Chapter 107
စားသောက်ပြီးနောက် လေးယောက်သား အိမ်ပြန်ရန် ရထားလုံးဆီ သွားကြသည်။
“မမလေး ဆာစီးနီယာ…”
ရထားလုံးဘေးတွင် ရပ်နေသော ရထားလုံး မောင်းသမားသည် ဆာစီးနီယာ ဆီ ပြေးလာသည်။
"ဘာတွေဖြစ်နေတာလဲ"
“ရထားဘီးတွေ တစ်ခုခုဖြစ်သွားတာ…”
သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ အလုပ်ပြုတ်သွားသူ တစ်ယောက်လိုမျိုး မျက်နှာငယ်ကလေးဖြင့် ဝန်ခံလိုက်သည်။ ဆာစီးနီယာ သည် သူ့ဘေးမှ ဖြတ်သွားကာ ဘီးများကို ကြည့်လိုက်သည်။ မြင်းစီးသူ ပြောသည့်အတိုင်း ရထားလုံး၏ နောက်ဘီးနှစ်ဘီးစလုံး လုံးဝ ကွဲသွားသည်။ အကွဲအပြဲဖြစ်နေသော ဘီးများကြောင့် ရထားလုံး၏ ကိုယ်ထည်သည် အနောက်ဘက်ကို အတိုင်းအဆမရှိ တိမ်းစောင်းသွားသည်။
"ဘီးတွေလဲရမယ်လေ"
သူမက မြင်းစီးသူအား ကြည့်ကာ ပြောလိုက်သည်။
"ဘီးအပိုရှာဖို့ ကျွန်တော် လုပ်သေးပေမယ့် ဒီနေ့ ဆိုင်ပိတ်သွားပြီလို့ ပြောပါတယ်"
ရထားလုံးမောင်းသမားသည် ညည်းတွားသလို ပြန်ပြောပြီး လက်ကို ခါပြသည်။ မည်သို့ပင်ဆိုစေကာမူ၊သူသည် ရထားလုံးကို ကောင်းစွာ မထိန်းသိမ်းနိုင်သောကြောင့် သူ့တာဝန်သာ ဖြစ်သည်။
"တောင်းပန်ပါတယ်...ကျွန်တော် အပြစ်လုပ်မိပါတယ်"
ရထားလုံးမောင်းသမား သည် ဆာစီးနီယာ ကို တောင်းပန်ရင်း လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"ဘယ်လိုလုပ်ကြမလဲ...ပျက်နေပြီတဲ့"
"ရထားလုံးငှားတဲ့နေရာကို သွားကြည့်လိုက်ပါလား"
ရီနာက အမြန်ပြန်ပြောလိုက်သည်။
ရထားလုံးဖြင့် သွားလာတာကပင် တစ်နာရီကျော်ကြာသောကြောင့် ဖာဘီယမ်း လမ်းမှ စံအိမ်သို့ လမ်းလျှောက်ပြန်ရန် မဖြစ်နိုင်ပေ။ ရထားလုံးကို ချက်ချင်းမပြုပြင်နိုင်သောကြောင့် ရီနာ ပြောသည့်အတိုင်း ငှားစီးရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
"နောက်ထပ်ရထားလုံး တစ်စီး ရှာလိုက်ပါ့မယ်"
ရထားလုံး မောင်းသမားသည် သူ့အပြစ်ကို ဖြေဖျောက်ရန် ထွက်သွားတော့သည်။ ရထားလုံး မောင်းသမား ထွက်သွားသည်ကို ကြည့်လိုက်ရင်း လေးယောက်သား ရထားလုံးရှေ့မှာ စောင့်နေကြသည်။
အချိန်ဘယ်လောက်ကုန်သွားပြီလဲ....
တော်တော်ကြာမှ ရထားလုံး သွားငှားမည်ဟု ပြောခဲ့သည့် ရထားလုံးမောင်းသမား က စိတ်ပျက်လက်ပျက် မျက်နှာနှင့် ပြန်လာခဲ့လေ၏။
“မမလေး…”
"မရခဲ့ဘူးလား"
"ထူးဆန်းတာက ဆိုင်တိုင်းလိုလို ဒီနေ့ပိတ်ထားတယ်..."
"တစ်ကယ်လား"
'နေရာတိုင်း ဘယ်လိုလုပ် ပိတ်ရတာလဲ'
ရထားလုံး မောင်းသမားသည် ဆာစီးနီယာ ၏ မယုံသင်္ကာအကြည့်ကြောင့် စိတ်မကောင်းဖြစ်သွားသည်။
"အဲ့ဒါအမှန်ပါဗျ...ကျွန်တော် ဘယ်လိုလုပ် လိမ်ညာပြောရဲမှာလဲ"
"ကျွန်မကိုလမ်းပြပါ...ညီမတို့ ဒီမှာ ခဏစောင့်"
ဆာစီးနီယာ သည် ရယ်စရာကောင်းသည့် အခြေအနေကို သူမ မျက်လုံးနှင့် မမြင်ရသဖြင့် မယုံနိုင်သေးပေ။ ရထားလုံး မောင်းသမားသည် ဆာစီးနီယာ ကို ခေါ်ဆောင်သွားလေသည်။
ဆာစီးနီယာကလည်း မေ၊ ဗားန်နှင့် ရီနာတို့ကို ထားခဲ့ကာ လိုက်သွားတော့သည်။
“အရင်ဆုံး...ဒီနေရာပါ”
သူပြောခဲ့သည့်အတိုင်းပင် ဆိုင်တိုင်းလိုလို တံခါးချပ်ပေါ်တွင် ‘ပိတ်ထားသည်’ ဟူသော ဆိုင်းဘုတ်တစ်ခုသာ ချိတ်ထားသည်ကို တွေ့ရလေသည်။
"ဒီနေ့ အားလုံးပိတ်ကြပါတယ်"
"ဟင်…ဘာဖြစ်နေတာလဲ"
သူမသည် ရယ်စရာကောင်းပြီး အဓိပ္ပါယ်မဲ့လှသော အခြေအနေကြောင့် ဆံပင်ကို ကြမ်းတမ်းစွာ ပွတ်သပ်လိုက်သည်။
'အားလုံး ဒီပုံစံကြီး ဘယ်လိုဖြစ်တာလဲ'
'တစ်ယောက်ယောက်က ခိုင်းထားတာမဟုတ်ရင်...'
တင်းတင်းကြပ်ကြပ် ပိတ်ထားသော ရထားလုံး အငှားဆိုင်များရှေ့တွင် 'ယနေ့ပိတ်သည်' ဟူသော ဆိုင်းဘုတ်တို့သည် အလွန်သံသယ ဖြစ်စရာ ဖြစ်နေသည်။
'ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲလား'
'ဒါမှမဟုတ် တိုက်ဆိုင်တာကို ငါကပဲ သံသယဝင်နေမိတာလား'
သူမ နားမလည်နိုင်။
"အရင်ပြန်ကြရအောင်"
"တစ်ကယ်ပဲ အငှားဆိုင်တွေ ရှိမရှိ ဆိုတာ သိရအောင် ကျွန်တော်ညနည်းနည်းလောက် ထပ်ကြည့်လိုက်ပါဦးမယ်"
ထွက်သွားသော ရထားလုံးမောင်းသမားကို သူမ ငေးကြည့်နေရုံမှ လွဲ၍ မတတ်နိုင်တော့
"ဘယ်လ်ိုကြီးလဲ"
မေ က ဆာစီးနီယာ အနားကပ်ကာ ပြောလိုက်သည်။ယနေ့ သူတို့သည် အချိန်ကောင်းတို့ကို အတူတူ ကုန်ဆုံးခဲ့သော်လည်း အထင်မှတ်ထားသော အဖြစ်ကြောင့် သူမတို့အားလုံး မှုန်ကုပ်ကုပ် ဖြစ်နေရသည်။
"အားလုံးပိတ်သွားပြီ"
"တစ်ကယ်လား... အားလုံး.…"
"အခု ကျွန်မတို့ ဘာလုပ်သင့်လဲ"
ဗားန် သည် ဘယ်သူမှ မခိုင်းဘဲ ကိုယ့်သဘောနှင့်ကိုယ် ထွက်လာပြီးမှ ဒုက္ခရောက်နေသည့်အတွက် စိတ်ပူမိသည်။
“ရထားလုံး မောင်းသမားက နောက်တစ်ခေါက် သွားကြည့်တယ်... သူ့ကို ခဏလောက်စောင့်ရအောင်”
လေးယောက်သား ရထားရှေ့တွင် သောင်တင်နေကြလျက် မြင်းစီးသူအား စောင့်မျှော်နေကြသည်။ ပြန်သွားဖို့အတွက် အနည်းဆုံး ရထားအဟောင်းတစ်စင်းကို ရလျှင်တောင် ဖြစ်နိုင်သည်။
ဆာစီးနီယာ သည် ပျက်နေသော ရထားလုံးကို မှီ၍ လိမ္မော်ရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။စောစောပြန်လာမည်ဟု ဘန် ကို ကတိပေးခဲ့သော်လည်း ယခုဆို နေဝင်နေပြီဖြစ်သည်။ သူမ လက်ထဲတွင် စောစောင ဝယ်လာသော သကြားရည်စိမ် သစ်သီးလုံးထုပ်တစ်ထုပ်ရှိသည်။ သူမသည် သကြားလုံး ပေးပြီး သူနှင့် အချိန်ကုန်ဆုံးရန် မစောင့်နိုင်တော့ပေ။ သို့သော် ယနေ့တော့ ဖြစ်နိုင်တော့ဟန်မတူချေ။
“မြင်းတွေ ငှားလို့ရမလား မသိဘူး"
မေ စကားသည် ယုတ္တိရှိသော်လည်း မြင်းငှားသည့်ဆိုင် အများစုသည် ရထားလုံးငှားသည့်နေရာနှင့် အတူတူပင်ဖြစ်သောကြောင့် ငှားလို့ ရမည်မထင်ပေ။ မြင်းငှားရလျှင်တောင် လေးယောက်လုံး မြင်းမစီးတတ်သဖြင့် ဒုက္ခရောက်နိုင်၏။
"မရလောက်ဘူးထင်တယ်"
"ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ... လမ်းလျှောက်ပြန်ရမှာလား"
"အဝေးကြီးမို့ အခုလမ်းလျှောက်ပြန်ရင် မနက်ဖြန်မှ ရောက်မှာ"
မေ သည် ဆာစီးနီယာ စကားကြောင့် သက်ပြင်းချလိုက်မိသည်။ ဗားန် ကမူ အပြစ်သားတစ်ယောက်လို ဆာစီးနီယာ ကိုကြည့်ရင်း လက်သည်းကိုသာ ကိုက်နေတော့သည်။
" ဗားန် ...ညီမကြောင့် မဟုတ်ဘူး…ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့"
ဗားန် ပုံစံကိုကြည့်ရင်း ဆာစီးနီယာ က အရင်ပြောလိုက်သည်။
“မဟုတ်ဘူးလေ…”
“ရထားလုံးကို ဖျက်တာ ညီမမှ မဟုတ်တာ”
ဗားန် သည် ဆာစီးနီယာ၏ စကား မှန်သောကြောင့် ပါးစပ်ကိုပိတ်ထားလိုက်သည်။
ဆာစီးနီယာသည် ဗားန်၏ အမှားမဟုတ်ကြောင်းပြောပြီး ကျိုးပဲ့နေသော ဘီးများကို ကြည့်လိုက်သည်။ ကျိုးပဲ့နေသော ဘီးအပိုင်းအစများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အားဖြင့် ဖျက်ပစ်ထားသလိုဖြစ်နေသည်။ သူ့အလိုလို ကျိုးပျက်သွားတာ ဟုတ်ပုံမရ။တစ်ယောက်ယောက်က ပစ္စည်း အလေး တစ်ခုခုဖြင့် တမင်တကာ ထုရိုက်ထားသလိုပင်။ သို့သော် အရာအားလုံးသည် သူမ၏ ယူဆချက်မျှသာဖြစ်ပြီး အထောက်အထားမရှိပေ။
" ဖြစ်နိုင်တယ်"
ဆာစီးနီယာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ဘာဖြစ်လို့လဲဟင်"
နားပါးသော မေက အံ့သြစွာ မေးလိုက်သည်။
"ဘီးတွေကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်လိုက်တာလို့ ထင်တယ်"
ကြောက်စရာကောင်းသော စကားများကြောင့် တိတ်ဆိတ်မှုက ဖြစ်ပေါ်လာသည်။
“ဟင့်အင်း…မဟုတ်ဘူး…”
ထိုစဉ် ထွက်လာသော စကားသံကြောင့်အံ့အားသင့်ဖွယ် မျက်လုံးနှစ်စုံ ဆာစီးနီယာ ကိုတစ်လှည့် ပြောသူကိုတစ်လှည့် ကြည့်လိုက်ကြသည်။ ထိုမျက်လုံးပိုင်ရှင်များမှာ မေ နှင့် ဗားန် တို့ဖြစ်သည်။
စကားဝိုင်းသည် မထင်မှတ်ထားသော အကြောင်းအရာ တစ်ခုဆီကို ရောက် သွားသည်နှင့်အမျှ ရီနာ သည် ကြောက်စိတ်ဖျောက်ပြီး စကားစ,တော့သည်။ စကားဝိုင်းသည် တခြားကိစ္စသို့ မရောက်မီ သူမ ဦးဆောင်ရမည်ဖြစ်သည်။
"ဒီမှာ ရပ်နေမယ့်အစား ကျွန်မတို့ ဒီမှာပဲ တည်းလိုက်ရအောင်လေ… မနက်ဖြန် ဆို အငှားဆိုင်တွေ ဖွင့်တော့မယ် ထင်တယ်”
အားလုံးသည် ရီနာ ကို စိုက်ကြည့်နေကြသည်။ သူမ စကားသည် မှန်သော်လည်း ဆာစီးနီယာ မှာ လူတစ်ယောက်က သူမကို စောင့်နေတာကြောင့် ပြန်ချင်ပြီ ဖြစ်သည်။
“ပြန်ကြရအောင်”
"ဒါပေမယ့် မြင်းလည်းမရှိ၊ ရထားလည်း မရှိဘူး"
ရီနာက ပခုံးတွန့်ကာ ပြောလိုက်သည်။
"ကျွန်မတို့ လမ်းလျှောက်ပြန်လို့ရတယ်"
"ဘယ်လို"
ဗားန် ၏ စကားကြောင့် ရီနာ သူမကို လှည့်ကြည့်လိုက်သည်။
"လမ်းလျှောက်ပြန်ကြမယ်လေ"
ဗားန် နှင့် မေ တို့သည် ပြန်ချင်နေသော ဆာစီးနီယာကြောင့် ယခုလိုပြောခဲ့တာဖြစ်၏။ စီးစရာ ဘာမှ မရှိလျှင်လည်း ခြေထောက်နှင့် လမ်းလျှောက်ပြန်လို့ရသည်။ အချိန်တော်တော်ကြာနိုင်သော်လည်း အဆင်ပြေ၏။
"ဘယ်လိုလုပ် လမ်းလျှောက်ပြန်လို့ရမှာလဲ"
သူတို့စကားမှာ မဖြစ်နိုင်။အဘယ်ကြောင့်ဆိုသော် ၀တ်စုံနှင့်လိုက်ဖက်အောင် ဒေါက်မြင့်ဖိနပ်တွေ စီးထားတာကြောင့်ပင်။ ရိုးရိုးဖိနပ်စီးထားရင်တောင် လျှောက်နိုင်မှာ မဟုတ်ပေ။ လမ်းလျှောက်နေရင်း ခြေချင်းဝတ် ကျွတ်မထွက်လျှင် ကံကောင်းပေမည်။
"ညီမတို့ လမ်းလျှောက်ပြန်လို့ရပါတယ်...အစ်မရဲ့"
“မဟုတ်ဘူး…မပြန်နဲ့…မထူးတော့ဘူး”
ဗားန် နှင့် မေ တို့သည် ခိုင်မာပြတ်သားသော ဆာစီးနီယာ၏ အဖြေကြောင့် အံ့ဩသွားကြသည်။
"ဒါဆို ကျွန်မတို့က နေစရာ၊တည်းစရာ တစ်ခုခုရှာရအောင်လား"
ရီနာ က အခွင့်အရေးရပြီး ဝင်ပြောလိုက်သည်။
“…”
ဆာစီးနီယာ သည် စိတ်ထဲက မနှစ်မြို့သော်လည်း တခြားနည်းလမ်းလည်း စဉ်းစားမရတော့ချေ။ ဗားန် နှင့် မေ ပြောသည့်အတိုင်း လမ်းလျှောက်ဖို့ဆိုတာကလည်း မဖြစ်နိုင်။တစ်ကိုယ် ကောင်းဆန်သော သူမကြောင့် တခြားလူတွေကို မထိခိုက်စေချင်ပေ။
“ကဲ...ဒီနေ့တော့ ဒီမှာပဲ တည်းလိုက်ကြစို့..."
"အစ်မ အဆင်ပြေရဲ့လား …မြို့စားမင်း က အရမ်းစိုးရိမ်ပြီး အစ်မကို စောင့်နေမယ်ထင်တယ်"
ဘန် ၏ ပင်ကိုယ်စရိုက်ကို ကောင်းကောင်းသိသော မေ သည် စိုးရိမ်နေမိသည်။သူမ မျက်စိနှင့် မမြင်ရသော်လည်း၊ ယခုအချိန်ဆို မြို့စားမင်းတစ်ယောက် ဆာစီးနီယာ ပြန်အလာကို မျှော်နေရှာရော့မည်။
"အင်း…အဆင်ပြေသွားမှာပါ…တစ်ရက်ပဲဟာ"
ဆာစီးနီယာသည် စိတ်ပူနေမိသော်လည်း မတတ်နိုင်တော့။
"ရီနာ ပြောသလိုပဲ… ဒီမှာ ရပ်မနေကြနဲ့… တည်းရအောင် ဟိုတယ်ဖြစ်ဖြစ်၊ တည်းခိုခန်းဖြစ်ဖြစ် သွားရှာရအောင်"
ဆာစီးနီယာ သည် တမင်တကာ အသံကျယ်ကျယ် ပြောလိုက်သည်။ သူရဲကောင်းသည် သူမကို တစ်နေရာရာမှာ ချောင်း၍ နားထောင်နေပေမည်။ထို့ကြောင့် သူမတို့ အခြေအနေကို ဘန် အားပြောပြမည်ဆိုတာ သေချာ၏။ထို့ကြောက့် သူမကလည်း ဘန် စိတ်ပူနေမှာစိုး၍ စိတ်ချစေဖို့ တည်းခိုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ဒီနားလေးမှာ တည်းခိုခန်းကောင်းကောင်းတစ်ခုရှိတယ်…ကျွန်မ တို့ အဲ့ဒီကို သွားကြမလား"
ရီနာ သည် ဆာစီးနီယာ ကို စိတ်မသက်မသာဖြစ်အောင် တမင်လုပ်နေသည့်အလား၊စိတ်မပါသူကို အတင်းအားတက်သရော ပြောဆိုနေတော့သည်။ သို့သော်လည်း ဆာစီးနီယာ သည် တစ်နေ့လုံး ပင်ပန်းနေပြီ ဖြစ်သောကြောင့် ဘာမှမပြောဘဲ သူမနောက်ကိုသာ လိုက်သွားခဲ့သည်။
"ကောင်းပြီ...လိုက်ပို့လေ"
ထို့နောက် သူတို့အားလုံး ရီနာ နောက်ကို လိုက်သွားကြသည်။ ဆာစီးနီယာ သည် မြို့တော်ကို ရောက်လာကတည်းက ပထမဆုံးအကြိမ် မြို့စားမင်းပိုင်နက်မှ လွဲ၍ တခြားနေရာကို သွားတည်းဖူးခြင်း ဖြစ်တော့သည်။