Chapter 106
သုံးယောက်သား ဖာဘီယမ်းလမ်းတစ်လျှောက် လျှောက်လာကြသည်။ ရီနာ က လုပ်စရာတစ်ခုရှိသဖြင့် ခဏနေပြန်လာခဲ့မည်ဟု ပြောပြီးထွက်သွားခဲ့သည်။
“ဒါလေးဆို ဗားန် နဲ့ လိုက်မယ်ထင်တယ်"
စင်ပေါ်ရှိ နီလာနားကပ်ကို ညွှန်ပြရင်း မေက ပြောလိုက်သည်။ နီလာကျောက်သေးသေးများပါသည့် ငွေနားကပ်တွင် ကြယ်တစ်လုံးပါ ပါသေးသည်။
"ဟုတ်တယ်နော်"
ဆာစီးနီယာက ခေါင်းညိတ်ပြီး မေ စကားကို သဘောတူလိုက်သည်။နီလာကျောက်များသည် အတုများဖြစ်သော်လည်း ဒီဇိုင်းဆန်းပြီး အမြင်တင့်တယ်၏။
"တစ်ကယ်လား…ဒါဆို ဒီဟာဝယ်ရမလား"
သူတို့ဘေးမှာ နားထောင်နေသည့် ဗားန် က နားစွင့်လိုက်မိသည်။
"ဗားန် …ဒါလေး အရမ်းလှတယ်မလား"
မေ သည် နားကပ်ကို ကိုင်ထားပြီး ဗားန် ကို တစ်ချက်ကြည့်လိုက်သည်။ ဗားန် ၏ သဘောထားကို သိချင်နေသဖြင့် သူမ၏ မျက်လုံးအိမ်များပါ တုန်ယင်နေတော့သည်။
"ဟုတ်တယ် အရမ်းလှတာပဲ"
"ဒါလေး တွက်ပေးပါဦးနော်"
ဗားန် ၏စကားကို ကြားသည်နှင့် မေ သည် နားကပ်အတွက် ငွေပေးချေလိုက်သည်။
"ဟုတ်တယ်...မေနဲ့ဆို အရမ်းလိုက်မှာ"
ဗားန် က ရှက်ရွံ့စွာဖြင့် ပါးပြင်ကို ကုတ်လိုက်သည်။မေက ငွေရှင်းပေးလိုက်ပြီး လှလှပပလေး ထုပ်ပိုးရန် ပိုင်ရှင်အား တောင်းဆိုလိုက်သည်။
"ဝယ်မလို့လား"
“ဟုတ်တယ်… ဗားန် ကို ပေးချင်တာ... ဒါက အစ်မ ပေးတဲ့ လက်ဆောင်နော်"
မေ သည် ဆာစီးနီယာ ၏အမေးကိုဖြေပြီး ထုပ်ပိုးထားသည့် နားကပ်ကို ဗားန် အား ပေးလိုက်သည်။ ဗားန် အံ့သြသွားရသည်။
"ဟုတ်လား... လက်ဆောင်လား..."
"တောင်းပန်ပါတယ်... ဒီ့ထက်ကောင်းတာလေး ပေးရမှာ"
ဈေးနှုန်းက သိပ်မများသဖြင့် မေက မှုန်ဝါးဝါး ပြောလိုက်သည်။
"မဟုတ်ဘူး… အဲ့ဒါမဟုတ်ဘူး... အစ်မလိုချင်တာ မဟုတ်ဘူးလား"
“နန်းတော်ထဲကို မ၀င်ခင် လက်ဆောင်တစ်ခု ပေးချင်ခဲ့တာ…သေးပေမယ့်လည်းပေါ့"
"ကျေးဇူးတင်ပါတယ်"
မထင်မှတ်ထားသော လက်ဆောင်ကို မြင်ပြီး ဗားန် ရှက်သွားသည်။
"ဟီးဟီး"
မေသည် သူမ ပေးခဲ့သည့် လက်ဆောင်ကို ဗားန် က သဘောကျနေပုံရသဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။
"အခုဝတ်လိုက်ရမလား…ဒီဝတ်စုံနဲ့ဆို လိုက်မယ် ထင်တယ်”
အသက်ပြင်းပြင်းရှူရင်း မျက်ရည်ကိုထိန်းထားသည့် ဗားန် က မတ်တပ်ရပ် ထောင်ထားသည့် မှန်အနားကို သွားလိုက်သည်။
"ပန်ကြည့်မယ်နော်"
"ပန်...ပန်"
ပါဆယ်ထုပ် စက္ကူဖြင့် သေသေချာချာ ထုပ်ပိုးထားသည့် အထုပ်ကို ဗားန်က မပြဲအောင် အသေအချာ ခွာယူလိုက်သည်။
"ဝိုး…ညီမနဲ့ အရမ်းလိုက်တာပဲ"
ဗားန်က နီလာနားကပ်အား ပန်လိုက်သည့်အခါ မေက အော်ပြောလိုက်သည်။
"ဟုတ်တယ်... လှတယ်"
"တစ်ကယ်လား"
ဆာစီးနီယာ ကလည်း အော်ပြောလိုက်ရာ ဗားန် သည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။ မေ ၏နားကပ်သည် ဗားန် ၏ စတိုင်လ် ဖြစ်သော အပြစ်ကင်းပြီး ရိုးသားသည့် စရိုက်နှင့် လိုက်ဖက်ညီလှသည်။
ဆာစီးနီယာ က....
"ဒီနေ့ ညီမတို့ စားချင်သမျှ အစ်မ ဝယ်ကျွေးမယ်"
ပစ္စည်းလက်ဆောင်တွေက ကောင်းသော်လည်း ဗားန် နန်းတော်ထဲဝင်သွားသည့်အခါ ပိုစျေးကြီးသည့် ပစ္စည်းများ သုံးရမှာမို့ ဆာစီးနီယာ သည် သူမကို အမှတ်တရဖြစ်စေမည့် အစားအစာတွေနှင့် ကျွေးမွေးချင်မိသည်။ စျေးမကြီးဘူးဆိုရင်တောင် ဤနေရာမှာသာ စားလို့ရသည့် ဆန်းပြား ရှားပါးဟင်းမျိုး ဖြစ်ရမည်။ ထို့ကြောင့် အတူတူ စားခဲ့ကြသည့် နောက်ဆုံး အစားအစာမှာလည်း ပျော်ရွှင်စရာတွေနှင့် ပြည့်နှက်နေပေလိမ့်မည်။
"ဝိုး... ဗားန်ရေ...အစ်မ ဆာစီးနီယာရဲ့ ပိုက်ဆံအားလုံးကို ဒီနေ့အပြောင် သုံးပစ်ကြစို့"
မေက ပြုံးရင်း ပြောလိုက်သည်။
"တစ်ကယ်လား"
"တစ်ကယ်..…စားချင်တာ စား… သရေစာတွေလည်း မှာလိုက်ကြ..."
"ဒါဆို ဒါအရင်စားရအောင်"
မေက တစ်ဖက်ကို လက်ညှိုးထိုးပြလိုက်သောအခါ၊ ဆာစီးနီယာ လည်း လှမ်းကြည့်လိုက်သည်။
'အဲ့ဒါ...'
ရင်းနှီးနေသော အစားအစာကိုကြည့်ရင်း သူမ မျက်လုံးပြူးသွားသည်။
"အသီးတွေက အရမ်းလှတာပဲ"
နေရောင်ထဲတွင် တောက်ပြောင်နေသော အသီးအနှံများကို ကြည့်ရင်း၊ ဗားန် က ပြောလိုက်သည်။
သကြားရည်စိမ် သစ်သီး…
စပါးရိတ်သိမ်းပွဲတော်မှာ ဘန် ဝယ်ကျွေးတုန်းက သူမ စားခဲ့သည့် အစားအစာပင်။ထိုစဥ်က အဲသည်ရွာမှာသာ ရောင်းကြသည်ဟု ပြောကြသော်လည်း စီးပွားရေးလုပ်ရန် မြို့တော်ကို ရောက်လာကြပုံရသည်။ ဆာစီးနီယာ သည် သူနှင့် စပါးရိတ်သိမ်းပွဲကို ကျင်းပသည့်နေ့အား သတိရသွားရသည်။
"မင်းကြိုက်မယ် ထင်တယ်"
သူမ ပုံစံက စားချင်နေပုံပေါက်နေ၍ ဘန် သည် သူမအတွက် သကြားရည်စိမ် သစ်သီးများ အမြန်ဝယ်ပေးခဲ့သည်။ထို့နောက် သူမလည်း မြိန်ရေရှက်ရေစားခဲ့လေသည်။
"မင်းမျက်နှာမှာ ပေနေတယ်"
ဘန်က သူမ နှုတ်ခမ်းကို ညင်သာစွာ ပွတ်သုတ်ပေးလိုက်သည်။ ဆာစီးနီယာ သည် ထိုအချိန်က ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများကို မှတ်မိနေတော့သည်။ တစ်ယောက်လက်ကို တစ်ယောက် ကိုင်ထားရင်း သွေးခုန်နှုန်းမြန်နေသည်ကိုလည်း အမှတ်ရနေတာကြောင့် မျက်နှာကြီး နီရဲသွားသည် ။
'သိပ်မကြာသေးပေမယ့် တော်တော်ကြာနေသလို ခံစားရတယ်'
သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ပြောင်းလဲသွားတာကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအချိန်က သူမသည် သူ့အချစ်ကို ဘယ်လိုငြင်းဆိုရမည် ဆိုတာကိုပင် တွေးနေခဲ့ရသည်။ယခုတော့ စေ့စပ်ပြီး လက်ထပ်တော့မည်ဟု ကတိပြုပြီးလေပြီ။
"အစ်မ... မြန်မြန်လုပ်"
မေက သူမကို သကြားရည်စိမ် စတော်ဘယ်ရီသီးအား ကိုင်ခိုင်းထား၏။
မေ ၏ စကားကြောင့် ဆာစီးနီယာ သည် လက်တွေ့ဘဝကို ပြန်ရောက်လာပြီး နူးညံ့သောအပြုံး တစ်ပွင့်ခိုတွဲလာရသည်။ယခုအခေါက်တော့ ဘန်ကို သူမ လက်ဆောင်ပေးသင့်သည်ဟု ထင်မိသည်။
* * *
ရီနာသည် သူမတို့သုံးယောက်နှင့်ခွဲကာ လှည့်ပတ်ကြည့်နေရင်း နောက်ဖေးလမ်းကြားထဲကို ဝင်သွားသည်။ ထို့နောက် နောက်ဖေးလမ်းကြားထဲမှ အမှောင်ရိပ်တွင် အနက်ရောင် ၀တ်စုံ ၀တ်ထားသည့် လူတစ်ယောက် ထွက်လာသည်။
"ကဲ…ကျွန်မတို့ အစီအစဉ်ကို အကောင်အထည်ဖော်လို့ရပြီ"
ရီနာ သည် အနက်ရောင် ၀တ်စုံဝတ်ထားသော လူကြီးကို တိုးတိုးလေး ပြောလိုက်သည်။
"ရထားလုံးကို ဘယ်နားမှာရပ်လိုက်တာလဲ"
“ရထားလုံးက ဖာဘီယမ်းလမ်းအဝင်ပေါက်မှာရှိတယ်.... ရထားလုံးမောင်းသမား က ခဏနေ သွားတော့မယ်ဆိုတော့ ကျွန်မတို့ အခု သွားမှရမယ်”
ရီနာ ၏စကားကြောင့် လူကြီးလည်း အမြန်ထွက်သွားတော့သည်။ ထိုလူကြီး ထွက်သွားသောအခါ ရီနာသည် ဘေးဘီကို လှည့်ပတ်ကြည့်ကာ လမ်းကြားထဲမှ ထွက်လာခဲ့သည်။
“ဒီစားသောက်ဆိုင်က အခုတစ်လော လူကြိုက်များတယ်လို့ အစေခံတွေဆီက ကြားတယ်..."
ဆာစီးနီယာ သည် မေ စကားအဆုံး၌ စားသောက်ဆိုင်တစ်ဝိုက်ကို ကြည့်လိုက်သည်။ တော်ဝင်နန်းတော်၏ ဧည့်ခန်းမငယ်ကို ဆိုင်ထဲ ရွှေ့ထားသလို ဇိမ်ခံအငွေ့အသက်များ ဖြန့်ကျက်ထားသည့် စားသောက်ဆိုင်သည် စားသုံးသူများဖြင့် ပြည့်နေကြသည်။ မျက်နှာကျက်တွင်လည်း မီးပန်းငယ်များကို ချိတ်ဆွဲထားသည်။ပန်းကန်ခွက် ယောက်အစုံနှင့် စားပွဲပေါ်ရှိ ဆီမီးခွက် တို့သည်လည်း အရည်အသွေးကောင်းလှသည်။
"ပထမနေရာကို ကြိုတင်မှာထားဖို့ကလေ အရမ်းခက်တာ... ဒါပေမယ့် မီးဖိုချောင်မှာ အလုပ်လုပ်တဲ့ ဘီလီ ရဲ့ အစ်ကိုကြီးက ဒီမှာ ကြိုမှာပေးထားလို့ ရတာလေ"
အံ့သြစရာမရှိပေ။ စားသောက်ဆိုင်အပြင်ဘက်တွင် တန်းစီနေသည့် လူတော်တော်များသော်လည်း သူမတို့မှာ တန်းစီစရာမလိုဘဲ စားပွဲဆီကို တန်းတန်းမတ်မတ် လျှောက်သွားနိုင်ခဲ့သည်။
"မေ့ကို ကျေးဇူးတင်တယ်..."
မေ သည် မြို့စားမင်း ၏ ချီးကျူးစကားကို တောက်ပစွာ ပြန်ပြုံးလိုက်သည်။ဖော်ရွေသည့် အကျင့်စရိုက်ရှိသည့် မေ သည် အစေခံတွေနှင့် ပေါင်းသင်းဆက်ဆံတတ်သူပင်။
ထို့ကြောင့် ဆာစီးနီယာမှာလည်း မေ့ကြောင့် အိမ်ကြီးအတွင်း ပျံ့နှံ့နေသည့် ကောလဟာလအားလုံးကို ကြားနေရသည်။
“အံ့သြစရာကြီးနော်"
ဗားန် လည်း အံ့သြနေပုံရသည်။
"အဝတ်အစားလဲလိုက်တာ ပိုကောင်းသွားတယ်"
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အားလုံးက ဝတ်ကောင်းစားလှနှင့်ပင်။
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင့်"
ရီနာ သည် သူမ အလုပ်ပြီးဆုံးပြီးနောက်တွင် ရောက်လာခဲ့သည်။
ခဏကြာသော် သွားရေစာများ စားပွဲပေါ်ရောက်လာသည်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော စွပ်ပြုတ်ပေါ်တွင် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသည့် ဂျုံမုန့်လုံးနှင့် အသားပေါင်မုန့်တို့ဖြင့် တန်ဆာဆင်ထား၏။ အရသာရှိသောဟင်းနံ့ကြောင့် သူမတို့ အကြိုက်တွေ့သွားရသည်ကတော့ အမှန်ပင်။
"အများကြီးစား.... ဒီနေ့ ညီမတို့ကို ဒကာခံမယ်"
“ဟုတ်ကဲ့ပါ”
ဆာစီးနီယာ စကားဆုံးသည်နှင့် သုံးယောက်သား ဇွန်းကို ကောက်ကိုင်ရင် ပြိုင်တူဖြေလိုက်ကြသည်။ သူတို့လေးယောက်မှာ စကားစမြည်ပြောရင်း အစားအသောက်တို့ကိုလည်း စားနေကြသည်။
"အဟင်း...ဗိုက်အရမ်းပြည့်နေပြီ...ပေါက်ထွက်တော့မယ်"
မေ သည် ကိုယ်ကို ကုလားထိုင်နောက်ဘက်အား မှီထားကာ ဖောင်းနေသော သူမ ဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"တစ်ကယ်လား... ဒါဆို အချိုပွဲ မစားဘူးလား"
ဆာစီးနီယာ က မေ ကိုကြည့်ရင်း နောက်ပြောင်သလို ပြောလိုက်သည်။
“မဟုတ်ဘူး...စားမှာ”
မေ လန့်သွားပြီး ကျောကို ပြန်မတ်လိုက်သည်။ဘေးမှာရှိနေသည့် Verne က သူမတို့ကိုကြည့်ရင်း ပြုံးနေလိုက်သည်။
“ဒီမှာဆို အချိုပွဲတွေက အရမ်း နာမည်ကြီးတာ...စားကို စားရမှဖြစ်မယ်… အချိုပွဲအတွက်တော့ ဗိုက်အပိုပါပြီးသား"
အချိုပွဲစားဖို့ စိတ်ပိုင်းဖြတ်ထားသလိုပင် မေ ၏မျက်လုံးတွေက တောက်ပနေသည်။
"ဟုတ်ပါပြီ... အများကြီးစား"
ဆာစီးနီယာ က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သိပ်မကြာခင်မှာပင် ဝန်ထမ်းတစ်ယောက်က သုံးလွှာပါသော ဗန်းတစ်ခုကို တွန်းလှည်းပေါ်တင်ကာ လျှောက်လာနေသည်။
"ဟင်"
မေ သည် မမျှော်လင့်ထားသော အချိုပွဲ၏ အရွယ်အစားကြောင့် အံ့ဩသွားပုံရသည်။
သူမပုံစံကို သဘောပေါက်လိုက်သည့် Cersinia က ပြောလိုက်သည်။
“အချိုပွဲက စားလောက်မယ် မထင်ဘူး...ဒါနဲ့ လက်ဖက်ရည် အစုံတစ်ပွဲ မှာလိုက်တယ်.…"
မူလက လူတစ်ယောက်လျှင် အချိုပွဲအဖြစ် ကိတ်မုန့်တစ်လုံးသာ ကျွေးသည်။ သို့သော် လက်ဖက်ရည်ပွဲ တစ်စုံတွင် ကိတ်မုန့်တစ်မျိုးစီ၊ မက်ကာရွန်များနှင့် ကွတ်ကီးမျိုးစုံတို့ကို သုံးလွှာဗန်းပေါ်တွင် တစ်ခါတည်း တွဲပေးထားသည်။
"အချိုပွဲအတွက် ဗိုက်အပိုပါတယ်ဆို...ဒါတွေအကုန်စားမယ်မလား"
"ဒါပေါ့…ကျေးဇူးတင်ပါတယ် ဟီးဟီး"
မေက ပြုံးပြီး မက်ကာရွန် တစ်ခုယူလိုက်သည်။ ဆာစီးနီယာ ကမူ ကိတ်မုန့်တစ်ဖဲ့ ယူပြီး ဗားန် နှင့် ရီနာ ၏ ပန်းကန်ထဲကို ထည့်ပေးလိုက်သည်။
သို့ဖြင့် သူတို့လေးယောက်မှာ လက်ဖက်ရည်သောက်ရင်း အချိန်ကုန်သွားရ၏။ နောက်ထပ်နာရီအနည်းငယ်အကြာတွင် ဖြစ်ပျက်မည့်အရာများနှင့် နှိုင်းယှဉ်ပါက ယခုအချိန်ကလေးသည် သာယာအေးချမ်းသော အချိန်ကာလ ဖြစ်တော့သည်။