အပိုင်း ၁၁၁
Viewers 14k

Chapter 111

ရီနာ သည် သူမ ပြောပြလိုက်သော အိပ်နေရင်းထ,ယောင်သည့်ကိစ္စကို အခွင့်ကောင်းယူရန် ကြိုးစားခဲ့သည်။ 

အိပ်နေရင်း ထ,ယောင်သူများသည် သူတို့အိပ်နေစဉ် ယောင်တာဖြစ်သည့်အတွက် သူတို့ ဘာလုပ်လုပ် သိတော့မှာမဟုတ်ပေ။ 

“…” 

အစီအစဉ်အားလုံး ထုတ်ဖော်ခံရပြီးနောက် ရီနာ ၏ မျက်နှာသည် ဖြူဖျော့သွားရသည်။

 "ဘယ်သူလဲ… ဒါတွေကို လုပ်ဖို့ ဘယ်သူက ခိုင်းတာလဲ”

“မမလေး ဘာတွေ ပြောနေမှန်း ကျွန်မနားမလည်ပါဘူး…”

"နင်က လက်ပူးလက်ကြပ် မိတာတောင် ‌ငြင်းချင်သေးတာလား"

ဆာစီးနီယာ က ပြုံးပြီး ရီနာ ကိုင်ထားသည့် မီးတုတ်လေးကို လက်ဖဝါးနှင့် ကာလိုက်သည်။ထိုအခါ မီးတောက်သည် အပူအဖြစ်သို့ပြောင်းကာ သူမ လက်ထဲသို့စိမ့်ဝင်သွားပြီး ပျောက်ကွယ်သွားသည်။

 “ဟာ.... ဘယ်လိုဖြစ်တာလဲ…” 

ရီနာ သည် မယုံနိုင်စရာမြင်ကွင်းကြောင့် အေးစက်သွားသည်။

“ပြောပါဦး....နင့်ကို ဘယ်သူ ခိုင်းတာလဲ"

 "နင်က တစ်ကယ့်ကို စုန်းမကြီးပဲ…” 

ဆာစီးနီယာ ၏စွမ်းအားကို သူမ မျက်စိဖြင့် မြင်လိုက်ရ၍ ရီနာ သည် စိတ်ပျက်သွားသလို ရေရွတ်လိုက်သည်။

"ပြောလေ" 

ဆာစီးနီယာ ၏ ဆင်ခြင်တုံတရားသည် လွင့်ထွက်သွားရကာ ဒေါသအမျက်ထွက်လာသည်။ သူတို့၏ အကြံအစည်မှာ အလွန်ကြောက်စရာကောင်းလှတာကြောင့် ဆာစီးနီယာ သည် မီးရှို့မှုဖြင့် တရားစွဲခံရနိုင်သည်။သူမ ပိုင်ဆိုင်သမျှအရာအားလုံးကို ဖယ်ရှားပစ်မည့် ကြောက်စရာကောင်းသော အစီအစဉ်တစ်ခုပင်။ဆာစီးနီယာ ကိုယ်တိုင်ပင်လျှင် သူမဘဝတစ်လျှောက်လုံး ထိုကဲ့သို့ မနေထိုင်မိရန် ကြိုးပမ်းခဲ့သော်လည်း သူတို့ကြောင့် အချည်းအနှီးဖြစ်ရချေသည်။ 

"နင့်နောက်မှာ ဘယ်သူရှိလဲ"

 "မလုပ်နဲ့... မလာနဲ့" 

ရီနာ သည် ဆာစီးနီယာက သူမအနားလာနေသည်ကို မြင်သောအခါ တုန်လှုပ်သွားပြီး နောက်ပြန်ဆုတ်သွားသည်။ အရာအားလုံး သိသွားမှာကို သူမ ကြောက်နေမိသလို စုန်းမကြီးက အချိန်မရွေး သူမ အသက်ကို သတ်သွားနိုင်တာကြောင့်လည်း ပြာယာခတ်နေ၏။

 “ပြော”

ရီနာ သည် ဘာတစ်ခွန်းမှ မပြောတော့ဘဲ ချက်ချင်း ပြေးထွက်သွားတော့သည်။ စုန်းမကြီးသာ သူမကို ဖမ်းမိပါက အရှင်လတ်လတ် မီးရှို့နိုင်သလို၊ အပိုင်းပိုင်းလည်း အဖြတ်ခံရနိုင်၏။ သူမ ခေါင်းထဲမှာ အကြောက်တရားတွေ ကြီးစိုးနေသဖြင့် ဘာကိုမှ ကောင်းကောင်း မတွေးတတ်တော့ပေ။ သူမသည် အခြားသူတစ်ယောက်၏ ပယောဂကြောင့် မကောင်းမှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။ သို့တိုင် သူမသည် သာမန်ထက်ထူးကဲသော စွမ်းအားရှိသူ ဆာစီးနီယာ ကို အပြစ်တင်နေမိသည်။

"ရီနာ"

ဆာစီးနီယာ သည် ထွက်ပြေးနေသော ရီနာ ကို လိုက်ဖမ်းသည်။ နှစ်ယောက်သား လမ်းကြားထဲကနေ ပြေးထွက်လာပြီး ဆီနံ့တွေ နံစော်နေသည့် လမ်းပေါ်ကို ပြေးဆင်းလာကြသည်။ 

" စုန်းမကြီး...ထွက်သွား" 

ပြေးနေသော ရီနာ သည် သူမနောက်သို့ နီးကပ်လာသော ခြေသံများကိုကြားပြီး ကြောက်လန့်ကာ လက်ထဲက မီးတုတ်ကို ဆာစီးနီယာ ဆီ ပစ်ပေါက်လိုက်သည်။ ဆာစီးနီယာ မျက်လုံး ပြူးသွားရသည်။လေပေါ်ဝဲလာသော မီးတုတ်တွင် မငြိမ်းသေးသော မီးပွားသေးသေးလေးကို သူမ မြင်လိုက်ရတာကြောင့်ပင်။ 

ဆာစီးနီယာသည် မီးတုတ်ကို လှမ်းဖမ်းလိုက်၏။

 “မဟုတ်ဘူး…” 

သို့သော် ပြုတ်ကျသွားသော မီးတိုင်သည် သူမ လက်ထဲမရောက်လာဘဲ ဆီဗွက်ပေါ် ပြုတ်ကျသွားသည်။ 

ထိုအချိန်မှာပင်…

ဝုန်း…

ဆီဗွက်အိုင်ကြီး မီးလောင်သွားတော့သည်။ မီးတောက်များသည် အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မီးပင်လယ်ကြီး ဖြစ်လာတော့သည်။

ဆာစီးနီယာ သည် မီးများကိုစုပ်ယူရန် သူမ လက်ဖဝါးအား အမြန်ဖြန့်လိုက်သည်။ သို့သော် ရီနာ ရှို့လိုက်သော မီးသည် တစ်ခုတည်းသာမကဘဲ အဘက်ဘက်မှနေ၍ ချက်ချင်း ပျံ့နှံ့သွားတော့သည်။

အဝေးက စောင့်ဆိုင်းနေသော လူများကလည်း မီးတောက်ကို မြင်သောအခါ သူတို့လက်ထဲက မီးတုတ်များကို မီးညှိလိုက်ကြသည်။ မိုးစက်တွေ ရွာချလာသလိုပင် နေရာတိုင်းမှာ မီးတွေ လောင်နေကြသည်။ မကြာခင်မှာပင် ထိုမီးတောက်တွေက ဆီတွေပြည့်နေသည့် လူနေရပ်ကွက်တွေကို ပျံ့နှံ့သွားတော့သည်။ 

"မဟုတ်ဘူး…မဟုတ်ဘူး…" 

ဆာစီးနီယာ ရပ်နေသည့် လမ်းတစ်ဝိုက်တွင် အနီရောင်မီးတောက်တွေ တဝုန်းဝုန်းထမြည်ပြီး ပေါက်ကွဲတော့သည်။ မီးလျှံများသည် မီးတောင်မှ ပေါက်ထွက်သော ချော်ရည်ပူများလို ချက်ချင်းပျံ့နှံ့သွားကြသည်။ ငါးမိနစ်မပြည့်ခင် မြို့တစ်ခုလုံး မီးအကြီးအကျယ် လောင်သွားပြီဖြစ်၏။

ဆာစီးနီယာ ၏ ပုံပန်းပျက်နေသော မျက်နှာပေါ်တွင် အနီရောင် အရိပ်တစ်ခု ကျရောက်နေတော့သည်။ အနက်ရောင်မီးခိုးတွေက ကောင်းကင်ကို ဖုံးလွှမ်းသွားကြပြီး မီးခိုးနံကလည်း မွန်ထူလာရသည်။ 

 "မီး...မီး" 

တိတ်ဆိတ် ငြိမ်သက်နေသော လမ်းများပေါ်တွင် ရုတ်တရက် လူအများ၏ အော်ဟစ်သံများက ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်သွားကြသည်။ 

အင်ပါယာ၏ 443 နှစ်....

ထိုနေ့သည် အင်ပါယာတစ်ဝက်လောက် မီးတောက်လောင်ခဲ့သည့် နေ့ဖြစ်၏။အင်ပါယာသည် ငရဲကျသွားသလို မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည့်နေ့အဖြစ် နှောင်းလူများ သတိရကြလိမ့်မည်ဖြစ်သည်။

"မြန်မြန်လုပ်...အရေးယူမှုတွေလုပ်"

ဒေါသကြီးသော ဧကရာဇ်ဘုရင်၏ အသံသည် ဧကရာဇ်နန်းတော်၏ အစည်းအဝေးခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဝန်ကြီးများ အချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လ်ိုက်ကြသည်။ ဧကရာဇ်ဘုရင်သည် အင်ပါယာကိုလောင်ကျွမ်းခဲ့သော မီးကိုငြှိမ်းသတ်ရန် တပ်များစေလွှတ်လိုက်သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော် စစ်သည်အရေအတွက်က နည်းပါးလှသည်။ ခြောက်သွေ့သော ရာသီဥတုနှင့် လေပြင်းကြောင့် မီးတောက်များ အဆက်မပြတ် တောက်လောင်နေရသည်။

ဧကရာဇ်ဘုရင်သည် ဧကရာဇ်နန်းတော်ကနေ မြို့ကို တစ်ချက်ကြည့်လိုက်သည်။ ယခင်က ဧကရာဇ်နန်းတော်မှ လှမ်းမြင်ရသော မြို့ပြင်သည် ညကောင်းကင်ယံမှ ကြယ်များကို မြေပြင်ပေါ်သို့ ရွှေ့ထားသကဲ့သို့ တောက်ပနေသော်လည်း ယခုမူ ထိုသို့မဟုတ်တော့ပြီ။ မီးဒဏ်သင့်ခဲ့သော မြို့သည် အနက်ရောင် ပြာများနှင့် မီးခိုးများသာ ပြည့်နှက်နေပြီး မှောင်မည်းလို့နေသည်။

မြို့သည် ငရဲကျသလို ပြိုကျပျက်စီးကာ အော်ဟစ်သံများ ပြည့်နှက်နေသည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။အနီရောင်မီးတောက်များသည် ဆူနာမီကဲ့သို့ မြို့ကို ဝါးမျိုလိုက်ပြီး နေရာတိုင်းတွင် မီးလောင်နံ့များ ရှိနေကြသည်။ လူများစွာလည်း သေကြေသွားရပြီး ဤအခြေအနေကို မဖြေရှင်းပါက အင်ပါယာကြီး ပြိုလဲသွားနိုင်သည်။

ဧကရာဇ်သည် ဤအခြေအနေကို သံသယဝင်နေလေသည်။ ရာသီဥတု ဘယ်လောက်ပဲ ခြောက်သွေ့နေပါစေ၊ အချိန်တိုတိုလေးအတွင်းမှာ မြို့တဝက်လောက်ကို မီးလောင်သွားစေတာက အဓိပ္ပါယ်မရှိချေ။

 "မီးလောင်ရတာ ဘာလို့လဲ" 

“အဲ့ဒါ… ကျွန်တော်တို့လည်း အဲ့ဒီကိစ္စကို လိုက်ရှာနေတာပါ"

အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မတွေ့ရှိရသောကြောင့် ဝန်ကြီး၏ အဖြေမှာ မှုန်ဝါးဝါး ဖြစ်နေသည်။ 

ဘုန်း...

 "ဒီလို ဖြေလို့ဘယ်ဖြစ်မလဲ" 

ဧကရာဇ်ဘုရင် သည် အစည်းအဝေးခန်းရှိ စားပွဲကို လက်စီနှင့်ထိုးလိုက်သည်။ 

"တောင်းပန်ပါတယ်…အရှင်မင်းကြီး" 

“အကြောင်းရင်းကို ချက်ချင်းရှာ… မြန်မြန်လုပ်"

ဝန်ကြီးက ခန်းမကြီးထဲတွင် အသံတော်တော်ကျယ်သွားအောင် နှုတ်ဆက်ပြီးနောက် အစည်းအဝေးခန်းထဲက အမြန်ထွက်သွားသည်။

ဧကရာဇ်ဘုရင်၏ နဖူးက ရှုံ့တွနေရ၏။ မီးလောင်ရသည့် အကြောင်းရင်းကို ရှာဖွေရန် အရေးကြီးသော်လည်း ယခု အရေးကြီးဆုံးမှာ မီးကို ဦးစွာ ငြိမ်းသတ်ရန် လိုအပ်နေခြင်းဖြစ်သည်။

“မင်းတို့အားလုံး မီးငြိမ်းဖို့ အစွမ်းကုန် ကြိုးစားကြ…မင်းတို့ရဲ့ ကိုယ်ပိုင်တပ်သားတွေကို မီးလောင်ရာနေရာကို ပြောင်းရွှေ့ခွင့်ပြုမယ်” 

ဧကရာဇ်မင်း၏ မျက်လုံးများသည် တစ်ကိုယ်ကောင်း ဆန်တတ်ကြသော ၀န်ကြီးများအား စူးစိုက်ကြည့်လိုက်သည်။ သားရဲသည် သားကောင်၏ လည်ပင်းကို ကိုက်ရန် ချိန်ရွယ်နေသလို ဖြစ်နေတာကြောင့် လူတိုင်းအသက်ရှုကြပ်နေကြသည်။

 "အမိန့်တော်အတိုင်းပါ"

ဝန်ကြီးများသည် လည်ချောင်း ပေါက်ထွက်မတတ် အော်ဟစ်လ်ိုက်ကြတော့သည်။

 

 အရေးပေါ်အစည်းအဝေးပြီးသွားသဖြင့် အချိန်နှင့်တပြေးညီ မီးငြှိမ်းသတ်ရန် ဗျူဟာချနေသည့် လိုင်မာဖီးရပ်စ် သည် မျက်နှာထား တင်းမာသွားခဲ့သည်။

 "ဗားန်" 

"ဟုတ်ပါတယ်...သူမ ဒီနေ့ ဖာဘီယမ်း လမ်းကိုသွားခဲ့ပါတယ်...ဒါ‌ပေမယ့် မြို့စားမင်းပိုင်နက် ကိုမပြန်ဘဲ မြို့ထဲမှာနေခဲ့ပါတယ်"

လက်ထောက် အဲရစ်က သူကြားသမျှ သတင်းပို့လိုက်၏။ယခုအချိန်ထိ ဗားန် အသက်ရှင်နေသေးသလား၊သေသွားပြီလား မသိသေးချေ။

 

"ငါ အခု ဖာဘီယမ်း လမ်းကို သွားမယ်" 

လိုင်မာဖီးရပ်စ်သည် တုံ့ဆိုင်းခြင်းမရှိပေ။ ဗားန် ထွက်သွားသည်ကို သူသိသော်လည်း သူမ နေ့ချင်းပြန်လာမည်ဟု သူ့ကို ပြောခဲ့၏။

လိုင်မာဖီးရပ်စ် သည် မီးပင်လယ်ဖြစ်လာသောမြို့၌ သူမ ကျန်နေရစ်ခဲ့ရသည်ကို မယုံနိုင်ဖြစ်နေသည်။ အသက်ရှင်နေသေးလား သို့မဟုတ် သေသွားသလားတောင် အတည်မပြုနိုင်သေး။

သူ ဘာဆင်ခြင်တုံတရားမှ မရှိတော့။သူ့မျက်စိနှင့်တပ်အပ်တွေ့မှသာ စိတ်အေးရတော့မည်ဖြစ်သည်။

 "အရှင့်သား...မသွားပါနဲ့…အခု အပြင်မှာ အရမ်းအန္တရာယ်များတယ်...တစ်မြို့လုံး မီးလျှံတွေ…” 

"သွားတော့"

လိုင်မာဖီးရပ်စ် က အဲရစ် စကားကို ဖြတ်ပြောပြီး အော်ဟစ်လိုက်သည်။ သူဒေါသထွက်နေချိန်မှာ သူ့ကို ဘယ်သူမှမတားနိုင်ဘူးဆိုတာ သိထားသော အဲရစ်မှာ သက်ပြင်းချပြီး မြင်းဇောင်းကိုသာ ဦးတည်ရတော့သည်။

 * * *

"မီး" 

ကြောက်ရွံ့မှုအပြည့်နှင့် အော်ဟစ်သံက လမ်းပေါ်မှာ ပဲ့တင်ထပ်သွားသည်။ထို့ နောက် အိမ်ထဲမှ လူများ ချက်ချင်း ပြေးထွက်လာသည်။ ထို့နောက်တွင်တော့ မြို့ကြီးသည် မီးပင်လယ်ကြီးဖြစ်သွားသည်ကို မြင်လိုက်သူတိုင်း အံ့အားသင့်သွားကြသည်။

 “ဘာလုပ်ရမလဲ…” 

လောင်ကျွမ်းနေသော ပြာများသည် မိုးဖွဲဖွဲလေးကဲ့သို့ တဖျပ်ဖျပ်လွင့်ခါနေပြီး မည်းမှောင်နေသော မီးခိုးများက မြို့တော်ကို တိမ်မြူခိုးများလို ဖုံးလွှမ်းထားသည်။ ခြောက်သွေ့သော ဆောင်းလေကြောင့် မီးတောက်များသည် ပိုကြီးလာရသည်။ တစ်မြို့လုံး ငရဲတမျှ ပူလာပြီး အပူချိန်ကြောင့် အသက်ရှူရခက်လာသည်။

 "အို... ငါတို့အိမ် မီးလောင်နေပြီ"

 "ကူညီကြပါ...ကယ်ကြပါဦး" 

အော်ဟစ်သံများ ရောထွေးကာ ထိုနေရာတွင် လွှမ်းမိုးသွားရသည်။ လူတစ်ယောက်သည် လမ်းဘေးတွင်ထိုင်ပြီး မီးလောင်ကျွမ်းနေသော အိမ်တစ်လုံးကို တွေတွေကြီး စိုက်ကြည့်နေတော့သည် ။ နောက်တစ်ယောက်မှာမူ မီးငြှိမ်းသတ်ဖို့ ကြိုးစားနေစဉ် ဝတ်ထားသည့် သူ့အဝတ်အစားတွေ မီးစွဲလာသည့်အတွက် အသက်လုပြီး အော်ဟစ်နေတော့သည်။

ထိုစဉ် မီးလောင်နေသည့် သစ်ပင်တစ်ပင်သည် လမ်းမ,ပေါ် လဲကျပြီး မီးလောင်နေသော အိမ်တိုင်အား ထိမိကာ အိမ်မှာ ဘုန်းကနဲပြိုကျသွားတော့သည်။ 

“အား”

 ပြုတ်ကျသည့် တိုင်ပိသွားသော လူတစ်ယောက်က အော်လိုက်သည်။ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများက ထိုနေရာကို လွှမ်းမိုးသွားခဲ့သည်။ 

"အားလုံး အပြင် ထွက်ကြ...အထဲမှာ အန္တရာယ်ရှိတယ်" 

လူတွေ ချက်ချင်းထွက်လာကြသည်။ 

ထိုအချိန်တွင် ဆာစီးနီယာ သည် မိုးကြိုးပစ်ခံရသော လူတစ်ယောက်လို အေးခဲသွားသည်။သူမ စိတ်ထဲတွင် ဖြစ်ပျက်သမျှအရာအားလုံးသည် အစစ်အမှန်မဟုတ်သလို နှေးကွေးနေရသည်။သူမ။ရှေ့က ကြီးမားသည့် မီးတောင်ကြီးမှာ ပေါက်ကွဲပြီး ချော်ရည်တွေ လျှံထွက်နေကာ အနီရောင် မီးတောက်တွေက အရာအားလုံးကို ဝါးမျိုချလိုက်၏။ ဘယ်သက်ရှိသတ္တဝါတစ်ကောင်ကိုမှ ချန်ထားမှာမဟုတ်သလိုပင် သိပ်ကို ရက်စက်အကျည်းတန်လှသည်။