အပိုင်း ၁၁၄
Viewers 13k

Chapter 114

“အစ်မ ဆာစီးနီယာ…”

ထိုစဉ် မေက သူမ နာမည်ကို ခေါ်နေသည်။ မေ သည် ဆာစီးနီယာ ကို စစောစောကတည်းက မြင်လိုက်သောကြောင့် စိတ်ရှုပ်ထွေးနေပုံရသည်။ 

“နင်…” 

ဆာစီးနီယာ သည် မေ ကိုကြည့်ရင်း စကားကိုပင် ဆုံးအောင် မပြာနိုင်တော့ဘဲ သူမ အနားကို သွားလိုက်သည်။ မေ့ ရှေ့မှာ မိသွားမှာ စိုးတာကြောင့် သူမ နှင့် ဗားန် တို့အား ဘေးလွတ်ရာသို့ ဦးစွာ သွားခိုင်းထားခြင်းဖြစ်သည်။ ယခုတော့ မေက သူမ အကြောင်းတွေ အကုန်သိနေပြီမို့ သူမကို ကြောက်ရွံ့ပြီး စက်ဆုပ်သွားမှာ စိုးရွံ့လာသည်။ 

"အစ်မ မထိခိုက်သွားဘူး မဟုတ်လား" 

မေ သည် သူမ၏စိတ်ကို မစုစည်းနိုင်ဖြစ်နေသော်လည်း အတတ်နိုင်ဆုံး ထိန်းပြီးပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဂိုဒေါင် မီးလောင်ပြီးနောက် ဆာစီးနီယာ ပြောခဲ့သည့်စကားကို သတိရမိသောကြောင့်ဖြစ်သည်။ 

"ငါရုတ်တရက် လူဆိုးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

 သူမ စကား၏ အဓိပ္ပါယ်ကို မေ အခုတော့ အပြည့်အဝ နားလည်ခဲ့ပြီဖြစ်သည်။ ဆာစီးနီယာ ၏ စွမ်းအားက လူတိုင်းကို ထိခိုက်နစ်နာစေနိုင်သည်။ သို့သော်လည်း သူမ ပြန်ပြောခဲ့သည့် အတိုင်း ဆာစီးနီယာ သည် ထိုသို့ပြုလုပ်မည့်သူ မဟုတ်ပေ။

ယခုလည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ကလေးကို ကယ်တင်ခဲ့သည် မဟုတ်ပါလား။ 

"ရပါတယ်" 

မေ၏ မပြောင်းလဲသော သဘောထားကြောင့် ဆာစီးနီယာ စိတ်သက်သာရာရသွားသည်။

"တော်သေးတာတာပေါ့"

မေ သည် ဆာစီးနီယာ ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ ဆာစီးနီယာ ကလည်း ပြုံးပြီး မေ ကို နွေးထွေးစွာ ပွေ့ဖက်လိုက်သည်။ 

"မင်းက ဘယ်သူလဲ" 

အသံတစ်သံက သူတို့နှစ်ယောက်ကြားက အေးချမ်းသည့် လေထုကို ချိုးဖျက်ပစ်လိုက်၏။ နှစ်ယောက်သား တစ်ဖက်ကို လှည့်ကြည့်လိုက်ကြရာ သူရဲကောင်းများက သူမတို့အား ဝိုင်းထားကြလေသည်။

“အခု အခြေအနေမှန်ကို သေချာရှင်းပြရမယ်”

သူရဲကောင်းများသည် သူမတို့နှစ်ဦးကို ခွဲထုတ်ပြီး ဆာစီးနီယာ ၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် ကျယ်လောင်သော မြင်းတစ်ကောင်၏ ဟီသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မကြာမီ ဒေါသကြီးနေပုံရသော ခြေသံပြင်းပြင်းတွေက သူတို့ဆီ ချဉ်းကပ်လာကြ၏။

"မင်းလက်ကို ဖယ်လိုက်" 

သူ့အသံက ဖန်ကွဲစတစ်စလို အေးစက်စူးရှပြီး ပတ်ဝန်းကျင်ကို ငြိမ်သက်သွားစေသည်။ 

“မြို့စားမင်း ကို နှုတ်ဆက်ပါတယ်" 

သူရဲကောင်းများသည် ထိုလူ၏မျက်နှာကို တွေ့သွားသောအခါ လန့်ဖျပ်သွားပြီး ဒူးထောက်လိုက်ကြသည်။

"မင်းတို့က သူမ ခန္ဓာကိုယ်ကို ထိရဲတယ်" 

ဘန် က ဓားကို ဆွဲထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

"ဘန်" 

ဆာစီးနီယာ သည် ရုတ်တရက် ဘန့် ပုံစံကြောင့် မျက်လုံးပြူးသွားရသည်။ 

"ဆာစီးနီယာ"

ဘန် သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် လမ်းလျှောက်လာရင်း လှပသော သူမ မျက်နှာကလေးကို မြင်လိုက်ရသောအခါ ဘာမှမစဉ်းစားနိုင်တော့ပေ။ ချက်ချင်း သူမဆီ ပြေးလာပြီး သူမ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ထိုအခါ သူမ၏ နွေးထွေးသော ကိုယ်ငွေ့ကလေးသည် သူ့ရင်ထဲထိ တိုးဝင်လာသည်။ အခုမှသာ အသက်ရှုဝသွားတော့သည်။သူ့ရင်ဘတ်ထဲထိ ‌ဝင်ရောက်နေသော စိုးရိမ်မှု အလုံးအရင်းများသည် ချက်ချင်းပင် အရည်ပျော်သွားသည်။

 "ကိုယ် စိတ်ပူနေတာ"

ထို့နောကမ သူမကို ဂရုတစိုက် ပွေ့ဖက်ထားလိုက်သည်။ 

“မင်းဘေးကင်းနေလို့ ကိုယ်တစ်ကယ်ဝမ်းသာတယ်…” 

ဆာစီးနီယာ လည်း ပြုံးရိပ်သမ်းလို့နေသည်။ မေ နှင့် ဘန် တို့၏ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုတို့ကို ရင်ထဲက သိနေ၍ သူ့ကို အတင်းအကျပ် ပွေ့ဖက်လိုက်သည်။

"ရှင် ဒီကို ဘယ်လိုရောက်လာတာလဲ" 

"မသင်္ကာစရာ တစ်ခုခု ဖြစ်နေတယ် ကြားလို့"

 "အင်း… ရထားလုံး…."

ခဏလောက်မေ့သွားခဲ့သည့် ရီနာ က သူမ စိတ်ထဲပြန်ပေါ်လာသည်။ သူမထွက်ပြေးသွားပြီ ဖြစ်သောကြောင့် သူမ ဘယ်သွားမှန်း မသိတော့ချေ။ရထားလုံး ပျက်တာက စပြီး မီးလောင်မှုဖြစ်ပွားခဲ့ရသည်။ ယခု ရီနာ ၏ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို သူမ သိဖို့ လိုအပ်သည်။ 

ဆာစီးနီယာ သည် လေးနက်သော မျက်နှာထားဖြင့် အတွေးထဲတွင် နစ်မြုပ်နေချိန်တွင် ဘန်က သူမကို လွှတ်ပေးလိုက်ပြီး ယူလာသော ကုတ်အင်္ကျီကို သူမ ပုခုံးပေါ် တင်လိုက်သည်။ 

ထို့နောက် မျက်နှာထား ပြောင်းသွားကာ ဆာစီးနီယာ ၏ ပခုံးကိုဆွဲကိုင်ခဲ့သော သူရဲကောင်း၏ အင်္ကျီကော်လံကို ဖမ်းဆုပ်လိုက်သည်။ 

"မြို့စားမင်း" 

မြို့စားမင်း ၏ မမျှော်လင့်ထားသော သဘောထားကြောင့် သူရဲကောင်း၏ နဖူးပေါ်မှ ချွေးဒီးဒီး ထွက်လာသည်။

 "မင်းမှာ အသက် အပိုပါသလား"

သူ့မျက်လုံးများသည် ကောင်းကင်ယံကိုပါ စိန်ခေါ်ချင်သယောင် မောက်မာနေတော့သည်။ 

"ခင်ဗျာ…မြို့စားမင်း ဘာတွေပြောနေတာလဲ…”

"ဟင်...မင်းက မြို့စားမင်းကတော် ရဲ့ခန္ဓာကိုယ်ကို ဘယ်လောက်ထိ သတ္တိရှိလို့ လာထိရဲတာလဲ" 

"မြို့စားမင်း ကတော်... တောင်းပန်ပါတယ်...ကျွန်‌တော် မှားသွားပါပြီ" 

မြို့စားမင်း ၏စကားကြောင့် သူရဲကောင်း၏မျက်နှာသည် ဖြူဖျော့သွားပြီး ချက်ချင်းပင် နှာခေါင်းနှင့် မြေကြီးထိကပ်နေသည်အထိ ခေါင်းကိုငုံ့ထားတော့သည်။သူ့ သဘောထားက အပြောင်းအလဲ မြန်လှသည်။

ဆာစီးနီယာ က ဘန် ၏လက်တစ်ဖက်ကို သွားကိုင်လိုက်ရာ ဘန်က သူမကို လှည့်ကြည့်လာတော့သည်။

 

“အဆင်ပြေပါတယ်...တော်ပါတော့"

သူမသည် တန်ဖိုးမရှိသည့် အရာတွေအတွက် အချိန်မဖြုန်းချင်ပေ။ သူမ၏ စကားအဓိပ္ပါယ်ကို အသိအမှတ်ပြုပြီး ဘန် က သူရဲကောင်းကို လွှတ်ပေးလိုက်သည်။

 "ထွက်သွား" 

"ဟုတ်ကဲ့...ဒီကိစ္စကို ကျွန်တော်တို့ ဘုရင်မင်းမြတ်ထံ မှာ အစီရင်ခံတင်ပြရပါမယ်…”

သူရဲကောင်းသည် တုံ့ဆိုင်းနေပြီး သူ့စကားအဆုံးတွင် မှုန်ဝါးဝါး ပြောလိုက်သည်။ ထိုထူးဆန်းသော စွမ်းအားကို သူ့မျက်စိနှင့် မြင်သော်လည်း မယုံနိုင်ဖြစ်နေရသဖြင့် ဧကရာဇ်ဘုရင်ထံ အစီရင်ခံရန် တာဝန်ရှိသည်။ ဤအခြေအနေသည် သဘာဝကပ်ဘေးဟု ကြေညာပြီးသည့်အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို သတင်းပို့ရန်မှာ စည်းမျဉ်း၊စည်းကမ်း ဖြစ်တော့သည်။ မြို့စားမင်းကတော် ၏ရာထူးသည် မည်မျှပင်မြင့်မားပါစေ၊ ဤအရာသည် ဧကရာဇ်မင်းမြတ်၏ အမိန့်ဖြစ်သည်။ 

“အဲ့ဒီကိစ္စက ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး...” 

ဘန် က အခိုင်အမာ ပြောလိုက်၏။

သူ မြင်းစီးလာသောအခါက၊ ဘန် သည် ဆာစီးနီယာ မှာ စွမ်းအားကို အသုံးပြုနေတာကို ယောင်ဝါးဝါးမြင်လိုက်ရသည်။ ဧကရာဇ်မင်းထံ အစီရင်ခံမည်ကိုပါ ကြားလိုက်ရသဖြင့် သူ့ကိုယ်ထဲက သွေးများ ဇောက်ထိုးစီးသွားသည်။ 

"မြို့စားမင်း … ”

“ဘာမှ မဖြစ်ဖူးဘူးလို့ မှတ်" 

သူရဲကောင်း မျက်မှောင်ကြုတ်သွားပြီး ပါးစပ်ပိတ်ထားရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူသည် ဧကရာဇ်၏အမိန့်ကို လိုက်နာရမည် ဖြစ်သော်လည်းမြို့စားကြီးကလည်း သူ့ကို ဖိအားပေးနေပြန်သည်။

 "ဒီအကြောင်း ကောလဟာလတွေ ပြန့်သွားရင် မင်းတို့အားလုံးကို ငါ ခွင့်မလွှတ်ဘူး" 

ကျယ်လောင်သော အသံသည် ကောင်းကင်ယံထက်ကို လူကြားထဲ မှ ထိုးဖောက် ဝင်ရောက်သွားသည်။ထိုအသံတွင် တန်ခိုးအာဏာရှိသည်။ လူတိုင်း အသက်ရှုကြပ်ပြီး နာခံသွားစေနိုင်သော ပြင်းထန်သည့် စွမ်းအားတစ်ခုပင်။ထိုနေရာရှိလူတိုင်း အေးခဲသွားသည်။ သူရဲကောင်းများနှင့် ကြည့်ရှုသူအားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပါးစပ်ပိတ်ထားကြသည်။ 

“…” 

ဆာစီးနီယာ စကား မပြောနိုင်တော့။ မီးပင်လယ်ဖြစ်လာသော အင်ပါယာကို သူမ ငေးကြည့်နေမိသည်။ ပြိုကျသွားသည့်အိမ်ကို မီးငြှိမ်းသတ်ရုံနှင့် ဘာမှ မထူးခြားလာပေ။ထို့အပြင် မီးတောက်များသည် ယခင်ကထက် ပိုမိုကြီးမားလာသည်။ သူရဲကောင်းများနှင့် လူအများသည် မီးငြိမ်းသတ်ရန် အတူတကွ လုပ်ခဲ့သော်လည်း ကြီးမားသော မီးတောက်များမှာ ဖာဘီယမ်း လမ်းကို ဖုံးလွှမ်းနေပြီဖြစ်သောကြောင့် အချည်းနှီးဖြစ်သွားရသည်။ 

ဖာဘီယမ်း ၏ အဓိကလမ်းကို ဖုံးလွှမ်းနေသော မီးတောက်များမှ မီးခိုးများသည် အခြားနေရာများထိ ဆက်လက်ရွေ့လျားသွားသည်။ 

'မီးငြိမ်းအောင် ငါ ဒီမီးတောက်ကို စုပ်ယူရမယ်' 

သူမသည် လေထဲ ဝေ့ဝဲလာသော မီးခိုးများကို စုပ်ယူရန် လိုအပ်ပေသည်။ဘန် ၏ ထောက်ထားစာနာမှုအတွက် သူမကျေးဇူးတင်ရသော်လည်း လူအများက သူမ၏ စွမ်းအားကို မြင်ပြီးဖြစ်သည်။ မရေမတွက်နိုင်သော ပါးစပ်ပေါက်များကို ပိတ်ထားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဧကရာဇ်မင်း၏ ရွှေနားတော်သို့ မရောက်ရှိမီ အချိန်တစ်ခုသာရှိမည်ဖြစ်သည်။ အင်အားသုံး ဖုံးဖိဖို့ ကြိုးစားလျှင်လည်း နောက်ပိုင်းမှာ ပိုပြီး ထိခိုက်လာမည်ဖြစ်သည်။

"ဆာစီးနီယာ… အခုပြန်ကြရအောင်"

ဘန် သည် စိုးရိမ်နေသော ဆာစီးနီယာ ၏ လက်ကို ဆုပ်ကိုင်ထားသည်။ ထို့နောက် သူ စီးလာသော မြင်းဆီ သူမကို ခေါ်သွားသည်။ အန္တရာယ်တွေ ပြည့်နှက်နေသည့် ဤနေရာ၌ သူမကို မထားခဲ့နိုင်တော့။

ထို့နောက် သူ့နောက်ကို လိုက်လာသော သူမ၏ ခြေလှမ်းများသည် ရုတ်တရက် ရပ်တန့်သွားသည်။ 

“ဘန်” 

ဆာစီးနီယာ သည် သူ့မျက်လုံးများကို တည့်တည့်ကြည့်နေသည်။

 'ငါ ဒီလိုပြန်သွားရင် ဘာဖြစ်မလဲ' 

‘ဒါဆို အင်ပါယာကို ဝါးမျိုထားတဲ့ ဒီမီးတောက ဘာဖြစ်သွားမလဲ… တစ်နေ့နေ့တော့ ငြိမ်းသွားမှာ သေချာပေမယ့် အရာအားလုံးဟာ ပြာဖြစ်သွားမှ ငြိမ်းသွားမှာလေ'

 'ငါ့ရဲ့ စွမ်းအားကို အခုမှ ဘာကြောင့် နားလည်လာတာလဲ', 

မီးစုပ်ယူနိုင်စွမ်း…

ဤအရာအားလုံးသည် ကံကြမ္မာတစ်ခု ယှက်နွယ်နေပုံရသည်။ မူရင်းဇာတ်လမ်းမှာ သူမသည် အင်ပါယာကို မီးရှို့ခဲ့သူပင်။ယခုမူ မူရင်းဇာတ်လမ်းထဲကလို သူမကိုယ်တိုင် မစတင်ခဲ့သော်လည်း လစ်လျူရှုထားလို့မရချေ။ 

"မြင်းပေါ် တက်သင့်ပြီ ထင်တယ်" 

သူမ၏ မယိမ်းယိုင်သော ကြက်သွေးရောင် မျက်လုံးများက သူ့ကို တည့်တည့်ကြည့်နေသည်။

 “ဆာစီးနီယာ” 

ဘန် ၏ မျက်လုံးများ တုန်လှုပ်သွားသည်။သူမ ခြေလှမ်းရပ်လိုက်ကတည်းက သူ မျှော်လင့်ထားသလို ဖြစ်လာမည်လားဟု ထင်ခဲ့သော်လည်း သူမ စကားကို ကြားလိုက်သည့်အခါ သူ့နှလုံးခုန်သံတွေ ပိုမြန်လာရ၏။

"ဒါက ကျွန်မကံကြမ္မာပဲလို့ ပြောရင် ရှင်ယုံမှာလား" 

“ အန္တရာယ်များလွန်းတယ်…” 

ဆာစီးနီယာ သည် သူမဆုံးဖြတ်ထားသည့်အရာတစ်ခုအား ဘယ်တောမှ ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူးဆိုတာကို ဘန် က တခြားသူတွေထက် ပိုသိသည်။ သို့တိုင် သူမကို တားချင်မ်ိသည်။ သူမကို အန္တရာယ်နည်းနည်းလေးမှတောင် မဖြစ်စေချင်။သူမသာ ဒုက္ခတွေ့သွားလျှင် သူမ တစ်သက်လုံး အပြစ်ရှိစိတ်ကြီးနှင့်သာ နေထိုင်သွားမည်ဖြစ်တော့၏။

 "တောင်းပန်ပါတယ်....ဒါပေမယ့် ကျွန်မ လုပ်ရမယ်"

ဆာစီးနီယာ သည် တစ်ကယ့်ကို စိတ်မကောင်းဖြစ်ပုံရနေသော်လည်း လေးနက်နေသော မျက်လုံးထဲတွင် တုံ့ဆိုင်းမှု တစ်ချက်မှ မရှိပေ။ 

"အရာရာက မင်းဆန္ဒအတိုင်းပါပဲ"

ဘန် သည် သူ ရှုံးနိမ့်သွားကြောင်း ကြေငြာလိုက်သည်။ယခုတစ်ခေါက်လည်း မျှော်လင့်ထားသလို ဖြစ်ခဲ့ရပြန်သည်။ သူမကို ပထမဆုံးစတွေ့ချိန်ကစ၍ သူမကို တစ်ခါမှ မစိုးမိုးနိုင်ခဲ့ပေ။

 "ကိုယ် မင်းအနားမှာ အမြဲရှိနေမှာပါ" 

ဘန် သည် ဆာစီးနီယာ ၏ လက်ဖမိုးကို နမ်းရင်း ပြောလိုက်သည်။ သူမသည် သူ့အတွက် ဤကမ္ဘာပေါ်ရှိ အဖိုးတန်ဆုံးအရာဖြစ်တာကြောင့် သူမ ဆန္ဒကို ဆန့်ကျင်မှာ မဟုတ်ချေ။ သူတို့နှစ်ယောက်ကို ကြမ်းတမ်းသည့် ဆူးခင်းလမ်းတစ်ခုဆီ ပို့ဆောင်လိုက်လျှင်တောင် သို့မဟုတ် မတ်စောက်သည့် ချောက်ကမ်းပါးတစ်ခုကို ရောက်သွားလျှင်တောင် သူမ ဆန္ဒကို ဆန့်ကျင်မှာမဟုတ်ပေ။ဆာစီးနီယာ ကသာ ဆူးခင်းလမ်းပေါ် လျှောက်ချင်လျှင် ဆူးကို သူ့ဘာသာသူ ဖယ်ရှားပစ်မည်ဖြစ်သည်။ ဆူးလမ်းကို လျှောက်သွားရင်း အဆုံးအထိ သူမနှင့် အတူရှိနေမည်ဖြစ်သည်။အကြောင်းမှာ သူမသည် သူ့ကံကြမ္မာဖြစ်ပြီး သူကာကွယ်ရမည့်သူ တစ်ယောက် ဖြစ်နေတာကြောင့်ပင်။