အပိုင်း ၁၁၅
Viewers 12k

Chapter 115

"ကျေးဇူးတင်ပါတယ်" 

ဆာစီးနီယာ သူ့ကို နူးညံ့စွာ ပြုံးပြလိုက်သည်။ ဘန် က သူမကို အမြဲထောက်ခံခဲ့သောကြောင့် သူမ ရှေ့ကို ဆက်လျှောက်နိုင်ခဲ့၏။ သူမ အပေါ်ထားသည့် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုထက် ဘယ်အရာကမှ ပိုတန်ဖိုးမရှိချေ။ ထိုမေတ္တာဓာတ်များသည် သူမအတွက် အကာအရံများ ဖြစ်လာသည်။သူမ ဘယ်လိုပင်ဖြစ်ခဲ့၊ဖြစ်ခဲ့၊သဘာတွေပဲ လုပ်ခဲ့ပါစေ၊ သူမ အနားမှာ ထာဝရ ရှိနေခဲ့သည်။ 

“လမ်းဘေးကို ရှောင်နေဖို့ရယ်…ပြီးတော့ မီးငြိမ်းဖို့ သူရဲကောင်းတွေကို ပြောပါ” 

သူမ စိတ်အားထက်သန်စွာ စကားစလိုက်သည်။ ဘန် ကလည်း သူမ၏ ညွှန်ကြားချက်ကို လိုက်နာပြီး သူရဲကောင်းများဆီ သွားလိုက်သည်။ 

"ဒီမှာ မဟုတ်ဘူး....အဲ့ဒီဘက်ကနေ အရင်ငြိမ်း" 

မီးတောက်များ ပိုမိုပျံ့နှံ့လာသောကြောင့် တပ်ရင်းမှူးက ညွှန်ကြားလိုက်သည်။ စစ်သူကြီးများသည်လည်း ဘန် စကားကို နားထောင်နေရင်း တပ်ရင်းမှူး၏ သီးသန့်ညွှန်ကြားချက်ကြောင့် ရှုပ်ထွေးနေရသည်။

 “မြို့စွန်ကနေ စပြီး မီးငြှိမ်းကြ" 

ဘန် က တပ်ရင်းမှူးအား ခိုင်းစေလိုက်သည်။

“ဒါပေမယ့် ကျွန်တော်တို့ လမ်းမကြီးကို အရင်ငြှိမ်းလိုက်ရင်း တခြားမီးတောက်တွေကိုလည်း ငြိမ်းလို့ရသွားမှာပါ" 

တပ်ရင်းမှူးသည် သူ၏ လုပ်ပိုင်ခွင့်အာဏာကို နိုင့်ထက်စီးနင်း ဝင်ရောက်စွက်ဖက်သော မြို့စားမင်း ကိုမကျေနပ်ပေ။

 "ဒါဆို မင်းတို့ အခု မီးငြှိမ်းလို့ နိုင်နေပြီလား"

တုန်လှုပ်ချောက်ချား စရာကောင်းသော ဘန်၏ စကားကြောင့် တပ်ရင်းမှူး မျက်နှာပျက်သွားသည်။ထိုစကားကို ပြန်လည် ချေပရန် အကြောင်းပြချက်များရှိသော်လည်း မြို့စားမင်း ဖြစ်သူ ဧကရာဇ်၏ တူတော်ကို မထိပါးဝံ့ပေ။

 “မင်းရဲ့တပ်တွေကို မြို့ပြင်မှာထား...ငါ တို့က လမ်းမကြီးကို တာဝန်ယူမယ်" 

"မြို့စားမင်း လုပ်မလို့ပါလား"

"ကြည့်ရတာ ငါ့စကားကို သံသယဝင်ဖို့ မင်း အားနေပုံပဲ"

ဘန် သည် သူ့စကားကို သံသယဝင်နေသော တပ်ရင်းမှူးအား အေးစက်စွာ စိုက်ကြည့်နေသည်။ 

“မဟုတ်ပါဘူး…အဲ့ဒီလို မဟုတ်ပါဘူး...ကျွန်တော်တို့ ရွှေ့လိုက်ပါ့မယ်" 

ဘန်သည် လက်ထဲက ဓားအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာကို မြင်လိုက်ရသဖြင့် တပ်ရင်းမှူး လန့်သွားရသည်။‌ ကျောရိုးထဲကိုပါ တုန်လှုပ်စေသော အေးစက်စက် ရောင်ဝါ ဖြာထွက်နေသည့် ဘန် ကို အမြန် နှုတ်ဆက်လိုက်ပြီး သူရဲကောင်းများကို မြို့စွန်သို့ ခေါ်ဆောင်သွားတော့သည်။ 

တပ်သားအားလုံးသည် မြို့စွန်ကို သွားကြပြီးနောက် ဆာစီးနီယာ မှာ လမ်းမကြီးရှေ့တွင် ရပ်နေလေသည်။ 

ထို့နောက် မီးတောင်တစ်ခု ပေါက်ကွဲသွားသလို တောက်လောင်နေသော မီးတောက်များက အရာအားလုံးကို လွှမ်းခြုံသွားလေတော့သည်။ 

* * *

ရွက်ဖျင်တဲ အနည်းငယ်သာရှိသော တန်းလျားအချို့၌ ဗားန် တစ်ယောက်တည်းသာ ရှိနေသည်။ သူမ စိတ်ရှုပ်လာရပြီး လက်သည်းကို သာ ကိုက်နေမိသည်။ ဆာစီးနီယာ နှင့် မေ အတွက် သူမ စိုးရိမ်နေသောကြောင့် ဘေးပတ်ဝန်းကျင်က ညည်းညူသံများကိုတောင် သူမ မကြားနိုင်တော့။

 'မေဆီ လိုက်သွားရမလား' 

'ငါက မမလေး ဆာစီးနီယာ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ' 

သူမ ရှက်နေမိသည်။ သူမတို့ အတူတူထွက်လာကြသည်မှာ သူမ ဆန္ဒလည်း ပါသည်။သို့သော် ယခု မြို့စားမင်းပိုင်နက်ကို မပြန်နိုင်ဘဲ ဤနေရာမှာသာ ပိတ်မိနေတော့သည်။ ဆာစီးနီယာ က သူမ အပြစ်မဟုတ်ကြောင်း ပြောထားပြီးသားဖြစ်သော်လည်း ဗားန် သည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။

'ငါ့ကြောင့်သာမဟုတ်ရင် သူမတို့လည်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူး' 

ဗားန် သည် ဆာစီးနီယာ အတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပေ။ဂိုဒေါင်ထဲတွင် သူမ ပိတ်မိနေချိန်မှာတောင် သူမ၏ ကျေးဇူးရှင် ဆာစီးနီယာ ကို ဒုက္ခပေးခဲ့ဖူးသည်။ 

' မမလေး ဆာစီးနီယာ ငါ့ကိုမကြိုက်ရင် ဘယ်လိုလုပ်မလဲ...' 

သူမ မျက်ရည်တွေ ဝဲလာရတော့သည်။

သူမသည် စိတ်ဓာတ်ပျော့ညံ့နေသူ တစ်ယောက်လို မငိုချင်သော်လည်း မျက်ရည်များ စီးကျနေပြီး နှာခေါင်းမှလည်း နှာရည်များ စီးကျနေတော့သည်။

ဗားန် အတွက်၊ ဆာစီးနီယာ သည် ထူး‌ခြားသော လူသားတစ်ဦးသာ ဖြစ်သည်။ဆာစီးနီယာ သည် သူမအတွက် ပထမဆုံးဦးစားပေးဖြစ်သည့်အပြင် သူမ အသက်ကို ကယ်တင်ခဲ့သူ လည်း ဖြစ်သည်။ 

သို့သော် ထိုတစ်ချက်တည်းနှင့် ဆာစီးနီယာ ကို ဖော်ပြရန်မလုံလောက်ပေ။ ဆာစီးနီယာ အတွက် ဗားန် ၏ ခံစားချက်များသည် ချစ်ခင်မှုနှင့် လေးစားမှုတို့ ယှဉ်တွဲနေသည်။ သူမ ဘဝအတွက် ပထမဆုံးအကြိမ် ဖြစ်တည်ဖူးသော သူငယ်ချင်းကောင်းလည်း ဖြစ်သည်။

 ထို့ကြောင့် သူမ မနေရစ်ခဲ့သည့်အတွက် ဆာစီးနီယာ သူမကို မုန်းတီးနေမလားဟု တွေးနေမိတော့သည်။

 "ဗားန်"

သူမ မသိလိုက်ခင်မှာ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည့် အသံတစ်ခု ကြားလိုက်ရသည်။ ဗားန် သည် အသံလာရာဘက်ကို အမြန်လှည့်ကြည့်လိုက်သည်။

 "အရှင့်သား"

လိုင်မာဖီးရပ်စ် သည် ဗားန် ရှေ့တွင်ရပ်နေပြီဖြစ်သည်။ သူမ အတွေးထဲ နစ်နေတာကြောင့် သူ ရောက်လာတာကိုတောင် သတိမထားမိလိုက်။ ဗားန် မှလွဲ၍ ကယ်ဆယ်ရေးစခန်းရှိ လူတိုင်းကလည်း အိမ်ရှေ့စံကို ဦးညွှတ် အလေးပြု နေကြသည်။

 "မင်းအဆင်ပြေလို့ ကိုယ် ဝမ်းသာပါတယ်" 

လိုင်မာဖီးရပ်စ် သည် ဗားန် ၏ပါးပြင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ 

“အရှင့်သား....ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ…” 

အိမ်ရှေ့မင်းသားက ဒီလောက်အန္တရာယ်ရှိတဲ့‌ နေရာကို ဘယ်လိုလုပ် ကိုယ်တိုင် ရောက်လာရတာလဲ…

သူသာ ထိခိုက်ဒဏ်ရာရသွားလျှင် အင်ပါယာကြီးအတွက် အရေးပေါ်အခြေအနေ ဖြစ်သွားနိုင်သည်။

 “ဒီနေရာက အရမ်းအန္တရာယ်များတယ်....အရှင့်သား အခုပြန်သွားရမယ်"

ဗားန် ကမန်းကတန်း ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။ ကံကောင်းစွာနှင့်၊ ဤနေရာသည် ဘေးလွတ်ရာ နေရာဖြစ်တာကြောင့် မီးတောက်များနှင့် အတော်လေးဝေးသည်။

 "ဟုတ်တယ်...ကိုယ် ပြန်ရမယ်...မင်းနဲ့ အတူလေ"

လိုင်မာဖီးရပ်စ် သည် ဗားန် ၏လက်ကို ဆုပ်ကိုင်ထားသည်။

 "သွားကြရအောင်"

 "အ..အရှင့်သား" 

လိုင်မာဖီးရပ်စ် က လက်ကို ဆွဲထွက်သွားမည်ပြုသောအခါ ဗားန်သည် အိမ်ရှေ့မင်းသားအား မရိုမသေရာ ရောက်ကြောင်း သိသော်လည်း အတင်းအော်မိသွားသည်။

"ဗားန်…ဘာဖြစ်နေတာလဲ"

လိုင်မာဖီးရပ်စ် သည် သူမ၏ ပုံမှန်မဟုတ်သော အပြုအမူကြောင့် အံ့ဩသွားဟန်တူသည်။ 

“မမလေး ဆာစီးနီယာ နဲ့ မေ က ဒီမှာရှိနေတုန်းပဲ…”

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဗားန် စကား,စလိုက်သည်။ သူမ တစ်ယောက်တည်း ကောင်းစားဖို့အတွက် ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလို့ မရပေ။

“ကျေးဇူးပြုပြီး သူတို့ကို အရှင့်သားနဲ့အတူ ပြန်ခေါ်သွားပေးပါ…”

 စိတ်ဓာတ်ကျနေသော မျက်နှာဖြင့် ဗားန် က တောင်းပန်လိုက်သည်။ 

" မြို့စားမင်း မလာဘူးလား " 

ဆာစီးနီယာ နှင့်ပတ်သက် နေတာကြောင့် မြို့စားမင်း သေချာပေါက်လာလိမ့်မည်ဟု သူ ထင်ထားသည်။ 

"သူ့ကို မတွေ့ပါဘူး…အရှင့်သား" 

"ဟုတ်လား" 

ထူးဆန်းသော်လည်း လိုင်မာဖီးရပ်စ် လစ်လျူရှုထားလိုက်သည်။

 "သူတို့အခုဘယ်မှာလဲ"

 "အဲ့ဒီအနားမှာ" 

ဗားန် သည် အိမ်ရှေ့စံ၏ လေသံကြောင့် စိတ်သက်သာရာရသွားပြီး လမ်းညွှန်လိုက်သည်။

 * * *

"အဆင်ပြေလား"

မေ သည် ဆာစီးနီယာ နောက်မှ လိုက်လာသော မီးတောက်များကို မြင်လိုက်ရသောအခါ တုန်လှုပ်နေရတော့သည်။ ဆာစီးနီယာ ၏ စွမ်းအားသည် မည်မျှပင် အားကောင်းနေပါစေ ၊မီးတောက်များကို သူမဘာသာသူမ ငြိမ်းသတ်နိုင်မည်မထင်ချေ။

"ငါစမ်းကြည့်ရဦးမယ်" 

ဆာစီးနီယာ မှာလည်း အလားတူပင်။ ယခု အနီးကပ် ကြုံတွေ့နေရသည့် မီးတောက်တွေက ပိုကြောက်စရာကောင်းပြီး ပိုပြင်းထန်သည်။

သို့သော်လည်း သူမသည် ကျန်ဧရိယာများကို ကောင်းကောင်း ငြှိမ်းသတ်နိုင်ရန်အတွက် လမ်းမကြီးကို အရင်ငြိမ်းသတ်ရမည်ဖြစ်သည်။

 “ဟူး…”

ဆာစီးနီယာ သည် ပခုံးကို ဘယ်ညာလှည့်ရင်း အကြောလျှော့လိုက်သည်။ ငြိမ်းဖို့ ခက်ခဲလှသော မီးတောက်များကို ငြှိမ်းသတ်နိုင်ပါ့မလားဟု တွေးနေမိခြင်းမဟုတ်။ မီးကိုစုပ်လိုက်သောအခါ 'သူမ' နိုးလာမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။ 

'သူမ' နိုးလာမှာလား၊မနိုးလားဘူးလားဆိုတာ တစ့်ကယ်ကို မသိဘူး'

အန္တရာယ်ရှိသော်လည်း ဤနည်းလမ်းသည် မီးကို ငြိမ်းသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်သည်။

'ငါ ကောင်းကောင်းထိန်းနိုင်ရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး'

သူမ ကိုယ်တိုင် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သောကြောင့် သူမ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပေ။အကြောင်းမှာ ဤနည်းလမ်းကလည်း လူတိုင်းအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသည်။ 

ထိုသို့တွေးရင်း သူမ၏ မျက်လုံးများသည် စူးစူးရဲရဲ တောက်ပနေသည်။ 

"ဆာစီးနီယာ" 

တပ်များပြောင်းရွှေ့ရာမှ ပြန်လာသော ဘန် သည် ဆာစီးနီယာ ဘေးတွင် လာရပ်နေသည်။ထို့နောက် သူမ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

 "ကိုယ် မင်းအနားမှာ ရှိနေမယ်"

သူ့စကားသည် စောစောက သူမ ခံစားနေရသော တင်းမာမှုများ ပျောက်ကွယ်သွားသည်အထိ တစ်ကယ့်ကို စိတ်သက်သာရာရစေသည်။

 "ညီမ ရောပဲ"

မေကလည်း အညံ့မခံဘဲ အော်ဟစ်လိုက်သည်။ ထိုမြင်ကွင်းကြောင့် ဆာစီးနီယာ ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ ထို့နောက် ဆာစီးနီယာ သည် သူမ၏ နှလုံးသားကို ခိုင်မာအောင် ထားလိုက်ပြီး မီးတောက်များဆီ လက်လှမ်းလိုက်သည်။ 

‌ဘန် နှင့် မေ တို့အား သူမက ခပ်ဝေးဝေးနေရန် တောင်းဆိုထားသောကြောင့် သူတို့နှစ်‌ယောက်လုံး နှုတ်ဆိတ်၍သာ နေသည်။ ထို့ကြောင့် ဆာစီးနီယာ အချက်ပေးလိုက်လျှင် သူတို့လည်း ထွက်ပြေးဖို့ အဆင်သင့်ဖြစ်အောင် ပြင်ထားသည်။

“ဟူး…”

အသက်ပြင်းပြင်းရှူရင်း ဆာစီးနီယာ လက်ကို မြှောက်လိုက်သည်။ မီးတောက်အားလုံးကို သူမ,မစုပ်ယူနိုင်လျှင်တောင် မီးတောက်တစ်ဝက်ကျော်ကို ဝါးမျိုနိုင်လျှင်လည်း မဆိုးဟု ပြောရမည်။ သူမ၏ လက်ဖဝါးများသည် မီးတောက်များဆီ ဦးတည်သွားသောအခါတွင် တောက်လောင်နေသော မီးတောက်များက ဝေ့ဝဲလာသည်။ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များက သူမ နားစည်ကိုပါ လောင်ကျွမ်းမတတ်ပင်။ မကြာမီ အနီရောင် မီးတောက်များသည် လှည့်ပတ်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ 

“…”

အားလုံး၏ မျက်နှာများ နီရဲသွားကြသည်။ သူတို့အားလုံး ကောင်းကင်သို့ တက်လာသော မီးတောက်များကို အံ့ဩစွာ ကြည့်နေကြသည်။ နဂါးကြီးသည် ကောင်းကင်ပေါ်သို့ တက်သွားသကဲ့သို့၊ မီးတောက်ကြီးသည် ကောင်းကင်ကို ဖြတ်သွားပြီး၊ လေပြင်းများလည်း တိုက်ခတ်လာကာ အရာအားလုံးကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။ မီးတောက်၏ စွမ်းအားနှင့် အရွယ်အစားသည် အင်ပါယာတွင် နေထိုင်သူတိုင်း မြင်နိုင်လောက်အောင် ပင် ကြီးမားလှသည်။ ဧကရာဇ်နန်းတော်ကနေတောင် မြင်ရနိုင်သည်။ 

"ဘုရားရေ…" 

အကြည့်ရှုနေသူများမှာ အားကိုးရာမဲ့ ဖြစ်နေကြသည်။ သူတို့သည် အရာအားလုံးကို ဖျက်ဆီးလိုက်နိုင်သော မီးတောက်များရှေ့တွင် ကုပ်ကုပ်ကလေး အံ့အားသင့်နေကြတော့သည်။

 

“ဒါက ကပ်ဆိုးကြီးပဲ…”

ကပ်ဆိုးကြီးရောက်လာပြီဟု လူတွေက ထင်နေကြသည်။ ဤအင်ပါယာသည် ဘုရားသခင် စွန့်ပစ်ထားသော နိုင်ငံတစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း အတွေးပေါက်နေတော့၏။လူတစ်ဦးတစ်ယောက်၏ စွမ်းအားဖြင့် ဖန်တီးထားသော နေရာတစ်ခုဟုပင် မတွေးနိုင်ကြတော့ချေ။ စိတ်ပျက်အားငယ်မှုတို့သည် သူတို့ နှလုံးသားထဲတွင် အမြစ်တွယ်လာသည်။ 

မကြာမီ မီးဘေးမှ ပြေးလာသူများ၊ အော်ဟစ်အကူအညီတောင်းသူများ၊ တက်နင်းမိသူများနှင့် ဆူညံ့ပွက်လောရိုက်နေတော့သည်။ အင်ပါယာတစ်ခုလုံးကို လွှမ်းခြုံထားသော မငြိမ်မသက်မှုများအား ကြည့်လိုက်ရာ အားလုံးက သေတော့မလို မျက်နှာထားများ ဖြစ်နေကြတော့သည်။ 

အင်ပါယာ၏ နေရာတိုင်းတွင် ကြီးမားပြီး ခမ်းနားထည်ဝါသော မီးတောက်များ လျှံထွက်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် ပြုတ်ကျလာသော မီးပွားများသည် မြေပေါ် မရောက်မီ ပြာဖြစ်သွားသောကြောင့် ပျက်စီးဆုံးရှုံးမှု မရှိပေ။

 “အဲ့ဒါ…” 

အခင်းဖြစ်ပွားသည့်နေရာကိုရောက်သောအခါ၊ သူ့ဘဝတွင် တစ်ခါမှမမြင်ဖူးသော မြင်ကွင်းတစ်ခု မျက်စိရှေ့တွင် ပေါ်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုက အင်ပါယာကို ရိုက်ခတ်သွား၏။

ဆာစီးနီယာ မှလွဲ၍ အားလုံး အသက်ရှုကြပ်နေကြပြီး ဘေးဘီကို ကြောင်စီစီ လှည့်ပတ်ကြည့်နေကြတော့သည်။