အပိုင်း ၁၀၈
Viewers 12k

Chapter 108

ရုံးမှာ အလုပ်ပြီးသည်နှင့် ဘန် သည် ပြတင်းပေါက်ရှေ့မှာ ရပ်လိုက်သည်။ အလုပ်များ မပြီးသေးသော်လည်း အမှောင်ထုက ၀င်လာခဲ့ပြီဖြစ်သည်။ သူ ယနေ့တစ်နေ့လုံး အာရုံမစိုက်နိုင်ချေ။ အပြင်မထွက်ခင် ဆာစီးနီယာ ပြောခဲ့သည့် နောက်ဆုံးစကားက သူ့နားထဲမှာပဲ့တင်ထပ်နေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ 

ဆာစီးနီယာ သူ့အနားတွင် မရှိသောကြောင့် အချိန်ကုန်တာ နှေးကွေးသွားသလိုပင်။ သူမကို တွေ့ချင်စိတ်အား ဖုံးဖိမရတော့ဘဲ ပြတင်းပေါက်မှနေ၍ ကျယ်ပြောလှသော ဥယျာဉ်ကြီးထဲကို စိုက်ကြည့်နေမိသည်။ သူ့ရင်ထဲမှာ စောင့်မျှော်နေသည့် အရာတစ်ခုသာ ရှိသည်။ဆာစီးနီယာ စီးလာသည့် ရထားလုံးပင် ဖြစ်၏။

သူမ,စီးလာသော ရထားလုံးသည် အချိန်မရွေး ပေါ်လာမည်ဟု တွေးကာ တံခါးကို တစ်ချက်မှ အလွတ်မခံဘဲ စောင့်ကြည့်နေတော့သည်။ ဝေးလွန်းသော တံခါးမကြီးသည် သူ့မျက်စိထဲတွင် အနက်ရောင်အစက် တစ်စက်လိုသာ ထင်ရသော်လည်း ရထားလုံးကိုတော့ ကောင်းကောင်းမြင်ရသည်။သို့သော်လည်း ယခုထိ တံခါး ဖွင့်မလာသေးပေ။

 သူမ မကြာခင် ပြန်လာမယ်ဟု သူထင်ထားသော်လည်း ဆာစီးနီယာသည် ပျော်ပျော်ပါးပါး လျှောက်လည်နေကြပုံရသည်။ထိုအတွက်လည်း အဆင်ပြေပါသည်။အဘယ်ကြောင့်ဆိုသော်၊ သူမကို သာမန်လူတစ်ယောက်လို နေထိုင်စေချင်သည်။

 "ငါ့ရဲ့ စွမ်းအားကြောင့် နင် တစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာ နင် သိပြီးသားပဲ" 

သင်္ဘောဆိပ်မှာတုန်းက သူမပြောခဲ့သည့် စကားဖြစ်သည်။ 

ဘန် သည် ဆာစီးနီယာ အား ဘယ်လို ဖိအားမျိုးမှ မရစေချင်ဘဲ၊ အပြည့်အဝ ပျော်ရွှင်စေချင်သည်။ သူ့ဘေးနားမှာထားပြီး သူမကို အေးချမ်းစေချင်၏။ ဘယ်သူကမှ မတားဆီးနိုင်ဘဲ အပြစ်ကင်းစင်ပြီး ပျော်ရွှင်စရာကောင်းသည့် နေ့တွေ ပိုင်ဆိုင်စေချင်သည်။ထိုအတွက် သူ ဘာမဆိုလုပ်ဖို့ စိတ်ပိုင်းဖြတ်ထား၏။

"သူမ နောက်ကျနေပြီ" 

ထို့နောက် ဘန် သည် ရုံးခန်းမှထွက်ကာ လှေကားထစ်မှဆင်းကာ မြင့်တက်လာနေသော လမင်းကြီးကို ကြည့်နေလေသည်။ သူမကို မြန်မြန်တွေ့နိုင်ရန် ဥယျာဉ်ထဲတွင်သာ စောင့်နေတော့မည်ဟု တွေးနေမိသည်။ ရထားပေါ်မှဆင်းလာမည့် ဆာစီးနီယာ အအေးမမိစေရန် စောင်အထူကြီးတစ်ထည်လည်း ယူလာရပေမည်။

“ဆရာ"

 " အားချန် " 

"ဆရာ လမ်းလျှောက်နေတာလား"

အားချန် က ကုတ်အင်္ကျီဝတ်ထားသည့် ဘန် ကိုတွေ့တော့ မေးလိုက်သည်။

 "ဆာစီးနီယာ မကြာခင် ရောက်လာမယ်ထင်တယ်"

 "ဟုတ်ကဲ့"

ဘန် ၏စကားသည် အပြင်တွင် ဆာစီးနီယာ ကိုစောင့်နေမည်ဟု ဆိုလိုမှန်း အားချန် သိနေ၏။

“လေကောင်းလေသန့် ကျွန်တော်လည်း ရှူချင်ပါတယ်…ဆရာနဲ့ ခဏလောက်နေလို့ရမလား" 

အားချန် သည် ရထားရောက်ချိန်အထိ တစ်ယောက်တည်း စောင့်နေမည့် ဆရာဖြစ်သူ အထီးကျန်နေမည်ကို စိုးရိမ်သောကြောင့် ပြောလိုက်သည်။

" ကြိုက်သလိုလုပ်" 

ထို့နောက် ဘန် သည် အားချန် နှင့်အတူ တံခါးမှထွက်သွားကာ ရထားဖြတ်သွားမည့် ဥယျာဉ်လမ်းကြောင်းဆီကို သွား‌နေသည်။ နှစ်ယောက်သား စကား မပြောကြသော်လည်း နေလို့ထိုင်လို့ ကောင်းနေသည်။အကြောင်းမှာ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှု အခိုင်အမာ တည်ဆောက်ခဲ့တာကြောင့်ပင်။

ဘန် သည် အားချန် နှင့်အတူ လမ်းလျှောက်ရင်း အတိတ်ကို ပြန်သတိရမိသည်။ သူသည် သုံးနှစ်နီးပါး အကျဉ်းချခံခဲ့ရပြီး ယခင် မြို့စားမင်း ကို ပုန်ကန်သောအခါ၌လည်း သူ့ဘေးနား ရှိနေပေးသူမှာ အားချန်သာ ဖြစ်သည်။

" အားချန် " 

“ဟုတ်ကဲ့…ဆရာ”

 "ကျေးဇူးတင်ပါတယ်"

 “…” 

အားချန် ဘာစကားမှ ပြန်မပြောနိုင်။ ဆရာဖြစ်သူ၏ စကားကို ပြန်မဖြေခြင်းသည် ရိုင်းစိုင်းရာ ကျသော်လည်း ပြန်မဖြေနိုင်ပေ။ တစ်ကယ်တမ်းတွင် စကားလုံးများဖြင့် မဖော်ပြနိုင်သော ခံစားချက်ကြောင့် ရင်ကျပ်နေရခြင်း ဖြစ်၏။ 

"မင်း ကိုယ့်ကိုကိုယ် အပြစ်တင်နေသေးလား ငါမသိပေမယ့် ဆာစီးနီယာနဲ့ ပြန်တွေ့ခွင့်ရတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်" 

“ဆရာ…ကျွန်တော်…” 

ဘန် နှင့် ဆာစီးနီယာ ကို ခွဲထားခဲ့သူမှာ အားချန်သည် သူကိုယ်တိုင် ဖြစ်နေ၍ အားတုံ့အားနာ ဖြစ်ခဲ့ရသည်။သူသည် ပြန်ပေးဆွဲခံရသလို ဖမ်းခံခဲ့ရသည့် ဘန် ကို အကျဉ်းချဖို့ ကူညီခဲ့ပြီး ဘန် ၏ ကျောမှာလည်း အမာရွတ်ကျန်စေခဲ့သလို၊ ဆာစီးနီယာ နှင့်လည်း နှစ်ပေါင်းများစွာ ခွဲထားခဲ့သူဖြစ်သည်။

အားချန် ခေါင်းညိတ်လိုက်သည်။ ကျေးဇူးကြွေးမြီနှင့် အပြစ်ကို သူ့ပခုံးပေါ် အမြဲထမ်းထားရင်း သူ့နှလုံးသားကို ချိန်ဆနေမိသည်။

 "ဘာပဲဖြစ်ဖြစ်…ကျွန်တော်တို့က မြို့စားမင်း ရဲ့ သားကောင်တွေ မဟုတ်လား"

ဘန် က ဘာမှ ပြန်မပြောချေ။ နောက်ဆုံးတွင်၊ အားချန် သည် သခင်ဖြစ်သူ မြို့စားမင်း ထံမှ အမိန့်များကို လိုက်နာခဲ့သော်လည်း အတိအကျတာဝန်မထမ်းဆောင်ခဲ့ပေ။ သို့သော်လည်း သူနှင့် အားချန် တို့သည် ယခင် မြို့စားမင်း ၏ ရည်မှန်းချက်များအတွက် သားကောင်များ ဖြစ်ခဲ့ရသည်။ ထိုအချိန်က၊ သူတို့တွင် အာဏာပါဝါမရှိ၍ အားချန် သည် အရင် မြို့စားမင်း၏ အမိန့်ကို နာခံခဲ့သော်လည်း သူ့ကိုကာကွယ်ပေးခဲ့သည်။ 

"ဒါကြောင့် မင်းဘဝမှာ လုပ်ချင်တာတစ်ခုခုရှိရင် လုပ်ပစ်လိုက်ပါ…မင်း ငါ့ကို ငဲ့ကွက်နေစရာ မလိုဘူး"

အားချန် သည် သူ့ကိုယ်သူ အမြဲတမ်း အပြစ်ရှိဟည်ဟု ခံစားနေရကြောင်း ဘန် လည်း သိသည်။ ထို့ကြောင့် အားချန်သည် ဘန် အနားတွင် အရိပ်ပမာ ကပ်နေခဲ့၏။ဘန် အနားတွင် အရိပ်တစ်ခုလိုနေကာ ဘန်ကို သေသည်အထိ ကာကွယ်သင့်သည်ဟု သူ ထင်နေသည်။ 

“ဆရာ…”

အားချန် သည် မမျှော်လင့်ထားသော စကားကြောင့် သူ့ဆရာကို ကြည့်လိုက်သည်။ 

"အားချန်…ငါ အဲ့ဒီအတိတ်ထဲက ထွက်သွားချင်တယ် " 

ရိုးသားမှုအပြည့်ရှိသော မျက်လုံးများသည် အားချန် ကို စေ့စေ့ကြည့်နေသည်။

 “သူ့ကို အဖေလို့ မခေါ်နိုင်ပေမယ့် ငါကတော့ သူ့သွေးသားပဲလေ.… ကောင်းကင်နဲ့မြေကြီးရဲ့ ရှေ့မှာ ချိုးဖောက်ခဲ့တဲ့ သူ့အပြစ်တွေကြောင့် သူဟာ တစ်ကယ်သေသင့်တဲ့သူပါ… ဒါပေမယ့် အဲ့ဒီ ကိစ္စနဲ့ပတ်သတ်တဲ့ အတိတ်ကနေ ထွက်ပြေးချင်တယ်"

 စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေသည့် ထိုနေ့ရက်တွေကို သူ့နှလုံးသားထဲမှာ မြှုပ်ထားချင်သည်။ဆာစီးနီယာ ကို သူ့အနားမှာထားရင်း အဆုံးမဲ့ပျော်ရွှင်မှုတွေနှင့်အတူ ဝမ်းနည်းဖွယ် ထိုအတိတ်ကနေ လွတ်မြောက်ချင်မိသည်။ထို့သို့လုပ်လိုက်မှ ရှေ့ဆက်အသက်ဆက်ရှင်လို့ ရမည်ဖြစ်သည်။

 

"ဒါကြောင့် အတိတ်က ရုန်းမထွက်နိုင်တဲ့ ဘယ်သူမှ ငါ့ဘေးမှာ မရှိစေချင်ဘူး" 

အဆုံးတွင် ဘန် သည် ထိုအချိန်က အမှတ်ရစရာများတွင် ပိတ်မိနေသေးသော အားချန် ကို သူ့အနားတွင် မနေစေလိုကြောင်း ပြောလေသည်။ 

“ဆရာ ပျော်ရွှင်တာကို ကျွန်တော် လိုချင်တာပါ"

အားချန် သည် အပြစ်ရှိစိတ်ကြောင့်သာမဟုတ်ဘဲ ဘန် အတွက် ဖြည့်ဆည်းပေးချင်တာ ဖြစ်ချင်သည်။ သူသည် ဤမိသားစုတွင် လက်အောက်ငယ်သားတစ်ဦး ဖြစ်သော်လည်း ဘန်က သူ့ကို လူတစ်‌ယောက်အဖြစ် ဆက်ဆံခဲ့သော ဆရာသခင်ဖြစ်သည်။ထို့ကြောင့်လည်း ဘန့် အပါးမှာ သူ့ဘဝတစ်လျှောက်လုံး တာဝန်ထမ်းဆောင်ချင်သည်။ ဘန်၏ အနာဂတ်ကို ကာကွယ်ချင်မိသည်။ဤသည်မှာ သူ၏ တစ်ခုတည်းသော ဆန္ဒနှင့် ပျော်ရွှင်မှုပင်ဖြစ်တော့သည်။

 “ဒါဆို အဲ့ဒီအတိတ်ကို အခုပဲ မြေမြှုပ်လိုက်ပါ”

 

ခရမ်းရင့်ရောင်မျက်လုံးများသည် ညကောင်းကင်အောက်တွင် ပြတ်သား ပေါ်လွင်နေသည်။

“ဒါပေမယ့် အဲ့ဒါ…”

“ဘာအကြောင်းပြချက်မှ မလိုချင်ဘူး… အဲ့ဒီအတိတ်ကနေ မရုန်းထွက်နိုင်ရင် ထွက်သွားပါ”

သူ့သဘောထားက ကြမ်းတမ်းပြတ်သားသော်လည်း အားချန်ကို ခင်တွယ်သည်။ယုတ်ညံ့သောအတိတ်၏တရားခံဖြစ်သူ အပြစ်သားသည် သေဆုံးသွားသော်လည်း ကျန်ရစ်သူများသည် နာကျင်မှုကို ခံနိုင်ရည်ရှိကြရမည်။ 

ဘန်က ဆာစီးနီယာ နှင့် အတူရှိနေပြီဖ့စ်၍ ပျော်နေရသော်လည်း အားချန် ကမူ မတူပေ။ ဘန် သည် အားချန် ကို သူ့ကိုယ်ပိုင်ဘဝဖြင့်သာ ရှင်သန်စေချင်၏။

"တစ်ကယ်ပဲ အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး…ကျွန်တော် ကျူးလွန်ခဲ့တဲ့ အပြစ်တွေက ကြီးလွန်းတော့ အဲ့ဒါတွေကို မေ့ဖျောက်ပြီး ကိုယ့်ဘဝကိုယ် ရှင်သန်နိုင်ပါ့မလား” 

“ဒါဆိုရပြီ… မင်း တတ်နိုင်သလောက် လုပ်ခဲ့တာပဲ" 

“…”

အားချန် ၏ မျက်လုံးများ တုန်လှုပ်သွားသည်။ သူသည် ရင်ထဲက ခံစားချက်ကို ထုတ်မပြတတ်သူ ဖြစ်သော်လည်း ဆရာဖြစ်သူ၏ စကားကြောင့် ရင်တုန်သွားရသည်။ထို့အပြင် တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာသည့် သူ့အပြစ်က ရေတံခွန်ကြီးတစ်ခုတွင် မျောပါသွားသလို ချက်ချင်း ပျောက်သွား‌တော့သည်။

“နောက်ပြန်လှည့်စရာ မရှိဘူး…မင်း ဘာလုပ်မလဲ"

အားချန် သည် ဒူးထောက်လိုက်ပြီး ရုတ်တရက် သူ့မျက်လုံးတွေက ကျောက်တုံးတစ်ခုလို တင်းမာသွားသည်။

 "ကျွန်တော် ဆရာ့ အနားမှာရှိနေမှာပါ…"

 "အင်း...အခုအထဲကို ဝင်လို့ရပြီ… ငါ ဆာစီးနီယာ ကိုတစ်ယောက်တည်း ဆက်စောင့်နေမယ်" 

သူ့အဖြေစကားကြောင့် ဘန်၏မျက်နှာထားသည် ပျော့ပြောင်းသွားသည်။ 

"ဒါဆို နှုတ်ဆက်ပါတယ်" 

အားချန် ကလည်း စကားနားထောင်ပြီး စံအိမ်ထဲဝင်သွားသည်။ ဘန် သည် တစ်ယောက်တည်း တွေးတောရင်း အမှောင်ထုကို ငေးကြည့်နေတော့သည်။

 သူမကိုတွေ့ဖို့ ဂိတ်ပေါက်အထိ ဘယ်လောက်တောင် မြန်မြန်လမ်းလျှောက်ခဲ့ရလဲ…

စိုးရိမ်စိတ်များက သူ့မျက်နှာပေါ်တွင် လွှမ်းမိုးလာသည်။သူမတို့ ပြန်လာသင့်နေပြီ။သို့သော် ယခုမူ ဥယျာဉ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး လူရိပ်သူရိပ်ပင် မမြင်ရပေ။ထို့ကြောင့် ဆာစီးနီယာ တစ်ခုခုဖြစ်နေပြီဟု တွေးကာ သူစိုးရိမ်လာရသည်။

 

"ထပ်ဖြစ်နေတာများလား"

 

'သူမ' ပေါ်လာပြီး ဆာစီးနီယာ ၏ ခန္ဓာကိုယ်ကို ထပ်မံသိမ်းပိုက်နိုင်ဖွယ်ရှိသည်။ထိုသို့တွေးလိုက်တော့ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ဘန် သည် မြင်းစီးလာရာလမ်းကို အမြန်သွားကြည့်လိုက်သည်။

ထိုအချိန်တွင် မြင်းခွာသံများကို အနောက်ဘက်မှ ကြားလိုက်ရသည်။ သူ အမြန်လှမ်းကြည့်လိုက်ရာ မြင်းစီးလာသူမှာ ဆာစီးနီယာ နှင့်ထည့်ပေးလိုက်သော သူရဲကောင်းဖြစ်သည်။ 

"သခင်" 

မြင်းပေါ်မှ ခုန်ချလာသော သူရဲကောင်းသည် ဘန် ဆီ အမြန် ပြေးလာသည်။ 

"ဘာတွေဖြစ်နေတာလဲ" 

သူရဲကောင်းက ဆာစီးနီယာတို့ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလေသည်။ ရထားပျက်သွားသဖြင့် တစ်ရက်နေပြီး ပြုပြင်ပြီးမှ ပြန်လာမည်ဟု ပြောလိုက်သည်။

ထိုအကြောင်းကို နားထောင်ရင်း ဘန် မျက်နှာကြီး မည်းမှောင်သွားသည်။ 

“အတင့်ရဲလိုက်တာ…” 

အစီအစဥ်လုပ်ထားသည့်အတိုင်း ချောမွေ့စွာ အံဝင်ဂွင်ကျဖြစ်သွားသည့်အတွက် ဘန် အံကြိတ်ထားလိုက်မိတော့သည်။ ဤအစီအစဥ်သည် ဆာစီးနီယာ ကို ပစ်မှတ်ထားပုံရသည်။ 

'ဘယ်သူက ဆာစီးနီယာ ကို အန္တရာယ်ပြုဖို့ ကြိုးစားတာလဲ' 

ရေခဲထက် ပိုအေးပြီး ဓားထက်ထက်မြက်နေသည့် ဒေါသစိတ်က သူ့မျက်လုံးထဲတွင် ဖုံးလွှမ်းနေကြသည်။ 

"အခု ဆာစီးနီယာ ရောက်နေတဲ့နေရာကို ငါ့ကိုပြော"

ထို့နောက် ဘန် သည် သူရဲကောင်းစီးလာသော မြင်းပေါ် အမြန်တက်လိုက်သည်။ထို့နောက် ဇက်ကြိုးကို ဆောင့်ဆွဲလိုက်ရာ မြင်းက ဟီကနဲတစ်ချက်အော်ပြီး ထွက်သွားတော့သည်။

ဘန် ၏ စိတ်ထဲတွင် စိုးရိမ်စိတ်၊ ဒေါသ၊ မောဟ၊ ပူပန်မှုတွေ ရောထွေးနေရသည်။ သူ နောက်မကျဘဲ သူမ အန္တရာယ်မဖြစ်စေရန်သာ မျှော်လင့်မိတော့သည်။