အပိုင်း ၁၀၃
Viewers 12k

Chapter 103

"စေ့‌စပ်ကြောင်းလမ်းတာ?!"

ဆာစီးနီယာနှင့်မေမှာ တအံ့တဩ သံပြိုင် အော်လိုက်မိသည်။ ဗားန်က ရှက်သွေးဖြာကာ မျက်နှာလေးရဲနေရင်း အခုမှ အချစ်ကို စ‌တွေ့သော မိန်းမပျိုလေးနှယ် ခေါင်းညိတ်ပြမိသည်။

"ဟုတ်...အဲ့လိုပဲ ဖြစ်သွားတယ်"

ကြီးမားသော စိန်များဖြင့် စီချယ်ထားသော လက်စွပ်မှာ ဒူးပေါ်တင်ထားသော သူမ၏ လက်ခေါင်းများနှင့် ရိုးရှင်းစွာ လိုက်ဖက်နေသည်။ အိမ်ရှေ့မင်းသား၏ ကြင်ယာတော်နှင့် လိုက်ဖက်သော လက်စွပ်မှာ ပေါ်လွင် ထင်ရှားနေသည်။

"ဟား ဟား..."

ဆာစီးနီယာက ရယ်မောလိုက်သည်။ 

'သူ့ရဲ့ ဗီဇက တဇွတ်ထိုးဖြစ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး'

လိုင်မာဖီးယပ်စ်က ဘယ်အရာတွင်မှ တွန့်ဆုတ်မနေ။ အလျင်အမြန်တိုးတက်သွားသော အခြေအနေက ဆာစီးနီယာကို ညို့ငင်ဖမ်းစားထားကာ နားထင်ကိုဖိရင်း ဗားန်ကို ကြည့်နေသည်။

"ညီမ အဆင်ပြေပါ့မလား?"

ဗားန်အတွက် သူမကြိုတင် ပူပန်နေမိသည်။ မူလဇာတ်လမ်းအတိုင်းပင် ဗားန်မှာ အိမ်ရှေ့စံမင်းသမီး ဖြစ်မည် ဖြစ်သော်လည်း ဤမျှလောက်မလွယ်ကူ။ အခက်အခဲများစွာ ကြုံတွေ့ရပေအုံးမည်။

ဗားန်နှင့် အိမ်ရှေ့မင်းသား လက်ထပ်လျှင် မူလဇာတ်လမ်းသည် ပြီးသွားလိမ့်မည်။ ထိုသို့ဖြစ်လျှင် သူမ ပူပန်ကြောင့်ကြရသော ဖြစ်ရပ်များ အားလုံးလည်း ပြီးဆုံးသွားလိမ့်မည်။ ယခုထက်ပိုမို အေးချမ်းသော ဘဝတွင် နေနိုင်လိမ့်မည်ဟု သူမ‌ တွေးထင်ထားသည်။

ထို့ကြောင့်ပင် ဆာစီးနီယာက ဗားန်နှင့် အိမ်ရှေ့စံမင်းသား ဆက်နွယ်နိုင်ဖို့ ‌အမြဲမျှော်လင့်ခဲ့ခြင်း ဖြစ်သော်လည်း ယခုဟူ၍တော့ မထင်ထားခဲ့။ အဘယ့်ကြောင့်ဆိုသော် ဗားန်၏လမ်းတွင် ဆူးငြောင့်ခလုတ်များ ပြည့်နေမည်ကို သိသောကြောင့်ပင်။ ဆူးခင်းလမ်းကို လျှောက်ဖူးသူ တစ်ယောက်အနေနှင့် ဗားန်အတွက် ပူပန်နေမိသည်။

ဆာစီးနီယာမှာ သူမကို မြို့စားမင်း၏ လက်တွဲဖော်အဖြစ် အသိအမှတ်မပြုသော အင်ပါယာ၏ မျက်လုံးများကို သတိရမိသည်။ သူ၏ သားပင် မဟုတ်သော တူတော်မောင်၏ လက်တွဲဖော်က သာမန်လူဖြစ်သည်ကို သဘောမကျသည့်အကြောင်း အင်ပါယာက ပွင့်ပွင့်လင်းလင်းပင် ဖော်ပြသည်။ သို့သော် ဗားန်ကို သူ့သား၏ လက်တွဲဖော်အနေနှင့် အဘယ်သို့ ကြိုဆိုပါမည်နည်း? မှူးမတ်လူကုံတံတို့ကလည်း ပြင်းထန်စွာ ကန့်ကွက်ကြမည် ဖြစ်ရာ ဗားန်မှာ ကမ်းမမြင် ပင်လယ်ပြင်ထဲတွင် တစ်ကိုယ်တည်း မျောပါနေသလို လိုင်မာဖီးယပ်စ်က ဘေးတွင်ရှိလျှင်လည်း အထီးကျန်နေရမည်။ ဆာစီးနီယာကဲ့သို့မဟုတ်ဘဲ ဧကရာဇ်နန်းတော်တွင်းတွင် သူမဘေး၌ လိုင်မာဖီးယပ်စ် တစ်ဦးသာ ရှိလိမ့်မည်။

"မမလေး ဆာစီးနီယာ"

"အင်း"

"ကံကြမ္မာကို ယုံလားဟင်?"

ဗားန်၏အမေးကို ဆာစီးနီယာက မတွန့်ဆုတ်ဘဲ ခေါင်းညိတ်ပြကာ သူမ ယုံကြည်ကြောင်း ပြောပြသည်။ ဘန်နှင့် သူမ ဆုံတွေ့ ရောယှက်ခဲ့ခြင်းသည် ကံကြမ္မာကြောင့်သာ ဖြစ်သည်။ ဘန်မှာ သူမ မ‌ဆုံတွေ့ခဲ့သင့်သူဖြစ်သော်လည်း ဆုံတွေ့ခဲ့ရုံမျှမက ချစ်ကျွမ်းဝင်ခဲ့ကြသည်။ အခြားတစ်ဦးတစ်ယောက်၏ နာမည်နှင့်ရှင်သန်နေသော ဘန်ကို သူမနာမည်ပေးနိုင်ခဲ့သည်မှာလည်း ကံတရားသာ ဖြစ်သည်။ 

"ကျွန်မလည်း အရှင့်သားက ကျွန်မရဲ့ ကံကြမ္မာဆိုတာ ယုံတယ်။ ကျွန်မ မွေးလာကတည်းက သတ်မှတ်ထားပြီးသား ကံတရား ဖြစ်မယ်ထင်တာပဲ"

ဆာစီးနီယာမှာ ဗားန်ကို တိတ်တဆိတ် ငေးကြည့်နေရင်း အဘယ်ကြောင့် ဗားန်က လိုင်မာဖီးယပ်စ်မှာ သူမရဲ့ ကံကြမ္မာဟုခံစားရကြောင်း သိနေသည်။ မူရင်းဇာတ်လမ်းထဲမှာပင် သူတို့နှစ်ဦးမှာ ကံတရားအတိုင်း ရောယှက်‌နွယ်နေသည်။

"အဲ့လိုလား? ညီမ ဘယ်မှာဖြစ်ဖြစ် ပျော်ရွှင်စေချင်ပါတယ်"

သူမက စစ်မှန်သော စိတ်ထားနှင့်ပြောလိုက်သည်ကို ဗားန်ကလည်း ခံစားရသဖြင့် ပြုံးပြလိုက်သည်။

"အရှင့်သားက ကျွန်မကို တစ်ပတ်အတွင်း လာခေါ်မယ်တဲ့။ မမလေး ဆာစီးနီယာကိုလည်း သူက ကျေးဇူးတင်ကြောင်း ပြောချင်သေးတယ်တဲ့။ ဒါပေမယ့် ဒီနေ့တော့ ပြန်ရတော့မှာမို့လို့ မနက်ဖြန်မှ ပြန်လာခဲ့မယ် ပြောတယ်"

"ဘယ်တုန်းကများ အရှင့်သား အိမ်ရှေ့မင်းသားနဲ့...? ငါတစ်ယောက်ပဲ မသိတာလား?

မေက သူ့ကို လျှိုထားကြသည်ဟု ခံစားရတာ နှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

"တောင်းပန်ပါတယ် မေ။ ညီမက ညီမရင်ထဲက ခံစားချက်ပဲဆိုပြီး ထုတ်မပြောဖြစ်တာပါ"

ဗားန်က မေရဲ့လက်ကို ကိုင်ကာ ရင်းနှီးစွာ ပြောပြလိုက်သည်။

ဗားန်ကို နှုတ်ခမ်းစူကာ ကြည့်နေသော မေက မျက်နှာချက်ချင်းပြောင်းလဲသွားကာ ကျီစယ်သလို ပြုံးလိုက်သည်။

"ဒါဆို ဗားန်က အိမ်ရှေ့စံ မင်းသမီး ဖြစ်တော့မှာပေါ့? ဒါဆို ခုကစပြီး အိမ်ရှေ့မင်းသမီးလို့ပဲ ခေါ်ကြမယ်"

"မဟုတ်သေးပါဘူး! အခုလိုပဲ ဗားန်လို့ ရင်းရင်းနှီးနှီးပဲ ခေါ်ပါ"

ဗားန်မှာ ရှက်ရွံ့စွာ လက်ကိုခါပြရင်း ငြင်းဆန်လိုက်သောအခါ မေက တွန့်ဆုတ်ပြီး ပါးကိုပွတ်ရင်း အင်တင်တင်နှင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ဗားန် မသွားခင် လိုချင်တာ ဘာရှိသေးလဲ? နန်းတော်ထဲ ရောက်ရင် အပြင်ကို လွတ်လွတ်လပ်လပ် ထွက်ရမှာ မဟုတ်ဘူး။ လုပ်ချင်တာ ရှိရင် အခုလုပ်နော်။ အစ်မ ကူပေးမယ်"

ဗားန်က ဆာစီးနီယာ၏ အမေးကြောင့် တွေဝေသွားသည်။ မေကလည်း မျက်လုံးပုတ်ခတ် ပုတ်ခတ်နှင့် ဗားန်ရဲ့ အဖြေကို စောင့်နေသည်။

"ကျွန်မလုပ်ချင်တာတွေ အများကြီးပဲ..."

ဆာစီးနီယာက သူမရဲ့ အတွေးများကို အစဉ်တကျ တွေးတောပေးနေ‌စဉ် ဗားန်က သူမ လုပ်ချင်သည်များမှာ များပြားသဖြင့် တွန့်ဆုတ်နေသည်။ ဆာစီးနီယာက သဘောထားကြီးမား ရက်ရောသော မျက်လုံးများနှင့် အဆင်ပြေပါသည်ဟု ပြောမှသာ ဗားန်က ပါးစပ်မှ ထုတ်ပြောလာသည်။

"ကျွန်မက လမ်းပေါ်မှာရောင်းသမျှ အစားအသောက်မျိုးစုံ စားကြည့်ချင်တယ်။ လမ်းလျှောက်နေရင်း လှပတဲ့ ကုန်စုံဆိုင်ရှေ့မှာရပ်ပြီး ချစ်စရာပစ္စည်းလေးတွေကို ကြည့်ချင်တယ်။ ပြီးတော့..."

ဗားန်မှာ တွေးရင်းနှင့် တောက်ပသောမျက်နှာလေးဖြင့် ပြောနေရင်း အသံမှာ ဝေဝါးသွားကာ ဆာစီးနီယာရဲ့ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

"ပြီးတော့ကော?"

"ပြီးတော့..."

"ဘာဖြစ်ဖြစ်ရပါတယ်ကွယ်။ ဘာလဲ ပြောနော်?"

"ကျွန်မ မသွားခင် တစ်ညလုံး စကားပြောချင်တယ်"

"ညီမဆိုလိုတာက မိန်းကလေးချင်း တီးတိုး ပြောချင်တာလား?"

"ဟုတ်။ ကျွန်မတို့ ကြားပဲလေ... ကျွန်မမှာ သူငယ်ချင်း မရှိလို့ အဲ့လိုမျိုးတစ်ခါမှ မပြောဖူးဘူး"

သူမတို့ သုံးယောက်ကြားမှာ ခေတ္တ တိတ်ဆိတ်သွားသည်။ ဗားန်က တည်ငြိမ်သွားသော ပတ်ဝန်းကျင်ကို ခံစားမိကာ ပြန်စကားစလိုက်သည်။

"အာ ကျွန်မ အဲ့ဟာ မပြောသင့်ဘူး... ရပါတယ် အဲ့ဟာ မလုပ်ရလည်း ကိစ္စမရှိပါဘူး...!"

"လုပ်ကြရအောင်"

ဆာစီးနီယာ ပြန်ပြောလိုက်သောကြောင့် ဗားန်မှာ မျက်လုံးလေး ဝိုင်းသွားသည်။

"ဘာမှ နောင်တမရဘဲ လုပ်ကြရအောင်။ ခက်ခဲနေတဲ့ ဟာတွေလည်း မဟုတ်ပါဘူး"

"ဒါပေါ့! အဲ့ဒါတွေကို ဒီနေ့တောင် လုပ်လို့ရတယ်"

မေက ကူပြောလိုက်ချိန်တွင် ဗားန်မှာ မျက်ရည်ပင် ဝဲလာသည်။

"မမလေး ဆာစီးနီယာနဲ့ မေကို ဆုံတွေ့ခဲ့ရတာ ကျွန်မ ကံကောင်းတာပဲ"

ဗားန်က လက်ချောင်းလေးများကို ယမ်းလိုက်ရင်း တည်ငြိမ်စွာ တီးတိုးပြောလိုက်သည်။

"မမလေးတို့ နှစ်ယောက်ကို ကျွန်မတစ်‌သက်လုံး မေ့မှာ မဟုတ်ဘူး"

တုန်ခါနေသော သူမရဲ့လေသံထဲတွင် လေးနက်‌သောခံစားချက်များ ပါဝင်နေသည်။

"ဟင်? ဗားန်၊ ရယ်နေတုန်း မငိုသင့်ဘူးဆိုတာ သိတယ်မလား?"

မေမှာလည်း မကြာမီ ခွဲခွာရတော့မည့်အတွက် ဝမ်းနည်းကာ မလိုအပ်ဘဲ အသံကို မြှင့်ပြောလိုက်သည်။

"ရှင်? ကျွန်မ မငိုပါဘူး!"

နားရွက်လေးများ နီရဲလာသော ဗားန်မှာ ခေါင်းကို မော့လိုက်သည်။

ဆာစီးနီယာက သူတို့နှစ်ယောက်ကို ပြုံးရယ်ပြလိုက်သည်။ ငိုခြင်း ရယ်ခြင်းသည် အဓိကမဟုတ် အရေးမပါပေ။ သူမတို့ အခု ပျော်ရွှင်နေကြလေသည်။ သူမတို့ တတ်နိုင်သမျှ စကားစမြည်များ ပြောဆိုနေကြပြီးဗားန် ဧကရာဇ်နန်းတော်ထဲသို့ မသွားမီ ဘာလုပ်ကြမည်ကို တိုင်ပင် ဆုံးဖြတ်နေကြသည်။ 

ဗားန်မှာ ခွဲခွာရမည့်အတွက် ခေတ္တ ဆို့နင့်နေ‌သော်လည်း သူမဘာသာ သက်တောင့်သက်သာရှိရန် ပြုံးနေလိုက်သည်။ ခွဲခွာခြင်းသည် အသစ်စတင်ခြင်းဖြစ်ရာ သူမတို့ သေချာပေါက် ပြန်တွေ့ကြပေလိမ့်မည်။

"ဟမ် အဲ့လိုလား?"

ပွင့်နေသော တံခါးပေါက်အသေး ကြားမှ အကုန်လုံးကို ခိုးနားထောင်နေသော ရီနာက ပြုံးရင်း ထွက်သွားသည်။

***

"ဇာတ်လမ်းကောင်းတစ်ခု ရပြီလား?"

နောက်ဆုံးတွင် ဆာစီးနီယာကို အပိုင်သိမ်းလိုက်သော ဘန်က သူမပုခုံးလေးကို နှုတ်ခမ်းနှင့်ထိထားရင်း မေးလိုက်သည်။ တစ်နေကုန် မအားလပ်သော သူမကို မည်မျှကြိုးစား စောင့်ဆိုင်းနေမှန်းမသိ။ သို့ရာတွင် ပျော်ရွှင်နေပုံရသောသူမကို အတင်းမလာခိုင်းဘဲ တည်တည်ငြိမ်ငြိမ်နှင့်သာ စောင့်ဆိုင်းနေသည်။

"ဗားန်က ဧကရာဇ်နန်းတော်ထဲ ရောက်သွားတော့မယ် ထင်တယ်"

"အဲ့လိုလား?" ပုံမှန်သာ သူက ပြန်ပြောလိုက်သည်။

အမှန်တကယ်တွင် ဘန်မှာ ဗားန်နှင့်ပတ်သက်၍ ဘာမှ မေးစရာမရှိ။ သူစိတ်ဝင်စားသည်မှာ ဆာစီးနီယာ၏ အကြောင်း တစ်ခုတည်းသာဖြစ်သည်။ သူမ ယနေ့ဘာလုပ်ခဲ့သည် ဘာဖြစ်ခဲ့သည် ဘာတွေတွေးခဲ့သည်ကိုသာ သူသိချင်သည်။ 

"စိတ်မဝင်စားဘူးလား?"

ဆာစီးနီယာမှ ဘန်ကို လှည့်ကြည့်ရင်း သူ့ကို ပြောပြရန် တာဝန်ရှိသည်ဟု ခံစားရကာ မေးလိုက်သည်။

ဘန်ကတော့ ဆာစီးနီယာ၏ ချစ်ခင်ဖွယ်မျက်ဝန်းများကို ကြည့်ရင်း ငုံ့ကာ နှုတ်ခမ်းများနှင့် သူမရဲ့ ပါးပြင်ကို ထိကပ်လိုက်သည်။

"ကိုယ်ဘယ်သူ့အကြောင်းမှ စိတ်မဝင်စားဘူး"

သူက သူမ ခါးလေးကို ဖက်ကာ ယှက်သိုင်းထားသည်။

"ဆာစီးနီယာ မင်း မသိဘူးလား?"

လောင်မြိုက်နေသော စွဲလမ်းခြင်းသည် သူ့မျက်ဝန်းနက်များထဲတွင် တောက်လောင်နေကြောင်း တွေ့လိုက်ရသည်။

"ဘာလဲ?"

သူမက ဘန်ပြောမှာကို သိသလိုရှိသော်လည်း မသိချင်ယောင်သာ ဆောင်နေလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ နှုတ်ဖျားမှ ဖွင့်ဟပြောချင်းက သူမရဲ့ နှလုံးခုန်သံကို အမြဲ မြန်စေသောကြောင့်ပင်။

"ကိုယ်စိတ်ဝင်စားသမျှ ကိုယ်လိုချင်သမျှက အမြဲတမ်း မင်းပဲ ဆာစီးနီယာ"

ထင်ထားသောအဖြေ ထွက်လာသည့်အခါ သူမက နူးညံ့စွာ ပြုံးပြလိုက်ရင်း ခြေဖျားလေးထောက်လိုက်သည်။ အနမ်းချွေသံ ထွက်ပေါ်လာပြီးနောက် သူ့နှုတ်ခမ်းများကို ထိသွားသော နှုတ်ခမ်းလေးများက ပြန်ကွာသွားသည်။

"သိပါတယ်။ ကျွန်မလည်း အတူတူပါပဲ"

ဘန်က အမြန်ခေါင်းကို ပြန်ငုံ့လိုက်ရင်း သူမနှုတ်ခမ်းများဆီသို့ အပြေးပြန်သွားလိုက်သည်။ သို့သော် ဆာစီးနီယာကတော့ သူ့လက်ထဲမှ ထွက်ပြေးကာ ပြုံးနေလိုက်သည်။

"..."

အနွေးဓာတ်လေး သူ့လက်ထဲမှ ရုတ်တရက်ပျောက်သွားသည့်အခါ ဘန်၏ မျက်လုံးများမှာ လစ်ဟာသွားသည်။ ဆာစီးနီယာက ထိုသည်ကိုတွေ့သောအခါ ပြုံးစပ်စပ်လုပ်ရင်း ပါးစပ်ဟလိုက်သည်။

"ကျွန်မ ရေမိုးချိုး ဆေးကြောလိုက်အုံးမယ်"

သူ့ကို နမ်းခွင့်ပြုလိုက်လျှင် သူမအတွက် ညတာရှည်တော့မည်ကို သိသဖြင့် ရေချိုးခန်းထဲသို့ အမြန်ပြေးလာခဲ့သည်။ ညနေက လေကြောင့် သူမကို ဖုန်အချို့ ကပ်ငြိနေသည်ပြောသော်လည်း ဘန်က ဂရုမစိုက်ပေ။ သို့သော် ဆာစီးနီယာက ဆက်မလျှောက်နိုင်ဘဲ ရပ်တန့်ကာ သူမနောက်မှ ကပ်ပါလာသည့် ခြေသံများဆီသို့ လှည့်လိုက်သည်။

"ဘန် ဘာလို့ လိုက်လာတာလဲ?"

သူမက မော့ကြည့်လိုက်ရင်း နီးကပ်နေသောသူ့ကို ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"တူတူချိုးကြမယ်လို့ ဆိုလိုတာပဲ"

ဘန်က ပုံမှန်အတိုင်းပင် ဖြေလိုက်ရင်း သူမကို လက်တစ်ဖက်ဖြင့် ထွေးပွေ့လိုက်ရာ ပေါ့ပါးသော သူမခန္ဓာကိုယ်လေးမှာ သူ့ရင်ခွင်ထဲသို့ ရောက်ရှိသွားတော့သည်။

"ရှင်ဘာတွေပြောနေတာလဲ?"

"မဟုတ်ဘူးလား?"

ကွေးနေသော သူမနှုတ်ခမ်းထောင့်လေးမှာ အပြုံးရိပ်သန်းနေသည်။ ထိုသို့စကားများကို ကောင်းကောင်းပြောတတ်နေပြီဖြစ်သော ဘန်ကို ကြည့်ရင်း မသိစိတ်မှ ပြုံးရယ်မိသည်ကို ဆာစီးနီယာ ထိန်းထားလိုက်သည်။

"မရဘူး"

သူမက အပြင်းအထန် ကန့်ကွက်လိုက်ရင်း သူမခါးကို ဖက်ထားသော လက်များကို တွန်းချလိုက်သည်။

"ကိုယ်တို့ မရဘူးလား?"

မျက်ဝန်းများက အသက်ပြန်ဝင်လာသည်။

"မရ ..."

သူမက ‌ပြောလက်စ စကားကိုအဆုံးသတ်ရန် ကြိုးစားသော်လည်း အံ့ဩကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ဘန်က လူတကာ ကြွေကျသွားနိုင်သည့် ဆွဲညို့သော အပြုံးနှင့် ဝတ်ထားသော အင်္ကျီကို ကြယ်သီးဖြုတ်လိုက်သောကြောင့်ပင်။ သူ့ရဲ့ ချောမွတ်သော ကြွက်သားများမှာလည်း မရပ်တန့်ဘဲ လှုပ်ရှားရင်း ကျွတ်လာသော အင်္ကျီနှင့်အတူ ပေါ်ထွက်လာသည်။

ဘန်က သူမကို တောက်လျှောက်စိုက်ကြည့်နေရင်း သူ့လက်ကို မြှောက်ကာ သူမရဲ့ဆံပင်များအောက်တွင် ပုန်းဝင်နေသော နားရွက်နောက်လေးကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။ ဆာစီးနီယာမှာ ရီဝေဖွယ် လှုံ့ဆော်မှုကြောင့် ကျောထက်ထိပင် ကြက်သီးများထကာ မျက်လုံးလေးများ မှေးသွားသည်။

"ရှင်..."

ဘန်က သူမကို သေချာသိသည်။ သူမမှာ ဤသည်နှင့်ပတ်သက်၍ တွေးတောနေမိသည်မှာ ကြာလှပြီဖြစ်သော်လည်း သူ့မျက်နှာမြင်လျှင် မနေနိုင်။ သူမလက်လေးကို ကိုင်ကာအိပ်ရန် ဘန်၏ တောင်းဆိုမှုကို ခွင့်ပြုခြင်းမှာ သူ့မျက်နှာက သူမ၏ အားနည်းချက်ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ သို့သော် ဘန်က တစ်ချိန်‌တွင် ဤအချက်ကိုသေချာသိကာ သူမကို ထိုပုံစံအတိုင်း ဖျားယောင်းလေသည်။

"မရဘူးလား" သူ ထပ်မေးပြန်သည်။

သူ့ရဲ့ ရှည်လျားသောလက်မှာ နားမှတဆင့် လည်တိုင်နောက်ကို ပွတ်သပ်ရင်း အောက်သို့ဆင်းကာ ဂါဝန်ရဲ့ ကြယ်သီးများကို ထိမိသွားသည်။

"ဆာစီးနီယာ" 

မီးများအားလုံးထက် ပူလောင်သော အသံမှာ သူမနားထဲသို့ တိုးဝင်လာသည်။

"အင်းပါ"

ဆာစီးနီယာက ညင်သာစွာပြုံးရင်း သူ့ရဲ့လက်များကို သူမဂါဝန်ကြယ်သီးအားဖြုတ်ခွင့် မတွန့်မဆုတ် ပေးလိုက်တော့သည်။ သူမခါးကို အသေးစိပ် တပ်ဆင်ချည်ထားသော ကြယ်သီးများကို ဖြုတ်လိုက်ပြီးသည့်နောက် ပခုံးထက်မှ သိုင်းကြိုးကို သူ့လက်နှင့်ပင် တွန်းဖယ်လိုက်ရာ ဂါဝန်လေးမှာ သူမကိုယ်မှ လျှောဆင်းသွားတော့သည်။ 

*တက်*

ကြမ်းပြင်ပေါ်လို့ ဂါဝန်ကျသွားသံနှင့်အတူ သူက သူမကို ပွေ့ဖက်လိုက်ရင်း ရေချိုးခန်းထဲသို့ ဝင်သွားကာ နမ်းရှိုက်လိုက်သည်။ နက်ရှိုင်းသော ည၏ အစပင် ဖြစ်ပေသည်။