွက်သွားလောက်အောင် အပူရှိန်က ပြင်းထန်လှသည်။ အပူသည် သူမ လက်ဖဝါးကို သံလိုက်ကဲ့သို့ တွယ်ကပ်ကာ အတွင်းထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။

 “ဟင်…” 

အံ့သြသွားပြီး ဆာစီးနီယာ သည် သူမ လက်မှ အကြောကို လျှော့ချလိုက်သည်။ သူမ နားမလည်နိုင်ဘဲ လက်ဖဝါးကိုသာ ငုံ့ကြည့်မိတော့သည်။ အပူအားလုံးကို စုပ်ယူလိုက်သော လက်ဖဝါးသည် ပုံမှန်ထက် အနည်းငယ် ပိုပူသော်လည်း နာလည်းမနာသလို ဒဏ်ရာလည်း မရှိပေ။ သို့သော် စုပ်ယူလိုက်သော အပူသည် နှလုံးသားထဲတွင် နစ်ဝင်နေသကဲ့သို့ ပုံမှန်ထက် ပိုပူလာရသည်။

 "ဒါဘာလဲ…" 

 'ခုနက ဘာဖြစ်သွားတာလဲ'

 မီးသည် အပူအဖြစ်သို့ပြောင်းသွားပြီး သူမ ကိုယ်ထဲသို့ စိမ့်ဝင်သွားခြင်းပင်။ ဆာစီးနီယာ သည် တုန်ရီနေသော လက်နှစ်ဖက်ကို မီးတောက်ရှေ့ကို ဆန့်တန်းလိုက်သည်။

တစ်ဖန် လေပြင်းသံနှင့်အတူ မီးတောက်သည် လေဆင်နှာမောင်းကဲ့သို့ ပတ်ချာလည်ကာ သူမလက်ထဲသို့ စိမ့်ဝင်သွားပြန်သည်။

 'ငါ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူးပဲ'

ထို့နောက် သူမသည် ဖြည်းဖြည်းချင်း လက်သီးဆုပ် လိုက်သောအခါ မီးလေဆင်နှာမောင်းသည် လေထဲတွင် ပြန့်သွားပြီး ပျောက်ကွယ်သွားသည်။ သူမ လက်ဖဝါးထဲသို့ စုပ်ယူလိုက်သော မီးသည် ပူသော်လည်း ဘာမှဖြစ်မလာပေ။

 "အဲ့ဒါဖြစ်နိုင်လား" 

ဆာစီးနီယာ သည် လက်ကို လှည့်ပတ်ကြည့်ရှုပြီး အသားကို စမ်းကြည့်ရာ၊ မီးလောင်ဒဏ်ရာလည်း မရှိပေ။အစက သူမသည် မိမိခန္ဓာကိုယ်က အပူကို စုပ်ယူနိုင်ပြီး ထုတ်လွှတ်နိုင်မှန်း သိထားသည်။ သို့သော် လောင်ကျွမ်းနေသော မီးတောက်များကို အပူအဖြစ် ပြောင်းလဲကာ စုပ်ယူနိုင်မှန်း ယမှ ပထမဦးဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်သည်။

 "ဒါပေမယ့် ငါသိတာ ဘာလို့အဲ့လောက်တောင် နောက်ကျနေရတာလဲ..." 

ပြဿနာက သူမသည် ဤခံစားချက်ကို ရင်းနှီးနေခြင်းဖြစ်သည်။ သူမသည် မီးတောက်ကို တစ်ခါမှ မစုပ်ယူဖူးသော်လည်း ယခင်က ပြုလုပ်ခဲ့ဖူးသလို သူမ ပုံစံက ကျွမ်းကျင်လှသည်။ မူလ ဆာစီးနီယာ သည် အမြဲတမ်း မီးနှင့် အပူကိုသာ ထုတ်လွှတ်တတ်သူ ဖြစ်တာကြောင့် ယခုလို စုပ်ယူလို့ရမှန်း သူမ မသိခဲ့ရခြင်းပင်။

 "ဇာတ်ဝင်ခန်းထဲမှာ လုပ်ဖူးသလား မသိဘူး"

ဆာစီးနီယာ သည် လွန်ခဲ့သော သုံးနှစ်က အချိန်တို့ကို ပြန်တွေးကြည့်မိသည်။ မီးတောက်ထဲက ရုန်းထွက်ဖို့ တွေးလိုက်မိသည်မှာ အပူကို စုပ်ယူခြင်းဖြစ်ပြီး သူမ မသိလိုက်ခင် ပြုလုပ်ပြီးဖြစ်နေသည်။

“ဟား…”

သူမနှင့် မလှမ်းမကမ်းမှ အသက်ရှုသံပြင်းပြင်း ထွက်လာသည်။ ဗားန် ၏ အသက်ရှုသံက ကျယ်လောင်လွန်းလှသည်။

ဆာစီးနီယာ သည် စွမ်းအားအကြောင်း အသေးစိတ် စဉ်းစားဖို့ အချိန်မရှိသဖြင့် အတွေးထဲမှ ရုန်းထွက်လိက်သည်။ ဗားန် ကို ကယ်တင်ရန် အကြောင်းဖန်လာရ၏။

ဆာစီးနီယာ သည် နောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်သည်။ထို့နောက် လက်ကို မီးတောက်များဆီသို့ ဆန့်တန်းကာ ခြေထောက်ကို မတ်မတ်ရပ်ထားလိုက်သည်။ တစ်ဖန် လက်ဖဝါးကို ပြန်ထောင်လိုက်သောအခါ မီးတောက်ကြီးသည် ကျယ်လောင်စွာ ဝုန်းကနဲ လှုပ်ရှားသွားသည်။ မီးတောက်များသည် ဆောင်းရာသီတွင် ပြတင်းပေါက် အပြင်ဘက်တွင် လွင့်နေသော လေပွေတစ်ခုလို ရစ်ပတ်နေသည်။ 

ရာပေါင်းများစွာသော မီးပွားငယ်များသည် လေဆင်နှာမောင်းအတွင်း လှည့်ပတ်နေသော အမှိုက်သရိုက်များလို ပြန်ကျလာသည်။

ဆာစီးနီယာ သည် လေပွေကို ကြည့်လိုက်သည်။ မျက်နှာကျက်သို့ တက်လာသော မီးတောက်များ အားလုံးသည် လေဆင်နှာမောင်းကြီးလို ဖြစ်လာသည်။ ကြီးမားသော လေဆင်နှာမောင်းသည် လှည့်ပတ်ကာ ကခုန်နေပြီး သူမ ကိုယ်ထက် ဆယ်ဆခန့် ပိုကြီးသည်။ သိပ်မကြာခင်မှာ အမှောင်ရိပ်တစ်ခု သူမ မျက်နှာပေါ် လွှမ်းသွားရ၏။ရှောင်လွှဲ၍မရသော အခြေအနေကိုကြည့်ပြီး သူမ တံတွေးတစ်ချက် မျိုချလိုက်သည်။ ဤမီးတောက်အားလုံးကို သူမ စုပ်ယူနိုင်မည်ဟု အာမ,မခံနိုင်ပေ။ အိမ်တစ်လုံးလောက်ရှိသည့် မီးတောက်အားလုံးကို စုပ်ယူလိုက်လျှင် သူမ ပြာဖြစ်သွားနိုင်သည်။သို့သော်လည်းထိုနည်းလမ်းကသာ တစ်ခုတည်းသော နည်းလမ်းဆိုလျှင် လုပ်ရပေလိမ့်မည်။အခုထိ သူမ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တိုင်း အကျိုးဆက်ကတော့ သေချာပေါက် ရှိလာလိမ့်မည်။ 

ထို့ကြောင့် မီးကို စုပ်ယူနိုင်မှန်း ဘာကြောင့် ခုမှသိရမှန်းကို နောက်တော့ သိလာရပေလိမ့်မည်။

ဆာစီးနီယာ သည် လက်ဖဝါး နှစ်ဖက်ကို ပို၍ အားထပ်ထည့်လိုက်သည်။ ကြောက်ရွံ့စိတ်ကလေးသည် သူမ၏ နှလုံးသားထဲတွင် အမြစ်တွယ်လာသော်လည်း ကောင်းစွာ မပွင့်နိုင်ဘဲ ညှိုးနွမ်းသွားခဲ့သည်။ တဟုန်းဟုန်းတောက်နေသော လေဆင်နှာမောင်းမီးတောက်သည် မကြာမီ သူမ လက်ထဲသို့ ပြေးဝင်လာသည်။ နတ်ဆိုးမီးတောက်များသည် အနီရောင်အပူရှိန်များ ဖြစ်လာပြီး လက်ဖဝါးထဲကို စိမ့်ဝင်သွားပြန်၏။

 “အိုး 

တစ်ချိန်တည်းမှာ အလွန်များလာသည့် အတွက် သူမ နောက်ကိုတောင် ဆုတ်မိသွားရသည်။

ထို့နောက် ဆာစီးနီယာ သည် သတိကြီးကြီးထား၍ ‌ရှေ့ကို တိုးလိုက်ပြန်သည်။ မုန်တိုင်းလို ပြင်းထန်လှသော အပူရှိန်က အရှိန်ပြင်းလှသဖြင့် သူမ ဆံပင်တွေပါ လှိုင်းထန်နေတော့သည်။

လေဆင်နှာမောင်း မီးတောက်က တစ်ဝက်လောက် ကျသွားသည်။ အပူသည် သူမ၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာသည်နှင့်အမျှ သူမ နှလုံးသားမှာ ပိုပူလာရပြီး ဗိုက်လည်း အောင့်လာသည်။ နားထဲတွင်လည်း တဝီဝီနှင့် အူနေတော့သည်။အခြေအနေက ခက်ခဲသော်လည်း မီးတောက်တွေက ထောင့်နားလေးမှာ ရှိနေတာကြောင့် သူမ ထိုနေရာကို လျှောက်သွားလိုက်သည်။ 

ဤနေရာတွင် မီးတောက်ငယ်သဖြင့် စက္ကန့်အနည်းငယ်သာ ကြာနိုင်သည်။ အလွန်ခိုင်မာပြီး ပြိုကျနိုင်ဖွယ် မရှိသော တောင်များလိုဟုန်းဟုန်တောက်နေသော မီးတောက်များသည် 10 စက္ကန့်အတွင်း သူမ လက်ထဲကို စိမ့်ဝင်သွားသည်။

 “ဟား…ဟား…” 

ဆာစီးနီယာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ အနီးနား ပတ်ဝန်းကျင်က ပူလွန်းတာကြောင့် ပုံမှန်အသက်ရှူဖို့ ခက်ခဲသည်။ သူမသည် အပူများစွာကို စုပ်ယူလိုက်တာကြောင့် မူးဝေသွားရ၏။ နဖူးတွင် ချွေးစေးများ ထွက်လာပြီး မေးစေ့အောက်ထိ ကျဆင်းလာသည်။ အော့အန်ချင်စိတ်ကို တောင့်ထားပြီး မှုန်ဝါးနေသော စိတ်ကို ထိန်းထားရင်း ခေါင်းကို မော့လိုက်သည်။ မီးခိုးငွေ့ကြောင့် အုံ့ဆိုင်းနေသည့်မြင်ကွင်းတွင် မီးတောက်ပျောက်ကွယ်သွားသည့် နေရာအနီးတွင် လဲနေသော ဗားန် ကို တွေ့ရလေသည်။

 "ဗားန်"

ဆာစီးနီယာ သည် ဗားန် ကို အော်ခေါ်ရင်း ပြေးသွားလိုက်သည်။ အနက်ရောင်ပြာများသည် ဗားန် ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသောကြောင့် သူမတွင် ဒဏ်ရာ ရှိ၊မရှိ မပြောနိုင်ပေ။

 "ဗားန် …သွားရအောင်"

ဗားန် သည် အနီးကပ်ကြားလိုက်ရသော အသံကြောင့် မျက်လုံးကို အနိုင်နိုင်ဖွင့်လိုက်ရသည်။ 

“မ…မမလေး ဆာစီးနီယာ…” 

ဆာစီးနီယာ သည် အနက်ရောင် မီးခိုးထဲတွင် ရပ်နေသည်။

 “ဟူး…”

ဗားန် ၏ပါးစပ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ စိတ်သက်သာရာရမှုနှင့်အတူ၊ မျက်ရည်များသည် အနက်ရောင်ပါးပြင်ပေါ် စီးကျလာသည်။ 

“ကျွန်မ တောင်းပန်ပါတယ်"

မီးခိုးငွေ့များ ပိတ်ဆို့နေသောကြောင့် ဗားန် သည် စကားကိုကောင်းကောင်း မပြောနိုင်ပေ။

 "ရပါတယ်”

ထို့နောက် ဆာစီးနီယာ သည် ပျော့ခွေနေသော ဗားန် ကို ကုန်းပိုးသွားတော့သည်။ 

“ဟူး…” 

ဆာစီးနီယာ ၏ နောက်ကျောမှာ စိုစွတ်နေရသည်။ ဗားန် ၏ မျက်ရည်များဖြစ်ပြီး သူမ၏ ချွေးများမဟုတ်ပေ။

ဗားန် သည် ဆာစီးနီယာ ၏ ကျောပေါ် ကုန်းပိုးလိုက်လာရင်း ငိုကြွေးနေတော့သည်။

 "မြန်မြန် ရေယူလာ"

ဂိုဒေါင်၏ အပြင်ဘက်မှာလည်း ရှုပ်ယှက်ခတ်နေကြသည်။ ရေတောင်းသံများနှင့် လူအော်သံကို သူမ ကြားလိုက်ရသည်။ ယခုအချိန်တွင် ဂိုဒေါင်ရှေ့၌ လူများ ရှုပ်ယှက်ခတ်နေပြီး လမ်းလျှောက်ရန် မီးတောက်မီးလျှံကြားထဲမှ အေးအေးဆေးဆေး ထွက်လာသော သူမကို မြင်သွားနိုင်၏။ 

ဆာစီးနီယာ သည် အသိစိတ် ပြန်ကပ်ပြီး မီးမပြန့်သေးသောနေရာကို သားလိုက်သည်။ 

'ဒီဟာက နည်းနည်းပိုကြီးလာပါလား..'

 ဦးခေါင်းမှ ခြေဖျားအထိ ထိခတ်နေသော အပူရှိန်ကြောင့် သူမ အမြင်အာရုံများ မှုန်ဝါးသွားကာ သွေးလည်း ပိုပူလာသည်။ သူမ၏ ကြက်သွေးရောင် မျက်လုံးများသည်လည်း သွေးကဲ့သို့ နီရဲလာသည်။ 

“ဟား…”

အချိန်တိုလေးအတွင်းမှာပင် ခွန်အားမရှိတော့သော သူမ၏ ခြေထောက်များ ပြိုလဲကျသွားသည်။တစ်ယောက်ယောက်က သူမကို သတိလစ်သွားအောင် လုပ်နေသလို ခံစားရသည်။

 'ဒါက အဆုံးသတ်ပဲလား… မတရားဘူး...' 

ပြန်ထဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း မတ်တပ်ရပ်ဖို့တောင် ခွန်အားမရှိတော့။ရုတ်တရက် သူမ ခြေချောင်းနားတွင် အနွေးဓာတ်တစ်ခု ခံစားလိုက်ရသည်။ မီးတောက်များက သူမကို လောင်မြိုက်ချင်နေပုံရသည်။ယခုမူ သူမသည် မီးကို စုပ်ယူရန် ခွန်အားမရှိတော့ပေ။ တစ်ဖန် သူမ၏ ခွန်အားတို့သည်လည်း မီးခိုးနှင့် အပူရှိန်တို့ကြောင့် စုစည်းလို့မရတော့ချေ။ 

သူမ သတိလစ်တော့မလို ဖြစ်ဖြစ်သွားသည်။

 "ဆာစီးနီယာ" 

အသံတစ်သံက နားထဲကို စူးစူးရဲရဲ တိုးဝင်လာသည်။ 

"ဆာစီးနီယာ…မင်းအထဲမှာရှိလား" 

“ဘန်…”

 ဘန် ပြန်ရောက်လာပုံရသည်။

 'မဟုတ်ဘူး'

 "ဒီလို မလုပ်ပါနဲ့…သခင်… မမလေး ဆာစီးနီယာ အထဲမှာ ရှိချင်မှရှိမှာ"

 

အပြင်ဘက်မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

 "အဲ့ဒါကြောင့် ငါဝင်ကြည့်မလို့…"

သိပ်မကြာခင်မှာပင် ဘန် ၏ အသံကို ထပ်ကြားရပြန်သည်။ 

'ဝင်လာမယ်...… ဘယ်မှာလဲ…ကျွန်မ ဒီမှာ'

ရီဝေနေသော စိတ်ထဲတွင် ဆာစီးနီယာ တွေးလိုက်သည်။

 "သခင်… အရမ်းအန္တရာယ်များတယ်"

 "ငါ မီးငြိမ်းအောင် ကြိုးစားကြည့်မယ်" 

အသံမျိုးစုံ ကြားလာရပြီး ဆူညံသွားသည်။

တစ်စုံတစ်ယောက်က ဘန် ၏ခြေထောက်ကို ကိုင်ထားပြီး ဘန် က လွှတ်ပေးဖို့ အော်ဟစ်သံများပင်။

"အခုချိန်ကစပြီး ငါ့ကို လာနှောင့်ယှက်ရင် မင်းကို အလုပ်ထုတ်မယ်"

 

ပိတ်ထားသော ဆာစီးနီယာ ၏မျက်လုံးများ ဖွင့်လာရသည်။ ယခု ဘန် သည် ဤမီးတွင်းထဲကို ဝင်လာတော့မလိုပင်။ 

'ဘယ်လိုမှ မဖြစ်နိုင်ဘူး…သူ ဝင်မလာနဲ့'

 အစွမ်းမရှိသော ဘန် သာ ဤနေရာသို့ ဝင်လာပါက မီးလောင်ခံရလိမ့်မည်။ ဆာစီးနီယာ သည် အားတင်းထားပြီး မတ်တပ်ရပ်လိုက်သည်။အခုကျတော့လည်း ခွန်အားတွေက ဘယ်ကရောက်လာမှန်းမသိတော့ပေ။သို့သော်လည်း ဘန် ဤမီးလျှံထဲကို မ၀င်ခင် သူမ အရင်ထွက်ရပေမည်။

ဆာစီးနီယာ သည် ဗားန် ကို အနိုင်နိုင် ကျောပိုးကာ ဂိုဒေါင်နံရံဆီကို ပြေးသွားခဲ့သည်။ ချက်ချင်းပင် သူမ၏ မျက်လုံးများသည် မီးထက်နီရဲလာရတော့သည်။