Chapter 102
မြို့စားမင်းခြံမြေထဲသို့ ညနေခင်းတွင် လိုင်မာဖီးယပ်စ် ရောက်လာခဲ့သည်။ အင်ပါယာနှင့် နေ့တဝက်ကျော်မျှ ဗားန်နှင့် ပတ်သက်ကာ ပြောဆိုခဲ့ရသဖြင့် ပင်ပန်းနေသည်။ သူမဘေးတွင် သူ မရှိလျှင် ဘာမှ မလုပ်ပေးနိုင်သည့်အတွက် သူမကို သူ၏ဘေး နန်းတော်ထဲသို့ ခေါ်ထားရန် ခက်ခက်ခဲခဲ ကြိုးစားနေသည်။
မြို့စားမင်းခြံထဲသို့ရောက်သည်နှင့် ဗားန်ကို သူရှာဖွေနေသည်။ သူမ၏ ချောမောလှပသည့်မျက်နှာလေးနှင့် မထိခိုက်မိသော ခန္ဓာကိုယ်ကို တွေ့ရှိပြီးမှသာ သူ့ရဲ့ နှလုံးသားတွင် လေးလံနေမှုများမှာ မှေးမှိန်ပျောက်ကွယ် သွားသည်။
"မမလေး ဆာစီးနီယာက ကျွန်မကို ကယ်လိုက်တာပါ။ မမလေးသာ မရှိရင် ဂိုထောင်ထဲမှာ ကျွန်မ ပြာကျနေလောက်ပြီ"
ဗားန်မှာ ယမန်နေ့မှ အဖြစ်အပျက်ကို သတိရပြီး မျက်ရည်များ ဝဲလာသည်။ အမှန်တကယ်လည်း မီးခိုးများကို ဖြတ်ကာ ဝင်လာသော ဆာစီးနီယာမှာ ဂိုထောင်ထဲတွင် လဲကျနေသော သူမအတွက် နောက်တစ်ကြိမ် ပြန်မတွေ့နိုင်သော ကယ်တင်ခြင်း အလင်းရောင် ပင်ဖြစ်သည်။
လိုင်မာဖီးယပ်စ်က ဗားန်၏ တုန်ယင်နေသော လက်လေးများကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် မျက်လုံးချင်းဆုံကြည့်လိုက်ကာ ကြင်နာစွာ တိုးတိုးပြောလိုက်သည်။
"ကိုယ်မင်းရဲ့ ကယ်တင်ရှင်ကို ကျေးဇူးတင်ကြောင်း သေချာပြောပြီး နောက်တစ်ခါ သူ ကယ်စရာမလိုတော့ဘူးဆိုတာ ပြောပြလိုက်မယ်"
"ရှင်? အရှင့်သား..."
ဗားန်မှာ တုန်ရီသော မျက်လုံးများနှင့် ကြည့်ရင်း မြင့်တက်လာသော မျှော်လင့်ချက်များကို လျစ်လျူရှုထားရသည်။ 'အကယ်၍များ' ဟူသည့် ခံစားချက်မှာ သူမကို လိုချင်မှု ဖြစ်စေသော်လည်း လက်တွေ့ဘဝ၏ ကွာခြားမှု တံတိုင်းက မြင့်မားလွန်းလှကာ မဖြစ်နိုင်သလောက်ပင်။ သူမကိုယ် သူမ ကြိမ်းမောင်းလိုက်မိသည်။
"ဘာလို့လဲဆိုတော့ အခုအချိန်ကစပြီး ကိုယ်ကပဲ မင်းကို ကယ်မှာမို့လို့ပဲ"
"..."
"ကိုယ်မင်းကို အမြဲတွေ့နေတာပါ။ အဲ့ဒါကြောင့် ကိုယ့်နှလုံးသားကို မင်းသိအောင် ပြောပြတော့မယ်"
ဗားန်က ပြင်းထန်သော နှလုံးခုန်သံနှင့်အတူ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
"ကိုယ်မင်းကို သဘောကျတယ်။ မင်းလည်း အဲ့လိုပဲ ကိုယ့်အပေါ် ခံစားရမယ်လို့ ကိုယ်မျှော်လင့်ပါတယ်"
ဗားန်၏ မျက်တောင်လေးများ တဖျတ်ဖျတ် တုန်ခါသွားသည်။
'ဒါဘယ်လို ဖြစ်နိုင်တာလဲ? ဒါဆို ငါ့ခံစားချက်တွေနဲ့ အိမ်ရှေ့စံမင်းသားရဲ့ နှလုံးသားက အတူတူပဲပေါ့?'
သူမစိတ်မှာ အိပ်မက် မက်သလို ဝေဝါးနေသည်။
"ဗားန်"
သူမစိတ်ကို ဆွဲငင်ယူနိုင်သော အသံကို ပြန်ကြားရသည်။
"ကိုယ်မင်းကို မြင်နိုင် ရောက်နိုင်တဲ့ နန်းတော်ဆီ လာခဲ့ပါ"
"အ..အရှင့်သား... အလုပ်အတွက် ပြောနေတာဆိုရင် ကျွန်မ အခုနေရာကို သဘောကျပါတယ်၊ အခုအလုပ်က ကျွန်မအတွက် အဆင်ပြေပါတယ်"
"ကိုယ်နဲ့ စေ့စပ်လိုက်"
ဗားန်ရဲ့ မျက်လုံးများမှာ မထင်မှတ်ထားသော စေ့စပ်ကြောင်းလမ်းမှုကြောင့် ပြူးကျယ်သွားသည်။
"မင်းက အကုန်လုံးထက် ပိုတောက်ပတဲ့ အိမ်ရှေ့စံမင်းသမီး ဖြစ်လာမှာပါ"
ဗားန်မှာ သူမရဲ့လက်ကို စွပ်ပေးလိုက်သော လက်စွပ်ကို ရုတ်တရက် ငုံ့ကြည့်လိုက်မိသည်။ သူမ မငြင်းဆန်နိုင်။ မည်သည့်အချိန်ကတည်းကမှန်း မသိသော်လည်း သူမ သတိထားမိသည့်အချိန်တွင် အိမ်ရှေ့စံမင်းသားကို သူမ ချစ်မြတ်နိုးနေခဲ့မိလေပြီ။
"ဒါကြောင့် ကျေးဇူးပြုပြီး ကိုယ့်နားမှာ နေပါ"
လိုင်မာဖီးယပ်စ်၏ စကားအဆုံးတွင် ဗားန်မှာ နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်ပြလိုက်မိသည်။ ဤသည်မှာပင် ရှောင်လွှဲမရနိုင်သော ကံကြမ္မာပင် ဖြစ်သည်။
* * *
စံအိမ်ထဲမှ ထွက်လာသော ဆာစီးနီယာက လုံးဝ ယိုယွင်းကာ လူသူကင်းမဲ့သော မြေပေါ်တွင် ရပ်နေသည်။ ဗားန်၏ သက်သေခံချက်အရ ဂျွန်နသန်က မီးစရှို့ကြောင်း ကြားသည့်အခါ သူမက ထိုနေရာသို့ သွားပြီး "ဘာပါလိမ့်?" ဟု တီးတိုး ရေရွတ်နေမိသည်။
နောက်ထပ် ကြံရာပါသုံးဦး ရှိနေသေးသည်။ ယခင်က ပြဿနာရှာထားသူများလည်းပါရာ သူတို့ကို နှင်ထုတ်ခံရမည်မှာ သဘာဝပင်ဖြစ်သည်။ သူတို့ အပြစ်ပေးခံရသင့်သည်။
"ကျွန်တော့် အပြစ်မဟုတ်ဘူး"
အနောက်မှလိုက်လာသော ကားလ်နှင့် ကယ်ဗင်မှာ မျက်နှာများဖြူဖျော့ကာ ဂျိမ်းကို ကြည့်လိုက်သည်။ မြို့စားမင်းကတော်ဖြစ်လာမည့် အမျိုးသမီးကို အဘယ့်ကြောင့် ပြန်ပြောရဲပါသနည်း။ ဂျိမ်းရူးသွားပြီလား ဟူ၍ပင် တွေးမိသည်။
"ဆာစီးနီယာ ဆိုတဲ့ အမျိုးသမီးက ဘယ်လိုလူမျိုးပါလိမ့်?"
"သတ္တဝါတစ်ကောင်လို သန်စွမ်းတာလား? အမျိုးသမီးပဲဟာကို?"
သူတို့၏ ပုခုံးမှ ကိုင်ဆွဲခံလိုက်ရကတည်းက သူတို့မှာ ဆာစီးနီယာ၏ အစွမ်းကို မြည်းစမ်းခဲ့ဖူးပြီ။ နှစ်ပတ်နီးပါး အညိုအမည်းစွဲနေသည်မှာ မပျောက်နိုင်ခဲ့။ ထို့ကြောင့် ဆာစီးနီယာမှာ လွယ်လွယ်ကူကူ ရင်ဆိုင်မရသည့်သူဖြစ်မှန်း သူမ ဘယ်လောက်သန်စွမ်းမှန်း သူတို့သိသည်။ သို့သော် ဂျိမ်းကတော့ သူမနှင့် မကြုံဖူးသဖြင့် မာန်တက်ကာ သွေးနားထင်ရောက်နေခြင်း ဖြစ်မည်။
"နင်တို့ဘာမှ အမှားမလုပ်ဘူး? ဒါဆို သူအရင်က ဘာပြောခဲ့တာလဲ?"
"အကုန် အလိမ်အညာပါ"
ဆာစီးနီယာက တုန်ယင်နေသော ဂျွန်နသန်ကို လက်ညိုးထိုးရင်း မေးသည့်အခါ ဂျိမ်းက တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်။
"နင့် နာမည်ဘာလဲ?"
"ကျွန်တော်က ဂျိမ်း"
ထိုနာမည်ကို ကြားပြီးသည့်နောက် ဆာစီးနီယာမှာ မျက်ခုံးအနည်းငယ် တွန့်သွားသည်။
'ဂျိမ်း? အဲ့ဒါ ဟိုတစ်ယောက်မလား?'
"ဗားန်၊ ဂျိမ်းက အဲ့ညကို လုံးဝမမေ့ဘူးလို့ ဘယ်လောက်တောင် ကြွားဝါပြောလဲ သိလား?"
ကောလဟာလများ၏ အရင်းအမြစ်မှာ ဗားန်ကို ထိုသုံးယောက် ထေ့ငေါ့ ပြောသည်မှ စခဲ့သည်။
"အဲ့ဒါ နင်ပဲ"
'အယုတ်တမာကောင်'
ဆာစီးနီယာ၏ ခံစားချက်မဲ့နေသော မျက်နှာမှာ ရုတ်တရက် တင်းမာသွားသည်။
"ဟုတ်ပါတယ် ကျွန်တော်ပါ မမလေး ဆာစီးနီယာ။ ဂိုထောင်ထဲက မီးက ဂျွန်နသန်လုပ်တာပါ။ ကျွန်တော်နဲ့မဆိုင်ပါဘူး"
အစမှအဆုံး ဂျိမ်းမှာ သူ့ပုံစံ မပြောင်းလဲ။ သူ့အနေအထားမှာ ချားလ်စ်ကို သတိရစေကာ သူမမျက်လုံးများ အေးစက်သွားသည်။
"ဘယ်သူက နင့်ကို ဆင်ခြေပေးလို့ရမယ် ပြောလဲ?"
"..."
ဆာစီးနီယာ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားမှုကို သတိထားမိကာ ဂျိမ်းက ပါးစပ်ပိတ်သွားသည်။ မြို့စားမင်းကတော် ဖြစ်လာမည်ဖြစ်သော်လည်း သာမန်လူ အဖြစ်သာရှိသေးသည်။ ဂျိမ်းက အခြားသူများကို လွှမ်းမိုးနိုင်မည့် ထူးခြားသည့် အရှိန်အဝါနှင့် တံထွေးကို မြိုချလိုက်သည်။
"ငါပဲ စီရင်ပေးမယ်"
ထိုသည်မှာ ပါးစပ်ကို မဆင်မခြင်ဖွင့်ကာ လျှောက်မပြောနှင့်ဆိုသည့် အမိန့်ပင်ဖြစ်သည်။
ဆာစီးနီယာရှေ့တွင် သူတို့လေးယောက် အချင်းချင်းကြည့်ရင်း ရပ်နေကြသည်။ သူတို့ထဲတွင် ဂျိမ်းမှလွဲလျှင် ကျန်သူများမှာ ခေါင်းငုံ့ကာ လက်ကို ယဉ်ယဉ်ကျေးကျေး ရှေ့မှာထား ထားကြသည်။
ဆာစီးနီယာက သူတို့ကိုကြည့်ကာ နှုတ်ခမ်းကိုဖြည်းဖြည်းဟလိုက်ရင်း ပြောလိုက်သည်။
"နင်တို့လေးယောက်ကို ဒီနေ့ အလုပ်ထုတ်လိုက်ပြီ"
သူမ မလာခင်ကပင် သူတို့ကို အပြစ်ပေးကာ အလုပ်ထုတ်ရန် ဘန်နှင့်ပြောဆိုခဲ့ပြီးပြီ။ ဘန်က ခေါင်းငြိမ့်ပြရင်း မြို့စားမင်းခြံဝင်း၏ လုပ်ပိုင်ခွင့်အားလုံးကို သူမထံ ပေးအပ်မည်ဟု ပြောခဲ့သည်။
ဆာစီးနီယာက ထိုအရာကိုမကြိုက်ဘဲ ငြင်းဆန်ရာ ဘန်မှာ ထပ်မပြောနိုင်တော့။ သူမတစ်ခုခု ပြောလိုက်တိုင်း ဘန်က သူမအတွက် အရာအားလုံး လုပ်ပေးဖို့ ကြိုးစားသည်။ လက်ဝတ်ရတနာဆိုင်မှာပင် ရှိသမျှသော ရတနာအားလုံးကို ဝယ်ယူဖို့လုပ်သဖြင့် မနည်း တားခဲ့ရသည်။ ပြဿနာမှာ သူက အမြဲတမ်း အလွန်အကျွံလုပ်ခြင်းပင်။ သူမ မကြိုက်၍ မဟုတ်သော်လည်း အလွန်အမင်းဆိုလျှင် စိတ်တိုရသည်။
"မ...မမလေး ဆာစီးနီယာ"
"ခွင့်လွှတ်ပါ..."
ကားလ်နှင့် ကယ်ဗင်က နှိမ့်ချကာ ခွင့်လွှတ်ရန် တောင်းပန်နေသည်။ ဤနေရာမှ နှင်ထုတ်ခံရလျှင် အခြားနေရာတွင် အလုပ်လုပ်ရန် ထောက်ခံစာမရရှိသဖြင့် အသက်မွေးဝမ်းကြောင်းရန် ခက်ခဲပေလိမ့်မည်။
"ကျွန်တော် နားမလည်ဘူး။ ကျွန်တော်မလုပ်တဲ့အရာအတွက် အလုပ်ထုတ်တယ် ဆိုလိုတာလား? မမျှတဘူး"
ဂျိမ်းက မျက်တောင်မခတ်ဘဲ တုံ့ပြန်လိုက်သည်။
သူတို့ကို ထုတ်ပယ်ကြောင်းပြောပြီးသည် ဖြစ်၍ ခြံဝင်းထဲ သူတို့ တွားသွားလျှင်တောင် ဘာအဖြေမှ ထပ်ထွက်လာမည် မဟုတ်ပေ။ ထို့ကြောင့် ဂျိမ်းက ယုံကြည်မှု အပြည့်နှင့် ရှေ့ဆက်တိုးလိုက်သည်။
"အဲ့ဒီလိုလား?"
သူ့အတွေးမှ လုံးဝ မပြောင်းလဲသော ဂျိမ်းကို ကြည့်ရင်း ဆာစီးနီယာက ရေရွတ်လိုက်သည်။
"ဂျိမ်းက ဗားန်ကို ညဉ်းပန်းဒုက္ခပေးခဲ့တဲ့ အချက်အလက်ရယ် ဂိုထောင်ကိစ္စမှာပါတယ်ဆိုတဲ့ အချက်ရင် ငါ့ကို ပြောနိုင်တဲ့သူကို ဆက်ရှိခွင့်ပေးမယ်"
ဦးညွတ်ထားသော ဂျွန်နသန်က အသံ ကြားချိန်တွင် အမြန် ပါးစပ်ဟလိုက်သည်။
"အကုန်လုံးက ဂျိမ်းကြောင့်ပါ။ ကျွန်တော် မီးစရှို့မိတာကော ဗားန်ကို အနိုင်ကျင့်အောင် အားလုံးကို လှုံ့ဆော်တာကော သူပါပဲ"
"မျိုးမစစ်ကောင်...!"
"တစ်နေ့မှာ ဗားန်က သူ့ကို ငြင်းလိုက်လို့ အဲ့လို ကောလဟာလဆိုးတွေ လွှင့်နေတာပါ! အဲ့ဒါပြီးတော့ အမြဲ ဗားန်ကို နှောက်ယှက်ပြီး ကျွန်တော်တို့ကိုပါ ပါဝင်စေပါတယ်"
ဂျိမ်း တစ်ခွန်းမှ ပြောစရာမလိုဘဲ ဂျွန်နသန်က အကုန်လုံးကို ဖွင့်ပြောလိုက်လေသည်။
"အကုန် အလိမ်အညာတွေချည်းပဲ။ ငါ့ကို သူ စွပ်စွဲနေတာ!"
ဂျိမ်းမှာ လည်ချောင်းသံနှင့် အသံကျယ်ကျယ် ပြောလိုက်သည်။
ဆာစီးနီယာက ဂျိမ်းကို မကြည့်ဘဲ ကားလ်နှင့် ကယ်ဗင်ကို မေးလိုက်သည်။
"အဲ့ဒါအမှန်လား?"
"...ဂျွန်နသန်ပြောခဲ့တာ အမှန်ပဲလား"
ဆာစီးနီယာ အမုန်းဆုံးမှာ ထိုသို့သော အပြုအမူများဖြစ်ရာ မနှစ်မျို့စွာ မျက်နှာမှာ ရှုံမဲ့သွားသည်။
'သူတို့ကိုရှာရတာ ဘာလို့ အဲ့လောက်လွယ်တာလဲ?'
ချစ်ခွင့်ပန်မှုကို ငြင်းပယ်ခံရသည့် အသုံးမကျ ယုတ်မာသော ယောင်္ကျားမှာ မကောင်းသတင်းများကို ဖြန့်လေသည်။
"ဗားန်က နင်နဲ့ ထိုက်တန်လား မတန်လား စဉ်းစားသင့်တယ်"
ညှာတာမှုကင်းသော စကားလုံးများမှာ သူမရဲ့ နီရဲသော နှုတ်ခမ်းကြားမှ ထွက်ကျလာသည်။ ဂျိမ်းကလည်း ရှက်ရွံ့ကာ မျက်နှာနီမြန်းသွားပြီး
"မင်းက ရိုင်းလိုက်တာ"
"ငါ့မျက်လုံးကို အခု ကြည့်နေတဲ့ ယောင်္ကျားက ပိုရိုင်းတယ်လို့ ငါထင်တယ်"
ဆာစီးနီယာက မတ်မတ်ရပ်နေသော ဂျိမ်းထံ ခြေလှမ်းလိုက်သည်။
"ဂျိမ်း"
ဆာစီးနီယာ၏ လက်မှာ ဂျိမ်းရဲ့ ပုခုံးပေါ်တက်လာသည်။
"အား!"
ဂျိမ်းက သူ့ပုခုံးကို ကျောက်တုံးဖြင့် ဖိချလိုက်သလို အော်ညည်းလိုက်မိသည်။ ဆာစီးနီယာက မယိုင်သေးသော ဂျိမ်းရဲ့ ဒူးကိုကြည့်ကာ နောက်ပုခုံးတစ်ဖက်ပေါ်သို့ လက်တင်၍ သူ့ပုခုံးကို အားနှင့် ဖိချလိုက်သည်။
"အားး!"
ပခုံးကို ဖိချသော အားကို မခံနိုင်တော့ဘဲ ဂျိမ်းမှာ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။ အမျိုးသမီးတစ်ယောက်က ဤမျှသန်စွမ်းသည်ဟု ခံစားရရင်း ဂျိမ်းမှာ နာကျင်စွာ မျက်ရည်များ ဝဲလာသည်။
"မှတ်ထား။ အပြစ်လုပ်ထားတဲ့သူဆိုတာ ဒီလိုပဲ နေသင့်တယ်"
ဆာစီးနီယာက ဂျိမ်း ကြမ်းပြင်ပေါ် ဒူးထောက်နေရသည်ကို ကျေနပ်စွာကြည့်ရင်း ပြောလိုက်သည်။ ဂျိမ်းမှာမူ ပုခုံးနှစ်ဖက်မှ အရိုးများကြေမွသွားသလို နာကျင်မှုကို မခံနိုင်ဘဲ ကြမ်းပေါ်တွင် လူးလှိမ့်နေရသည်။
ကားလ်၊ ကယ်ဗင်နှင့် ဂျွန်နသန်တို့မှာ ဆာစီးနီယာက ဂျိမ်းဆီမှ အာရုံလွှဲလိုက်သည်နှင့် တုန်ယင်သွားသည်။ တံခါးကို ရိုက်ချိုးဖွင့်လိုက်ကတည်းက သူတို့ကို ခွင့်မလွှတ်ဟု သူမ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သို့ရာတွင် သူတို့ကတော့ သူတို့ဘာသာ တတ်နိုင်သလောက် ကယ်တင်နိုင်ရန် ကြိုးပမ်းနိုင်မည် ထင်လိုက်သည်။
"အကုန်လုံးက အပြစ်သားတွေပဲ။ တစ်ယောက်မကျန် ခေါ်သွားတော့"
သူတို့အပြစ်များကို ဝန်ခံပြီးသည်နှင့် ဆာစီးနီယာက မတွန့်ဆုတ်ဘဲ အော်ပြောလိုက်သည်။ ရဲမက်များသူတို့ရှေ့တွင် ပေါ်လာသည်ကို မျက်နှာများဖြူဖျော့ရင်း သူတို့လေးယောက်မှာ ဆာစီးနီယာကို ကြည့်လိုက်မိကြသည်။
"ဥပဒေကို လိုက်နာရမယ်လေ"
သူတို့ကို သူမ ပြုံးပြလိုက်သည်။
မီးကို အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့သော်လည်း သူတို့ကျူးလွန်ခဲ့သည့် မီးရှို့မှုမှာ ပြင်းထန်သော ပြစ်မှုဖြစ်သည်။ အပြစ်ကြီးလေးသောကြောင့် သာမန် ထုတ်ပယ်မှုနှင့် မရနိုင်။
"မမလေး ဆာစီးနီယာ သနားပါအုံး..."
ဂျွန်နသန်က သူမကို ပျော့ညံ့စွာ ဆက်ကြည့်နေသည်။
"နင်တို့ကို ခြေအကောင်း လက်အကောင်းနဲ့ ထောင်ထဲ ပို့တာကိုပဲ ကျေးဇူးတင်သင့်တယ်"
ဤမျှလုပ်ပြီးသည်ကိုမှ ညှာတာခိုင်းနေသည်မှာ အဓိပ္ပါယ်မရှိ အရှက်ကင်းမဲ့ပေသည်။
'ဘာလို့ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ များပြားရတာလဲ?'
အမှန်အတိုင်းမြင်ရသည့် သူတို့၏ အခြေအနေကို ဆာစီးနီယာက ခါးသီးစွာ ကြည့်လိုက်သည်။ အပြစ်သားများကို ရဲမက်တို့က လက်တွေ့ကျကျပင် ချုပ်နှောင် ဖမ်းဆီးလိုက်သည်။ သူတို့၏ ဝမ်းနည်းပက်လက် မျက်မှာများကို မြင်ရသော်လည်း သူမ ဂရုမစိုက်တော့။ အစကတည်းက သူမ ဤကဲ့သို့လုပ်ခဲ့သင့်သည်။ အရင်ကတည်းက သူတို့ကို သနားခဲ့ခြင်းသည် သူတို့ဇိမ်ကျဖို့ သက်သက်သာ ဖြစ်ခဲ့သည်။ သူမ လွှတ်ပေးလိုက်ခြင်းအတွက် ကျေးဇူးလည်း အတင်မခံရ၊ သူတို့လုပ်ရပ်များကိုလည်း နောင်တရကာ မဆင်ခြင်ခဲ့။
'ဒါမျိုးအတွက် ဆိုရိုးရှိတယ်မလား? တစ်ခါလူယုတ်မာဖြစ်ရင် အမြဲလူယုတ်မာ ဖြစ်မှာပဲ'
သူမ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်အတွက် ထိုစကားလုံးများကို သူမ ယုံကြည်သည်။
"ဒါဆို အကောင်းဆုံး ဆက်လုပ်ပါ"
ရဲမက်များက အပြစ်သားများကို ဆွဲခေါ်သွားသည်။
ဆာစီးနီယာက နာနေသောသွား ကျွတ်သွားသကဲ့သို့ စိတ်သက်သာသွားသော အပြုံးနှင့် သူမ၏ အပေါင်းအပါတို့ထံ ပြန်လာခဲ့သည်။