အပိုင်း ၁၁၀
Viewers 13k

Chapter 110

"ကျွန်တော်လည်း မသိဘူး"

တည်းခိုခန်းပိုင်ရှင်သည် စပျစ်ပင်လို တုန်လှုပ်နေသည်။

 "အဲ့ဒီမိန်းမကခိုင်းလို့ အိပ်ဆေးတွေကို ပန်းလက်ဖက်ရည်နဲ့ စပ်ထားတာ ငါမသိဘူးထင်လား" 

တည်းခိုခန်းပိုင်ရှင်၏ ခန္ဓာကိုယ်သည် သစ်ပင်တစ်ပင်လို တောင့်‌တင်း မာကျောလာသည်။ ဆာစီးနီယာ သည် သူ့အဖြေကို မကြားရသော်လည်း၊ သူ့တုံ့ပြန်မှုကို ကြည့်ရုံဖြင့် အဖြေကို သိသွားရသည်။ 

"ကျွန်မ ကောင်းကောင်းပြောနေတုန်း သူမ ဘယ်သွားလဲဆိုတာကို ပြောလိုက်တာ ပိုကောင်းမယ်နော်"

 

ဆာစီးနီယာ က သူ့အင်္ကျီ ကော်လာကို ပို၍တောင် တင်းတင်းဆွဲဆုပ်ထားလိုက်သည်။ ထို့နောက် မဆိုင်းမတွပင် လက်တစ်ဖက်ဖြင့် ကောင်တာအား ပုတ်ချလိုက်သည်။ 

ဘုန်း

 "ဒါ ကျွန်မ သည်းခံနိုင်တဲ့ ကန့်သတ်ချက်ပဲ" 

ကျယ်လောင်သော အသံနှင့်အတူ သစ်သားကောင်တာသည် နှစ်ခြမ်းကွဲသွားပြီး ကြမ်းပြင်ပေါ် လှိမ့်သွားသည်။ 

"ဟာ"

တည်းခိုခန်းပိုင်ရှင်၏ မျက်နှာသည် မည်းပြာသွားသည်။ 

"ဒီလိုမျိုး မလုပ်နိုင်ဘူး ထင်လား" 

"ကျွန်တော်က သူမ ပြောတဲ့အတိုင်း လုပ်လိုက်တာပဲ....ကျွန်တော် အမှန်အတိုင်းပြောနေတာပါ…ကျွန်တော့်ကို ချမ်းသာပေးပါ"

 "သူမ မင်းကို ဘာပြောလိုက်တာလဲ" 

ဆာစီးနီယာ သည် အေးစက်စွာဖြင့် တည်းခိုခန်းပိုင်ရှင်၏ ကော်လာကို ပိုမိုတင်းကျပ်စွာ ကိုင်ထားလိုက်သည်။ 

 “အဲ့ဒါ…” 

ထိုအခါ တည်းခိုခန်းပိုင်ရှင်မှာ ထိတ်လန့် တုန်လှုပ်နေကာ ဆာစီးနီယာကလည်း အလွတ်မပေးဘဲ အကဲခတ်နေတော့သည်။

 "ပြောမလား...မ‌ပြောဘူးလား"

ဆာစီးနီယာ သည် သူ့ခြေရင်းဘေးရှိ ကောင်တာအံဆွဲတွင် ကြိုးတစ်ချောင်းကို တွေ့လိုက်ရသည်။ထို့နောက် တည်းခိုခန်းပိုင်ရှင်၏ ခေါင်းကို လက်နှင့်အုပ်ကိုင်လိုက်ပြီး ‌နောက်သို့ ဖိထား၍ မျက်နှာကို နံရံနှင့် ကပ်ထားလိုက်သည်။ 

"ဘာလုပ်နေတာလဲ....ဘာလဲ"

သူမသည် ရုန်းကန်နေသော တည်းခိုခန်းပိုင်ရှင်ကို လျစ်လျူရှုပြီး မလွတ်သွားအောင် လက်မောင်းကို အတင်းချုပ်ထားကာ ခြေဖြင့် ကြိုးကို ဆွဲယူလိုက်သည်။

"မင်းသေချင်လား.... ပြီးရင် မင်းကို ငါသတ်မယ်"

ထို့နောက် ကောက်ကိုင်လိုက်သော ကြိုးဖြင့် လက်နောက်ပြန် ကြိုးတုပ်လိုက်တော့သည်။

 

"ဟင်…ဒါကဘာလဲ…ငါ သူမ လုပ်ခိုင်းတာကိုပဲ လုပ်ခဲ့တာ.... ငါတစ်ကယ်ဘာမှမသိပါဘူး…သူ ခိုင်းတာလုပ်ရင် ရှီလင်တစ်သန်းပေးမယ်လို့ ပြောလို့ပါ…ဒါကြောင့် လုပ်ခဲ့မိတာပါ"

"ကျွန်တော်ပြောပြမယ်....အမှန်အတိုင်းပြောပါ့မယ်" 

ဆာစီးနီယာ သည် တည်းခိုခန်းပိုင်ရှင်ကို လက်ကော၊ခြေထောက်ပါ ကြိုးတုပ်ထားလိုက်သည်။

"တောင်းပန်ပါတယ်ဗျာ...အဲ့ဒီ မိန်းမက လွန်ခဲ့တဲ့ လေးငါးရက်လောက်တုန်းက ရောက်လာပြီး ဒီမှာ တည်းမယ့် ဆံပင်နီနီနဲ့ မိန်းကလေးဧည့်သည်ဆီ လက်ဖက်ရည်နဲ့ အိပ်ဆေးရောပေးဖို့ ပြောခဲ့တာပါ" 

ဆာစီးနီယာ ကြိုးအချည်ရပ်သွား၏။

 "လွန်ခဲ့တဲ့ လေးငါးရက်က..." 

"နှစ်ယောက်အိပ် အခန်းကို မပေးပါနဲ့လို့တောင် ပြောခဲ့တာပါ"

လက်နှင့်ခြေတို့ကို ကြိုးဖြင့်ချည်ထားခံရသော တည်းခိုခန်းပိုင်ရှင်သည် ပိုးကောင်ကဲ့သို့ တွန့်လိမ်ကာ ရုန်းကန်နေတော့သည်။ 

ဆာစီးနီယာ မတ်တပ်ထရပ်လိုက်သည်။

 'ပြီးခဲ့တဲ့ လေးငါးရက်က ရီနာ က ဒီတည်းခိုခန်းကိုလာပြီး ဒီနေ့ဒီမှာနေမယ့် ငါ့အတွက် အိပ်ဆေးနဲ့ လက်ဖက်ရည်နဲ့ ရောထားတဲ့ လက်ဖက်ရည်တစ်ခွက်ကို ပေးပါလို့ ပြောတယ်ဆိုပါလား…"

 မူလက ဆာစီးနီယာ သည် နေ့ချင်းပြန်ရန် စီးစဉ်ထားသော်လည်း ရထားလုံး ပျက်နေတာကြောင့် ပြန်မသွားနိုင်ဘဲတည်းခိုခန်းမှာ တည်းဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

"အားလုံးစီစဉ် ထားပြီးသားပါလား"

ထက်မြက်သော ဓားသွားကဲ့သို့ အေးစက်သော အသံ ထွက်လာသည်။ 

“ကျေးဇူးပြုပြီး…ကျွန်တော့်ကို လွှတ်ပေးပါ” 

"သူမ ဘယ်သွားတာလဲ"

 "သူမ တံခါးကနေ ထွက်သွားတာကို မြင်လိုက်ပါတယ်… ကျွန်တော် အမှန်အတိုင်းပြောနေတာပါ" 

အပြစ်အားလုံးကို ဝန်ခံပြီးသောအခါတွင် သူ ဆက်လိမ်ညာမနေရဲတော့ချေ။ 

ထို့နောက် ဆာစီးနီယာ သည် တည်းခိုခန်းပိုင်ရှင်ကို မမေးတော့ဘဲတံခါးမကြီး ဘက်ကို သွားလိုက်သည်။ 

"ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးပါ" 

သနားစရာကောင်းသည့် အော်ဟစ်သံက သူမ နောက်မှာ ပဲ့တင်ထပ်နေသော်လည်း ဂရုမစိုက်တော့။တည်းခိုခန်းတံခါးကိုဖွင့်ပြီး ထွက်လာသောအခါ အေးစက်သောလေသည် သူမ အသားကို ဖြတ်တိုက်လာသည်။ 

ဆာစီးနီယာ လှည့်ပတ်ကြည့်လိုက်သည်။ အေးလွန်းလှပြီး ညဉ့်နက်သန်းခေါင်ကြီးလည်းဖြစ်နေ၍ လမ်းဘေးမှာ ပုရွက်ဆိတ်တစ်ကောင်ကိုတောင် မတွေ့ရပေ။ထို့ကြောင့် ရီနာ ဘယ်သွားမှန်းလည်း မသိတော့။

 "မမလေး ဘာလုပ်နေတာလဲ"

စိတ်အနှောင့် အယှက်ဖြစ်နေချိန်တွင် ဘန် ၏ သူရဲကောင်းက သူမကို မေးလိုက်သည်။ 

"သူရဲကောင်း" 

သူမသည် လေထဲကို ကြည့်ကာ သူရဲကောင်းကို ခေါ်လိုက်ရာ သူရဲကောင်းလည်း လေထဲမှ ဆင်းလာသည်။ 

"ကျွန်တော့်ကို ခေါ်တာလား"

 “အိမ်က ကျွန်မနဲ့ အတူထွက်လာတဲ့ ကောင်မလေးလေ...သူမ ဘယ်ကိုသွားတာလဲ" 

သူမသည် အံ့အားသင့်မသွားဘဲ သူရဲကောင်းကို တည်ငြိမ်စွာမေးလိုက်သည်။ 

 “ဒီလမ်း”

ထို့နောက် ဆာစီးနီယာ သည် စကားတစ်ခွန်းမှ မပြောဘဲ သူရဲကောင်းနောက်ကို လိုက်သွားခဲ့သည်။ 

လေညှင်းကလည်း အလွန် အေးလွန်းသဖြင့် သူမ အသားတွေ အေးစက်နေပြီဖြစ်သည်။

 'ဒီလိုလုပ်ဖို့ ရီနာကို ဘယ်သူက ခိုင်းတာလဲ"

'သူမ မြို့စားမင်း ပိုင်နက် ထဲကို ပထမဆုံးဝင်လာကတည်းက ကြိုပြီး စီစဉ်ခဲ့တာလား' 

ရီနာ ကို ဗားန် လို သူငယ်ချင်းအဖြစ် မမှတ်ယူခဲ့သော်လည်း အတိုင်းအတာတစ်ခုအထိ သူမနှင့် ရင်းနှီးခဲ့သည်။

 'ငါ့နောက်ကျောကို ဓားနဲ့ လာထိုးလိမ့်မယ်လို့ ‌မတွေးခဲ့ဖူးဘူး'

 

သူရဲကောင်းနောက်ကို လိုက်လာရင်း ဆာစီးနီယာ သည် လူသားတွေက ကြောက်စရာကောင်းသည်ဟု တွေးနေမိသည်။

 “ဒီနေရာပါ"

သူရဲကောင်း ရပ်လိုက်သည့်နေရာက ဈေးဆိုင်တွေ တန်းစီနေကာ မြို့လယ်နှင့် တော်တော်ဝေးပြီး တိတ်ဆိတ်သည့် လူနေရပ်ကွက်တစ်ခုပင်။

"သူမ ဒီကနေ ဘယ်ကိုသွားတာလဲ ဆိုတာ အတိအကျတော့ မသိဘူး"

 "ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်" 

"ကျွန်တော် လိုက်ပို့ပေးမယ်"

 “ဟုတ်တယ်....ကျွန်မတို့ သူမကို လိုက်ရှာရမယ်.... ကျွန်မကို ကူညီပေးလို့ရမလား"

 "မမလေးနဲ့ အတူတူလိုက်ရှာရမယ်" 

“ကဲပါလေ...မလိုက်ပါနဲ့...ကျွန်မဘာသာပဲ သွားပါ့မယ်"

သူမသည် ချက်ချင်း သဘောထားပြောင်းသွားတာကြောင့် သူရဲကောင်းမှာ နားမလည်နိုင်ဖြစ်သွားရသည်။သူ့တွင် ဆာစီးနီယာ ကို စောင့်ရှောက်ရမည့်တာဝန်ရှိသောကြောင့် စိတ်မချနိုင်ဖြစ်နေရသည်။ 

“ကိစ္စက အရမ်းအရေးကြီးတယ်လေ....ကျွန်မဘာသာပဲ သွားရှာတာ ပိုကောင်းလိမ့်မယ်..."

 

ဆာစီးနီယာ သည် ထိုသို့ပြောပြီး ဘယ်ဘက်လမ်းကြားထဲကို ပြေးသွားတော့သည်။ ဆာစီးနီယာ သည် ပြောပြီး ပြီးချင်း ထွက်သွားပြီး ဘာကိစ္စမှန်း ပြောမသွားသဖြင့် သူရဲကောင်းမှာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

သန်းခေါင်ယံအချိန်ဖြစ်၍ လူတိုင်း အိပ်ပျော်နေကြပြီဖြစ်သည်။ လမ်းမီးတိုင်များ ခပ်ကျဲကျဲသာ ထွန်းထားသဖြင့် မှောင်မည်းနေသည်။ဤလမ်းကြားသည် လူနေရပ်ကွက်တစ်ခု၏ အစွန်အဖျားတွင် တည်ရှိသောကြောင့် အထဲသို့ ဝင်လေလေ လမ်းမီးတိုင်များကြား အကွာအဝေး ကျယ်လေလေဖြစ်ပြီး ယခု သူမရောက်နေသည့်နေရာဆို လမ်းမီးတိုင်တောင် မရှိတော့ပေ။

ဆာစီးနီယာ သည် ရှေ့ကို ယောင်ဝါးဝါး လျှောက်လှမ်းလာသည်။ သူမသည် အမှောင်ထဲတွင် ရီနာ ကို ဟိုဒီ လှမ်းမျှော်ကြည့်ကာ သတိရှိရှိ ရှာဖွေနေသည်။ သိ့သော် ရှေ့က မှောင်နေတာကြောင့် ပတ်ဝန်းကျင်ကို ကောင်းကောင်းမမြင်ရချေ။ ထို့ကြောင့် နားကိုသာ စွင့်ထားရတော့သည်။

 'သူမ ဘယ်သွားတာလဲ' 

တိတ်ဆိတ်သော ဤလူနေရပ်ကွက်ကို ရီနာ ရောက်လာကြောင်း သက်သေမရှိချေ။ ဆာစီးနီယာ သည် လမ်းသွယ်၊လမ်းကြားများကို ပို၍ဂရုစိုက်ကြည့်ရင်း ထူးဆန်းသောအရာတစ်ခုကို တွေ့သွားရသည်။

 'ဘာလို့ ဆီနံ့ရနေတာလဲ' 

ရွံရှာဖွယ်ကောင်းသော ဆီနံ့သည် လူနေရပ်ကွက်ထဲတွင် ပျံ့လွင့်နေပြီး သူမပါ ခေါင်းမူးလာရသည်။ သူမသည် သက်တောင့်သက်သာ ဖြစ်အောင်နေလိုက်ပြီး အနံ့ပြင်းပြင်းရှိရာဘက်ကို လျှောက်သွားလိုက်သည်။ထိုစဉ် ဗွက်အိုင်တစ်ခုကို သူမ တက်နင်းလိုက်သည်ကို ခံစားလိုက်ရ၍ ဖိနပ်ကို ငုံ့ကြည့်လိုက်မိလေသည်။

 ' ရေမဟုတ်ပါလား'

သူမ ငုံ့၍ အနီးကပ်ကြည့်သောအခါ တွင်းထဲတွင် စိမ့်နေသော ဗွက်အိုင်သည် ရေမဟုတ်ဘဲ ဆီတွေဖြစ်နေသည်။ထို့နောက် ဆက်‌လျှောက်လာရာလရောင်အောက်တွင် အိမ်နံရံတစ်ခု ပေါ်လာသည်။ သူမ ချက်ချင်း မနှောင့်နှေးဘဲ အိမ်နံရံအနားကို တိုး၍ ကိုင်ကြည့်လိုက်ရာ ချော်ကျိကျိ အရည်များ ဖြစ်နေသည်။ထို့နောက် တစ်ဖန် လက်ကို နမ်းကြည့်ရာ ဆီနံ့ရနေ၏။ တခြားအိမ် နံရံတွေမှာလည်း အလားတူပင် ဆီတွေအိုင်ထွန်းနေသည်။

 "ဘာဖြစ်လို့ ဆီတွေ ပက်ထားတာလဲ"

လဲ .." 

အကြောင်းတစ်ခုခုကြောင့် လူနေအိမ်နံရံတွေကို ဆီတွေနှင့် ပက်ထားသည်။ စိုးရိမ်စိတ်များ သူမရင်ထဲ မသိမသာ ဝင်ရောက်လာသည်။

 ဆီ သည် လူမှုဘဝအတွက် အကျိုးရှိသော်လည်း မီးအလင်းရောင်နှင့် ကလေးသူငယ်များကိူ ပြုစုပျိုးထောင်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သည်။ စံအိမ်၏ ဂိုဒေါင်တွင် မီးလောင်မှုကြီးဖြစ်ပွားရခြင်းအကြောင်းရင်းမှာ မီးအိမ်အတွင်းရှိဆီများကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် ဆီသည် မီးနှင့်ထိတွေ့ပါက ထိန်းချုပ်မရနိုင်သော အန္တရာယ်ရှိသည့် အရာတစ်ခုဖြစ်သည်။ ဆာစီးနီယာ သည် ဂိုဒေါင်မှ ဆီကြောင့် မီးလောင်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရသည်ကို ပြန်ပြောင်းသတိရကာ ကျောထဲက စိမ့်သွားသည်။

'ဘာလို့ ဆီတွေက ဗွက်ပေါက်နေတာလဲ'

'တစ်ယောက်ယောက်က တမင်တကာ ဆီပက်ထားသလိုပဲ… နံရံတွေကလည်း ဘာလို့ ဆီတွေကျနေတာလဲ' 

ဆီနှင့်မီး...ခွဲမရသော ဆက်ဆံရေး...

 "မဖြစ်နိုင်ဘူး"

ဆာစီးနီယာ သည် ရီနာ ဘာလုပ်တော့မည်ကို သိနေသဖြင့် သူမကို ရှာရန် အတင်းပြေးတော့သည်။ ပျော်ရွှင်မှုတွင် ယစ်မူးနေသော ဆာစီးနီယာ သည် 'သူမ' အကြောင်းကို တွေးတောရင်း အလုပ်များနေသဖြင့် မေ့ထားခဲ့သော အရာတစ်ခုရှိသည်။၎င်းမှာ မူရင်းဇာတ်လမ်း၊ဇာတ်ကြောင်းပင်။ သူမကိုယ်တိုင် မကျူးလွန်ခဲ့သော်လည်း၊ ဗားန် ၏မိခင်သည် မူရင်းဝတ္ထုအတိုင်း မီးလောင်သေခဲ့ရသည်။ထို့ကြောင့် ဝတ္ထု၏ အဓိကမဏ္ဍိုင်ဖြစ်သည့် ကံဆိုးဖွယ် လည်ဖြတ်ခံရမည့် အဖြစ်အပျက်ကြီးသည် သူမ ဘာပဲလုပ်လုပ် ဖြစ်သွားနိုင်ပေသည်။ 

'အရင် ဇာတ်လမ်းအတိုင်းသာ ဖြစ်လာရင်...' 

အကျိုးဆက်တွေကို တွေးကြည့်ရုံနှင့်တောင် ကြောက်စရာကောင်းသည်။ 

ထို့ကြောင့် သူမသည် အမြန် ရီနာကို ရှာရတော့သည်။ ထိုအချိန်တွင် အနက်ရောင် အရိပ်တစ်ခုသည် ခပ်လှမ်းလှမ်းက လမ်းကြားထဲကို တိုးဝင်သွားသည်။ချက်ချင်း ဆာစီးနီယာ သည်လည်း အရိပ်မည်းကြီးရှိရာဆီ ပြေးသွားခဲ့သည်။သူမ လမ်းကြားအဝင်ဝသို့ရောက်သောအခါ ခြေသံမထွက်‌အောင် အထဲကို ဝင်သွားသောအခါ အမှောင်ထဲက မီးတောက်ငယ်လေးကို သူမ မြင်လိုက်ရသည်။ထိုမီးတောက်အောက်တွင် လူတစ်ယောက်သည် ဦးထုပ် ဆောင်းထား၍ ရပ်နေသည်။ 

"ဟင်..."

 

"ကျား" 

ဆာစီးနီယာ သည် ထိုလူ၏ ပုခုံးအား ဖမ်းကိုင်လိုက်သောအခါ၊ထိုမိန်းမသည် အံ့အားသင့်စွာ အော်ဟစ်ကာ ဖင်ထိုင်လဲကျသွားသည်။ ထို့နောက် ထိုမိန်းမ ဝတ်ထားသည့် ခေါင်းစွပ်သည် ဖတ်ကနဲ ပြုတ်ကျသွားသည်။

 “…” 

မျက်နှာကို ဖုံးအုပ်ထားသော ဦးထုပ်ကြီး ပြုတ်ကျသွားပြီးနောက် ထိုမိန်းမ၏ ဆံပင်နီကြောင်များကို ဆာစီးနီယာ မြင်လိုက်ရ၏။ထိုဆံပင်နီတို့ကို မြင်လိုက်ရသည်နှင့် သူမ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။

“မမလေး..ဆာ...ဆာစီးနီယာ....ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ…”

‌ထိုမိန်းမမှာ ရီနာ ဖြစ်သည်။ ဆာစီးနီယာ နှင့် မျက်လုံးချင်းဆုံသောအခါ သူမသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ပြာတာသွားသည်။

 "နင်က တစ်ကာ့်ကို မြွေဟောက်မပဲ" 

"အား" 

ထို့နောက် ဆာစီးနီယာ သည် ရီနာ ၏ဆံပင်ကို အကြမ်းပတမ်း ဆုပ်ကာ ဆောင့်ဆွဲလိုက်သည်။

 ဆံပင်တု....

ဆာစီးနီယာ ဆံပင်နှင့် အနီးစပ်ဆုံးတူသော ဆံပင်တု တစ်ခုသာဖြစ်သည်။

သူမတို့ ရပ်နေသည့် နေရာ ပတ်ပတ်လည်မှာ ဆီတွေနှင့် ဖုံလွှမ်းနေပြီး ရီနာ လက်ထဲမှာလည်းမီးတုတ်ကို ကိုင်ထားသည်။

"နင်က ဒီအိမ်တွေကိုမီးရှို့ပြီး ငါ့ကို အပြစ်ပုံချမှာ မဟုတ်လား"

 “အဲ့ဒါ…” 

ရီနာ သည် စကားကောင်းကောင်း ထွက်မလာတော့။

“ဟာ”

ဆာစီးနီယာ သည် သူမ၏ အစီအစဥ်ကောင်းများကြောင့် တုန်လှုပ်သွားရသည်။ 

"ငါ အိပ်နေသင့်တာ မဟုတ်လား" 

ဆံပင်တုကို ကိုင်ထားရင်း လက်က သွေးပြန်ကြောတွေ ဖောင်းတက်လာသည်အထိ ဒေါသတွေထွက်သွားသည်။အကယ်၍ သူမ ပြင်ဆင်ထားသော ပန်းလက်ဖက်ရည်ကို သောက်ပြီးနောက် အိပ်ပျော်သွားပါက ရီနာ သည် သူမအယောင်ဆောင်ကာ မီးတင်ရှို့သွားမည်ဖြစ်သည်။ ရီနာ ဝတ်ထားသည့် အနီရောင်ဆံပင်ရှည်ရှည်သည် ဆာစီးနီယာ ၏လက်ထဲတွင်ရှိပြီး အစီအစဉ်ကို သက်သေပြနေသည်။ 

"ငါ့ကို အိပ်ပျော်အောင် လုပ်ပြီး နင်က ဒါတွေလုပ်ဖို့ ကြံစည်နေတာပေါ့လေ"

ဆာစီးနီယာ ၏ မျက်လုံးများသည် ဒေါသတကြီး တောက်ပလာသည်။