Chapter 104
အာရုံမတက်သေးသော ညနက်
ဆာစီးနီယာမှာ စံအိမ်ထဲရှိ လျှို့ဝှက် အပြင်ဘက်လေ့ကျင့်ရေးကွင်း ဆီသို့ရောက်လာသည်။ ဘန်က သူမအတွက်တွေးကာ ကုတ်အင်္ကျီထူထူ ဝတ်ပေးလိုက်သောကြောင့် အေးစိမ့်သော လေထဲတွင်ပင် မအေးဘဲ ရှိနေသည်။ သူမဘာသာ တမင်တစ်ယောက်ထဲ လာခဲ့ပြီး သက်ပြင်းရှည်ရှည်ချလိုက်မိသည်။
"ဟူး..."
သူမရဲ့ နှုတ်ခမ်းရဲရဲဆီမှ တိုးထွက်လာသော ထွက်လေမှာ မြူမှုန်လို လေထဲသို့ တိုးဝင်လာပြီး မြန်ဆန်စွာပင် လွင့်ပြယ် ပျောက်ကွယ်သွားသည်။ သူမမှ လွဲ၍ မည်သူမှ မရှိ။ သစ်ကိုင်းများလေထဲတွင် တဖျတ်ဖျတ်ရိုက်သံကိုသာ ကြားနေရသည်။
ဤနေရာသည် အပင်ကြီးများ ဝန်းရံနေသောကြောင့် စံအိမ်မှ မမြင်ရသည့် လျှို့ဝှက်နေရာဖြစ်ကြောင်း ဘန် သူမကို ပြောပြဖူးသည်။ ဘန်တစ်ယောက်ထဲ လေ့ကျင့်ခဲ့သည့် နေရာဖြစ်ပြီး သော့မပါလျှင် တစ်ဦးတစ်ယောက်မျှ မလာနိုင်။ သူမကို မည်သူမှ မမြင်နိုင် မလာနိုင်သော ဤ လျှို့ဝှက်နေရာကို ဆာစီးနီယာ လိုအပ်သည်။
မွှေ့နေသော လေသံနှင့်အတူ လေအေး ပြင်းပြင်းတစ်ချက် တိုက်ခတ်သွားသည်။ တိုက်နေသောလေထဲတွက် ဆီနံ့ အနည်းငယ်ပါလာသည်။ သူမ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်တွင် ထင်းများနှင့် မျှော်စင်ပမာ စီဆင့်ထားသည်မှာ ယမန်နေ့ကသူမတောင်းဆိုချက်အရ ဘန်က အားချန်ကို စီမံခိုင်းထားခြင်းဖြစ်သည်။
ဆာစီးနီယာက အသက်ပြင်းပြင်းရှူလိုက်ရင်း အမှောင်ရိပ်ကျဆင်းနေသော နေရာလွတ်သို့ လက်ကို ရုတ်တရက်ဆန့်ထုတ်လိုက်ရာ ဆန့်ထားသည့်လက်ဖျားမှ မီးပွားလေးများမှာ ပိုးစုန်းကြူးပမာ ထွက်ပေါ်လာသည်။
ဤသည်မှာ စမ်းသပ်ချက် တစ်ခုပင်ဖြစ်သည်။
'သူမ'က ခန္ဓာကိုယ်ကို ဂိုထောင် မီးလောင်ခြင်းကိစ္စကဲ့သို့ သွယ်ဝိုက်အသုံးချပြီး အပိုင်သိမ်းရန် ကြိုးပမ်းနေခြင်းလား?
သူမလက်ထဲတွင် မီးစများနှင့် လွတ်လပ်စွာ ကစားပြီးနောက် အကြောက်အလန့်ကင်းစွာပင် ဆီများလောင်းထားသော ထင်းများဆီသို့ မီးတောက်များလွှင့်ထုတ်လိုက်သည်။
*ဖလူး*
မြင့်မားစွာ စီထားသော ထင်းများကို မီးလျှံများ ထိလိုက်သည်နှင့် ကြီးမားစွာတောက်လောင်ပြီး အမြင့်သို့ ပျံဝဲတက်လာသည်။ ထိုမျှနှင့် မရပ်တန့်ဘဲ ခြားထားသော ထင်းများကို တစ်ပုံပြီး တစ်ပုံ မီးမြိုက်လိုက်သည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်။
လောင်မြိုက်နေသော ထင်းပုံများမှာ သူမအရပ်ထက် မြင့်မားကာ သူမ တစ်ကိုယ်လုံးမှာလည်း မီးရောင်ဟပ်ကာ ရဲရဲတောက်နေသည်။ အအေးဓာတ်ကြောင့် တုန်ယင်နေသော ခန္ဓာကိုယ်မှာလည်း ဘေးပတ်ပတ်လည်မှ မီးလျှံများကြောင့် နွေးထွေးလာသည်။
"..."
မှော်စက်ဝိုင်းကဲ့သို့ သူမကို ဝန်းရံထားသော မီးတိုင် မီးတောက်များကို ကြည့်လိုက်မိသည်။
မီးတောက်များ..
'သူမ'သည် သူမထံမှ ခွဲမရသော အရာဖြစ်သည်။ 'သူမ'သည် သူမ ဖယ်ရှားပစ်ချင်သော စိတ်အနှောက်အယှက်ဖြစ်ရသည့် အခြားသောစိတ်တစ်ခု ဖြစ်သည်။
ဤစွမ်းအားကြောင့်ပင် သူမကို စုန်းမဟု အထင်လွဲကာ မလိုမုန်းတီးမှုများ နှိပ်စက်ညှဉ်းပန်းမှုများစွာ ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်ပင် သူမ ဤအစွမ်းကို မြန်မြန်ဆန်ဆန် ဖုံးကွယ်လျှို့ဝှက်ထားခဲ့ကာ မည်သည့်အချိန်ကမှ သေချာ ရင်ဆိုင်ဖြေရှင်းရန် မတွေးထားခဲ့ချေ။
သို့သော် ဆာစီးနီယာမှာ ထိုသို့ဆက်မလုပ်နိုင်တော့။ သူမကို ယုံကြည်သူများ ရှိသည့်အတွက် ဤအစွမ်းကို အသိအမှတ်ပြု လက်ခံကာ ထိန်းချုပ်ရန် ကြိုးစားရမည်။ မဟုတ်လျှင် 'သူမ' နောက်တစ်ကြိမ်ထွက်ပေါ်လာလျှင် မည်သို့လုပ်ရမည်လဲ မသိပေ။
ဆာစီးနီယာက တောက်လောင်နေသော မီးလျှံများကို ချစ်ခြင်း မုန်းခြင်း ရောထွေးသောခံစားချက်နှင့် ကြည့်လိုက်သည်။
'ဒီလောက် လွယ်လွယ်နဲ့တော့ ထိန်းချုပ်လို့ရမယ် မထင်ဘူး'
'သူမ' နှင့် ဤ မီးလျှံတို့ကို လွယ်ကူစွာ ထိန်းချုပ်နိုင်မည် ဟု သူမ မထင်။
ယခု ဆာစီးနီယာမှာ သူမကိုယ်ပိုင်ဘဝနှင့် နေထိုင်ရန် ဆုံးဖြတ်ပြီးသည် ဖြစ်၍ မည်သို့ပင်ဖြစ်ပါစေ သူမ ဘဝပင် ဖြစ်သည်။
မူလဇာတ်လမ်းထဲမှ ဆာစီးနီယာနှင့် သူမတို့မှာ မတူညီသော သူများဖြစ်သည်။ သူမ ခန္ဓာကိုယ်ထဲတွင် အခြားတစ်ယောက်ရှိခြင်းကို သိရှိကာ အသိအမှတ်ပြုရန် သုံးနှစ်ခန့် အချိန်ပေးခဲ့ရသည်။ သူမ အသိအမှတ်ပြုလိုက်သည့် အချိန်မှစ၍ မူလဇာတ်လမ်းထဲမှ ဆာစီးနီယာကဲ့သို့ မကောင်းမှုများကို မလုပ်ဟု ဆုံးဖြတ် အကောင်အထည်ဖော်လိုက်သည်။ သူမမှာ ယခုတွင် မူလဇာတ်လမ်းထဲမှ ဆာစီးနီယာနှင့် မတူညီသော ဘဝတစ်ခုတွင် ရှင်သန်နေပြီဖြစ်၍ ကံဆိုးမှုများကိုသာ ယူဆောင်လာသော လူဆိုးမ 'သူမ' ကို ရပ်တန့်ပစ်ရမည်။
ဆာစီးနီယာက အသက်အနည်းငယ်ရှူရင်း မီးလျှံများဆီသို့ လက်ဝါးကို ဖြန့်ထားလိုက်သည်။ မဟူရာ ညကောင်းကင်ကို အနီရောင်ဖြစ်အောင် တန်ဆာဆင်ထားသော မီးလျှံတို့မှာ လှည့်ပတ်ရင်း အပူအဖြစ်ပြောင်းကာ သူမထံ တိုးဝင်လာသည်။
"ဟင်း.."
များပြားလှသော အပူတို့ကို စုတ်ငင် ယူလိုက်သောအခါ လက်ဝါးပြင်မှာ ပူတက်လာကာ မီးတောက်များအားလုံးကို ချက်ချင်းစုတ်ယူသွားသည်။ ပြင်ဆင်ထားသော ထင်းများကို လောင်နေသော မီးတောက်များမှာ အကန့်အသတ်ရှိသည်ဖြစ်ရာ စက္ကန့်အနည်းငယ်သာ ကြာမြင့်လိုက်သည်။ ဂိုထောင် အဖြစ်အပျက်မှ မီးတောက်များကို စုတ်ယူလိုက်သလို သူမ မမူးဝေသွားသော်လည်း ဆီကိုရှူရှိုက်လိုက်ရသလို သူမ ဗိုက်ထဲတွင် ပျို့အန်ချင်သွားသည်။
ဆာစီးနီယာမှာ အခြားမီးပုံ သုံးခုမှ မီးတောက်များကိုလည်း အခက်အခဲမရှိ စုတ်ယူလိုက်သည်။ သူမခန္ဓာကိုယ်ထဲတွင် အပူများ ကြီးထွားလာသလို ခံစားရကာ သုံးခုမြောက်မီးပုံ အပြီး လေးခုမြောက်ကို စုတ်ယူလိုက်ချိန်တွင် သူမ ခန္ဓာကိုယ်ထဲ၌ မူမမှန်ခြင်းများ ဖြစ်ပေါ်လာသည်။
'ဒီဟာပဲ'
သူမရင်ဘတ်တဝိုက်မှာ မီးကို မျိုချထားသလို ပူလောင်လာပြီး နားထဲတွင်လည်း တဝီဝီမြည်လာသည်။ ဂိုထောင် ဖြစ်ရပ်မှ သူမ၏ ခံစားချက် လက္ခဏာများနှင့် ထပ်တူပင်ဖြစ်သည်။
ဆာစီးနီယာက သူမစုတ်ယူလိုက်သော မီးတောက် ပမာဏကို တွက်ကြည့်လိုက်ရာ သူမခန္ဓာကိုယ်၏ ငါးဆခန့်မျှ ရှိနေလေပြီ။ ထိုသို့ သုံးခေါက်ခန့် ဆက်တိုက် စုတ်ယူပြီးသည့်နောက်တွင် သူမခန္ဓာကိုယ်၏ တစ်ဆယ့်ငါးဆခန့်မျှ မီးလျှံများကို အပူအဖြစ်ပြောင်းကာ စုတ်ယူပြီးသည်နှင့် ထို လက္ခဏာများကို ခံစားလိုက်ရသည်။ သူမမှာ တောင့်တင်းနေမှုကြောင့် ခြောက်သွေ့နေသောတံထွေးကို မျိုချလိုက်မိသည်။
'အခုချိန် အပူတွေ ထပ်စုတ်လိုက်ရင်...'
'သူမ' ထွက်ပေါ်လာမည်လား?
စိုးရိမ်နေသည်က ကြာသေးသည်။ မည်မျှသော မီးလျှံတို့ကို အပူအဖြစ်ပြောင်းကာ သူမကိုယ်ထဲသို့ စုတ်ယူကြီးထွားလာစေလျှင် 'သူမ' ကို နိုးထလာစေမည်လဲ သူမ သိရန် လိုအပ်သည်။
ဆာစီးနီယာက ပျံတက်နေသော မီးတောက်များထံ ထပ်မံ လက်လှမ်းလိုက်သည်။ ပြင်းရှသော လေတိုက်သံနှင့်အတူ လေပွေ သဖွယ် နီရဲသော မီးလျှံတို့က အပူအဖြစ်ပြောင်းကာ သူမ လက်ဝါးထဲ ဝင်သွားရင်း ပျောက်ကွယ်သွားသည်။ လေပွေထဲတွင် လွင့်ဝဲနေသော သူမရဲ့ ဆံပင်ရှည်များမှာလည်း ပြန်ကျသွားသည်။
မီးတောက်များအားလုံးကို စုတ်ယူလိုက်သည့်အခါ အမှောင်ထုက အရာအားလုံးကို ဖုံးလွှမ်းသွားပြီး အမှောင်ထုထဲတွင် ကြက်သွေးရောင် မျက်ဝန်းများကိုသာ မြင်နိုင်သည်။
"..."
သူမရဲ့ ကြက်သွေးရောင် မျက်လုံးများမှာ မလှုပ်မရှား ငြိမ်နေရင်းနှင့်ပင် သွေးကဲ့သို့ချင်းချင်းနီသွားလိုက် နဂိုမူလ ကြက်သွေးရောင်သို့ပြောင်းလိုက်နှင့် အဖန်ဖန် ဖြစ်ပွားနေသည်။ ဆာစီးနီယာက သူမ မျက်လုံးများ မှေးမှိန်သွားကာ အသိစိတ် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်ကို ခံစားလိုက်ရသည်။
"မဟုတ်ဘူး..."
ခြောက်သွေ့နေသော နှုတ်ခမ်းများကြားမှ အသံတစ်ခု ကွဲအက်ကာ ထွက်ပေါ်လာသည်။ သူမရဲ့ စိတ်အာရုံထဲတွင် 'သူမ' က သူမရဲ့ အသိစိတ်များကို ယူငင်သွားသည်ကို ပြတ်သားစွာ ခံစားလိုက်ရသည်။ သူမ၏ အသိစိတ်များ ပျောက်ကွယ်သွားလျှင် 'သူမ' ဝါးမျိုတာ အပြည့်အဝခံလိုက်ရလိမ့်မည်။ ဆာစီးနီယာက 'သူမ' ရဲ့ မှတ်ဉာဏ် အနည်းငယ်ကို ရိပ်ခနဲ ပြန်တွေးမိသည်။ များပြားသော အပူချိန် မှော်စွမ်းအင် တို့နှင့် နိုးထလာသော 'သူမ'သည် ဆာစီးနီယာက အပူများ အားလုံးကို ထုတ်လွှတ်လိုက်သည်နှင့် ပြန်ကွယ်ပျောက်သွားသည်။
"တကယ်လို့များ?"
ဆာစီးနီယာက ကောင်းကင်ဆီသို့ ချက်ချင်းလှမ်း လိုက်သည်။
ဘုန်း!
ပေါက်ကွဲသံနှင့်အတူ သူမစုတ်ယူထားသော အပူများအားလုံးလည်း ပွင့်ထွက်သွားသည်။ မိုးကောင်းကင်သို့ နီရဲသော အပူများ ပျံတက်သွားသည်မှာ အံ့ချီးဖွယ်ရာပင်။ ကောင်းကင်သို့ ပျံတက်သွားသော အပူများမှာ လျင်မြန်စွာပင် ဆောင်းလေနှင့်ပါသွားကာ အနည်းငယ်မျှသော မီးခိုးပင် မကျန်ခဲ့ဘဲ ကွယ်ပျောက်သွားခဲ့သည်။ သူမ၏ အချိန်မရွေး ကွယ်ပျောက်တော့မည့် အသိစိတ်များမှာလည်း အပူကို ထုတ်လွှတ်လိုက်သည်နှင့် ပုံမှန်အတိုင်း ပြန်ရောက်ရှိလာသည်။
"ဟား..."
စိတ်သက်သာရာ ရသော အသက်ရှူသံ ထွက်ပေါ်လာသည်။
နားထဲတွင် ကြားခဲ့ရသော တဝီဝီမြည်သံနှင့် သူမရင်ဘတ်ထဲတွင် လောင်မြိုက်နေသော အပူများသည်လည်း ကွယ်ပျောက်သွားသည်။ သူမလက်ဝါးများကို သေချာ ငုံ့ကြည့်ရင်း လက်သီးကိုဆုပ်လိုက်သည်။ တင်းနေအောင် ဆုပ်ထားသော လက်သီးဆုပ်လေးများထဲတွင် လေပင် ဝင်တိုး၍ မရနိုင်အောင် နေရာလပ်မရှိ။ ထို့သို့လုပ်ခြင်းဖြင့် ဆာစီးနီယာက သူ၏ ခန္ဓာကိုယ်ထဲမှ အပူများကို ထုတ်လွှတ်လိုက်လျှင် 'သူမ' နိုးမလာနိုင်မှန်း နားလည် သဘောပေါက်သွားသည်။
သူမ စိတ်ထဲတွင် အနည်းငယ် အက်ကြောင်းထင်လာလျှင်ပင် 'သူမ' ထွက်ပေါ်လာမည်ဖြစ်သည့်အတွက် ဆာစီးနီယာ က ခိုင်မာစွာ ဆုံးဖြတ်ထားလိုက်သည်။
***
နောက်တစ်နေ့
ဆာစီးနီယာ ရှေ့တွင်ထိုင်နေသော လိုင်မာဖီးယပ်စ်က လက်ကို ဝှေ့ယမ်း အချက်ပြလိုက်သည့်အချိန်တွင် အစေခံများက စောင့်ဆိုင်းနေသကဲ့သို့ တံခါးကို ဖွင့်ကာ ဝင်ရောက်လာကြသည်။ အစေခံများက ညီညာစွာလျှောက်လှမ်းပြီး ဆာစီးနီယာ၏ ရှေ့ရှိစားပွဲပေါ်တွင် လက်ဝတ်ရတနာမျိုးစုံကို ခင်းကျင်းတင်ထားလိုက်ကြသည်။
"ဗားန်ကို ကယ်လိုက်တယ်ဆိုတာ ကြားပါတယ်"
အစေခံများက ခင်းကျင်းပြီးစီးကာ ထွက်ခွာသွားချိန်တွင် လိုင်မာဖီးယပ်စ်က သူမကို ပြောလိုက်သည်။ ဆာစီးနီယာက ဤအရာများအားလုံးက ဘာအတွက်လဲ ဟူသော အကြည့်နှင့် ပြန်ကြည့်လိုက်သည်။
"သူမအသက်ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒါ ကျွန်ုပ်ရဲ့ အနည်းငယ် ကျေးဇူးပြုခြင်းပါ"
အနည်းငယ် ကျေးဇူးပြုခြင်း
အိမ်ရှေ့စံမင်းသားရဲ့ အနည်းငယ်ကျေးဇူးပြုခြင်းဆိုသည်မှာ လည်ဆွဲ နှင့် နားဆွဲ ၂၀ ကျော်ဖြစ်သည်။ အနီရောင် ထိုင်ဖုံပေါ်တွင် သေသပ်စွာ တင်ထားသော ကျောက်မျက်များသည် ကြီးမားလှသည်မှာ တန်ဖိုး မဖြတ်နိုင်သည့်ပမာပင်။ ဆာစီးနီယာမှာ လက်ဗလာနှင့်ပင် ကိုင်၍ အဆင်ပြေပါ့မလား တွေးနေမိသည်။
"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မ လက်မခံပါရစေနဲ့"
"မိန်းကလေးမကြိုက်ရင် တခြားဒီဇိုင်းတွေ ယူလာခဲ့မယ်။ ဒါမှမဟုတ် လိုချင်တဲ့ ဒီဇိုင်းရှိရင် ကိုယ်တိုင် မှာပေးပါ့မယ်"
"မဟုတ်ပါဘူး။ လက်ဝတ်ရတနာတွေက တကယ်အဆင်ပြေပါတယ်"
ဆာစီးနီယာက တည်ငြိမ်စွာ ခေါင်းခါလိုက်သည်။ ဗားန်ကို ကယ်တင်ခဲ့သည်မှာ ဤလက်ဆောင်များကို လိုချင်၍မဟုတ်။ လူသားတစ်ယောက် လုပ်သင့်သည်ကို လုပ်ခြင်းသာဖြစ်သည်။ ဆာစီးနီယာက အိမ်ရှေ့စံ၏ ဤသို့ကျေးဇူးတင်မှုကို ငြင်းဆန်စရာအကြောင်းမရှိ။ သူမမှာ အကျင့်သီလနှင့် ရောင့်ရဲပြည့်စုံနေသည့် သူတော်စင်မဟုတ်။ ဆာစီးနီယာက ငြင်းရခြင်းမှာ ဤ ပြိုးပြိုးပျက်ပျက် ရတနာများထက် အခြားတစ်ခုကို လိုအပ်သောကြောင့်ဖြစ်သည်။
"ဒါဆို ဘာကို အလိုရှိပါသလဲ?"
သူမ လိုချင်သည့်အဖြေ လိုင်မာစီးယပ်စ်ရဲ့ နှုတ်ဖျားမှ ထွက်လာသည့်အခါ သူမ ဆန္ဒများကို သေချာ မစဉ်းစားတော့ဘဲ ပြောလိုက်သည်။
"ဘန်ကို၊ မြို့စားမင်းကို နောက်ဆုံးအချိန်ထိ အရှင့်သား စောင့်ရှောက်ပေးပါ"
"စောင့်ရှောက်ပေးပါဆိုတာ ဘယ်လိုဟာကို ဆိုလိုပါသလဲ?"
"သူ ကျွန်မ မရှိဘဲ ကောင်းကောင်းနေနိုင်အောင်ပါ"
သူမ တစ်ခုခုဖြစ်ခဲ့လျှင်တောင်မှ ဘန်ဆက်လက် အသက်ရှင်နေနိုင်ရန် အတွက်ပင်။ သူ့ကို အနာဂတ်တွင် အဆုံးမရှိ ဆက်လက်ရှင်သန်နိုင်ရန် ကာကွယ်ပေးစေချင်သည်။ ဆာစီးနီယာက သူ့ဘေးမှ လုံးဝခွာမည် မဟုတ်သော်လည်း မခန့်မှန်းနိုင်သော တစ်စုံတစ်ခု ဖြစ်လာနိုင်ချေ မရှိဟု မည်သူမှ မပြောနိုင်ပေ။
"အဲလက်စ်ကို ထားခဲ့မယ်လို့ ပြောချင်တာလား?"
မထင်မှတ်ထားသော စကားများကြောင့် လိုင်မာဖီးယပ်စ်ရဲ့ မျက်နှာမှာ လေးနက်သွားသည်။
"ကျွန်မ နာမကျန်းဖြစ်ပြီး အရင်သေသွားနိုင်တာပဲလေ။ အနာဂတ်မှာ ဘာတွေဖြစ်မလဲ ဘယ်သူမှ မသိနိုင်ဘူး"
ဆာစီးနီယာက သူမရဲ့ အစွမ်းနှင့် အခြေအနေကို အသေးစိပ် မပြောပြနိုင်သောကြောင့် ပြုံးပြရင်းသာ ပြောလိုက်သည်။
"..."
လိုင်မာဖီးယပ်စ်မှာ ဆာစီးနီယာကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူမ ပြောသလိုပင် အနာဂတ်ဟူသည်မှာ လူသားတို့ မခန့်မှန်းနိုင်သော အရာဖြစ်သည်။ လိုင်မာဖီးယပ်စ်ရဲ့ ကျန်းမာသော မယ်တော်သည်လည်း ရုတ်တရက် နေမကောင်းဖြစ်ကာ ဆုံးပါးသွားခဲ့သဖြင့် သူမ ပြောသည်ကို သူ ကောင်းကောင်းနားလည်သည်။ သူ့ခမည်းတော် အင်ပါယာမှာ ထိုကိစ္စကြောင့် မစားနိုင် မသောက်နိုင်နှင့် ကံကောင်းထောက်မ၍သာ အသက်ဆုံးပါးခါနီး ဆဲဆဲတွင် တဖြည်းဖြည်းချင်း နလန်ပြန်ထူလာနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် အဲလက်စ် တစ်ယောက်ထဲသာ သူမ မရှိဘဲ ကျန်ခဲ့လျှင် အသက်မရှင်နိုင်မှန်း သူသေချာသိသဖြင့် ဆာစီးနီယာရဲ့ ကာကွယ်စောင့်ရှောက်ပေးရန် တောင်းဆိုမှုကို နားလည်သည်။ အဘယ့်ကြောင့်ဆိုသော် အဲလက်စ်သည် ထိုသို့လုပ်မည့် လူစားမျိုးပင်။
"ကျွန်ုပ် ကတိပေးတယ်။ ဒါပေမယ့် အဲ့လို ဖြစ်မလာပါစေနဲ့လို့ မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်မ ကြိုးစားပါ့မယ်"
ဆာစီးနီယာမှာ သူမ လိုချင်သည့်ကတိစကားကို ရရှိလိုက်သည်။ ဘန်ရဲ့ဘေးတွင် နေ၍ မည်သည့်ပြဿနာကိုမဆို သူမ ရင်ဆိုင်ကျော်ဖြတ်မည်။
"ဒီတောင်းဆိုချက်က ရိုးရှင်းလွန်းတယ်။ အဲ့ဒါကြောင့် မိန်းကလေးဆာစီးနီယာ တခြား တစ်ခု မိန်းကလေးအတွက် တောင်းဆိုပါအုံး"
လိုင်မာဖီးယပ်စ်က သူ့သူငယ်ချင်း အဲလက်စ်ကို သူစောင့်ရှောက်မည်မှာ သဘာဝပင်ဖြစ်၍ အခြားတစ်ခု တောင်းဆို ခိုင်းလိုက်သည်။ သူ့ချစ်သူ ဗားန်၏ ကယ်တင်ရှင်အပေါ် သူ ကျေးဇူးကြွေး မတင်ချင်။
"ကျွန်မ အတွက်?"
ဆာစီးနီယာက သူမအတွက် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးသဖြင့် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"မိန်းကလေး အခုစဉ်းစားလို့မရရင် လိုအပ်တဲ့ အချိန်မှ လုပ်ပေးဖို့ တောင်းဆိုလို့ရပါတယ်"
သူမခေါင်းထဲတွင် ဘာမှ မပေါ်လာသဖြင့် လိုင်မာဖီးယပ်စ် ထိုသို့ပြောလိုက်သည့်အတွက် အဆင်ပြေသွားသည်။
"အခုလို စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ် အရှင့်သား"
"ဒါဆို ကျွန်ုပ်သွားတော့မယ်"
သူမလည်း အိမ်ရှေ့စံမင်းသားကဲ့သို့ ထိုင်ရာမှ ထလိုက်သည်။
'သူနောက်ပိုင်း အင်ပါယာဖြစ်လာတဲ့ အချိန်ကျမှ ဘွဲ့ထူးဂုဏ်ထူး တောင်းရင်ကောင်းမလား?'
ထိုကဲ့သို့ တောင်တွေးမြောက်တွေး တွေးရင်းနှင့်ပင် ပြန်သွားသော အိမ်ရှေ့စံမင်းသားကို လိုက်ပါ ပို့ဆောင်လိုက်သည်။