Chapter 105
ရက်အနည်းငယ် အကြာ။
ဗားန် နန်းတော်ထဲသို့မသွားမီ သူမရဲ့ ဆန္ဒအတိုင်း ယနေ့ သူမတို့ အပြင်ထွက်ရန် ပြင်ဆင်နေကြသည်။
သာမန်အဝတ်စားနှင့် ဗားန်ကိုကြည့်ရင်း ဆာစီးနီယာမှာ မျက်ခုံးတွန့်သွားသည်။ အနားကို အနည်းငယ် ညှိထားသည့် အညိုဖျော့ရောင် ဂါဝန်မှာ ရိုးစင်းလှသဖြင့် ဗားန်ရဲ့ ဆွဲဆောင်မှုရှိသော မျက်နှာလေးမှာ မပေါ်လွင် ဖြစ်နေသည်။
"ညီမ အဲ့ဂါဝန်တွေ မဝတ်နဲ့လေ။ လှတာလေးတွေ လဲလိုက်နော်"
"ကျွန်မမှာရှိတာ ဒါအကောင်းဆုံးမို့ပါ..."
သူမရဲ့အဝတ်အစားကို ပြန်ကြည့်ရင်း တိမ်ဝင်သွားသော အသံလေးနှင့် ပြန်ဖြေလိုက်သည်။
"အရင်တစ်ခါက အစ်မပေးခဲ့တဲ့ ဂါဝန်လေ။ အဲ့ဒါ လဲလိုက်နော်"
"ရှင်? ရိုးရိုး အပြင်ထွက်တာကို အဲ့ဂါဝန်နဲ့က တောက်ပြောင်လွန်း မနေဘူးလား?"
ဝယ်သည့်အချိန်က ဆာစီးနီယာမှာ ဗားန်ရဲ့ စိတ်နေစိတ်ထားကို တွေးကာ အလွန်မတောက်ပြောင်ဘဲ ရိုးရှင်းသော ဒီဇိုင်းကို ရွေးခဲ့သည်။ ဖာဘီယမ်း လမ်းပေါ်ရှိ ကော်ဖီဆိုင်တွင် သူမ တွေ့ခဲ့သော လူကုံတန်အမျိုးသမီးများ ဝတ်လေ့ရှိသော အဝတ်မျိုးနှင့်ဆင်ရာ ယခု ဝတ်ဆင်သွားဖို့ ပြဿနာ မရှိလှပေ။
"မတောက်ပြောင်ပါဘူး။ အဲ့လောက်တော့ ညီမဝတ်လို့ရပါတယ်။ သွား မြန်မြန်လဲပြီး ထွက်ခဲ့တော့"
"ဒါပေမယ့်..."
"မြန်မြန်လေး"
ဆာစီးနီယာရဲ့ တောင်းဆိုမှုကြောင့် ဗားန်မှာ အင်တင်တင်နှင့်ပင် ဝင်သွားရသည်။
ဆာစီးနီယာက ယနေ့ အပြင်ထွက်ခြင်းသည် ဗားန် နန်းတော်ထဲသို့ မသွားမီ နောက်ဆုံးထွက်ခြင်း ဖြစ်သည့်အတွက် သေချာ အာရုံစိုက်ထားသည်။ ကောင်းမွန်သောဖိနပ်များသည် ကောင်းမွန်သောအရပ်သို့ ခေါ်ဆောင်သွားသည် ဟူသောဆိုရိုးကဲ့သို့ ဝတ်ဆင်နေကြအတိုင်း မဟုတ်ဘဲ ကောင်းမွန်စွာ ဝတ်ဆင်ထားလျှင် စိတ်အခြေအနေကို ပြောင်းလဲစေကာ တမူထူးခြားစွာ ခံစားရသည်။
"အာ၊ ခဏလေး!"
နားထောင်နေသော မေမှာလည်း သူမ အခန်းသို့ အမြန်ပြန်သွားပြီး အတော်ကြာမှ ပြန်ထွက်လာကာ
"ညီမကောပဲ"
မေက ဝင်းထိန်သော မျက်နှာနှင့် တံခါးကို ဖွင့်လိုက်ရင်း ဆာစီးနီယာ ရှေ့တွင် လှည့်ပြလိုက်သည်။ ဂါဝန်၏ အနားသားမှာ ပွင့်လန်းလာသော အဖူးကဲ့သို့ ဝင့်ကားနေသည်။
"ညီမက ဒါဝတ်မယ်"
မေက သူမ လဲလာသည့် ဂါဝန်ကို ဆာစီးနီယာ သဘောကျမကျ လှမ်းကြည့်လိုက်သည်။ မေ ဝတ်ဆင်ထားသည်မှာ ရင်ဘတ်တွင် ဖဲကြိုးချည်ထားသော အဝါဖျော့ရောင် ဂါဝန်ဖြစ်ကာ ဗားန်၏ ညစာစားပွဲ ဂါဝန်ကို ဝယ်လာချိန်တွင် မေ့အတွက် သူမ ဝယ်ပေးခဲ့သော ဂါဝန်ဖြစ်သည်။ တစ်နေ့တော့ မေလည်း ဝတ်ရပေမည်။
"လှပါတယ်"
ဆာစီးနီယာရဲ့ ကျောက်မျက်ရတနာများကဲ့သို့သော မျက်လုံးများမှာလည်း လင်းလက်လာကာ သူမ ထင်ထားသည်ထက်ပင် လိုက်ဖက်သော မေရဲ့ အသွင်အပြင်ကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မ ဝတ်လာခဲ့ပါပြီ..."
ပြန်ရောက်လာသော ဗားန်က ဂါဝန်ကို ဝတ်ထားရင်း သူမတို့နား တွန့်ဆုတ်စွာ ရောက်လာသည်။
"လှလိုက်တာ! ဝတ်ခဲ့ သွားကြမယ်!"
မေက လက်ခုပ်တီးရင်း ဗားန်ကို လှည့်ပတ်ကြည့်နေသည်။
"အဆင်ပြေရဲ့လား?"
ဗားန်က ရှက်ရွံ့စွာ ပါးကိုပွတ်သပ်ရင်း မေးမိသည်။
"ပြေတာပေါ့။ ညီမ ဝတ်ချင်ရင် ဝတ်လိုက်။ ဘာမှမဖြစ်ဘူး"
ဆာစီးနီယာရဲ့ အဖြေကို ဗားန်က ခေါင်းလေးညိတ်ပြလိုက်သည်။ သူမ ကြားချင်သည့်စကားများကို အမြဲပြောပေးသည့် ဆာစီးနီယာကိုလည်း လင်းလက်သော မျက်လုံးများနှင့် ကြည့်ရင်း ခေါင်းညိတ်ပြမိသည်။
သူမတို့သုံးဦး လှေကားအတိုင်းဆင်းကာ တံခါးမကြီးဆီ လျှောက်သွားကြသည်။
"ဆာစီးနီယာ"
ဆာစီးနီယာမှာ သူမနောက်ကျောမှ ခေါ်သံဆီ လှည့်ကြည့်လိုက်သည်။ မေနှင့် ဗားန်မှာလည်း အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်ကြသည်။
"ဘန်"
သူမဆီလျှောက်လှမ်းလာသော ဘန်ဆီသို့ သူမလည်း အမြန်ဆုံတွေ့စေရန် လှမ်းလျှောက်သွားလိုက်သည်။
"ညီမတို့ အပြင်ထွက်နှင့်မယ်"
မေက ပါးနပ်စွာ ဗားန်ကို ခေါ်ရင်း တံခါးမကြီးမှ ထွက်သွားသည်။
"သွားတော့မှာလား?"
သူမဘေးအရောက်တွင် ဘန်က ကြင်နာစွာ မေးလိုက်သည်။
"ဟုတ်ကဲ့"
"မင်း အဆင်ပြေပါ့မလား? အရင်တစ်ခါလို တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ..."
"အန္တရာယ် ကြီးကြီးမားမားမရှိသရွေ့ ကျွန်မ အဆင်ပြေပါတယ်"
ဘန်ရဲ့ မျက်နှာတွင် စိုးရိမ်မှုကို အတိုင်းသားမြင်နေရသည်။ ဂိုထောင်ထဲမှာ ကဲ့သို့ 'သူမ' ထွက်ပေါ်လာမည်ကို စိုးရိမ်နေသည်။ သို့ရာတွင် ဆာစီးနီယာက သူမအစွမ်းကို သုံးနေရင်း သတိမလွတ်သွားသရွေ့ 'သူမ' ပေါ်လာမည် မဟုတ်။ ထို့ကြောင့် သူမ အပြင်ခဏသွားသည်ကို ဘန် မစိုးရိမ်သင့်ပေ။
"ကိုယ် မင်းဘေးက လိုက်ခဲ့မယ်"
စိတ်မချကာ အမှန်တကယ်လိုက်လာမည့် ဘန်ကို ကြည့်ရင်း ဆာစီးနီယာက တည်ငြိမ်စွာဖြင့်
"ဒီနေ့က မိန်းကလေးတွေချည်းပဲ အပြင်ထွက်တဲ့နေ့"
အငြင်းပယ်ခံလိုက်ရသည့်အခါ မိုးရေထဲမှ သနားစဖွယ်ခွေးပေါက်လေးကဲ့သို့ မျက်နှာနှင့် ဘန်က သူမကို ငုံ့ကြည့်လိုက်သည်။
"မလိုက်ပါနဲ့။ သိပ်လည်း စိတ်မပူပါနဲ့နော်။ ကျွန်မ ခဏနေ ပြန်ရောက်မှာ"
သူမရဲ့ နှလုံးသားကို ပျော့ညံ့စေသော အမူအရာကို ကြည့်ရင်း ပြန်ပြောလိုက်သည်။ ဤထက် အချိန်ပိုကြာနေလျှင် မကောင်းပေ။
"ကိုယ် စိတ်ပူတယ်"
ဘန်က ဆာစီးနီယာကို ပွေ့ဖက်လိုက်သောအခါ သူ့နှလုံးသားကို တဖျတ်ဖျတ်ခုန်စေပြီး စိတ်ကို တည်ငြိမ်စေသော သူမရဲ့ ကိုယ်သင်းနံ့လေးက သူ့နှာခေါင်းထဲ တိုးဝင်လာသည်။ သူမ ပခုံးထက်သို့ ခေါင်းတိုးလိုက်ရင်း ကိုယ်သင်းနံ့လေးကို ထပ်မံ ရှူရှိုက်လိုက်သည်။
ဘန်က သူမရဲ့ အချိန်များကို မဖြုန်းတီးချင်သော်လည်း သူမပါဘဲ သွားသည့်အတွက် စိတ်မသက်မသာ ဖြစ်မိသည်။ ဆာစီးနီယာက မေနှင့် ဗားန်တို့နှင့် မည်မျှရင်းနှီးသည်ဖြစ်စေ ခန္ဓာကိုယ်ထဲတွင် 'သူမ' ရှိနေခြင်းကို မသိကြချေ။ ထို့ကြောင့် ဘန်က သူမကို အမြဲသူ့နားတွင် ရှိစေချင်သော်လည်း နှစ်ကြိမ်တိုင် ငြင်းပယ်ခံလိုက်ရသည်။ သူမရဲ့ ငြင်းပယ်မှုများနှင့် ခေါင်းမာသော စိတ်ထားကို သူမည်သို့မှ မလုပ်နိုင်။ ဆာစီးနီယာ မလိုချင်သော မကြိုက်သည့် အရာများကို လုံးဝ မလုပ်ချင်။
"အကုန်အဆင်ပြေမှာပါ။ နောက်မကျခင် ကျွန်မ ပြန်လာခဲ့မယ်နော်"
ဆာစီးနီယာက သူ့ရဲ့ ကျယ်ပြန့်သော ကျောပြင်ကို ပြန်ဖက်လိုက်ရင်း သူ့ရင်ခွင်ထဲတွင် ပါးလေး အပ်ထားလိုက်သည်။ သူမရဲ့ နွေးထွေးသော ကိုယ်အပူချိန်က သူ့အရေပြားဆီသို့ တိုးဝင်လာသည်။
"ဒါဆို ရဲမက်တွေကို နောက်က လိုက်စောင့်ရှောက်ခိုင်းလိုက်မယ်"
"နည်းနည်း များ.."
"အဲ့လိုဆိုရင်တော့ ကိုယ်နည်းနည်း စိတ်ချရတာပေါ့။ ရဲမက်တွေကို အရိပ်လိုပဲ အနောက်က လိုက်ခိုင်းလိုက်မယ်"
ထိုကိစ္စကမူ တစ်ခုခု ဖြစ်လာမည် မဟုတ်သဖြင့် ဘာပြဿနာမှ ရှိမည်မဟုတ်။ ထို့အပြင် သူမကို စိတ်ပူပြီး ခေါင်းမာစွာ ပြောနေသော သူ့ကိုလည်း ငြင်းရန် ခက်ခဲလှသည်။
"ဟုတ်ပါပြီ"
ခွင့်ပြုချက်ရသည်နှင့် သူ့ပါးစပ်တွင် ပြုံးယောင်သမ်း သွားသည်။
"ကောင်းကောင်းသွားပါ"
ဘန်က ဆာစီးနီယာရဲ့ မျက်လုံး၊ နှာတံ နှင့် နှုတ်ခမ်းတို့ကို တစ်လှည့်စီ အနမ်းချွေလိုက်သည်။ မကျေနပ်နိုင်သေးဘဲ သူမ နှုတ်ခမ်းလေးကို နောက်ဆုံး ထပ်မံ နမ်းလိုက်ပြန်သည်။
"ဘန်၊ ကျွန်မကို သူတို့စောင့်နေကြမှာ"
ဆာစီးနီယာက ချိုသာစွာပြုံးရင်း ပြောလိုက်ပြီး ဘန်ရဲ့ပုခုံးကို ဆွဲယူကာ ခြေဖျားထောက်ရင်း သူ့နှုတ်ခမ်းကို အမြန်နမ်းခဲ့လိုက်သည်။
"ပြန်လာမှ ဆက်ကြမယ်နော်"
မကျေနပ်နိုင်သေးသော သူ့ကိုကြည့်ရင်း ဆာစီးနီယာက ရှက်စနိုးနှင့် ပြောကာ လှည့်ထွက်လာခဲ့သည်။
ကျောခိုင်းထွက်သွားသော ဆာစီးနီယာရဲ့ ဆွဲဆောင်မှုရှိသော အနောက်ပိုင်းကို ဘန်က ငေးကြည့်နေမိသည်။
"အာ၊ တကယ်ပဲ..."
သူ ပြန်သတိထားမိသောအခါ ဆံပင်ကိုထိုးဖွလိုက်ရင်း နှုတ်ခမ်းထောင့်မှ အပြုံးတစ်ပွင့် ထွက်ကျလာသည်။ သူ့ကို နှလုံးခုန်သံများ ပြင်းထန်လှအောင် ချစ်စဖွယ်ကောင်းလှသော သူမ ကြောင့် လိပ်ပြာလွင့်မတတ်ပင်ဖြစ်ရသည်။
ဘန်က သူမ ထွက်သွားသည်ကို ကြည့်ရင်း 'ထွက်သွားပြီးတာနဲ့ ချက်ချင်းပဲ ပြန်ရောက်လာစေချင်တယ်' ဟုတွေးမိသည်။
သူမတို့မှာ သွားပင် မသွားရသေး ဘန်က သူမ ပြန်အလာကို စောင့်နေသည်။ သူမ တံခါးဖွင့်ကာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဘန်လည်း ရဲမက်များကို အမိန့်ပေးရန် ရုံးခန်းဘက် လျှောက်လာခဲ့လိုက်သည်။ ဆာစီးနီယာမှာ သူ့နှလုံးသားကို မီးတောက်သွားစေရာ ယခုတစ်ခေါက် ပြန်အလာကို စောင့်ရသည်မှာတော့ ရှည်ကြာပေအုံးမည်။
***
ဆာစီးနီယာမှာ တံခါးကိုဖွင့်ကာ ထွက်ခွာလာပြီးနောက်တွင် လိုက်ပါမည့် ရဲမက်များက သစ်ပင်ထက်သို့ တက်ကာ နေရာယူထားကြသည်။ ဆာစီးနီယာက ယိမ်းခါနေရာမှ ငြိမ်ကျသွားသော သစ်ရွက်များကို ကြည့်ရင်း ရထားလုံးရှေ့တွင် သူမကိုစောင့်နေသော မေနှင့် ဗားန်ဆီသို့ လှည့်လိုက်သည်။
"အစ်မ နည်းနည်း နောက်ကျသွားတယ်။ သွားကြရအောင်"
"နည်းနည်းနောက်ကျတာ ကိစ္စမရှိပါဘူး"
မေက စပ်ဖြဲဖြဲနှင့် ပြောလိုက်သည်။
"တော်တော့"
ရထားလုံးတံခါးကိုဖွင့်ကာ သူမတို့ သုံးဦး တက်လိုက်ကြသည်။
"ကျေးဇူးပြုပြီး.."
သူမတို့အထဲဝင်မည် အပြုတွင် ရီနာက သူတို့နားကို တွန့်ဆုတ်စွာ ချဉ်းကပ်လာသည်။
"ဘာဖြစ်လို့လဲ?"
"ကျွန်မကော လိုက်ခဲ့လို့ရလား? ဘေးကနေပဲ တိတ်တိတ်လေးကြည့်နေမှာပါ! တချိန်လုံး အလုပ်လုပ်နေရလို့ အပြင်ကို သေချာ မရောက်ဖူးလို့..."
ရီနာက ဆာစီးနီယာကို လက်နှစ်ဖက်ကိုယှက်ထားရင်း ကြံရာမရကြည့်ကာ ပြောလိုက်သည်။ သို့သော် ယနေ့ အပြင်ထွက်ခြင်းမှာ ဗားန်အတွက်ဖြစ်၍ ဆာစီးနီယာက ဗားန်ကို ကြည့်လိုက်သည်။
"ရတာပေါ့။ အတူတူ သွားကြရအောင် ရီနာ"
ဗားန်က ပြုံးရွှင်စွာ ရီနာလက်ကို ဆွဲထားလိုက်သည်။ ဗားန်မှာ အတိတ်က သူမ ပင်ပန်းစွာ ငွေရှာရသောကြောင့် ဖာဘီယမ်းလမ်းကို သေချာ မမြင်ခဲ့ရသည့်အတွက် ရီနာကို ကိုယ်ချင်းစာမိခြင်း ဖြစ်မည်။
"ဟုတ်ပြီ။ အဲ့လိုပဲလုပ်တာပေါ့"
ဆာစီးနီယာက ဗားန်ရဲ့ စိတ်ဆန္ဒအတိုင်း သဘောတူလိုက်သည်။ တစ်ဦးပိုလာခြင်းသည် ပြဿနာမဟုတ်သည့်အပြင် ဗားန်ကလည်း လက်ခံသဖြင့် ဆာစီးနီယာမှာ ငြင်းစရာ အကြောင်းမရှိ။
"တကယ်? ကျေးဇူးပါရှင်။ ကျေးဇူးပါရှင်!"
ရီနာက ဦးကို ညွတ်လိုက်ရင်း ထူးဆန်းစွာ ပြုံးလိုက်သည်။
"..."
ဆာစီးနီယာက ထိုအပြုံးကြောင့် တမျိုးခံစားလိုက်ရသည်။ သူမကျောရိုးထဲကပင် စိမ့်သွားသောကြောင့် သူမတို့ အတူသွားသင့် မသွားသင့်ကို ပြန်စဉ်းစားနေမိသည်။ သို့ရာတွင် ဗားန်က ရီနာရဲ့လက်ကို မလွှတ်တန်း ဆွဲကိုင်ထားသဖြင့် သူမ ထိုစိတ်တို့ကို ဖျောက်လိုက်ရသည်။
သူမတို့လေးယောက် ရထားလုံးကို စီးကာ ဖာဘီယမ်းလမ်းသို့ ထွက်လာခဲ့ကြသည်။
***
"အဲ့ဒီလိုလား? ငါ သိပြီ"
သူမလွှတ်ထားသော လူယုံထံမှာ အချက်ပေးမှုရသည့်အခါ အမျိုးသမီးမှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အချိန်ကျလာလေပြီ။ ယနေ့သည် သူမ ကာလကြာမြင့်စွာ မျှော်လင့်ခဲ့ရသော အိပ်မက်တို့ အမှန်တကယ် ဖြစ်လာမည့်နေ့ဖြစ်သည်။ နောက်ဆုံးတွင် သူမလက်နှင့် ထိုဆိုးယုတ်သော စုန်းမကို ရှင်းပစ်နိုင်တော့မည်။
'ကောင်းကောင်းမွန်မွန် သေရလိမ့်မယ် မထင်နဲ့'
စုန်းမကို သတ်ပစ်ရန် အော်ဟစ်သံများသည် တစ်နိုင်ငံလုံး ပဲ့တင်ထပ်သွားကာ စုန်းမကို ခြေလက်များ ပြတ်ထွက်သည်အထိ လူများက ကျောက်တုံးနှင့် ပေါက်သည်ကို တွေ့မြင်ကြရလိမ့်မည်။ စုန်းမရဲ့ ခန္ဓာကိုယ်ကို လမ်းဆုံအလယ်တွင် ခင်းကာ တစ်သက်လုံး လူများနင်းချေခြင်းကို ခံရလိမ့်မည်။
"မြို့စားကြီးကိုင်လိုစ့်ကို ငါပြင်ဆင်ထားသမျှ ဒီနေ့လုပ်မယ်လို့ ပြောလိုက်"
အမျိုးသမီးက ခြောက်ခြားဖွယ် ပြုံးလိုက်ရာ သူမဘေးရှိ အစေခံများမှာ မကောင်းဆိုးဝါးပူးကပ်နေသလို မျက်နှာကို မြင်တွေ့လိုက်ရသဖြင့် တုန်တုန်ယင်ယင်နှင့်ပင် သူမရဲ့အခန်းထဲမှ ထွက်ခွာသွားကြသည်။