အပိုင်း ၁၀၁
Viewers 12k

Chapter 101

မနက်စောစောတွင် သူ၏လက်ထောက် အဲရစ်ထံမှ သတင်းပို့မှုကို ကြားလိုက်ရသည့်နောက် လိုင်မာဖီးယပ်စ်မှာ ဒေါသထွက်သွားသည်။

"အခုမှ ဘာလို့လာပြောနေတာလဲ!"

"ကျွန်တော်မျိုး တောင်းပန်ပါတယ်။ အခုမှ ကြားမိလို့ပါ"

စိတ်တိုနေသော အိမ်ရှေ့စံမှာ သူ့နေရာမှ ခုန်ထလိုက်ရာ သူထိုင်နေသောထိုင်ခုံမှာလည်း နောက်သို့ ကျယ်လောင်စွာ လဲကျသွားသည်။

"သူ.. သူမ အဆင်ပြေရဲ့လား?"

"ကံကောင်းထောက်မလို့ ကြီးကြီးမားမား မဖြစ်ပါဘူး"

"စီးတော်ယာဉ်ကို အခုပြင်စမ်း!"

အဲရစ်ရုံးခန်းထဲမှ အမြန်ထွက်ခွာသွားပြီးသည့်နောက် လိုင်မာဖီးယပ်စ်မှာ စိတ်ရှုပ်ကာ ရုံးခန်းထဲတွင် ပတ်လျှောက်နေသည်။ မြို့စားမင်းခြံဝင်းထဲရှိ ကုန်လှောင်ရုံတွင် မီးလောင်မှု ဖြစ်ပွားသည်ကို မယုံကြည်နိုင်။ ထိုဂိုဒေါင်ထဲတွင် ဗားန်းကလည်း ပိတ်မိနေခဲ့သည်ကို ကြားရသည်နှင့် သွေးများပင် ဆောင့်တက်သွားသည်။

အဲရစ်ထံမှ သတင်းကို ကြားလိုက်ရသည့်အခါ သူသည် အပြင်လူလို ထင်မြင်မိကာ စိတ်ပျက် တုန်လှုပ်မှုများကို ပထမဆုံးအကြိမ် သူခံစားလိုက်ရသည်။ သို့ရာတွင် ဆာစီးနီယာက ဗားန်ကို ကယ်လိုက်ကြောင်းကြားရသည့်အခါ စိတ်သက်သာရာရသွားသော်လည်း ကိုယ်တိုင်မကယ်နိုင်သဖြင့် ရှက်ရွံ့မိသွားသည်။ 

မီးငြိမ်းသွားမှသာ သူသိရသဖြင့် စိတ်ကသိကအောက် ဖြစ်ရသည်။ လူတိုင်း မော်ကြည့်ရသည့်သူ ဖြစ်ပါလျက်နှင့် အန္တရာယ်ကြုံရသော ဗားန်ကို မကယ်တင် မကူညီနိုင်သည့်အတွက် သူ့ရင်ထဲရှိသည့် မိန်းကလေးကိုပင် မကာကွယ်နိုင်သည့် အရူးပမာ ခံစားလိုက်ရသည်။

"ဟူး"

လိုင်မာဖီးယပ်စ်မှာ အသက်ကိုပြင်းပြင်းရှူချလိုက်ပြီး သူ့ဆံပင်များကို လက်ဖြင့်ထိုးဖွလိုက်မိသည်။ 

'ဒီလိုမဖြစ်ရဘူး။ ငါတစ်ခုခုတော့ လုပ်မှရမယ်'

ဗားန်မှာ သူ၏ လက်လှမ်းမှီရာလောက်တွင်ရှိရုံနှင့် ကျေနပ်ခဲ့သော်လည်း ဤသို့ထပ်ဖြစ်ပါက သူမကို ဘေးကင်းအောင် ကာကွယ်နိုင်သူဖြစ်ချင်သည်။ ယခုလို သတင်းကြားရရုံမျှသာ မဟုတ်။

ခပ်ဖြည်းဖြည်း အံကိုကြိတ်ရင်း ဗားန်ကို ဧကရာဇ်နန်းတော် ထဲသို့ခေါ်ထားရန် စိတ်ကူးဖြင့် အင်ပါယာ၏ နန်းဆောင်ဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။ 

***

"ဗားန် မငိုနဲ့တော့နော်"

ဆာစီးနီယာက ဗားန်၏ မျက်ရည်များကို တစ်ရှူးနှင့်သုတ်ပေးရင်း ပြောလိုက်သည်။ သူမ ခုနကပေးထားသော လက်ကိုင်ပုဝါမှာမူ ဗားန်၏ မျက်ရည်များနှင့် စိုရွှဲနေလေပြီ။

"တော်သေးတာပေါ့။ ဟင့်.. ဟင့်"

တစ်ရှူးမှာလည်း မျက်ရည်များနှင့် စိုရွှဲသွားသည်ကိုကြည့်ရင်း ဆာစီးနီယာက ဗားန် အဆက်မပြတ်ငိုနေသည်ကို အနည်းငယ် အံ့အားသင့်မိသည်။ 

'ခုလောက်ငိုတာတောင် မျက်ရည်တွေကျန်သေးတာ မယုံနိုင်ဘူး...'

သူမအပေါ် ဗားန်က မည်သို့ခံစားရသည်၊ မည်သို့တွေးကာ ထိုမျှ စိတ်ပူရသည်ကို သူမ မကြိုက်၍မဟုတ်။ တကယ်‌တမ်းတော့ သူမနှလုံးသားတွင် နွေးထွေးမှုကို ခံစားရ၍ ဖြစ်သည်။

"ညီမ ပြန်ပြီး သတိလစ်သွားအုံးမယ်။ အခု ဆက်မငိုနဲ့တော့နော်"

ဗားန်မှာ သူမမျက်ရည်များကို ထိန်းလိုက်ပြီး သွက်လက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"အစ်မကောပဲ မဆင်ခြင်မိတာမလား?"

သူမဘေးတွင် ရပ်နေသောမေက လေကိုဖြည်းဖြည်းမှုတ်ထုတ်ရင်း ပြောလိုက်သည်။

"အစ်မ ဆာစီးနီယာများ တစ်ခုခု ဖြစ်သွားခဲ့ရင်..."

မေ၏ မျက်လုံးများမှာလည်း ငိုချတော့မလို မျက်ရည်များ ဝဲလာသည်။

ဆာစီးနီယာမှာ မျက်ရည်မိုးရွာနေသောဗားန်နှင့် မငိုမိအောင် တင်းထားသောမေကို ဝေခွဲမရစွာ ကြည့်လိုက်မိသည်။

'ငါ အပြစ်ကြီးကြီးမားမား တစ်ခု လုပ်မိလိုက်သလိုပဲ'

"အစ်မ ဘာမှ မဖြစ်ပါဘူး။ နှစ်ယောက်လုံး မငိုကြနဲ့တော့နော်" 

သူတို့နှစ်ဦး၏ ခံစားချက်များကို နားလည်သည့်အတွက် အခုအတိုင်းဆက်ဖြစ်နေလျှင် သူမကို မျက်ရည်များဝိုင်းနေတော့မည်ဖြစ်၍ ဆာစီးနီယာက တည်ငြိမ်စွာ ပြောပြလိုက်သည်။ နှစ်ဦးသား ခေါင်းကိုမော့ကာ မငိုမိအောင် မျက်ရည်များကိုထိန်းလိုက်ရင်း သူမတို့သုံးဦး အချင်းချင်း ကြည့်မိကာ ရယ်မောလိုက်မိကြသည်။ 

"ဗားန်ရဲ့ မျက်လုံးတွေက ငါးကြင်းမျက်လုံးတွေလို မို့နေတာပဲ"

ရယ်စရာကဲ့သို့ မေကလည်း ကျယ်လောင်စွာ ရယ်လိုက်သည်။

"မေ့ရဲ့ မျက်လုံးတွေကလည်း ပန်းသီးလို နီရဲနေပြီ"

ဗားန်နှင့် ပုံစံတူဖြစ်နေသော မေကိုလည်း ဆာစီးနီယာက စလိုက်သည်။

"ကျွန်..ကျွန်မ ရှက်လာပြီ မစပါနဲ့တော့"

ဗားန်မှာ မျက်ရည်များကိုသုတ်ရင်း နီနေသော မျက်နှာကို ငုံ့ထားမိသည်။

"ဘယ်သူမှ ဒဏ်ရာမရဘူး။ အကုန်လုံးလည်း အန္တရာယ်ကင်းတယ်။ အဲ့ဒါပဲ အရေးကြီးတာ"

ဆာစီးနီယာမှာ သူမလက်ကို ပြန်ကြည့်မိသည်။ 'သူမ' ကို မရှုံးနိမ့်သင့်သည့် အကြောင်းရင်းများ ရှိလေသည်။

"ဗားန်ကတော့ တစ်ရှူးတွေ အကုန်သုံးလိုက်တော့မှာပဲ"

"မ..မဟုတ်ပါဘူး မမလေး ဆာစီးနီယာ"

ဆာစီးနီယာ၏ အကြည့်မှာ မေနှင့်ဗားန်ဆီ ဖြည်းဖြည်းချင်း ပြန်လှည့်သွားသည်။ တောက်ပစွာပြုံးနေသော မေနှင့် လက်ကိုခါရင်း ရှက်နေသော ဗားန်တို့၏ ပုံရိပ်မှာ သူမမျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသည်။ 

သူမ သတိမလွတ်ရမည့် အချက်များထဲတွင် မေနှင့် ဗားန်လည်း ပါသည်။ မေက သူမနှလုံးသားထဲတွင် နေရာယူထားပြီဖြစ်ပြီး ဗားန်မှာ အဓိက မိန်းကလေးဇာတ်ကောင် ဖြစ်သောကြောင့် ဆာစီးနီယာက သူမဘေးတွင်ခေါ်ထားခြင်း ဖြစ်သော်လည်း ဗားန်ကို ကြင်နာသနားနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

မီး‌စလောင်ချိန်တွင် ဗားန်က ဂိုထောင်ထဲတွင် ပိတ်မိနေကြောင်း သိရသဖြင့် ဆာစီးနီယာမှာ ဂိုထောင်ဆီ တန်းပြေးသွားခဲ့သည်။ ထိုသည်မှာ ဗားန်သည် အဓိက မိန်းကလေးဇာတ်ကောင်ဖြစ်သောကြောင့် လိုအပ်၍မဟုတ်။ သူမကိုယ်တိုင်က ဗားန်ကို အန္တရာယ်ကင်း‌ စေချင်ကာ လုံခြုံသည့်အတွက်လည်း စိတ်သက်သာရာ ရမိသည်။ ဤသည်မှာပင် မေ့အပေါ်တွင် ထားသကဲ့သို့ ဗားန်အပေါ်ထားရှိသည့် သူမ၏ ချစ်ခြင်းမေတ္တာဖြစ်ပေသည်။

ဆာစီးနီယာမှာ ဤသို့ဖြစ်လာမည်ဟု မထင်ခဲ့။ သို့သော်လည်း သူမတို့၏ ရင်းနှီးမှုမှာ မိုးရွာလျှင် အဝတ်များ စိုရွှဲသွားသကဲ့သို့ တဖြည်းဖြည်း ရင်းနှီး အဖိုးတန်လာခဲ့သည်။ ထို့ကြောင့်ပင် သူမ၏ကိုယ်ထဲတွင် နဂို 'သူမ' ရှိနေခြင်းကို သိလိုက်ရလျှင် မည်သို့တုံ့ပြန်မည်လဲ ဆာစီးနီယာက သိချင်မိသည်။

"တနေ့မှာ အမက ရုတ်တရက် လူဆိုးဖြစ်သွားမယ် ဆိုရင်ကော?"

ဆာစီးနီယာ၏ ရုတ်တရက် အမေးကြောင့် မေနှင့်ဗားန်မှာ ဝေခွဲမရဟန် ဖြစ်သွားသည်။

"မမလေး ဆာစီးနီယာ?"

"အစ်မ ဆာစီးနီယာ?"

သူမကို မေးလိုက်သည့်နောက် ဆာစီးနီယာက ခေါင်းညိတ်ပြလိုက်သည်။ သူမကို ကြောက်သည့်အတွက် အရင်လို ဆက်ဆံတော့မည်မဟုတ်မှန်း သူမ သိသော်လည်း သူမဘယ်အရာကို မေးချင်မှန်း ကိုယ့်ကိုကိုယ် ‌ဝေခွဲမရ။ သို့သော် ဘန်ကဲ့သို့ သူတို့ကို သူမအပေါ် ယုံကြည်စေချင်သည်။ 

"အဲ့သူဟာ‌လည်း မမလေး ဆာစီးနီယာပါပဲ။ အဲ့လိုဖြစ်ရင်တောင် မ‌မလေး‌ ဘေးမှာပဲ ရှိမှာပါ"

"ညီမလည်း တူတူပါပဲ။ ဒါပေမယ့် အစ်မ ဆာစီးနီယာက အဲ့လို မလုပ်ဘူး ဆိုတာ ယုံတယ်"

ယုံကြည် စိတ်ချမှုတို့မှာ သူတို့မျက်ဝန်းများတွင် အတိုင်းသား မြင်နေရသည်။

"ညီမသိသလောက်တော့ အစ်မ ဆာစီးနီယာက အဲ့လိုလုပ်မယ့်သူ မဟုတ်ဘူး။ အစ်မ ဆာစီးနီယာ လုပ်မယ့် အလုပ်မျိုး မဟုတ်ဘူး"

သူမကို မြင်ဖူးသည်မှာ ကြာမြင့်လှပြီဖြစ်သော မေက တစ်ခုခုကို ခံစားရသလိုရှိသည်။ ဆာစီးနီယာက အဘယ့်ကြောင့် ရုတ်တရက် ထိုသို့မေးမှန်း သူမ မသိသော်လည်း ဆာစီးနီယာကို စိတ်ချရစေရန် ပြောလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဆာစီးနီယာထံတွင် စိုးရိမ်ပူပန်မှု အနည်းငယ်ကို သူမ တွေ့ရသည်ပင်။

"အင်းပေါ့။ အစ်မလည်း မေးကြည့်တာပါ"

ဆာစီးနီယာက သူမတို့နှစ်ယောက်ကိုကြည့်ရင်း ရယ်ချလိုက်သည်။ 

"အာ လန့်သွားတာပဲ အစ်မရယ်"

မေက သူမရင်ဘတ်လေးကို စိတ်သက်သာရာရကာ သပ်လိုက်သည်။

"ဒါဆို ခုငိုတာ ရပ်ပြီမလား?"

သူမ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သော်လည်း စားပွဲအောက်မှ လက်ကိုမူ ကျစ်နေအောင် ဆုပ်ထားမိသည်။ သူတို့ပြောသလို ဆာစီးနီယာက ထိုသို့လုပ်မည့်သူ မဟုတ်ဟု ဆိုခြင်းမှာ သူမသည် 'သူမ' မဖြစ်သေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမတန်ဖိုးထားသော အရာများကို သူမ လက်ဖြင့် ကိုယ်တိုင် ကာကွယ်ရမည်။ 

"ဒါဆို မီးကို ဘယ်သူစရှို့လိုက်တာလဲ?"

ဆာစီးနီယာ၏ မျက်လုံးများမှာ မီးလျှံများထက် ပိုတောက်ပလာသည်။ သူမ ပထမဆုံး ရှင်းရမည့် ပြဿနာပင်။

***

"မြန်မြန် ထုပ်ပိုးကြဟေ့!" 

ဂျွန်နသန်က တီးတိုးရေရွတ်နေသော သုံးဦးကို အော်ပြောလိုက်သည်။

ကားလ်၊ ဂျိမ်း နှင့် ကယ်ဗင်တို့မှာ ထုတ်ပိုးရန်ပြင်လိုက်ကြသည်။ ထို့နောက် ဂျိမ်းက ကိုင်ထားသော အဝတ်ကို ကြမ်းပေါ်ပစ်လိုက်ရင်း

"မင်းက မီးစရှို့တဲ့သူပဲ။ ငါတို့ဝင်မပါလို့ ငါတို့နဲ့ မဆိုင်ဘူး"

ကားလ်နှင့် ကယ်ဗင်က ထုပ်ပိုးနေခြင်းကို ရပ်ပြီး ကျောဆန့်လိုက်သည်။

"မီးစရှို့တဲ့တစ်ယောက်ကို အပြစ်ပေးမယ်ဆိုရင်တောင် မင်းပဲလေ။ ငါတို့ကိုဘာလို့ ဆွဲထည့်နေတာလဲ?"

"ဟုတ်တယ်။ ငါတို့နဲ့ မဆိုင်ဘူး"

"ဘာ? မင်းတို့ အားလုံးကြောင့်ပဲ"

ဂျွန်နသန်က ရှက်စိတ်နှင့် မျက်နှာနီကာ အဓိပ္ပါယ်မရှိတာကို ကြားလိုက်ရသလို စိတ်တိုသွားသည်။ ဂျိမ်းက ယခုအတိုင်း ထားလိုက်ဖို့မှာ အဓိပ္ပါယ်မရှိကြောင်း ပြောလိုက်သည်။ သူက ဆာစီးနီယာလို သာမန် အမျိုးသမီးက မြို့စားမင်းကတော် ဖြစ်လာခြင်းကို သဘောမကျသည့်အပြင် ဗားန်ကလည်း သူမဘေးတွင် တွယ်ကပ်နေသည်ကို မကြိုက်။

ဆာစီးနီယာက မြို့စားမင်းကတော်ဖြစ်လာသည်နှင့် ဗားန်ကလည်း သူတို့ ဘာလုပ်ခဲ့သည်ကို ပြောပြခဲ့ပြီးဖြစ်ရာ သူတို့ အလုပ်ထုတ်ခံရဖို့ အချိန်မည်မျှမှ မလိုတော့။ သူတို့လေးဦးမှာ ကျောက်တုံး-စက္ကူ-ကတ်ကြေးနှင့် လူရွေးကာ ဗားန်ကို နှောင့်ယှက်တိုက်ခိုက်ရန်လုပ်သည့်အချိန်တွင် ဂျွန်နသန်က အလှည့်ကျခဲ့သည်။ သူက ဗားန်ကို ဂိုထောင်နောက်သို့ လိုက်ရင်း မတော်တဆဖြစ်ခဲ့သည်။ သို့သော် သူတို့မှာ သူနှင့် ကြံရာပါ မဟုတ်သကဲ့သို့ ပြောနေကြလေပြီ။

"ဂျွန်နသန် မင်းလွဲနေပြီ။ ဗားန်ကို ခြိမ်းခြောက်ဖို့ပဲပြောခဲ့တာ။ ဂိုထောင်ကို မီးရှို့ဖို့ မဟုတ်ဘူး"

ဂျိမ်းက ဂျွန်နသန်ကို ငဲ့စောင်း ပြောလိုက်သည်။

"မင်းတို့ကပဲ မထားလိုက်ဖို့ ပြောလို့ အခုလိုဖြစ်တာလေ!"

"ဒါဆို ငါပြောတဲ့ထဲမှာ မီးရှို့ဖို့ ပါလို့လား?"

ဂျွန်နသန်က အရှက်မရှိဘဲ ပြောနေသော ဂျိမ်းကို ကြည့်ရင်း ငြီးတွားကာ ဒေါသကို မထိန်းနိုင်တော့။

"မင်းတို့ကွာ!"

ဂျွန်နသန်က ကားလ်နှင့် ကယ်ဗင်ကို စိန်းစိန်းကြည့်ရင်း ပြောလိုက်သည်။ ကားလ်နှင့် ကယ်ဗင်က ဂျွန်နသန်၏ အကြည့်စူးစူးကိုရှောင်ရင်း ဂျိမ်းဘေးတွင် ရပ်နေကြသည်။ အကုန်လုံးကို ခေါင်းခံရမည့် ဂျွန်နသန်ကတော့ သူ့အိတ်ကို သူတို့ဘက် ပစ်ပေါက်လိုက်သည်။ 

"ဟား၊ မင်းတို့ကောင်တွေ တကယ်ကွာ!"

မီးငြိမ်းသွားပြီး တစ်ယောက်မှ ဒဏ်ရာမရသဖြင့် ဗားန်လည်း အသက်ရှင်ဆဲဖြစ်သည်။ ဆိုလိုသည်မှာ ဗားန်က သူ့ကို လက်သည်အဖြစ် တွေ့မြင်ပြီးဖြစ်ရာ သိပ်မကြာမီပင် မီးစရှို့သူတရားခံအဖြစ် သူ့ကို ညွှန်ပြပေလိမ့်မည်။ သူတို့နှင့်သာ ယမန်နေ့က စကားမပြောခဲ့လျှင် ဂိုထောင်သို့ သွားခဲ့မည်မဟုတ် မီးလည်း လောင်ခဲ့မည် မဟုတ်။

တစ်ယောက်ထဲခံရမည့် ဂျွန်နသန်က အောင်ဟစ်ရင်း ပိုမိုစိတ်တိုလာသည်။

"ငါ့ဘာသာ နေတော့မလို့ပဲ။ မင်းတို့ကြောင့်ကွာ။ မင်းတို့ကြောင့်..."

"အဆုံးသတ်ကတော့ ဗားန်မြင်ခဲ့တဲ့ တစ်ယောက်ထဲသော လက်သည်က မင်းပဲ"

ဂျိမ်းက ပြောဆိုနေခြင်းကို အနိုင်ရလိုက်သကဲ့သို့ စိတ်အေးလက်အေးပင်။ ကားလ်နှင့် ကယ်ဗင်မှာ တံထွေးမျိုချရင်း ဂျိမ်းနောက်တွင် နေနေကြသည်။ သူတို့ အကုန်အတူတူ စခဲ့သော်လည်း ဂျွန်နသန်က မီးရှို့ခဲ့သဖြင့် သူတို့ မပတ်သက်လိုကြ။ အပြစ်ရှိသည် ခံစားရသော်လည်း သူတို့ ထမင်းစားရန် အသက်မွေးဝမ်းကြောင်းအလုပ်ကို မထိခိုက်စေလို။

"ငါတစ်ယောက်ထဲ အပြစ်ခံရမယ် လို့ ထင်လား? မင်းတို့အကုန် ငါနဲ့တစ်ဖွဲ့ထဲဆိုတာ အကုန်ပြောပစ်လိုက်မယ်"

*ခွမ်း*

တချိန်တည်းမှာပင် ကွဲကြေသွားသံနှင့်အတူ သစ်သားတံခါးဟောင်းက နံရံဆီ လွင့်လာသည်။

"ဟာ!"

သူတို့လေးယောက်မှာ အံ့အားသင့်နေသော မျက်လုံးများနှင့် အပေါက်ဝသို့ ပြေးသွားကြသည်။ 

"ဟမ် အဲ့လိုလား"

ဆာစီးနီယာက တံခါးကို လွင့်ထွက်သွားအောင် လုပ်လိုက်သော လက်ကို ပြန်ချလိုက်ရင်း သူတို့ကို ကြည့်လိုက်သည်။ သူမ အကုန်လုံးကို ကြားပြီးပြီ။

"..."

"မ.. မမလေး ဆာစီးနီယာ..."

သုံးယောက်လုံး ကြက်‌သေသေ သွားကြသည်။ ဂျွန်နသန်မှာ သူမ၏ ညှစ်မှုကြောင့် သူ့ပုခုံး တစစ်စစ် ခံစားရသည်ကို တွေးမိကာ ကြောက်ရွံ့တုန်လှုပ်သွားသည်။

"ငါမင်းတို့ကို အရင်တစ်ခေါက်က သက်ညှာလိုက်မိတာပဲ"

ဆာစီးနီယာက တစ်ယောက်ချင်းစီ၏ မျက်နှာကို ဖြည်းညှင်းစွာ လိုက်မှတ်ရင်းကြည့်နေသည်။ ဗားန်ကို နှောက်ယှက်သည့် သူတို့ကို သူမမှာ မြို့စားမင်းပိုင်နက်တွင် ဧည့်သည်ဖြစ်၍ အားသိပ်မသုံးလိုက်ဘဲ လွှတ်ပေးခဲ့ဖူးသည်။ သူတို့ကို အပြစ်ပေးရန် မှန်မှန်ကန်ကန်အကြောင်းမရှိခဲ့၍ လွှတ်ထားခဲ့သော်လည်း ယခုလို အခြေအနေဖြစ်လာခဲ့ရပြီ။

"မင်းတို့ကို အစောကတည်းက ရှင်းလိုက်သင့်တာ"

သူမက ငြင်သာစွာပြုံးနေသော်လည်း ဒေါသကို မြင်နေရသည်။ အခုအချိန်တွင် သူတို့ကို တကယ်ဆုံးမရတော့မည်။ 

"သ.. သနားပါအုံး"

အနည်းငယ်သွက်သော ဂျွန်နသန်က တောင်းပန်လိုက်သည်။

"အကုန်လုံး တစ်ယောက်မကျန် ထွက်ခဲ့"

သူတို့ကို အေးစက်သော မျက်လုံးနှင့် ကြည့်ရင်း အပြင်ဘက်ကို လှည့်လိုက်သည်။