Chapter 99
ဆာစီးနီယာ ၏ ရေရွတ်သံသည် လှိုင်းလုံးများကဲ့သို့ တုန်လှုပ်နေသည်။ ဘန် ၏ အပြုအမူကို သူမ ကောင်းကောင်းနားမလည်ပေ။
“မင်း ပြန်လာတာ ကိုယ်သိပ်ဝမ်းသာတာပဲ"
သူသည် ဒူးထောက်ထိုင်နေရာမှ ထလိုက်ပြီး ဆာစီးနီယာကို ကြည့်လိုက်သည်။ ဆာစီးနီယာ၏ မျက်နှာသည် ညကောင်းကင်ကြီးလို သူ့စိတ်ကို ဖမ်းစားထားလေသည်။
"ဘာမှ မမေးတော့ဘူးလား"
“မင်း ကိုယ့်ကို မပြောချင်ဘူးဆိုလို့ရှိရင်လည်း မပြောပါနဲ့…"
ထို့နောက် သူက အင်္ကျီထူထူကို ချွတ်ပြီး ဆာစီးနီယာ ၏ ပခုံးပေါ်မှာ တင်ပေးလိုက်သည်။
“ရှင် နားလည်ရ ခက်လိမ့်မယ်…”
"ကိုယ် ဘာကိုကြောက်လဲ မင်းသိလား"
သူသည် သူမ မျက်နှာပေါ် ကပ်နေသော ဆံပင်တို့ကို လက်နှင့် ဂရုတစိုက် ဖယ်ပေးလိုက်သည်။ ဆာစီးနီယာ သည် လူသေတစ်ယောက်လို လှဲနေစဉ်က သူ တစ်ယော်တည်း အတွေးပေါင်းထောင်သောင်းမက တွေးနေခဲ့သည်။
သူမ မျက်လုံးပြန်မဖွင့်လာဘူးဆိုရင်ကော…သူမ နိုးလာတဲ့အခါ ငါ့ကို မမှတ်မိရင် ဘယ်လိုလုပ်မလဲ…
သို့သော်လည်း သူအကြောက်ဆုံး အရာတစ်ခုကျန်သေးသည်။သူမ သူ့ဘေးမှ ထွက်သွားမှာကိုပင်။စပါးရိတ်သိမ်းပွဲတော်မှာ သူ့ကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည့် သူမ ပုံရိပ်ကို ရုတ်တရက် သတိရလာပြီး သူ နာကျင်သွားရသည်။ ထိုနေ့က သူမသည် သူ့ဘေးကနေ အချိန်မရွေး ထွက်သွားတော့မလိုပင်။ဟိုတစ်လောက သူတို့နှစ်ယောက်သည် တစ်သက်လုံး အတူနေပါ့မည်ဟု ကတိပြုခဲ့သော်လည်း ဘာမှ ထူးခြားပြီး စိတ်မသက်သာခဲ့ပေ။ဤသည်မှာလည်း သူ့အချစ်ကို ဝန်ခံလိုက်ကတည်းက ပေါက်ဖွားလာရသည့် စိုးရိမ်စိတ်တွေကြောင့်လည်း ဖြစ်နိုင်သည်။ထို့အပြင် သူမ၏ နှစ်ကိုယ့်တစ်စိတ် ပြဿနာ ဖြစ်လာပြန်သည်။ထိုအခါ ပို၍ပင် စိုးရိမ်စိတ်တို့ ငယ်ထိပ်တက်ဆောင့်သွားရတော့သည်။သူ တစ်ကယ်မျက်စိနှင့် မတွေ့လိုက်ရလျှင် ယုံမှာမဟုတ်ချေ။ထိုမိန်းမငယ်က သူ့ကို ပြက်ရယ်ပြုနေသလိုမျိုး မထီမဲ့မြင်လေသံဖြင့် တစ်ခွန်းချင်း လှောင်ပြောင်နေသလိုရှိသည်။
"ကိုယ် ကြောက်တာက မင်းနဲ့ မဆိုင်ပါဘူး…ကိုယ် မင်းကို ကာကွယ်ပေးဖို့ဆို တခြား ဘာကိုမှ မကြောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ"
သူမကို ဘယ်တော့မှ ထွက်သွားခွင့်မပြုတော့ဘူးဟု ကိုယ့်ကိုယ်ကို ကတိပြုခဲ့တာ အမှန်ဖြစ်သည်။
“…”
ဆာစီးနီယာ သည် သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ခရမ်းရင့်ရောင် သူ့မျက်လုံးအိမ်များသည် အဆက်မပြတ် တုန်ခါနေပြီး ကြောက်ရွံ့နေပုံလည်းရသည်။
"မင်း ကိုယ့်ဆီကနေ ထွက်ပြေးရင်တောင် မင်းကို မရရအောင် လိုက်ရှာမယ်"
"ဘန်"
"ကိုယ်ကူညီနိုင်တာရှိရင် ကူညီပေးချင်တယ်… ဒါကြောင့် ထွက်သွားဖို့ မစဉ်းစားနဲ့"
"မကြောက်ဘူးလား…ရှေ့ဆက် ဘာဖြစ်မယ်မှန်းလည်း မသိဘူး"
'သူမ' (မူလ ဆာစီးနီယာ) သည် မီးငြိမ်းသတ်ရန် ဂိုဒေါင်နားကို တခြားလူများ လာနေတာကို သိလိုက်သောကြောင့် မှော်အစွမ်းကို အသုံးပြုလိုက်ပုံရသည်။
သူမ ကိုယ်၌ပင် ကရုဏာတရားမရှိ၊ သူတစ်ပါးကို ဖျက်ဆီးလိုသော ဆန္ဒအပြည့်ရှိသည့် 'သူမ' ကို ဘန် တစ်ယောက် တစ်ကယ်ပဲ ဆက်နားလည်ပေးနိုင်ပါ့မလား…
"မင်းက ဆာစီးနီယာ ဖြစ်နေလို့ ကိုယ့်အတွက် ဘာမှ မပြောင်းလဲဘူး"
သူ့လက်ကြမ်းကြမ်းတွေက ဆာစီးနီယာ ၏ပါးပြင်ကို ဆုပ်ကိုင်ထားသည်။
“ဘယ်သူနဲ့မှ မင်းကို အစားထိုးလို့မရဘူး…မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော ဆာစီးနီယာ ပါ"
ဆာစီးနီယာ ၏ စိုးရိမ်ပူပန်မှုများသည် အသုံးမဝင်ကြောင်း ပြောနေသလို၊သူက ပွင့်လင်းစွာ ပြုံးလိုက်သည်။
“မကြောက်ပါနဲ့…မင်းအနားမှာ ကိုယ် အမြဲရှိနေမယ်"
သူမ၏ ကြောက်စိတ်ကို ယုံကြည်မှာတို့ဖြင့် ဖေးမကူညီလိုက်သည်။
“ဘန်…”
ဆာစီးနီယာ သည် နွေဦးနေရောင်ခြည်ကဲ့သို့ နွေးထွေးသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ အမှန်ပင်၊ သူသည် အစမှအဆုံးထိ ဘယ်နေရာကမှ မပြောင်းလဲသေးပေ။ အမြဲတမ်းလိုလို၊ ဘန်သည် သူမကို ခြွင်းချက်မရှိ ယုံကြည်ပေးသူသာ ဖြစ်သည်။
"မိုက်တယ်…ကျွန်တော် အရင်က စုန်းမကို တစ်ခါမှ မမြင်ဖူးဘူး"
သူမ မှော်အစွမ်း ထုတ်သုံးသည်ကို စ,မြင်တုန်းက သူ ပြောခဲ့သည့်စကားပင်။ လူတိုင်းက သူမ၏ စွမ်းအားကို သိသွားလျှင် ကြောက်လန့်၍ သူမကို စုန်းမကြီးဟု စွပ်စွဲခဲ့ကြသော်လည်း ဘန် ကတော့ မတူ။သူမဘက်တွင် အမြဲရှိနေပါ့မည်ဟူသော အကြည့်တို့ဖြင့် စိုက်ကြည့်တတ်သည်။ထို့အကြည့်တို့သည် ဆာစီးနီယာ ၏ ဘဝတစ်လျှောက်လုံးကို ဖေးမကူညီပေးလိုက်ခြင်းပင် ဖြစ်တော့သည်။ သူမ ပါးပြင်ကိုထိနေသော သူ့လက်နှစ်ဖက်မှာ နွေးလှသဖြင့် သူ့ပုခုံးပေါ် မှီထားလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ဘန် သည် သူမကို မကြောက်၊ သူမ,မရှိဘဲ မနေနိုင်ပါဟု ဆိုထားသည်။ထို့အတူ၊ ဘန်သည် သူမကို အမြဲယုံကြည်နေမယ်မှန်း သိပြီးသား ဖြစ်လေသည်။
ဆာစီးနီယာ သည် သူ့ကို နွေးထွေးစွာ ပွေ့ဖက်ထားပြီး မျက်လုံးကိုလည်း ခဏလောက်မှိတ်ထားသည်။ထို့နောက် သူ့လက်ကို နောက်ဘယ်တော့မှ မလွှတ်တော့ဘူးဟု ကတိပြုလိုက်မိသည်။
'မူလပိုင်ရှင်' သို့မဟုတ် တခြားဘယ်သူကမှ သူမကို စိတ်ယိုင်စေမှာမဟုတ်တော့။ ယခုမူရင်းဝတ္ထု တစ်လျှောက်ကို သူမ၏ ကိုယ်ပိုင်ဘဝဖြင့် နေထိုင်ရပေတော့မည်။
ဆာစီးနီယာ သည် အပူကို စုပ်ယူထားသည့် လက်ဖြင့် ဘန်၏ လက်ကို ဆုပ်ကိုင်ထားလိုက်ရာ သူ့လက်တို့က သိသိသာသာပင် နွေးထွေးနေကြသည်။
* * *
" ဗားန် အဆင်ပြေရဲ့လား "
“အင်း… ဒဏ်ရာတော့ မရပါဘူး…ကျန်းမာရေးလည်း ကောင်းပါတယ်…ဒါပေမယ့် အရမ်းငိုထားလို့ သိပ်တော့ မထနိုင်သေးဘူး"
"ဟုတ်လား…တခြား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့သူများ ရှိသေးလား… ဂိုဒေါင်ကလည်း ပြိုကျသွားတယ်နော်…”
“မရှိပါဘူး… ဘာမှ စိုးရိမ်စရာ မရှိဘူး”
“တော်သေးတာပေါ့"
ဆာစီးနီယာ သည် ပြိုကျနေသော ဂိုဒေါင်အနားမှ ထွက်သွားပြီး ဘန် နှင့်အတူ အိမ်ကြီးဆီသို့ လျှောက်သွားခဲ့သည်။
"ရှင့်ခြေထောက်တွေ အေးနေမယ်… ဒီဖိနပ်ကို ကျွန်မ ချွတ်လိုက်မယ်"
ဆာစီးနီယာသည် သူ့ဖိနပ်ကို စီးထားသောကြောင့် ဘန် ၏ခြေထောက်များသည် နီရဲပြီး အေးစက်နေပုံရသည်။ ထို့ကြောင့် ဆာစီးနီယာ သည် သူ့ဖိနပ်ကို ချွတ်ရန် ကြိုးစားသော်လည်း သူ့အကြည့်ကြောင့် မချွတ်ဖြစ်တော့ပေ။
"ကိုယ် အဆင်ပြေပါတယ်…မင်းပဲ စီးထားပါ"
သူ၏ ခေါင်းမာသောအကျင့်သည် သူမထက် ခြေတစ်လှမ်းသာ နေတော့သည်၊ ထို့ကြောင့် ဆာစီးနီယာ သည် အထဲကို မြန်မြန်ဝင်တာက အကောင်းဆုံးဖြစ်မည်ဟု ထင်သောကြောင့် အမြန်ပြေးလိုက်သည်။ သို့သော် သူကမူ လိပ်လိုပင် အေးအေးဆေးဆေး လျှောက်နေသည်။
"မြန်မြန်ဝင်ရအောင်…ရှင် အအေးမိတော့မယ်"
"သူများတွေ အိပ်ပျော်နေချိန်မှာ ကိုယ်တို့နှစ်ယောက်တည်း လမ်းလျှောက်ရတာ အရမ်းကောင်းတယ်နော်"
ထိုစကားကြောင့် ဆာစီးနီယာ သူ့ကို အတင်းဆွဲခေါ်နေရာမှ ရပ်ထားလိုက်သည်။ တောက်ပသော လရောင်ကြောင့် သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။
"ကမ္ဘာပေါ်မှာ ကိုယ်တို့နှစ်ယောက်ပဲကျန်တော့တယ်"
သူ့မျက်လုံးများက ပင်လယ်နက်ကြီးအတိုင်း သူမကို ဖမ်းစားထားသည်။
ဘန် သည် ဤအခိုက်အတန့်ကို တန်ဖိုးထားသည်။ သူမ သတိပြန်ရလာပြီးနောက် ဆာစီးနီယာ နှင့် လမ်းလျှောက်ရသည့် အချိန်တိုင်းကို မမေ့တော့ပေ။
ယခု သူတို့ နှစ်ယောက်တည်းသာ ဆိတ်ငြိမ်ပြီး မှောင်မိုက်သော ပန်းခြံထဲတွင် ရှိနေသည်။ တစ်ယောက်၏ အသက်ရှူသံ၊ နှလုံးခုန်သံကို တစ်ယောက် ကြားနိုင်လောက်အောင်ထိ တိတ်ဆိတ်နေသည်။ ဘန် ပြောခဲ့သလိုပင် သူတို့နှစ်ယောက် ဤကမ္ဘာကြီးထဲမှာ နှစ်ယောက်တည်းသာ ရှိသလို ခံစားရသည်။
"ကိုယ်တို့ တစ်သက်လုံး အတူတူရှိနေခဲ့သလို ခံစားရတယ်"
ဘန် က အေးအေးဆေးဆေး စကားပြောနေသော်လည်း သူ့နားရွက်ဖျားတွေ နီရဲနေသည်။သို့သော် သူမလက်ကို ကိုင်ထားသော သူ့လက်ဖဝါးကတော့ နွေးထွေးနေသည်။
သူ့ကို စိုက်ကြည့်နေသော ဆာစီးနီယာ သည် နှလုံးခုန်နှုန်းမြန်လာရတော့သည်။
သူ့ခံစားချက်တွေက သူမဆီ ကူးစက်လာသလိုပင်။ သူမ အပေါ်မှာထားသည့် သူ့ရိုးသားမှုနှင့် မေတ္တာဓာတ်က ကောင်းကင်ကြီးထက် မြင့်ပြီး ပင်လယ်ကြီးလောက် အပြောကျယ်လှသည်။သူမလည်း ဤအခြေအနေကနေ ရုန်းမထွက်ချင်တော့သည့် အနေအထားရောက်နေပါပြီ။ ဘန် ၏ လန်းဆန်းသော ကိုယ်သင်းနံ့သည် သူမ ရှူသွင်းလိုက်သော လေထုထဲအထိ ဝင်ရောက်လာသည်။တစ်ခါ ရှူရှိုက်လိုက်တိုင်း သူမ နှလုံးသားကို တုန်လှုပ်သွားစေသည့် ရနံ့တစ်ခုပင်။ချက်ချင်းပင်၊ သူ့ကို စိုက်ကြည့်နေသော အနီရောင် မျက်လုံးများက လောဘစိတ်တို့နှင့် ပြည့်နှက်နေတော့သည်။ ဘန် ကသာ သူမကို ပျော်ရွှင်မှုပေးနိုင်မည့်သူ ဖြစ်သည်။သူမ သူ့ကို တစ်ဘဝလုံး ပိုင်ဆိုင်ချင်သွားသည်။
"အေးတယ်"
ဆာစီးနီယာ သည် အတွေးများကြောင့် ပူလောင်နေသော သူမ၏ ပါးပြင်များကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားကာ သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
"အေးနေလား"
“အင်း"
"တောင်းပန်ပါတယ်…ကိုယ် မင်းအခန်းထဲကို လိုက်ပို့မယ်"
ဘန် ၏ ခြေလှမ်းများသည် ပိုမြန်လာသည်။ သူက ဆာစီးနီယာ အအေးမိသွားမှာစိုး၍ လက်တွဲ၍ သူမရှေ့မှနေလိုက်သည်။
ဆာစီးနီယာ သည် သူ့နောက်ကျောကို လှမ်းကြည့်ရင်း နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ အအေးမိမယ် ဟူသော အကြောင်းပြချက်ဖြင့် သူမလည်း ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်တော့သည်။
'ငါ သူ့ကို တစ်စက္ကန့်လေးတောင် ခွဲမနေနိုင်တော့ဘူး...',
သူမတို့နှစ်ယောက်သား တိတ်တဆိတ် လျှောက်လာရင်း တံခါးရှေ့ကို ရောက်သွားသည်။ထို့နောက် နှစ်ယောက်သား အခန်းထဲ ဝင်လာကြပြီး တံခါးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်သည်။အလုံပိတ်အခန်းထဲတွင် ပြတင်းပေါက်မှလာသော အလင်းရောင် မှိန်မှိန်ကလေးသာ ရှိသည်။
"ကိုယ် မင်းကို နွေးအောင် လုပ်ပေးမယ်"
ထို့နောက် သူသည် ဆာစီးနီယာ ကို ကုတင်ပေါ်တွင် ထိုင်စေပြီး စားပွဲပေါ်ရှိလက်ဖက်ရည်ခွက်ထဲကို လက်ဖက်ရည်ပူပူလေး ငှဲ့ထည့်ပေးလိုက်သည်။
"သောက်လိုက်နော်…ရင်ထဲ နွေးသွားအောင်လို့"
ဆာစီးနီယာ ကလည်း သူ့စေတနာကို အသိအမှတ်ပြုပြီး လက်ဖက်ရည်ပူပူလေး တစ်ငုံသောက်လိုက်သည့်အခါ သူမ နွေးထွေးသွားရ၏။
ဘန် က ဒူးထောက်လိုက်ပြီး ကုတင်ပေါ်ထိုင်နေသည့် ဆာစီးနီယာ နှင့် မျက်လုံးချင်းဆုံကြည့်လိုက်သည်။
"မင်းမအိပ်မချင်း ကိုယ် မင်းအနားမှာရှိနေမယ်"
ထို့နောက် ရှည်လျားသော သူမ၏ ဆံနွယ်တို့ကို နားရွက်နောက်သို့ ညှပ်ပေးလိုက်သေးသည်။ ဆာစီးနီယာ သည် လက်ဖက်ရည်ခွက်ကို ညင်သာစွာ စားပွဲပေါ် ချထားလိုက်သည်။
သူမ၏ လောဘကြောင့်သာ မူရင်းဝတ္ထုထဲကလို မဟုတ်ဘဲ ကိုယ်ပိုင်ဘဝကို ဖြတ်သန်းချင်ခဲ့တာ ဖြစ်၏။ယခု သူမ လိုချင်သော တစ်ခုတည်းရှိသည့် လောဘစိတ် (ဘန်) ကို စိုက်ကြည့်မိသည်။ အမှောင်ထုထဲ၌ပင် သူမကို မျက်နှာမူထားသည့် ခရမ်းရင့်ရောင်မျက်လုံးများက အရောင်မညှိုးသွားပေ။
"ဘန်"
ဆာစီးနီယာ ပါးကို အုပ်ကိုင်ထားသော ဘန် လက်တို့က အေးစက်နေသော်လည်း သူ,မမှုဘဲ သူမကိုသာ လက်ဖက်ရည်ပူပူ တစ်ခွက် တိုက်ခဲ့သည်။ထိုအပြုအမူက သူမအပေါ်မှာထားသည့် သူ့အချစ်ကို နားလည်သွားစေသည်။ထို့နောက် ဆာစီးနီယာသည် ရင်ထဲက ရှက်စိတ်နှင့် စိုးရိမ်စိတ်တို့ကို ဘေးဖယ်ထားပြီး သူ့ကို စကယးတစ်ခွန်းပြောလိုက်သည်။
"မနက်ခင်းတိုင်း မျက်လုံးဖွင့်လိုက်တဲ့အခါကျရင်…ရှင့်ကို အရင်ဆုံး တွေ့ချင်တယ်"
“…”
ဘန်သည် သူဘယ်တုန်းကမှ မမျှော်လင့်ထားသလို အံ့သြသွားကာ မျက်လုံးပြူးနေတော့သည်။
"မင်း ကိုယ်နဲ့ အတူနေမှာလား"