အပိုင်း ၉၈
Viewers 12k

Chapter 98

ဆာစီးနီယာ သည် အိပ်မက်ရှည်ကြီး မက်နေသည်။ သူမသည် ထိုအိပ်မက်ထဲတွင် အလွန်နက်နဲပြီး မှောင်မိုက်သောနေရာတစ်ခုတွင် ရောက်နေလေသည်။

 'ဒါက ဘယ်နေရာလဲ' 

သူမ ခေါင်းငုံ့ပြီး ရှေ့ဆက်လျှောက်လိုက်ရာ နဖူးကိုတစ်ခုခုနှင့် ဆောင့်ရိုက်ပြီး ပြန်လဲကျသွားသည်။

'အား...နာလိုက်တာ' 

နာကျင်နေသော နဖူးကို ပွတ်သပ်ရင်း သူမ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။စောစောက တိုက်မိသည့်အရာကိုကြည့်ချင်သော်လည်း မှောင်နေသောကြောင့် ဘာမှမမြင်ရပေ။ သူမ ဟိုစမ်းဒီစမ်းရှာလိုက်ရာ၊ မာကျောသော နံရံတစ်ခုကို စမ်းမိသွား၏။ထို့‌နောက် လက်ချောင်းများဖြင့် ပုတ်ကြည့်လိုက်သောအခါ နံရံသည် အလွန် မာကျောလှကြောင်း တွေ့ရသည်။ အပြင်ထွက်ရန် အပေါက်ရှိမရှိလှည့်ပတ်ကြည့်သော်လည်း ဘာမှမတွေ့ရချေ။ အမြင့်ကြီးဖြစ်နေသော နံရံများသည် သူမကို ဝန်းရံကာ ပိတ်ဆို့ထားပုံရသည်။ 

'ငါ ပိတ်မိနေတာလား…ဘာလို့လဲ'

သူမ နောက်ဆုံး မှတိမိသည်မှာ ဗားန် ကို ခေါ်ပြီး ဂိုဒေါင်ထဲမှ ပြေးထွက်လာခြင်းဖြစ်သည်။သို့သော်လည်း ယခု သူမ ဘာကြောင့် ဤနေရာကို ရောက်လာရမှန်း မသိတော့ချေ။

ဆာစီးနီယာ သည် အစက အိပ်မက်ဟု ထင်ထားသော်လည်း နဖူးမှ ဒဏ်ရာက နာကျင်နေပြီး ဗိုက်ကလည်း မအီမသာဖြစ်နေဆဲပင်။ စုပ်ယူထားသည့် အပူရှိန်ကြောင့် ခေါင်းကိုက်နေရသည့်အတွက်လည်း သူမ စိတ်ဆိုးလာသည်။ 

မရင်းနှီးသောနေရာ…မတူထူးခြားသော လေထု…

လက်တွေ့မဟုတ်သလို ဖြစ်နေသော်လည်း အိပ်မက်လည်း မဟုတ်ပေ။

 'ဘာဖြစ်တာလဲ' 

စိုးရိမ်စိတ်ကြောင့် သူမ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

ဘန် သည် မီးလောင်နေသော ဂိုဒေါင်ထဲကို မဆင်မခြင် ပြေးဝင်ကာ သူမအား ရှာဖွေသော်လည်း နောက်ပိုင်းတွင် ဘာဆက်ဖြစ်သွားမှန်း မသိတော့ပေ။ထို့ကြောင့် ဘန် အဆင်ပြေရဲ့လားဆိုတာ သိဖို့ သူ့ကို အမြန်တွေ့ချင်နေပြီဖြစ်သည်။ သို့သော် ဘက်ပေါင်းစုံမှ ဝန်းရံထားသော နံရံများက သူမအား လွှတ်‌ပေးရန် ရည်ရွယ်ချက်မရှိသလို အခိုင်အမာ ပိတ်ဆို့ထားသည်။ 

"ဒီမှာ ဘယ်သူများရှိလဲ"

သူမ တစ်စုံတစ်ယောက်ကို စိတ်အားထက်သန်စွာ ခေါ်လိုက်သည်။ သူမကို ဤနေရာကနေ လွတ်မြောက်အောင် ကူညီပေးနိုင်သည့် ဘယ်သူမဆို သူမ လိုအပ်နေသည်။ သို့သော်လည်း ဤနေရာတွင် သူမ တစ်ယောကတည်း ရှိ‌နေသလို ပတ်ဝန်းကျင်က တိတ်ဆိတ်နေသဖြင့် အကြောက်တရားက သူမကို လွှမ်းခြုံသွားသည်။

ထိုနောက် ကြံရာမရသည့်အဆုံး ဆာစီးနီယာ သည် နံရံကို ကိုယ်လုံးနှင့် ပစ်တိုက်လိုက်သော်လည်း ပွင့်မလာပေ။

 'ဟား…ဟား...' 

သူမ အသက်ရှုကြပ်လာပြီး ရင်ထဲကလည်း မီးလောင်နေသလို ပူလောင်လှသည်။ အပူကို စုပ်ယူလိုက်တာကြောင့် ခံစားရခြင်း ဖြစ်နိုင်သည်။ သူမ, စုပ်ယူလိုက်သော အပူသည် ကိုယ်ထဲရောက်ခါမှ တစ်ခုခု ဖြစ်သွားသလို ခံစားရသည်။ယခု သူမသည် ခြေထောက်နှစ်ချောင်းကိုပင် မတ်မတ်မရပ်နိုင်တော့သည့်အထိ ခွန်အားများ ဆုံးရှုံးနေတော့သည်။ 

'တစ်ယောက်ယောက်များ ရှိလား…ဘန်ရေ...' 

 "မင်းက ဘယ်သူလဲ" 

ဘန် ၏ အသံသည် နေရာလွတ်ထဲတွင် ပြင်းထန်စွာ ပဲ့တင်ထပ်နေသည်။ ထိုအသံကြောင့် ဆာစီးနီယာ ရုတ်တရက် နေရာတိုင်းကို ကြည့်လိုက်မိသည်။ သို့သော်လည်း မမြင်နိုင်သော အမှောင်ထုထဲတွင် သူမ တစ်ဦးတည်းသာ ရှိနေပုံရသည်။ 

"သူမ ဘယ်မှာလဲ" 

ကြားနေရသော သူ့အသံမှာ ဒေါသတကြီး ဖြစ်နေသည်။ 

'ဘာတွေဖြစ်နေတာလဲ' 

"ဟမ်…ကျွန်မ မိသွားပြီလား"

 

ဆာစီးနီယာ သည် ထိုအသံကြောင့် အေးစက်သွားရသည်။ထိုလေသံသည် သူမ အသံဟုတ်သော်ငြား မထီမဲ့မြင်သံပေါက်နေသည်။

 'အဲ့ဒါ မူရင်း ဆာစီးနီယာပဲ...'

သူမ ကြက်သီးမွေးညင်းများ ထသွားသည်။ 

'သူမ အခု ဘန် နဲ့ စကားပြောနေတာလား…ဘာလို့လဲ…ငါက ဒီမှာဥစ္စာ'

သို့သော်လည်း ခံစားရသည့် နာကျင်မှုတွေက သိပ်ကို ကွက်ကွက်ကွင်းကွင်းနိုင်လှသည်။

 သူမ စိတ်ရှုပ်သွားသည်။

ထိုအချိန်တွင် မှုန်ဝါးသောအလင်းရောင်သည် အမှောင်ထုကြီးထဲတွင် လွင့်ပျံလာသည်။ထိုမှသာ သူမသည် ဘာမှမရှိသည့်နေရာတစ်ခုတွင် ပိတ်လှောင်ခံထားရမှန်း သဘောပေါက်သွားရသည်။

 'ဒီနေရာက ဘယ်လိုနေရာလဲ…ဘန်….'

သူမ ပထမဆုံးမြင်လိုက်ရတာက ဘန် ပင်။

 ရေခဲပြင်လို အေးစက်သော မျက်နှာထားဖြင့် စိမ်းစိမ်းကြီး ကြည့်နေတော့သည်။

 'ဒါဘာလဲ' 

ထူးဆန်းသည့် ခံစားချက်တစ်ခု သူမ ရင်ထဲ ဝေ့ဝဲလာသည်။ ဂိုဒေါင်ထဲက သူမ ထွက်သွားခဲ့နိုင်သည်ဟု ထင်ထားသော်လည်း ဘာဆက်ဖြစ်မှန်းမသိတော့။နီရဲလှသော သူမ၏ မျက်လုံးများသည် ရှုပ်ထွေးမှုများနှင့် ဖုံးလွှမ်းကာ တုန်လှုပ်ချောက်ချားသွားသည်။ ထိုအချိန်တွင် ကျယ်လောင်သော အသံနှင့်အတူ ဂိုဒေါင်ကြီး ပြိုကျသွားသည်။ သူမ စုပ်ယူလိုက်သော အပူအားလုံးသည် သူမ၏ လက်ဖဝါးထဲမှ တစ်ဆင့် လွတ်ထွက်သွားသည်။ သူမ မြင်လိုက်ရသည့် မြင်ကွင်းက ဤနေရာမှာပင် ပြီးသွားပြီဖြစ်သည်။အုံ့ဆိုင်းနေသော အလင်းရောင်သည် ချက်ချင်း ပျောက်သွားသည်။ အမှောင်တွေ ထပ်ရောက်လာပြန်သည်။

ဆာစီးနီယာ ၏ ခန္ဓာကိုယ်သည် ကူကယ်ရာမဲ့ ရှေ့ကို ငိုက်ကျသွားသည်။ထို့နောက် အသိစိတ်ပါ လွတ်သွားရပြီး နောက်ဆုံးတွင် သူမ ပြိုလဲသွားသည်။

“ဟာ” 

ဆာစီးနီယာ သည် မျက်လုံးဖွင့်၍ ဆတ်ကနဲထလိုက်သည်။ထို့နောက် ဘေးပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ သူမ နေ့တိုင်းမြင်နေကျ မျက်နှာကျက်နှင့် ပရိဘောဂများကို ပုံစံမပျက် တွေ့ရ၏။

 "အိပ်မက်လား..." 

စောစောက နေရာတိုင်းလိုလို မှောင်နေသော်လည်း အခုတော့ သူမ အိပ်ယာပေါ်မှာ ရှိနေပြီဖ့စ်သည်။ သို့သော် အိပ်မက်တစ်ခုအဖြစ် သတ်မှတ်ရန်မှာလည်း သိပ်ကို သဘာဝဆန်လှသည်။

နံရံကိုထိသွားသည့် နဖူးကလည်း အခုထိ နာကျင်ရကာ အပူကို စုပ်ယူထားတာကြောင့်လည်း ကိုယ်လက် မအီမသာဖြစ်နေရသည်

...

 “ပြီးသွားပြီ…” 

 သူမ ကိုယ်ကို တရှိန်းရှိန်းဖြစ်စေသည့် အပူရှိန်တို့ အကြွင်းအကျန်တောင် မရှိတော့ချေ။ထို့အပြင် လူကလည်း ခါတိုင်းထက် များစွာ ပေါ့ပါးနေသည်။ ဆာစီးနီယာ ၏ မျက်လုံးများသည် တဖြည်းဖြည်း အသက်ဝင်လာသည်။ 

“အိပ်မက်မဟုတ်ရင်”

ထို့နောက် အပူကို စုပ်ယူလိုက်သောလက်အား သူမ ငုံ့ကြည့်မိသည်။ သူမသည် မီးတောက်များစွာကို စုပ်ယူလိုက်သော်လည်း လက်ဖဝါးများသည် သန့်ရှင်းပြီး အဆိပ်အတောက်မရှိကြပေ။

 "ဘယ်လိုမှ မဖြစ်နိုင်ဘူး" 

တစ်စုံတစ်ခုကို သတိပြုမိပြီး အိပ်ရာထဲမှ ပြေးထွက်လာခဲ့၍ ဖိနပ်မစီးဘဲ လှေကားမှ ခြေဗလာဖြင့် ဆင်းကာ ထွက်လာခဲ့သည်။ ဆောင်းလေသည် သူမ၏ ပါးလွှာသော ဝတ်ရုံကို တိုက်ခတ်သွားသော်လည်း သူမ အာရုံစိုက်ရန် အချိန်မရှိပေ။အိပ်မက်မဟုတ်သလို စိတ်ကူးယဉ်တာလည်း မဟုတ်လျှင် သူမကိုယ်တိုင် မျက်စိနှင့် တွေ့ရမှဖြစ်မည်။ 

ဆာစီးနီယာ သည် အိမ်ကြီး၏ တံခါးမှ ပြေးထွက်လာပြီး ဂိုဒေါင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားသည်။

 "ဆာစီးနီယာ" 

သူမ နောက်မှ တစ်စုံတစ်ယောက် ခေါ်နေတာကို သူမ ကြားလိုက်သော်လည်း သူမ မရပ်နိုင်ခဲ့ပေ။

 “ဟား...ဟား…”

တစ်ကြိမ်မျှ အရှိန်မလျှော့ဘဲ ဂိုဒေါင်သို့ ရောက်သောအခါ သူမ မျက်လုံး ပြူးသွားရသည်။

 “ဒါက…” 

သူမ၏ နောက်ဆုံးမှတ်ဉာဏ်နှင့်မတူသော ဂိုဒေါင်ကြောင့် သူမ အံ့ဩသွားရသည်။ မီးတောက်များသည် ငြိမ်းသွားသော်လည်း အခိုးအငွေ့တို့ ရှိနေဆဲဖြစ်သည်။ အပျက်အစီး၊အပိုင်းအစများ ပြန့်ကျဲနေပြီး ပြိုကျနေသော နံရံသည် မြေပြင်ပေါ်တွင် တောင်ကုန်းတစ်ခုပမာ ဖြစ်လာသည်။ ဂိုဒေါင်သည် ပုံဖော်လို့မရလောက်အောင် ပြိုကျသွားသည်။မီး‌အပူရှိန်ကြောင့် ပေါက်ကွဲသွားသည့် ဂိုဒေါင်ကို သူမ အိပ်မက်တစ်ခု ဟုသာ ထင်ထားသော်လည်း အမှန်တစ်ကယ် ဖြစ်လို့နေသည်။

 “အိပ်မက်မဟုတ်ဘူးပဲ…” 

အရာအားလုံး ပျောက်ရှသွားသည်ကို ရိပ်မိသွားသော ကြက်သွေးရောင် မျက်လုံးများက ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

"ဆာစီးနီယာ" 

သူမ နားထဲကို တိုးဝင်လာသော အသံကြောင့် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ 

"ဘန်"

သူမ နောက်မှ ဘန် လိုက်လာနေခြင်း ဖြစ်သည်။ 

သူမ အသံကိုကြားရုံနှင့် သူချစ်သော ဆာစီးနီယာ ဟုတောင် ပြောလို့ရသည်။ 

ဖိနပ် မစီးထားသော သူ့ခြေထောက်ကို ကြည့်ပြီး ဆာစီးနီယာ မျက်မှောင်ကြုတ်သွားရသည်။

"မင်းခြေထောက်တွေ အေးစက်နေမယ်" 

မဆိုင်းမတွဘဲ ဘန်က ဖိနပ်ကို ချွတ်ပြီး သူမ ရှေ့မှာ ထားလိုက်သည်။

“ကျွန်မ ဂိုဒေါင်ကို ဖောက်ခွဲလိုက်တာပဲ…” 

ဆာစီးနီယာ သည် မြေပြင်ပေါ်ရှိ ဖိနပ်ကို ငေးကြည့်နေပြီး တုန်လှုပ်သွားသည်။ 

“…”

ဘန် က ပြန်မဖြေပေ။ သူ့အဖြေက သူမကို ပိုထိတ်လန့်စေမည်လား မသိသောကြောင့်ဖြစ်သည်။ သူ ဒူးထောက်ထိုင်ပြီး သူမ၏ ခြေကျင်းဝတ်ကို ဂရုတစိုက် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ခြေဖဝါးမှ ဖုန်မှုန့်များကို သုတ်ပြီး အအေးမမိစေရန် ဖိနပ်စီး‌ 

ပေးလိုက်၏။

ဆာစီးနီယာ သည် သူ့လုပ်ရပ်များကို တိတ်တဆိတ် ကြည့်နေပြီးနောက်  

နက်ပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြန်သည်။ သူမ ဘာမှ ပြန်‌မပြောပေ။သို့သော်လည်း ပြန်ဖြေလိုက်လျှင်လည်း အသုံးဝင်သော ဘယ်လို စကားမျိုးမှ ထွက်လာမည်မဟုတ်ပေ။ ဟိုးအရင်က အမှောင်ထုထဲမှာ သူမမြင်ခဲ့ရသည့် မြင်ကွင်းတွေက စိတ်ကူးယဉ်တာလည်း မဟုတ်သလို အိပ်မက်တစ်ခုလည်း မဟုတ်ချေ။ သူမ ကိုယ်ထဲမှာ ရှိနေသည့် မူလပိုင်ရှင်ကသာ အားလုံး စီမံသွားခဲ့ခြင်းဖြစ်သည်။

 'သူမ နိုးလာခဲ့ပြီ' 

သူမ အထဲမှာ ရှိနေသည့် မူလစရိုက်က နောက်ဆုံးတော့ နိုးထလာခဲ့သည်။ သူမ စိုးရိမ်နေရသည့် ကိစ္စက အမှန်တစ်ကယ် ရောက်လာသည်။ 

ဝတ္ထုထဲတွင် ဖြစ်ပျက်ခဲ့သော မကောင်းမှုအားလုံး၏ အဓိကမဏ္ဍိုင် မူလ ဆာစီးနီယာ....

ဆာစီးနီယာ ၏ မျက်လုံးများသည် ပင်လယ်ရေနက်ပိုင်းလို နက်ရှိုင်း လေးနက်နေသည်။ ယခုဆို သူမကိုယ်ထဲတွင် 'သူမ' ရှိနေကြောင်း ဒုတိယအကြိမ် သတိပေးလိုက်ခြင်းဖြစ်သည်။ပထမအကြိမ်သည် လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်ကောင်းဖြစ်နိုင်သည်။ရံဖန်ရံခါ ပေါ်လာတတ်သော လူသတ်ချင်စိတ်နှင့် အပြုအမူအားလုံးတို့သည် သူမ ကိုယ်ထဲ၌ ကျန်ရှိနေသော ဗီဇဆိုတာထက် 'မူလပိုင်ရှင်' ၏ စိတ်ဝိညာဉ်လည်း ဟုတ်နေသည်။ သူမ အသိစိတ် ပြတ်တောက်သွားသည်နှင့် တပြိုင်နက် 'သူမ' သည် သူမ ကိုယ်ကို လွှမ်းမိုးသွားတတ်သည်။ 

'အခု ဘာလို့လဲ…ဇာတ်လမ်း ပြီးခါနီးမှ သူမ ဘာလို့ လုပ်တာလဲ...'

 'ဒီခန္ဓာကိုယ်ထဲမှာ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးနေပါ...' 

ဒေါသတကြီး စိတ်ထဲက ရေရွတ်ရင်း နှုတ်ခမ်းကို တင်းတင်း ကိုက်ထားလိုက်သည်။ ဤအခက်အခဲကို ကျော်ဖြတ်ဖို့ နည်းလမ်းမရှိချေ။ အမြဲလိုလို၊ သာယာပျော်ရွှင်သော အနာဂတ်ကို အိပ်မက်မက်နေစဉ် ကံဆိုးမှုက ကြားဝင်လာပြန်သည်။သူမသည် ပျော်ရွှင်ဖို့ မထိုက်တန်သည့် လူသားတစ်ယောက်လိုပင်။

ဆာစီးနီယာ သည် သူမစိတ်ကို အဆုံးစွန်ထိ ပျော်ရွှင်စေသော လူသားကို ကြည့်လိုက်သည်။ ခြေဖဝါးမှ ဖုန်မှုန့်များကို လက်ဖြင့် ပွတ်သပ်ချကာ ခြေဖျားကိုနွေးထွေးအောင် လုပ်ပေးနေသော သူ့ကို ကြည့်ရင်း သူမ ငိုချင်စိတ်တို့ဖြစ်လာရသည်။

 'မူလ ပိုင်ရှင်' နှင့် တွေ့စဥ်အချိန်ကလည်း သူ‌ တော်တော် သည်းခံခဲ့ရှာပေမည်။

 'ရှင် ဘာလို့ အရမ်းချောနေတာလဲ'

"ရှင် ဘယ်လိုလုပ်မလဲ... ရှင့်ကြည့်ရတာ ဘာမှ,မဖြစ်သလိုပဲ"