အပိုင်း ၁၁၃
Viewers 12k

Chapter 113

အိမ်ရှေ့မှာ ရပ်နေသည့် အမျိုးသမီးမှာ အော်ဟစ်ငိုယိုနေတော့သည်။

"ကျွန်မ ကလေး အောက်မှာ ပိနေပြီ….ကျေးဇူးပြုပြီး ကျွန်မရဲ့ ကလေးကို ကူညီကြပါ"

ပြိုကျနေသော အိမ်ကြီးကို အားလုံး လှည့်ကြည့်လိုက်ကြသည်။ သစ်သားနှင့်လုပ်ထားသည့် အိမ်၏ အကြွင်းအကျန်များမှာ အိမ်ပုံစံမပေါ်တော့လောက်အောင် ပြိုကျနေပြီး လူ့ခါးတစ်ရပ်လောက်အထိ စုပုံနေတော့သည်။

 "ကျေးဇူးပြုပြီး ကျွန်မ ကလေးကို ကယ်ပါ"

အမျိုးသမီးသည် စိတ်အားထက်သန်စွာ တောင်းဆိုနေသော်လည်း မည်သူမှ ရှေ့တိုးရန် ဆန္ဒမရှိပေ။စစ်သည်များပင် ထိုအမျိုးသမီးကို မျက်ကွယ်ပြုထားကြသည်။ မကြာခင် ပြာဖြစ်သွားတော့မည့် အဆောက်အဦးကို တူးဖော်ပြီး ကလေးတစ်ယောက်ကို ကယ်တင်လိုက်လျှင် ကိုယ့်သေတွင်း ကိုယ်တူးရာ ကျပေလိမ့်မည်။

 "ဟီး...ကျေးဇူးပြုပြီး…ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါ… အား” 

အဘယ်သူမှ မကူညီသောအခါ၊ အမျိုးသမီးသည် အိမ်ကြီး၏ အကြွင်းအကျန်များကို သူ့ဘာသာသူ ရှင်းပစ်တော့သည်။ သို့သော်လည်း မီးကျွမ်း‌နေပြီဖြစ်သဖြင့် မီးခဲများကိုင်မိကာ အခက်တွေ့နေရတော့သည်။

 "မဟုတ်ဘူး... ကျေးဇူးပြုပြီး တစ်ယောက်ယောက်... ဟူးဟူး..." 

အားလုံးက ဝမ်းနည်းနေသလိုမျိုး ထိုမိန်းမကို ကိုယ်ချင်းစာနေကြသည်။ ဆာစီးနီယာသည် အခြေအနေကို အဝေးမှကြည့်ကာ သူမ၏ နှလုံးသားကို ခိုင်မာလာအောင် ပြင်ဆင်လိုက်သည်။ ယခု ကလေးကို ကယ်တင်ဖို့ တောင်းဆိုနေသည့် အမျိုးသမီးမှာ စောစောက သူမကို လက်ဆွဲကယ်ခဲ့သူ ဖြစ်သည်။

အမျိုးသမီး၏ ခံစားချက်ကို သူမ နားလည်ပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အထီးကျန်၊စိတ်ပျက်ခြင်းဆို‌သော ခံစားချက်ကို အခြားသူများထက် ပိုသိတာကြောင့်ဖြစ်သည်။ 

"ငါ ပြောတာကိုနားထောင်"

လန့်နေကြသော မေ နှင့် ဗားန် တို့အား ကြည့်ကာ သူမ စကားစ,လိုက်သည်။ 

"စစ်သည်တွေစကား နားထောင်ပြီး ဘေးကင်းအောင်နေကြ"

 

"အင်း...အစ်မကရော ဘယ်လိုလဲ"

“မကြာခင် ငါလည်း လိုက်လာခဲ့မယ်… နင်တို့ အရင်သွားလိုက်"

"မဟုတ်ဘူး…အတူတူ သွားရအောင်" 

မေ သည် သူမ စကားကို ချက်ချင်း သဘောပေါက်သွားပြီး ဆာစီးနီယာ ၏လက်ကို အမြန်ဆွဲထားလိုက်သည်။ 

"နင်တို့ အရင်သွားပါ...နင်တို့ နောက်မှာ ငါရှိနေမယ်" 

ဆာစီးနီယာ သည် မေ့ လက်ကို အတင်းဖယ်ထုတ်လိုက်သည်။ 

"သူရဲ‌ကောင်း...သူတို့ကို ကျေးဇူးပြုပြီး ဂရုစိုက်ပေး‌ပါ" 

“မဟုတ်ဘူး...ကျွန်တော့်တာဝန်က ဆာစီးနီယာ ရဲ့ ကိုယ်ရံတော်ပါ" 

ဆာစီးနီယာ သည် အခိုင်အမာပြောနေသော သူရဲကောင်းကို ကြည့်နေသည်။

 “ကျွန်မကိုယ်ကို ကျွန်မ ကာကွယ်နိုင်တယ်… ဒါကြောင့် သူတို့နဲ့အတူနေပေးပါ… ဒါ တောင်းဆိုနေတာ မဟုတ်ဘူး… အမိန့်ပေးနေတာ"

 ထိုသို့ ပြောကာ ဆာစီးနီယာ သည် နောက်ပြန်မလှည့်ကြည့်ဘဲ ထိုအမျိုးသမီးဆီ ပြေးသွားခဲ့သည်။ 

သူရဲကောင်းသည် သူမ အမိန့်ကို အလွယ်တကူ မလိုက်နာနိုင်သေးပေ။ သို့သော် မြို့စားကတော်၏ အမိန့်သည် သခင်ဖြစ်သူ၏ အမိန့်နှင့်တူနေသည်။

 "ကျွန်တော် ခင်ဗျားတို့ကို ဘေးလွတ်ရာ ခေါ်သွားပေးမယ်" 

သူရဲကောင်းသည် မေ တို့အား ကယ်ဆယ်ရေး နေရာသို့ အမြန်ခေါ်ဆောင်သွားရန် ရည်ရွယ်ထား၏။

 "ကျွန်မ အစ်မ နောက်လိုက်မယ်"

မေ သည် ဆာစီးနီယာ နောက်လိုက်သွားရန်ကြိုးစားသောအခါ ဗားန် က သူမကို အမြန်ဖမ်းဆွဲထားသည်။ 

“အစ်မ… မမလေး မကြာခင် ပြန်လာမှာပါ.... ဒါကြောင့် သူမ ဘေးကင်းပါစေလို့ပဲ ဆုတောင်းနေကြရအောင်"

ဗားန် သည် ဆာစီးနီယာ တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်နေမိသော်လည်း သူမသာ ဆာစီးနီယာ နောက်လိုက်သွားလျှင် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်။

 “ဗားန်....ညီမ ကယ်ဆယ်ရေးစခန်းကို အရင်သွား… အစ်မ သူမနောက်လိုက်သွားမယ်"

 "အစ်မ" 

မေ သည် ဗားန် လက်ထဲမှရုန်းထွက်လာပြီး ဆာစီးနီယာ ကိုလိုက်သွားသည်။ယခုတစ်ခေါက်တော့ သူမ ဆာစီးနီယာ အနားမှာ ရှိနေချင်မိသည်။ ဆာစီးနီယာ သည် အကျဉ်းချခံခဲ့ရပြီး မှားယွင်းသော စွပ်စွဲမှုများကြောင့် မီးရှို့ခံရလုနီးပါးဖြစ်ခဲ့သောအခါက သူမ ဘာမှမလုပ်ပေးနိုင်ခဲ့ဘဲ ငိုသာငိုနေခဲ့သည်။ထို့ကြောင့် သူမ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် အပြစ်တင်မိသည်။ ထို့ကြောင့် ဒီတစ်ခါတော့ ဆာစီးနီယာ ဘေးမှာ ရှိနေပေးချင်သည်။ချက်ချင်း မေ သည် ဗားန်ခေါ် နေသံကို လျစ်လျူရှုကာ ဆာစီးနီယာ နောက်ကို ပြေးသွားတော့သည်။

* * *

ဆာစီးနီယာ သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးထံသို့ ချဉ်းကပ်လာသည်။ နွေးထွေးသော သူမ လက်များက အမျိုးသမီး၏ ပခုံးကို ဖက်ထားပေးလိုက်သည်။ 

“အစ်မရဲ့ကလေးကို ကျွန်မ ကယ်ပေးမယ်"

 အမျိုးသမီးက မျက်ရည်များဝဲလျက်သားနှင့် သူမကို မော့ကြည့်သည်။ 

"အီးဟီး...တကယ်လား" 

“ဟုတ်တယ်…အစ်မ ဟိုနားမှာ နေပါ...အစ်မ ထိခိုက်သွားနိုင်တယ်"

"အစ်မလည်း ညီမကို ကူညီမယ်" 

"ဟင့်အင်း...ကျွန်မဘာသာ လုပ်ပါရစေ"

 ပြိုကျနေသော အိမ်အနားမှ ထိုအမျိုးသမီးအား ကူတွဲပေးခဲ့သည်။

“ညီမ တစ်ယောက်တည်း လုပ်လို့ မဖြစ်နိုင်ဘူး…အစ်မလည်း ကြိုးစားခဲ့ပေမယ့်…” 

အကြွင်းအကျန်များကို ရှင်းလင်းရန် ကြိုးစားစဉ် အမျိုးသမီးသည် လက်ဖဝါးတစ်ခုလုံး မီးလောင်ဒဏ်ရာ ရသွားခဲ့သည်။

 "ခဏစောင့်"

ဆာစီးနီယာ က သူမကို စိတ်ချမ်းသာသွားအောင် ပေါ့ပေါ့ပါးပါး ပြုံးပြီး ရှေ့ကို လျှောက်ပြန်လာသည်။ မညှာတာသော မီးသည် သူမ မျက်စိရှေ့တွင် တဟုန်းဟုန်း တောက်လောင်နေသည်။ 

“ဟူး…” 

ဆာစီးနီယာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ဆူညံနေသော လူများကလည်း တီးတိုးပြောကာ သူမကို စိုက်ကြည့်နေသည်။ထို့ကြောင့် သူမ၏ နှလုံးသားမှာ ဖိအားများနှင့် ကြောက်ရွံ့မှုများကြောင့် တဒိန်းဒိန်းခုန်နေရသည်။ ဆာစီးနီယာ သည် ဘေးပတ်ဝန်းကျင်ရှိ မျက်လုံးများကို ဂရုမစိုက်ဘဲ မျက်နှာထား တည်တည်ထားလိုက်သည်။ 

ယခုအကြိမ်သည် လူကြားသူကြားထဲ၌ သူမ၏ စွမ်းအားကို ပထမဆုံးအသုံးပြုခြင်းဖြစ်သည်။ သူမကို စုန်းမလို့ ခေါ်သူတွေက်ိုတောင် စွမ်းအား ထုတ်မပြခဲ့ချေ။

 

ဘယ်အရာမဆို ပထမဆုံးအကြိမ်သည် အမြဲတမ်း ကြောက်စရာကောင်းပေသည်။ အထူးသဖြင့် ရလဒ်ကို မခန့်မှန်းနိုင်တာကြောင့် ဖြစ်သည်။ ကလေးကို ကယ်တင်ရန်ပြင်ရင်း ရင်ပြင်မှာ သူမကို မီးရှို့ဖို့ စောင့်ဆိုင်းနေသည့် ရွာသူရွာသားများအား စိတ်ထဲပြန်မြင်ယောင်လာရသည်။

ဆာစီးနီယာ မျက်မှောင်ကြုတ်လိုက်သည်။ 

'မဟုတ်ဘူး… အဆင်ပြေသွားမှာပါ... အားလုံးအဆင်ပြေသွားမှာပါ' 

မဖြစ်သေးသော နိဂုံးကို ကြိုတွေးပြီး စိတ်ပျက်မနေမိစေရန် အရေးကြီးသည်။

သူမသည် စိတ်ကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။ အနည်းငယ် တုန်ရီနေသော သူမ လက်သည် မီးတောက်များဆီ ဖြည်းညှင်းစွာ ရောက်ရှိသွားသည်။နှောင့်နှေးသွားပါက ကလေး၏ အသက်အန္တရာယ်ကို အာမ,မခံနိုင်ပေ။

ယခု ကလေး၏ အခြေအနေသည် သေသလား၊ရှင်သလားတောင် မသိရသေး။

သို့သော်၊ ကလေး၏ မိဘများသည် အနည်းဆုံး အလောင်းကို ကြည့်ရှုလိုကြသည်။ 

ဆာစီးနီယာ ၏ လက်ဖဝါးသည် မီးတောက်များဆီသို့ ဆန့်တန်းသွားသည်။

ဝှီး...

ထိုအခါ ကောင်းကင်အဆုံးအထိ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များသည် လေဆင်နှာမောင်းတစ်ခုလို လှည့်ပတ် နေတော့သည်။

 "အဲ့ဒါဘာလဲ..."

 "ပြေးကြ" 

ထူးထူးဆန်းဆန်း မြင်ကွင်းကို မြင်လိုက်ရသူတွေခမျာ တုန်လှုပ်ခြောက်ခြား အော်ဟစ်လိုက်ကြ‌တော့သည်။ ခရုပတ်ပုံသဏ္ဍာန်ဖြင့် လှည့်ပတ်နေသော မီးတောက်များသည် ဘေးပတ်ပတ်လည်တွင် မီးပွားငယ်များ ဖြာထွက်လာပြီး ဆာစီးနီယာ ဆီကို ပြေးလာကြ၏။

 “အား...မကောင်းဆိုးဝါးမ,ပဲ"

"ကယ်ပါ..ငါ့ကိုကယ်ကြပါ"

ဆာစီးနီယာ သည် တည်ငြိမ်နေသော်လည်း အခုမှ ပထမဆုံး မြင်မြင်ဖူးသူများသည် အံ့ဩဘနန်း ‌ဖြစ်နေကြသည်။

တောက်လောင်နေသော လေဆင်နှာမောင်းသည် ဆာစီးနီယာ ၏ လက်ဖဝါးဆီသို့ ပြေးလာသည်။ထို့နောက် ဘယ်လိုမှ ငြိမ်းမရသည့် မီးတောက်များမှာ အနီရောင် အပူရှိန်၊အပူ‌ငွေ့တွေ ဖြစ်သွားကြသည်။ 

“ဟင့်အင်း…"

အားလုံးသည် ထူးဆန်းသော ဖြစ်စဉ်ကြောင့် အသက်ရှုကြပ်သွားကြသည်။ မကြာခင်မှာပင် အနီရောင်အပူရှိန်တွေက ဆာစီးနီယာ ၏လက်ဖဝါးထဲကို စိမ့်ဝင်သွားသည်။ မီးတောက်များကို ဝါးမျိုလိုက်သော ဆာစီးနီယာ သည် သူမ လက်ကို ချက်ချင်း ကောင်းကင်ထက်ကို ဖြန့်လိုက်ရာ သူမ စုပ်ယူလိုက်သော အပူရှိန်တို့သည် ကောင်းကင်ထက်သို့ လွင့်ထွက်သွားလေသည်။

 “…”

 “…” 

မီးကိုရေနှင့်ငြိမ်းလိုက်သလို ရွှဲကနဲ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်။ သူတို့ကိုယ်တိုင် မျက်စိနှင့် မြင်လိုက်ရသော်လည်း မယုံနိုင်စရာ ဖြစ်နေတော့သည်။မြင်ကွင်းက အလွန် ထိတ်လန့်စရာကောင်းပြီး ဘာပြောရမှန်းတောင် မသိတော့။

ဆာစီးနီယာ သည် မီးတောက်များကို သပ်သပ်ရပ်ရပ် စုပ်ယူလိုက်ပြီး အကြွင်းအကျန်များကို လွှင့်ပစ်လိုက်သည်။ မကြာခင် သူမသည် မီးသွေးတုံးများ ဖြစ်နေသည့် အပျက်အစီးပုံကို မွှေနှောက်ပြီး ကလေးကို ရှာဖွေလိုက်သည်။မကြာမီ သူမ လက်တွေမှာ ပြာတွေကြောင့် မည်းတူးလာတော့သည်။ အကြွင်းအကျန်များကို ဖယ်ရှားလိုက်သောအခါ မပျက်စီးသေးသည့် စင်တစ်ခုကို သူမ တွေ့ရှိခဲ့သည်။ စင်ကလည်း ပြောင်းပြန်ဖြစ်နေပြီး မြေပြင်ပေါ် လဲကျနေသည်။ကံကောင်းစွာနှင့်၊စင်ပေါ်တွင် ပစ္စည်းပစ္စယများ ပေါများနေတာကြောင့် မီးကောင်းကောင်းမလောင်သွားပေ။

“အမ်…” 

ကြက်တူရွေးလို အော်ဟစ်ငိုကြွေးနေသည့် ကလေးသည် ကြောက်စရာကောင်းသော အမှောင်ထု ပျောက်ကွယ်သွားသောအခါ ခေါင်းထောင်ကြည့်လာသည်။တုန်လှုပ်နေသော ကလေးနှင့် ဆာစီးနီယာ တို့မှာ မျက်လုံးချင်းဆုံမိသွားကြ၏။

"သွားရအောင်....အမေ စောင့်နေတယ်"

ဆာစီးနီယာ သည် ကလေးကို လှမ်းပြောလိုက်သည်။ ကျောက်ခဲနှင့် ပေါက်ခံရတုန်းကလို ရင်ထဲ ဖြစ်သွားသော်လည်း သတ္တိကို တစ်ဖန်ပြန်လည်စုစည်းထားသည်။ 

"အီး ဟီး"

ကလေးသည် ဆာစီးနီယာ ဆီ ပြေးလာနေပြီး ပွေ့ဖက်လိုက်တော့သည်။ ရုတ်တရက် ပွေ့ဖက်လိုက်သော ကလေးကြောင့် သူမ လန့်ဖျပ်သွားသော်လည်း ကလေးကို အမြန်ပွေ့ဖက်ထားလိုက်သည်။ သေးငယ်ပြီး နူးညံ့သောလက်မောင်းများက သူမ၏ လည်ပင်းကို ဖက်ထားလေသည်။

“ဘာမှမဖြစ်ဘူးနော်... အဆင်ပြေပါတယ်” 

သူမသည် ကလေးကို နောက်ကျော ပုတ်‌ပေးလိုက်သည်။ ကလေး၏ မျက်ရည်စက်များသည် သူမ ပခုံးပေါ်ကို အဆက်မပြတ် စီးကျလာရသည်။ 

“ဟွတ်…ဟင့်...ဟင့်” 

"သမီး အမေဆီ ခေါ်သွားပေးမယ်နော်"

ကလေး၏ နွေးထွေးမှုသည် သူမ ရင်ဘတ်ထဲထိ စိမ့်ဝင်သွားရကာ ဆာစီးနီယာ ၏ မျက်လုံးများသည် ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။ထို့နောက် ဆာစီးနီယာသည် ကလေးကို ပွေ့ခေါ်ကာ သူ့အမေဆီ ခေါ်လာပေး၏။မြေပြင်ပေါ်တွင် လဲကျနေသော ကလေး၏ မိခင်သည် ချက်ချင်း ထလာသည်။

 “အမေ…”

ကလေးသည် မိခင်၏ မျက်နှာကိုမြင်သောအခါ၊ ဆာစီးနီယာ လက်ထဲမှ အတင်းရုန်းတော့သည်။

 "အမ်မလီ"

ဆာစီးနီယာ က ကလေးကို မြေကြီးပေါ်ချလိုက်သည်နှင့် ကလေးမှာ သူ့အမေဆီ ချက်ချင်းပြေးသွားတော့သည်။

 "အမေ"

 "အမ်မလီ"

အမျိုးသမီးသည် ဒူးထောက်ထိုင်လိုက်ပြီး သူမ၏ အဖိုးတန်ကလေးလေးကို ပွေ့ဖက်လိုက်သည်။ ကလေးက သူ့အမေ ရင်ခွင်ထဲမှာ ငိုလျက်။

အနီးနားက လူတွေမှာလည်း အမေနှင့်သမီးကို ကြည့်နေကြသည်။

အမျိုးသမီးသည် ကလေးကို အချိန်အကြာကြီး ပွေ့ဖက်ထားပြီးမှ ဆာစီးနီယာ ရှေ့ကို လျှောက်လာသည်။ 

"ကျေးဇူးတင်ပါတယ်…ကျေးဇူးအရမ်းတင်ပါတယ်"

အမျိုးသမီးက ဦးညွှတ်ပြီး ဆာစီးနီယာ အား ကျေးဇူးတင်စကား ပြောနေသည်။ 

“ဒီကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲ…” 

"ကလေးလေး အဆင်ပြေနေတာပဲ...ကျွန်မ အတွက် ဘာမှမလိုပါဘူး"

သူမသည် ဘယ်လို ဆုလာဘ်ကိုမှ မမျှော်လင့်ထားပေ။

“ကျေးဇူးတင်ပါတယ်…ကျေးဇူးအများကြီးတင်ပါတယ်.... အမ်မလီ…ဒီမမကို ကျေးဇူးတင်ကြောင်း ပြောလိုက်လေ"

 "ကျေးဇူးတင်ပါတယ်" 

သူမ၏ အစွမ်းအစကို အခုမှ မြင်ဖူးသော်လည်း အဆုံးမဲ့ ကျေးဇူးတင်ခြင်းများသာ သူတို့ မျက်လုံးထဲတွင် ထင်ဟပ်နေသည်။ ဆာစီးနီယာ သည် နူးညံ့သော အပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။ ရိုးသားစွာ ကျေးဇူးတင်ခြင်းသာလျှင် သူမအတွက် ပြီးပြည့်စုံသွားရသည်။ထို့အပြင် နောက်ဆက်တွဲ အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆာစီးနီယာ သည် သူမ အစွမ်းကြောင့် လူတစ်ယောက်ထံမှ ကျေးဇူးတင်စကား မကြားဖူးခဲ့တာကြောင့်ပင်။