အပိုင်း ၁၁၂
Viewers 12k

Chapter 112

ကြောက်စရာကောင်းသည့် မြင်ကွင်းကြောင့် ဆာစီးနီယာ မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်မိသည်။မူရင်း ဇာတ်လမ်း၊ဇာတ်သွားကို ရပ်တန့်နိုင်မည်ဟု သူမ ထင်ခဲ့သော်လည်း ယခုမူ မူရင်းဇာတ်လမ်းထဲကလိုပင် မီးလောင်ခဲ့လေပြီ။ လုပ်ကြံသူမှာ သူမ,မဟုတ်သော်လည်း သူမနှင့် ဆက်နွယ်နေသေးသည်။ 

ဆာစီးနီယာ သူ့ကိုယ်သူ အပြစ်တင်မိသည်။ သူမကိုယ်တိုင် ကြိုတင်သတိချပ်ပြီး ရပ်တန့်သင့်သော်လည်း သူမ,သိလိုက်ရသည့်အချိန်မှာ နောက်ကျနေပြီဖြစ်၍ ကိုယ်ကိုယ့်ကိုယ် နာကြည်းသွားမိသည်။ 

"အန္တရာယ်များတယ်...အဲ့ဒီနားမှာမနေနဲ့"

ထိုအချိန်တွင် အမျိုးသမီးတစ်ဦးသည် ကြောင်စီစီ ရပ်နေသော ဆာစီးနီယာ ၏ လက်ကိုဆွဲလိုက်သည်။

ဘုန်း....

ဆာစီးနီယာ သည် လက်ကို အဆွဲခံရစဉ်၊ မီးလောင်နေသော သစ်ပင်တစ်ပင်သည် သူမ ရပ်နေသည့်နေရာသို့ လဲကျသွားလေသည်။ စက္ကန့်အနည်းငယ်သာ နောက်ကျသွားလျှင် သစ်ပင်ကြီးက သူမ ခန္ဓာကိုယ်ကို ကြေမွသွားစေနိုင်သည်။

 "ကိုယ့်ကိုကိုယ် သတိကပ်ထား…မဟုတ်ရင် သေလိမ့်မယ်" 

အမျိုးသမီးသည် ဆာစီးနီယာ ၏ ပခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ လှုပ်ယမ်းလိုက်သည်။ 

"အမြန်ဆုံး လူတွေကို တတ်နိုင်သမျှ ကယ်ထုတ်" 

အခြေအနေက ပိုအရေးကြီးလေလေ၊ လူတစ်ဦးချင်းစီ၏ အကူအညီကို ပိုလိုအပ်လာလေ ဖြစ်၏။ အမျိုးသမီးသည် ဆာစီးနီယာကို အကြံဉာဏ်ပေးပြီးနောက် အခြားသူများကို ကယ်တင်ရန် ထွက်သွားတော့သည်။

နားထဲတွင် ကြားနေရသော အမျိုးသမီး၏ အသံကြောင့် ဆာစီးနီယာ သည် ဘေးဘီကို လှည့်ပတ်ကြည့်လိုက်မိသည်။ထို့နောက် သူမ၏ နီညိုရောင်မျက်လုံးများသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။ မကြာခင်မှာပင် လက်ရှိပစ္စုပ္ပန်ကာလကို သဘောပေါက်သွားတော့သည်။

အချင်းချင်း တွန်းထုတ်၊နင်းမိကြပြီး မီးတောက်ကနေ လွတ်မြောက်ဖို့ ပြေးကြ၊လွှားကြသည်။ တစ်ကိုယ်ကောင်းဆန်မှုတွေ ပြည့်နှက်နေသည့် ဖရိုဖရဲလမ်းမများဟာ ငရဲတမျှ ပူလောင်လှသည်။

ဆာစီးနီယာ သည် နှုတ်ခမ်းကို ကိုက်ထားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ 

အချိန်ကို နောက်ပြန်ဆုတ်လို့မရချေ။

ထို့ကြောင့် စောစောက အမျိုးသမီးပြောသည့်အတိုင်း လူများကို တတ်နိုင်လောက် ကယ်ထုတ်တာကမှ အကောင်းဆုံး နည်းလမ်းဖြစ်သည်။

"မမလေး ဆာစီးနီယာ" 

သူမနှင့် ကွဲသွားသော သူရဲကောင်းသည် သူမဆီ ပြေးလာနေသည်။

 "အဆင်ပြေရဲ့လား" 

သူမ မထိခိုက်တာကို တွေ့ရတော့ သူရဲကောင်း စိတ်သက်သာရာ ရသွားသည်။ 

"အင်း...ပြန်ကြရအောင်"

ဆာစီးနီယာ သည် ချက်ချင်းတည်းခိုခန်းဆီသို့ ပြေးသွားပြီး မေ နှင့် ဗားန် တို့ကို သွားတွေ့ရန် ပြင်လိုက်သည်။

 ဤနေရာနှင့် မြို့စားမင်းပိုင်နက် မှာ ဝေးကွာလွန်းတာကြောင့် မေ တို့နှစ်ယောက် ဘေးကင်းမည်ဟု အာမ,မခံနိုင်ပေ။

သို့ဖြင့်၊ဆာစီးနီယာ သည် ပြေးလွှားနေကြသည့် လူတွေကို ဖြတ်ပြီး မရပ်မနား ပြေးနေတော့သည်။

* * * 

ဖာဘီယမ်းလမ်းကို သူရဲကောင်းတစ်ယောက်နှင့် မြင်းစီးလာရင်း ဘန် က မီးနီ၊မီးညွန့်များနှင့် မီးခိုများဖုံးလွှမ်းထားသော မြို့ကို တွေ့လိုက်ရ၏။ သူ မြင်းဇက်ကြိုးကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်ရာ မြင်းက တစ်ချက်ဟီပြီး အရှိန်လျှော့ကာ မကြာမီ နေရာ၌ ရပ်သွားလေသည်။

"ဒီမီးခိုးတွေကို ငါပဲ မြင်နေရတာလား"

သူရဲကောင်းသည် အဝေးမှထွက်နေသော မီးခိုးလုံးကြီးကို မြင်လိုက်သောအခါတွင် မျက်လုံးပြူးသွားသည်။ 

“အဲ့ဒီနေရာက…”

သူရဲကောင်း အံ့ဩသွားရသည်မှာ ဆာစီးနီယာ တည်းခိုသည့် တည်းခိုခန်းမှ မီးခိုးများ နှင့် မီးတောက်များ ထွက်ပေါ်လာတာ ကြောင့်ပင်။ 

“ပြော” 

"သခင်.... မီးတောက်တွေက မမလေး ဆာစီးနီယာ တည်းတဲ့နေရာကပါ"

ထိုအချိန်တွင် ဘန် သည် ရင်ထဲ၌ နှလုံးခုန်သံကြီး မြည်ဟည်းသွားကာ ဟာလာဟင်းလင်းကြီး ဖြစ်သွားရသည်။သူ့အမြင်အာရုံများ မှုန်ဝါးလာပြီး လက်ခြေများပါ တုန်ရီလာသည်။

 "သေချာလား"

 "သေချာပါတယ်"

 “‌သေစမ်းကွာ” 

ချက်ချင်း ဘန် က ဇက်ကြိုးကို ထပ်ဆွဲလိုက်သည်။

 'ဘာလို့လဲ....ဆာစီးနီယာ က ဘာလို့ ဟိုမှာ ရှိနေတာလဲ'

သူ ကောင်းကောင်းအသက်မရှူနိုင်တော့။ ကျောက်တုံးတစ်ခုက သူ့ရင်ဘတ်ပေါ် လာဖိသလိုဖြစ်နေကာ စိုးရိမ်ပူပန်မှုများ ရောထွေးနေရသည်။ 'သူမ' သည် တစ်ဖန် ဆာစီးနီယာ၏ ကိုယ်ထဲ ထပ်မံရောက်နေသလားဆိုသည်ကိုတွေးပြီး ဘန် ကြောက်ရွံ့နေမိသည်။ သို့သော် ဆာစီးနီယာ ဘာမှမဖြစ်ဘဲ၊ ဘေးကင်းနေလိမ့်မည်ဟု သူ့ရင်ထဲက ယုံကြည်နေမိသည်။သူတို့ နှစ်‌ယောက် အရင်လိုအဖြစ်မျိုး ထပ်မကြုံချင်တော့ပေ။ သူမနှင့် အကြာကြီး ခွဲခဲ့ရပြီး သုံးနှစ်ကြာအောင် တခြားလူတစ်ယောက်လို နေထိုင်ခဲ့ရသည့်အချိန်တို့က များပြားလွန်းနေပေပြီ။

မေ နှင့် ဗားန် သည် ဆာစီးနီယာ ကိုတွေ့သောအခါ သူမထံ ပြေးလာသည်။ 

"အစ်မ...ဘယ်တွေရောက်နေတာလဲ...အစ်မကို စိုးရိမ်နေတာ...ဟီးဟီး...” 

မေ သည် မျက်ရည်လည်ရွဲ ဖြစ်နေကာ ဆာစီးနီယာ ကို ပွေ့ဖက်ထားလိုက်သည်။ 

"အဆင်ပြေရဲ့လား...ထိခိုက်သွားသေးလား"

ဆာစီးနီယာ ကလည်း မေ ၏ခန္ဓာကိုယ်ကို အနီးကပ်ကြည့်ကာ တတွတ်တွတ်မေးနေတော့သည်။

 "ဟူး...ညီမ အဆင်ပြေတယ်...ညီမတို့ အခု ဘာလုပ်ကြမလဲ...အပြင်မှာ မီးပင်လယ်ကြီးဖြစ်နေပြီ”

ဆာစီးနီယာ က မေ ကို နှစ်သိမ့်ပေးပြီး ဗားန် ကိုတစ်ချက် ကြည့်လိုက်သည်။

"မမလေးကို စိတ်ပူနေတာ…” 

ဗားန် ၏မျက်လုံးထောင့်များသည်လည်း မျက်ရည်များဖြင့် စိုစွတ်နေတော့သည်။ 

"ညီမကရော ဘာလို့ အစ်မ အခန်းထဲရောက်နေတာလဲ"

 "အခန်းက လင်းနေတယ်လေ...ဒါပေမယ့် မမလေး က မရှိဘူး... ဒါကြောင့် လျှောက်လည်းမရှာရဲလို့ ဒီမှာစောင့်နေတာ" 

သူမကို စိတ်ပူနေသော ဗားန် ကို ဆာစီးနီယာသည် နောက်ကျောကို လက်ဖြင့်ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ 

"ဟုတ်လား...ကဲ... အပြင်ထွက်ရအောင်... အထဲမှာ အရမ်းအန္တရာယ်များတယ်"

သူမမှာ အစီအစဉ်အတိအကျ မရှိသော်လည်း အပြင်ကို အရင်ထွက်ရ ပေမည်။တည်းခိုခန်းမီးလောင်ပါက အဆောက်အအုံ အတွင်းပိုင်းသည် မရဏတံခါးဝ ဖြစ်လာမည်ဖြစ်သည်။ 

“ဟုတ်ပြီ...သွားကြစို့”

ဗားန် နှင့် မေ တို့ကလည်း အားတက်သရော ခေါင်းညိတ်ကာ မျက်ရည် သုတ်လိုက်ကြသည်။ ထို့နောက် သုံးယောက်သား လှေကားမှဆင်းလာပြီး တံခါးမကြီး ဆီသို့ အပြေးသွားကြသည်။ 

“နေကြပါဦး" 

တစ်စုံတစ်ယောက်က သူမတို့ကို အသည်းအသန် ခေါ်နေသည်။

 "ကျေးဇူးပြုပြီး ကျွန်တော့်ကိုကယ်ပါ” 

ကြိုးချည်ခံရသည့် တည်းခိုခန်းပိုင်ရှင်က အော်ဟစ်အကူအညီတောင်းနေလေသည်။

"အဲ့ဒီလူက ဘာလို့ ကြိုးချည်ခံထားရတာလဲ"

အခြေအနေကို မသိသော ဗားန် နှင့် မေ တိုသည် တည်းခိုခန်းပိုင်ရှင်အား တွေ့သောအခါ အံ့အားသင့်သွားကြသည်။

"ကျွန်တော် လုပ်လိုက်ပါ့မယ်" 

"ခဏစောင့်ပါဦး" 

ဆာစီးနီယာ သည် ကြိုး‌ဖြည်ပေးရန် ကြိုးစားနေသော သူရဲကောင်းကို တားလိုက်သည်။ 

“ငါသူ့ကို ပြောစရာရှိတယ်.… နင်တို့အားလုံး အရင်သွားကြ” 

ထို့နောက် ချက်ချင်းပင် တည်းခိုခန်းပိုင်ရှင်ဆီ လျှောက်သွားလိုက်သည်။ 

“ကျေးဇူးပြုပြီး…”

တည်းခိုခန်းပိုင်ရှင်က ဆာစီးနီယာ ကိုကြည့်ကာ တောင်းပန်တိုးလျှိုးနေသည်။ အိပ်ခန်းထဲမှာ ပန်းလက်ဖက်ရည်ထဲ အိပ်ဆေးခတ်ပြီး သူမကို လုပ်ကြံခဲ့သူဖြစ်သော်လည်း ယခုတော့ သူမ စိတ်မကောင်းဖြစ်မိကာ တစ်ယောက်တည်းလည်း မထားရက်နိုင်ပေ။

ဆာစီးနီယာ သည် တည်းခိုခန်းပိုင်ရှင် အနားကို သွားလိုက်သည်။

 

"အား...ပူတယ်"

သူမ လက်ထဲမှ မီးတောက်က ကြိုးကို လောင်ကျွမ်းသွားသည့်အခါ တည်းခိုခန်းပိုင်ရှင်က အော်ဟစ်လိုက်သည်။ 

"ရှင့်ဘာသာရှင် ကြည့်ကျက်ပြီးထွက်...ကျွန်မလည်း ဒီ့ထက်ပိုပြီး မလိုက်လျောနိုင်ဘူး"

 

ထို့နောက် ဆာစီးနီယာ က တည်းခိုခန်းပိုင်ရှင်ကို ပြန်လှည့်မကြည့်ဘဲ အပြင်ထွက်သွားသည်။

“ထွက်ခဲ့ကြ..ဒီနေရာက အန္တရာယ်များတယ်” 

ဆာစီးနီယာ ထွက်လာသောအခါ ဧကရာဇ် စေလွှတ်ထားသော စစ်သည်ရဲမက်များသည် လူအများကို ကယ်ထုတ်လိုက်ကြသည်။ ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် မီးကို ရေနှင့်တစ်ဖုံ၊သံနှင့်တစ်ဖုံ ငြိမ်းသတ်ကြသည်။ ရေပက်ရန် ပိုက်ရှည်တစ်ချောင်းကို လှည်းပေါ်က ရေစည်နှင့် ချိတ်ဆက်ထားသော်လည်း မီးငြှိမ်းသတ်ရန် မလုံလောက်ချေ။

ကမ္ဘာကြီးတစ်ခုလုံး မီးအိုင်ဖြစ်နေပေပြီ။ထို့ကြောင့် ရေလောင်းလည်းမငြိမ်းသေး၊သဲနှင့်ပက်လည်း မငြိမ်းသေးပေ။

 “ရှောင်ကြ”

 "ပြိုကျနေပြီ... အားလုံး ထွက်” 

မကြာမီ လူအများ၏ အော်သံနှင့်အတူ ပေါက်ကွဲသံများ အုန်းကနဲ အုန်းကနဲ ထွက်ပေါ်လာပြီး မြေကြီးပါ တုန်သွားရတော့သည်။

ခဏနေ မီးခိုးများစဲမှ အိမ်တစ်လုံး ပြိုကျသွားခြင်း ဖြစ်ကြောင်း သိရပေတော့သည်။

 "ကျွန်မတို့ ဘာလုပ်ကြမလဲ"

မေ နှင့် ဗားန် တို့သည် ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြသည်။သူမတို့ မျက်စိနှင့် ပထမအကြိမ် မြင်လိုက်ရသည့် ဧရာမ မီးလုံးကြီးကြောင့် အခု ဘာလုပ်ရမှန်းတောင် မတွေးနိုင်တော့။ ကမ္ဘာကြီးတစ်ခုလုံး မီးလောင်ပြီး လုံခြုံသည့် နေရာမရှိတော့ သလိုပင်။

 “…” 

ဆာစီးနီယာ သည် နတ်ဆိုး၏မျက်လုံးများထက် နီရဲနေသော မီးတောက်များကို ကြည့်နေသည်။ သူမ,နေထိုင်သော အင်ပါယာကြီး ပြိုလဲသွားပြီ။ လူအင်အားနည်းပါးမှုကြောင့် မီးကို ကောင်းစွာမငြိမ်းသတ်နိုင်ဘဲ အော်ဟစ်သံများသာ ဆူညံပွက်လောရိုက်နေကြတော့သည်။ မီးတောက်တွေက အရာအားလုံးကို ပိုမြန်မြန် လောင်ကျွမ်းပြီး မီးခိုးတွေကလည်း ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

အခြေအနေကို ကြည့်ရင်း သူမ စိတ်ရှုပ်လာရတော့သည်။

 'ဒီအခြေအနေကြီးမှာ ငါဘာလုပ်ရမလဲ' 

'ငါ ထိုင်ကြည့်ရမှာလား…ဒါမှမဟုတ်…' 

'ငါ့စွမ်းအားကို သုံးရမလား'

သူမ ကူညီနိုင်တာတစ်ခုခုရှိလျှင် ကူညီပေးချင်မိသည်။ယခုအခြေအနေ၌ ဘယ်လောက်ပင် သေးသည့် လက်မဆို ၊လက်တစ်ဖက် ရှိလျှင်ပင် အားဖြစ်စေလိမ့်မည်။

သို့သော်လည်း သူမ၏ အကူအညီသည် ဘယ်လိုပုံစံဖြင့် လူအများကို သက်ရောက်စေမှန်း မသိတာကြောင့်၊ ရှေ့ဆက်တိုးရန် ဆန္ဒမရှိပေ။ကူညီပေးဖို့ ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း သူမကို စုန်းမဟု သတ်မှတ်သူများ၏ ဝေဖန်ချင်သည့် မျက်လုံးတွေကို သူမ မမေ့နိုင်သေး။

ဖြူဖွေးသွယ်လျသော သူမ လက်တစ်ဖက်က မျက်ခုံးမွှေးများ ဖုံးလွှမ်းနေသော အမာရွတ်လေးကို ထိတွေ့လိုက်သည်။ 

"အား.…စုန်းမ…ထွက်သွား"

ကျောက်တုံးနှင့် အပေါက်ခံထားရသည့် အမာရွတ်က ယခုထိ တုန်ခါနေဆဲ။

ဆာစီးနီယာ ၏ စွမ်းအားသည် လူသားတို့ကိုယ်တိုင် မသိဖူး၊မမြင်ဖူးပြီး အထူးအဆန်းသဖွယ် ဖြစ်နေတာကြောင့် လက်ခံ ယုံကြည် မပေးချင်ကြပေ။သူတို့နှင့် ကွဲပြားနေလျှင် မုန်းတီး၊စက်ဆုပ် ရွံရှာကြပေမည်။ 

ဆာစီးနီယာ ၏ ကြက်သွေးရောင်မျက်လုံးများသည် ကြောက်ရွံ့ထိတ်လန့်နေသော မေ နှင့် ဗားန် တို့ဆီရောက်ရှိသွားခဲ့သည်။

'ငါ့စွမ်းအားကို သိရင် သူတို့ကရော ငါ့ကိုမုန်းမှာလား' 

သူမအား အမြဲပြုံးပြတတ်သည့် လူများသည် လက်ဖဝါးကို မှောက်ရာမှ လှန်လိုက်သလိုမျိုး သူတို့ သဘောထားတွေ ချက်ချင်းပြောင်းသွားမှာ သူမကြောက်မိသည်။

သူစိမ်းတွေဆီက မျက်စိစုံမှိတ်ပြီး ဝေဖန်စကားတွေကို သူမ မကြောက်သော်လည်း သူမကို ရယ်မောပြုံးပြတတ်သူတွေက သူမကို ဆက်ပြီး မချစ်နိုင်တော့မှာ ကြောက်မိနေသည်။

ငါ အသက်တောင် ဆက်ရှင်နေနိုင်ပါ့မလား....

 “အား....ကျေးဇူးပြုပြီး ကျွန်မတို့ကလေးလေးကို ကယ်ကြပါဦး" 

ထိုစဉ် ထွက်ပေါ်လာသော အော်ဟစ်ငိုယိုသံကြောင့် မျက်လုံးများအားလုံးသည် ထိုအမျိုးသမီးဘက်သို့ လှည့်သွားကြသည်။