အပိုင်း ၁၀၉
Viewers 12k

Chapter 109

"ကဲ…တစ်ရက်ပါပဲလေ"

ဆာစီးနီယာ က ထိုသို့ရေရွတ်ရင်း ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်သည်နှင့် မေ နှင့် ဗားန် သည် သူမအား မျက်လုံးပြူးကြီးဖြင့် ကြည့်နေကြသည်။

"နင်တို့...ငါနဲ့ တစ်ညလုံး စကားပြော ပေးရင်လည်း စိတ်မဆိုးဘူး...သိလား"

ဗားန် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

“အရမ်းပင်ပန်းနေလို့ စကားပြောလို့ မကောင်းဘူး…မမလေးရဲ့... သွားအိပ်တော့မယ်နော်"

"ဟုတ်တယ်…ရပါတယ်...ဗားန်ရယ် အချိန်တွေ ကျန်ပါသေးတယ်..သိပ်လည်း စိတ်ပူမနေပါနဲ့"

မေက ဗားန် ကို နှစ်သိမ့်ပေး၏။ နှစ်ရက်အကြာတွင် ဗားန် သည် ဧကရာဇ်နန်းတော်သို့ သွားရတော့မည်ဖြစ်သောကြောင့် နောက်တစ်ရက်သာလိုတော့သည်။ 

"ကောင်းသောညပါ ဗားန်..နဲ့ မေ" 

 

ဤသို့ဖြင့် ဆာစီးနီယာ သည် ဗားန် နှင့် မေ တို့အခန်းမှထွက်သွားပြီး သူတို့ဘေးနားရှိ သူမ၏ ကိုယ်ပိုင်အခန်းကို ပြန်သွားခဲ့သည်။ ရီနာ အကြံပေးသည့် တည်းခိုခန်းက သူမ ထင်ထားတာထက် ပိုကောင်းသည်။ အခန်းသည် အတော်လေး ကျယ်ဝန်းသော်လည်း အခန်းအနည်းငယ်သာ ရှိသောကြောင့် ဗားန် နှင့် မေတို့သည် တစ်ခန်းတည်း အတူအိပ်ရမှာဖြစ်ပြီး ဆာစီးနီယာ နှင့် ရီနာ တို့က တစ်ခန်းစီ ယူထားသည်။ 

သူမ ကုတင်ပေါ် လှဲချလိုက်သည်။ သူရဲကောင်းက သူမ၏ အခြေအနေကို ဘန် အား ကောင်းကောင်းပြောပြနိုင်ပါ့မလား ဟု တွေးရင်း၊ ယနေ့ အဖြစ်တို့ကို ပြန်ပြောင်းသတိရသွားသည်။

"ဒါဘာလဲ" 

'ဘာလို့ ဒီလိုကြီး ဖြစ်သွားတာလဲ'

'ဘာလို့လဲ…ဘာလို့လဲ' 

'ဒါတွေအားလုံးက တစ်ကယ့်ကို တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သလား' 

ဤအကြောင်းကို သူမ ပိုတွေးလေလေ စိတ်အဆင်မပြေ လေလေပင်ဖြစ်သည်။

ဒေါက်....ဒေါက် 

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော တံခါးခေါက်သံကြောင့် ဆာစီးနီယာ သတိဝင်လာသည်။

 "ဝင်ခဲ့ပါ"

ခဏကြာတော့ တံခါး ပွင့်လာသည်။ထို့နောက် ကောင်တာမှာတွေ့ခဲ့သည့် တည်းခိုခန်းပိုင်ရှင်က ငွေဗန်းဝိုင်းတစ်ခုကိုင်လျက် အခန်းထဲကို ဖြည်းညှင်းစွာ ဝင်လာသည်။

"မိန်းကလေး...ဒါက ကောင်းကောင်းအိပ်ပျော်စေတဲ့ ပန်းလက်ဖက်ရည်ပါ"

တည်းခိုခန်းပိုင်ရှင်သည် အဝါရောင်ပန်းပွင့်များပါသည့် လက်ဖက်ရည်ခွက်ကို ကုတင်ဘေးရှိ စားပွဲငယ်လေးပေါ်တွင် ချထားလိုက်သည်။ 

“ဒါက ကျွန်တော်တို့ တည်းခိုခန်းက ဧည့်ခံတဲ့ ပန်းလက်ဖက်ရည်ပါ... တော်တော်လည်း နာမည်ကြီးပါတယ်... ကျေးဇူးပြုပြီး သောက်ကြည့်ပါနော်"

တည်းခိုခန်းပိုင်ရှင်က နွေးထွေးသော အပြုံးဖြင့် အကြံပြုသည်။ 

"ကျေးဇူးတင်ပါတယ်… နောက်မှသောက်လိုက်ပါ့မယ်"

"အခု မသောက်သေးဘူးလား" 

“ဟုတ်ကဲ့...နောက်မှ သောက်မယ်... အဲ့ဒီမှာပဲ ထားလိုက်ပါ”

“အဲ့ဒီလို မလုပ်ပါနဲ့...အခုပဲ တစ်ငုံသောက်လိုက်ပါလား" 

ဆာစီးနီယာ ၏စကားကိုပင် ကြားဖြတ်၍ တည်းခိုခန်းပိုင်ရှင်က အတင်းဝင်ပြောနေတော့သည်။ ထိုကဲ့သို့ ထူးထူးခြားခြား တိုက်တွန်းနေသည့် တည်းခိုခန်းပိုင်ရှင်ကို သူမ မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

"နောက်မှ မအိပ်ခင်လေး သောက်လိုက်မယ်" 

သူမ အသံသည် အနည်းငယ် အေးစက်လာသည်နှင့်အမျှ တည်းခိုခန်း ပိုင်ရှင်မှာ အခက်တွေ့သွားပုံပေါက်နေတော့၏။ ဆာစီးနီယာ သည် သူမအား တည်းခိုခန်းပိုင်ရှင်က မရိုးမသားကြည့်နေတာကို သိသော်လည်း ဟန်မပျက်နေလိုက်သည်။

 "အဲ့လို လုပ်မလို့လား... ရပါတယ်...ဟားဟား"

 တည်းခိုခန်း ပိုင်ရှင်က ရယ်မောလိုက်သည်။သူ့ကြည့်ရသည်မှာ သူ့လမ်းကိုတစ်ခုခုကြောင့် ပိတ်နေသလို စိတ်ရှုပ်နေပုံရသည်။

 "အင်း...ဒါဆို ကျွန်တော် သွားတော့မယ်...ကောင်းသောညပါ" 

တည်းခိုခန်းပိုင်ရှင်က လက်ဖက်ရည်ခွက်ကို ကြည့်ကာ တံခါးဘက်ကို သွားလိုက်သည်။

 'သူ ဘာဖြစ်နေတာလဲ' 

ဆာစီးနီယာ သည် တည်းခိုခန်းပိုင်ရှင်၏ ထူးဆန်းသော အပြုအမူကြောင့် သံသယဝင်လာသည်။ သူပေးသော လက်ဖက်ရည်ခွက်ကို တစ်ချက်ကြည့်ကြည့်လိုက်သည်။ ထို့နောက် လက်ဖက်ရည်သောက် ဟန်ဆောင်ကာ တံခါးဖွင့်၍ ထွက်သွားရန် ပြင်နေသော တည်းခိုခန်းပိုင်ရှင်ကို မျက်လုံးချင်း ဆုံကြည့်လိုက်သည်။သူမ မျက်လုံးကို တွေ့လိုက်ရသော တည်းခိုခန်းပိုင်ရှင်သည် မျက်လုံးပြူးပြီး ချက်ချင်း မျက်နှာအောက်ချလိုက်၏။

ဆာစီးနီယာ ကလည်း လက်ဖက်ရည်ကို တစ်ငုံငုံရင်း သူ့ကို ပြုံးပြလိုက်သည်။ 

ထို့နောက် ဆာစီးနီယာ လက်ဖက်ရည်သောက်လိုက်တာကို မြင်သော တည်းခိုခန်းပိုင်ရှင်၏ မျက်နှာသည် စိတ်သက်သာရာရသွားပုံ ပေါ်နေသည်။

 

“ကောင်းကောင်း အနားယူပါဗျ" 

ထို့နောက် တည်းခိုခန်းပိုင်ရှင်သည် တံခါးကို အမြန်ပိတ်ကာ ထွက်သွားတော့သည်။

 “…”

သူ ထွက်သွားပြီးနောက် ဆာစီးနီယာ သည် ကြမ်းပြင်ပေါ်ရှိ ခွက်တစ်ခုထဲကို လက်ဖက်ရည်အား ထွေးထုတ်လိုက်ပြီး ပါးစပ်ကို ပလုတ်ကျင်းလိုက်သည်။ စိတ်မသန့်သဖြင့် လက်ဖက်ရည်လေးတစ်ငုံတောင် မမျိုချင်တော့။သူမ နှုတ်ခမ်းကို လက်ဖြင့် အသာအယာ သုတ်လိုက်ပြီး မျက်လုံးက အေးစက်ခက်ထန်လာသည်။

 'တိုက်ဆိုင်မှု မဟုတ်ဘူး' 

အစပိုင်းတွင် သံသယရှိခဲ့သော်လည်း တည်းခိုခန်းပိုင်ရှင်၏ အပြုအမူကို သူမ မြင်လိုက်သောအခါတွင် ထိုသံသယစိတ်များ ရှင်းသွားခဲ့သည်။ဤကိစ္စကြီးမှာ ကြိုတင်ကြံစည်ထားခြင်းဖြစ်တော့သည်။

'ဘယ်သူလဲ' 

'ဒီနောက်ကွယ်က လူက ငါ့ကို ရန်ငြိုးထား နေတာလား' 

'ဒါဆို အဲ့ဒီလူက ဘာလိုချင်တာလဲ…'

ဆာစီးနီယာ သည် နောက်ကွယ်တွင် ရှိနေသူကို တွေးနေမိသည်။ သို့သော် သူမ ထင်သည်ထက် သံသယ ဖြစ်စရာလူတွေ များပြားလှသည်။ မကြာသေးမီက စစ်သည်လေးယောက်သည် ဗားန် ကို အနှောင့်အယှက်ပေးခဲ့သည်။ထိုလုပ်ရပ်မျိုးကို လုပ်ဖို့ လူအများ ငှားရမ်းရမည် ဖြစ်၍ ငွေတော်တော် ရှိသူလားဟုတောင် တွေးမိလေသည်။ ထိုအချိန်မှစ၍ မျက်နှာပေါင်း မြောက်မြားစွာ သူမ ခေါင်းထဲ ရောက်လာခဲ့သည်။ထို့နောက် သိသာထင်ရှားသော လူတစ်ယောက် စိတ်ထဲပေါ်လာရသည်။ 

"မြို့စား ကိုင်လို့စ်" 

ထိုက,ပွဲ၌ ရှက်ပြီး ကတုန်ကယင်ဖြစ်နေသော မြို့စားကြီးသည် လက်စားချေချင်နေမှာအမှန်ပင်။

'အိမ်ရှေ့စံက ဒီလို ပြောဖူးသလားလို့'

"မြို့စားကြီး ဒက်စ်တာ က မြို့စားမင်းကိုင်လို့စ် ရဲ့ လက်အောက်ခံလေ...ဒါဆို မြို့စားမင်း(ဘန်) က စစ်ကြေငြာလိုက်တာ မဟုတ်လား” 

'ဒါကြောင့် မြို့စားကြီး ကိုင်လို့စ်က ပွဲမှာ သူ အရှက်ကွဲသွားလို့ လက်စားချေဖို့ ကြိုးစားတာနေမှာ... ဒါဆို ရက်ဖယ်ချီ ရွာမှာ ဘာတွေဖြစ်ခဲ့တာလဲ'

သို့သော် အရာအားလုံးသည် သူမ၏ ခန့်မှန်းချက်မျှသာဖြစ်ပြီး အာမခံလို့မရပေ။

ဆာစီးနီယာ သည် ပန်းလက်ဖက်ရည်ကို အေးအေးဆေးဆေး စိုက်ကြည့်ရင်း သူမ၏ အတွေးများကို စုစည်းလိုက်သည်။ ပန်းလက်ဖက်ရည်သည် မည်သည့် ပစ္စည်းမှမပါဘဲ ကြည်လင်ပြတ်သားနေသည်။ ရေနွေးငွေ့များလည်း အငွေ့တထောင်းထောင်း ထွက်နေသည်။

 'အဲ့ဒါဘာလဲ' 

သူတို့သောက်စေချင်တဲ့ ပန်းလက်ဖက်ရည်ထဲမှာ ဘာတွေထည့်ထားတာလဲ…

 "မိန်းကလေး… ဒါလေးက ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးတဲ့ ပန်းလက်ဖက်ရည်ပါ"

 ပန်းလက်ဖက်ရည်က ကောင်းကောင်း အိပ်ပျော်စေတယ်…

ထိုစကားများက သူမနားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

 'ဒါဆို အိပ်ဆေးလား...အဆိပ်လား'

ဆာစီးနီယာ သည် စမ်းသပ်ကြည့်ချင်သော်လည်း ရမ်းသမ်း သောက်လို့မရသဖြင့် အခက်တွေ့နေတော့သည်။

“…”

စိုးရိမ်စိတ်များက သူမ မျက်လုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ဆွဲငင်နေပြီး ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။ မူရင်းဇာတ်လမ်းနှင့် လုံးဝခြားနားသော ဇာတ်ကြောင်းကို သူမ ဆက်ပြီး ရင်မဆိုင်နိုင်တော့။

 'ဒါဆို ဒါက ဘာအတွက်လဲ...'

သူမသည် မလှုပ်မယှက် ထိုင်ခုံတွင် မိနစ်အနည်းငယ်ကြာ ထိုင်နေလိုက်သည်။ 

"မမလေး" 

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ရီနာ ၏ ခေါ်သံကို သူမကြားလိုက်ရသည်။ သူမ ပြန်မဖြေချင်ဘဲ အသက်ရှုပါ ကြပ်သွားရသည်။ထို့ကြောင့် သူမ အသက်ရှူကြပ်ရသည့်အကြောင်းရင်းကို တွေးကြည့်လိုက်ရာ ရီနာ က အဓိကအကြောင်းအရာ ဖြစ်နေသည်။

ရီနာ သည် အမြဲလိုလို လျှို့ဝှက်ဆန်းကြယ်သော အပြုံးကို ပြုံးတတ်သည်။

ရထားလုံး မတော်တဆမှုဖြစ်ပြီး ပန်းလက်ဖက်ရည်...

 'ရီနာက သံသယဖြစ်စရာပဲ'

 "မမလေး ဆာစီးနီယာ " 

တစ်ဖန် ရီနာ သည် တံခါးအပြင်ဘက်မှနေ၍ လှမ်းအော်လိုက်ပြန်သည်။

 'အခု ဘာလုပ်မှာလဲ'

ရုတ်တရက် စားပွဲပေါ်က ပန်းလက်ဖက်ရည်က သူမ မျက်လုံးအစုံကို ဖမ်းစားသွားသည်။ 

ပန်းလက်ဖက်ရည်က ကောင်းကောင်းအိပ်ပျော်စေတယ်...

တည်းခိုခန်းပိုင်ရှင်က သူမ သောက်လိုက်ပြီဟု ယုံကြည်နေပြီဖြစ်သည်။ထို့အပြင် ရီနာ ကလည်း အခုမှ ရောက်လာသည်။ 

ထို့နောက် ဆာစီးနီယာ သည် ကုတင်ပေါ်တက်ကာ အိပ်ပျော်ဟန်ဆောင်လိုက်သည်။ ရီနာ က သူမကို အန္တရာယ်ပြုဖို့ ကြိုးစားပါက မှော်စွမ်းအားကို အသုံးချသွားမည် ဖြစ်သည်။ 

ချောင်း...

ခဏကြာတော့ တံခါးဖွင့်လိုက်သည့် အသံ ထွက်လာသည်။

 "အိပ်နေတာလား"

ရီနာ သည် အခန်းထဲကိုချောင်းကြည့်နေပြီးမှ ခြေ‌ဖျားထောက်၍ ဝင်လာလေသည်။

"မမလေး ဆာစီးနီယာ"

ဆာစီးနီယာ သည် ရီနာ၏စကားကို လျစ်လျူရှုကာ အိပ်ပျော်ဟန်ဆောင်နေသည်။ခဏကြာတော့ တစ်စုံတစ်ယောက်သည် သူမ အနားကို ချဉ်းကပ်လာပြီး အခုဆို ပို၍ နီးကပ်လာပြီ ဖြစ်သည်။ 

“…”

နီးကပ်လာသည်နှင့်၊ ဆာစီးနီယာ သည် ဆာစီးနီယာ ၏မျက်နှာပေါ်ကို လေးငါးချက်လောက် လက်ပြလိုက်သည်။အသက်ရှုသံကိုကြားရလောက်အောင် ငြိမ်သက်နေသည့် အခန်းထဲတွင် ရီနာသည် ထိုသို့ လေးငါးချက်လုပ်ပြီး ခြေဖျားထောက်၍ ပြန်ထွက်သွားတော့သည်။ 

“…”

ဆာစီးနီယာ၏ ကြက်သွေးရောင် မျက်လုံးများက အမှောင်ထဲတွင် လက်လက်တောက်နေကြသည်။သူမ အထင် မှန်သွားသည်။ဤသံသယဖြစ်ဖွယ်ကိစ္စထဲတွင် ရီနာလည်း ပါနေ၏။ထို့အပြင် ပန်းလက်ဖက်ရည်ထဲမှာ အိပ်ငိုက်စေသည့် ဓာတ်တစ်မျိုးမျိုးလည်း ပါနေတာမှန်၏။

ဆာစီးနီယာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

'နင် ဘာတွေလုပ်နေလဲဆိုတာ ငါသိချင်တယ်'

ဆာစီးနီယာ သည် အခြေအနေကို အဖြေရှာရန် ခဏ လှဲနေလိုက်သေးသည်။ ရီနာသည် ပန်းလက်ဖက်ရည်လာပေးသူနှင့် တစ်ဖွဲ့တည်းမှန်း သိလိုက်ရတာကြောင့် သူမ ခွင့်မလွှတ်နိုင်တော့။ထို့နောက် သူမ အိပ်နေရာမှ ချက်ချင်းထလိုက်ပြီးဆံပင်ကို လက်ကိုင်ပုဝါဖြင့် ချည်နှောင်ကာ အခန်းထဲမှ အသာလေး ထွက်လာခဲ့သည်။

 'နင် ငါ့ကို ဘာတွေ လုပ်ဖို့ ကြိုးစားနေတာလဲဆိုတာ သိရမှဖြစ်မယ်'

သူမ လက်မလျှော့တော့ဟု ဆုံးဖြတ်လိုက်သည်။ထို့‌ကြောင့် သူမ သွားရမည့် ပထမဆုံးနေရာမှာ ရီနာ ၏အခန်း ဖြစ်သည်။ 

ရီနာ၏ အခန်းရှေ့ ရောက်သောအခါ သူမသည် တံခါးကို တွန်းဖွင့်လိုက်သော်လည်း ရီနာ ကို မတွေ့ရပေ။ထို့နောက် တည်းခိုခန်း၏ စင်္ကြံကိုဖြတ်ပြီး အောက်ထပ်ကို ချက်ချင်းဆင်းသွားလိုက်သည်။ 

"အဟမ်း..." 

ကောင်တာတွင်ထိုင်နေသော တည်းခိုခန်း ပိုင်ရှင်သည် ဆာစီးနီယာ ကို မြင်လိုက်ရတာကြောင့် တစ္ဆေတစ်ကောင်မြင်ရသလို ထိတ်လန့်သွားသည်။ 

"ဘာလဲ... နိုးလာလို့ အံ့သြနေတာလား" 

“မဟုတ်ဘူး… ဒါက ဘယ်လိုဖြစ်ရတာလဲ…” 

 "အို....အာ့"

တည်းခိုခန်းပိုင်ရှင်က ထွက်ပြေးရန်ပြင်လိုက်သော်လည်း ဆာစီးနီယာက သူ့ထက် လျင်သည်။

 "ရီနာ ဘယ်ရောက်သွားလဲ" 

ဆာစီးနီယာ ၏ ပါးစပ်မှ အံကြိတ်သံ တကျိကျိ ထွက်လာပြီး တည်းခိုခန်း ပိုင်ရှင်၏ အင်္ကျီကော်လာကို တင်းတင်းကျပ်ကျပ် ဖမ်းဆွဲထားလိုက်သည်။