Chapter 117
လွန်ခဲ့သည့်မိနစ်အနည်းငယ်က။
‘အား’
ဆာစီးနီယာ၏မျက်လုံးများသည် ဖွင့်ထားသော်လည်း အမှောင်ထုကိုသာ မြင်တွေ့နေရသည်။ သူ၏မျက်လုံးများ ဖွင့်ထားသည်လား ပိတ်ထားသည်လားကိုပင် အသေအချာပြောရန် မဖြစ်နိုင်ပေ။
ထိုအဖြစ်အပျက်မျိုးကို ရင်းနှီးနေသည်။ အရင်ကသိုလှောင်ရုံထဲတွင် ထိုကဲ့သို့အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည်။ ယခုအဖြစ်အပျက်များသည် အိပ်မက်မဟုတ်ကြောင်း အသိဝင်သွားသည်။ သူသတိမေ့ခဲ့သည့် အချိန်တုန်းက အခြေအနေမျိုးနှင့်တူနေသည်။ သူ၏ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်နေသည့် နာကျင်မှုများမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
‘ငါသွားမှဖြစ်မယ် ဒီကထွက်ရမယ်’
ဆာစီးနီယာသည် နံရံကိုတွန်းကန်၍အတင်းရုန်းသော်လည်း မလွတ်မြောက်ပေ။ သို့သော် လက်မလျှော့သေးပေ။
“ဆာစီးနီယာ”
သူမ နာမည်ကိုခေါ်နေသည့်အသံကို နားထဲတွင်ကြားနေရသည်။ ထိုအသံမှာ ဘန်၊ မေနှင့် ဗားန်တို့၏အသံဆိုသည်မှာ အသေအချာကိုသိနေသည်။
ထိုနေရာမှလွတ်မြောက်အောင် ရုန်းထွက်၍ သူတို့ဆီသွားချင်သော်လည်း မရပေ။ မီးထဲရောက်နေသည့် သူ့ကိုယ်သူအပါအဝင် တခြားသူတွေကိုပါ အန္တရာယ်ကင်းအောင် ဆုတောင်းပေးနေမိသည်။
‘ဟာ ဟာ…’
ဆာစီးနီယာသည် အကြိမ်ပေါင်းများစွာ နံရံနှင့်ဝင်တိုက်လို့နေသည်။ အမှောင်ထုထဲတွင် မည်သို့်မှလှုပ်မရယှက်မရပင် ဖြစ်နေသည်။
‘သေစမ်း..ဒီကနေထွက်လို့ရအောင် ဘယ်လိုလုပ်ရမလဲ’
ထို့နောက် ဆာစီးနီယာ ထုးဆန်းသည့်ဆူညံသံများကို ကြားလိုက်ရသည်။ မည်သည်မည်ဝါဟု သဲသဲကွဲကွဲမသိရသောအသံသည် လှိုင်းသံသို့မဟုတ် တစ်ခုခုလောင်ကျွမ်းနေသည့်အသံနှင့်တူသည်။
သူမ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သော်လည်း မည်သည်မျှမမြင်ရပေ။ သို့သော်အပူဒဏ်ကိုတော့ ခံစားမိနေသည်။ ထိုအချိန်တွင် မြေကြီးက တုန်ခါသွားသည်။
‘ဘ-ဘာဖြစ်တာလဲ’
ဆာစီးနီယာ နံရံကိုကိုင်ကာ သူ့ကိုယ်သူလဲမကျအောင် ဟန်ချက်ထိန်းနေရသည်။ အေးမြနေသောနေရာသည် ရေနွေးငွေ့များကြောင့် ပူနေသည်။ မမျှော်လင့်ထားတဲ့အခြေအနေကြောင့် သူ၏ခန္ဓာကိုယ်မှာ တုံ့ဆိုင်းသွားသည်။ ယခင်ကထက် တုန်ခါမှုပြင်းထန်သည့် မြေငလျင်ကြောင့် မည်သို့ဆက်ဖြစ်မည်ကိုပင်မသိချေ။ ငလျင်ဒဏ်မှာပြင်းထန်သောကြောင့် သူ့ကိုပင်ယိမ်းတိယိမ်းတိုင်ဖြစ်စေနေသည်။
‘ဘာကြီးလဲဟ’
အနီရောင်လှိုင်းတစ်ခုကြောင့် ရုတ်တရက်ကြောက်စိတ်ဝင်သွားသည်။ အနီရောင်အလင်းရောင်သည် အမှောင်ထုထဲတွင် ဆာစီးနီယာအား အရှေ့တည့်တည့်မှအလျားလိုက် ဦးတည်၍လာနေသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ထိုအရာမှာ ကြီးမားသည့်မီးတောက်ကြီးတစ်ခုပင်။ သူ၏ခန္ဓာကိုယ်ကို ဝါးမြိုထားသည့်မီးတောက်မှာ ပို၍ကြီးမားလာကာ သူ၏အနားသို့ အမြန်နှုန်းဖြင့်မရပ်မနား ချဉ်းကပ်လာနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့်အမှောင်ထုမှာ ပျောက်ကွယ်သွားကာ သူ့ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ မီးတောက်၏ထောင်ချောက်ထဲတွင် မိသွားသောကြောင့် သူ့အားပိတ်လောင်ထားသည့်နံရံမှာ သူမသိလိုက်ခင်မှာပင် ပျောက်ကွယ်သွားသည်။
အန္တရာယ်ကို ခံစားမိနေသည့် ဆာစီးနီယာသည် အရှေ့ကိုသာဆက်ပြေးနေမိသည်။ သူ၏အားနည်းနေသောခြေထောက်ကြောင့် ခဏခဏလဲကျသော်လည်း တုံးဆိုင်းခြင်းမရှိဘဲ ပြန်ထ၍ထပ်ပြေးနိုင်နေသည့်အတွက် သူ့ကိုယ်သူပင်အံ့ဩနေမိသည်။ သူမ နောက်သို့လိုက်နေသော မီးတောက်များမှာ ဆူနာမီသဖွယ်ပင်။ သူသာထမပြေးလျှင် ထိုမီးတောက်ကြီး၏ဝါးမြိုခြင်းခံရမည်ဟု ထင်မိသောကြောင့်ဖြစ်သည်။ မီးတာက်ကြီးကလည်း သူ့ကိုတစ်ကိုယ်လုံးအစိမ်းလိုက်ဝါးမြိုတော့မည်ပုံဖြင့် အနောက်မှလိုက်နေသည်
‘ဟမျး ဟမျး...’
သူ၏စဉ်းစားဆင်ခြင်တတ်သည့် မျက်နှာမှာဖျော့တော့နေသည်။ သူ၏လျင်မြန်စွာခုန်နေသည့်နှလုံးကြောင့် အသက်ရှူရပင်ခက်နေသည်။ တစ်စုံတစ်ယောက်သည် သူ၏ရင်ဘတ်အလယ်တည့်တည့်သို့ ထိုနှက်ထားသဖွယ် နာကျင်နေသည်။ သူ မည်သို့မျှတား၍မရနိုင်ပေ။
ဆာစီးနီယာပြေးလေလေ သူ၏နောက်ကျောသည်ပူလာလေလေ ဖြစ်နေသည်။ နောက်ပြန်လည်မကြည့်ဘဲနှင့်တောင် ခံစားမိနေသည်။ သူ့အားဖျက်ဆီးမည့် မီးတောက်ကြီးမှာ ပို၍ပို၍နီးလာသည်။ သို့သော် ဆာစီးနီယာ၏အကန့်အသတ်သည် သူထင်ထားသည်ထက် မြန်မြန်ကုန်သွားသည်။ မီးတောက်၏အပူရှိန်မှာ အလွန်မြင့်မားလာသည့်အတွက် သူ၏ခံနိုင်ရည်အားများ ကျဆင်းလာပြီဖြစ်သည်။ ခြေလက်များမှာ အားမရှိတော့၍ နှေးကွေးနေပြီဖြစ်သည်။
သူ၏နောက်တွင် မပင်မပန်းနှင့် လိုက်လာနေသည့် မီးတောက်ကြီးသည် ကြမ်းကြုတ်ရက်စက်သော သားရဲကြီးသဖွယ် မာန်ဖီလို့နေသည်။
‘ဒီမီးတောက်တွေက ဘာတွေလဲ…’
ထိုအချိန်တွင် သူ၏ခြေထောက်များမှာ အားအင်ကုန်ခမ်းမှုကြောင့် တဆတ်ဆတ်တုန်နေကာ လဲကျသွားသည်။ ထပ်၍မတ်တပ်ရပ်ချင်သော်လည်း ခြေထောက်များမှာ မနာခံတော့ချေ။
‘ရွေ့စမ်းပါ ရွေ့စမ်းပါ လုပ်ပါ ရွေ့စမ်းပါဟာ’
ဆာစီးနီယာသည် ကြံမိကြံရာဖြင့် အမိန့်ပေးလိုက်မိသော်လည်း သူ၏ခြေထောက်များမှာ မွေးခါစမြင်းပေါက်လေးသဖွယ် အားနည်းနေသည်။ မတ်တပ်နိုင်သွားလျှင်လည်း အချိန်ခဏသာရပ်နိုင်၍ ပြန်လဲကျသွားသည်။ ယခုသူ၏နောက်ကျောမှာ အလွန်ပင်ပူနေပြီဖြစ်သည်။ ထိုမီးတောက်ကြီး၏ မာန်ဖီနေသည့်အသံကို နီးနီးကပ်ကပ်ပင် ကြားနေရသည်။ ဆာစီးနီယာသည် ထိုကြောက်စရာကောင်းသောအသံကြောင့် ကြက်သေသေနေသည်။ သူ၏လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်၍ ခေါင်းကိုဖြည်းဖြည်းချင်းလှည့်လိုက်သည်။
‘ဒါက…’
ဆာစီးနီယာသည် တစ်ခဏလောက်မျက်လုံးပြူးသွားသည်။ အသက်ရှူရန် မေ့သွားလောက်အောင်ပင် အံ့ဩနေခဲ့သည်။
‘ငါပါလား…’
တဟုန်းဟုန်းဖြင့် တောက်လောက်နေသည့် မီးတောက်ကြီးသည် သူအရမ်းကိုရင်းနှီးဖူးသည့် လူတစ်ဦးအဖြစ် ပုံစံပြောင်းသွားသည်။ ထိုလူမှာ သူကိုယ်တိုင်ပင်။ သူ၏ပုံစံမှာ အနီရောင်နှင့် အဝါရောင်အလင်းရောင်များဖြင့် ဖုံးလွှမ်းနေကာ မီးအသွင်နှင့်ဆင်နေသည်။ ထိုပုံစံမှာ ကြောက်ရွံ့စရာကောင်းသောကြောင့် သူ၏မျက်လုံးများနှင့်ပင် မကြည့်ရဲလောက်အောင် ဖြစ်နေသည်။ သို့သော် ထိုအရာကိုစေ့စေ့ကြည့်လိုက်သည်။
‘ဘယ်လိုလုပ်ပြီး…’
သူ၏ကြက်သွေးရောင်မျက်လုံးမှာ တိုင်ဖုန်းမုန်တိုင်းသဖွယ် တုန်ခါလို့နေသည်။ သို့သော် ထိုသို့တုန်ခါနေသည်မှာ အချိန်ခဏမျှသာ။ ထိုအရာမှာ သူကိုယ်တိုင်ဖြစ်နေသည်ကို အတည်ပြုရန် အချိန်သိပ်မယူလိုက်ရပေ။ သူနှင့်အတိအကျတူနေသည့်သူမှာ သူကလွဲ၍မည်သူမျှမဖြစ်နိုင်ချေ။
ဆာစီးနီယာ ကြက်သီးမွှေးညင်းများပင် ထသွားသည်။ သူနှင့်တစ်ပုံစံတည်းတူနေသည့်အရာနှင့် ရင်ဆိုင်နေရသည်မှာ အင်မတန်မှ စိတ်ပျက်ရွံရှာစရာကောင်းနေသည်။
ဆာစီးနီယာ အာရုံပြန်စုစည်း၍ သူ့ကိုယ်သူမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ မီးအသွင်နှင့်အရာသည် ဆာစီးနီယာနားသို့ ချဉ်းကပ်လာကာ ပြူးကျယ်နေသည့်မျက်လုံးများဖြင့် ပြုံး၍ကြည့်နေကာ မူမမှန်သောပုံစံဖြင့် ပါးစပ်ကိုဟလိုက်သည်။ တစ်ခုခုကိုတောင်းနေသည့်ဟန်ဖြင့် သူ၏လက်ကိုလည်း ဆန့်ထုတ်ထားသည်။ ထိုအနေအထားမှာ ဆာစီးနီယာကို တစ်ချက်တည်းအလဲထိုးတော့မည့်ပုံဖြင့်တူနေသည်။
‘…’
ဆာစီးနီယာသည် သူ၏ခေါင်းကိုတူဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ ကြက်သေသေနေသည်။ ထိုအရာသည် သူ၏ဆီမှ ယူသွားသည့်အရာကို ပြန်တောင်းနေပုံဖြင့် ဆာစီးနီယာနားကို မရပ်မနားချဉ်းကပ်နေခဲ့သည်။ ထိုအရာမှာ ဆာစီးနီယာ၏ခန္ဓာကိုယ်ပင်။ သူ၏ခန္ဓာကိုယ်ကို ပြန်ယူရန်ကြိုးစားနေခြင်းဖြစ်သည်။
သူနှင့်အသားကျနေပြီးသား အရာတစ်ခုကို အကြွေးသဖွယ် အတောင်းခံနေရသောကြောင့် ဆသူမ စိတ်ဖိစီးသွားမိသည်။ ထိုကြောက်စရာကောင်းသော အဖြစ်အပျက်ကြောင့် ထိတ်လန့်တုန်လှုပ်နေမှုသည် အဆိပ်သဖွယ်တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ သူတည်ဆောက်ထားသမျှပြိုပျက်တော့မည်ကိုသိ၍ ထွက်ပြေးမည်ကိုသာတွေးနေသည်။
ထိုအရာကြီး၏ ဝါးမြိုခြင်းကို ခံရမည့်အစား ထွက်ပြေးခြင်းသာလျှင် အကောင်းဆုံးဖြစ်ပေသည်။
“ဆာစီးနီယာ”
ရင်းနှီးနေသောအသံတစ်ခုသည် နေရာကွက်လပ်တစ်ခုမှ ထွက်ပေါ်လာသည်။ ထိုအသံအား သူမမှတ်မိနိုင်စရာအကြောင်းကားမရှိ။ ထိုအသံမှာ ဘန်၏အသံပင်
‘ဘန်’
ထိုခေါ်သံမှာ နားမှဖြတ်ရင် နှလုံးသားဆီအထိ ကျည်ဆံသဖွယ် ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုသို့ရေလှိုင်းသဖွယ် နှလုံးသားဆီအထိ ပို့ဆောင်နိုင်သည့် ဘန်၏အသံကို ကြားသည့်အခါတွင် လွန်ခဲ့သည့်သုံးနှစ်ကအချိန်များကို ပြန်မြင်ယောင်သွားသည်။ ထိုမှတ်ဉာဏ်များမှာ ရုပ်ရှင်ပိတ်ကားတစ်ချပ်သဖွယ် ရှင်းလင်းပြတ်သားနေသည်။
ထိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးရပြီးပြီးချင်းမှာပင် ဘန်နှင့်စတင်တွေ့ဆုံခဲ့သည်။ မေအားအသက်အန္တရာယ်မှ ကယ်တင်နိုင်ခဲ့ပြီး ဗားန်နှင့်တွေ့ဆုံခဲ့သည်။ အာရန်းရွာ၏သင်္ဘောအခန်းငယ်ထဲမှ ရက်ဖယ်ချီရွာသို့ရွှေ့ပြောင်းခဲ့ပြီး ယခုပင်ထိုရွာမှ မြို့တော်သို့ပြောင်းရွှေ့၍ ဘန်၏စံအိမ်တော်တွင် နေထိုင်နေရသည်။
ထိုကဲ့သို့ ကွက်ကွက်ကွင်းကွင်းပြန်မြင်နေရသည့် မှတ်ဉာဏ်များထဲတွင် တူညီသည့်အရာ တစ်ခုတည်းပင်ဖြစ်သည်။ ထိုကဲ့သို့ခေါ်လိုက်သည့် အသံပင်ဖြစ်သည်။
“ဆာစီးနီယာ”
ဆာစီးနီယာဟု ခေါ်ဆိုနေသည့်အသံမှာ အလွန်ပင်ချိုသာလွန်းလှသည်။
“ဆာစီးနီယာ”
မေ၊ ဗားန်နှင့် လိုင်မာဖီးယပ်စ်သည်လည်း ထိုကဲ့သို့ခေါ်သည်။
သူတို့သည် တစ်စုတစ်ဝေးတည်းရှိနေကာ ဆာစီးနီယာ၏နာမည်ကို အော်၍ခေါ်နေသည်။
‘ဆာစီးနီယာ’
အဖြေကိုရှာတွေ့သွားသည့်နောက်တွင် ဆာစီးနီယာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ထိတ်လန့်နေသည့်မျက်လုံးများမှာ တစ်စုံတစ်ခုနှင့်ဖုံးလွှမ်းသွားခဲ့သည်။
ဆာစီးနီယာ၏ ဖြစ်တည်မှုမှာ သူကိုယ်တိုင်ပင်ဖြစ်သည်။ လူများ၏မှတ်ဉာဏ်ထဲမှာ တည်ရှိနေသည့် ဆာစီးနီယာမှာလည်း သူပင်။ တစ်စုံတစ်ယောက်သာ သူ့အားမခေါ်ခဲ့လျှင် ထိုလောကတွင် ဆာစီးနီယာဟူ၍ ရှိနေမည်မဟုတ်ပေ။ သူ၏တည်ရှိမှုကိုရှင်းရှင်းလင်းလင်း သိရှိသွားသည်။
ထိုအဖြေကို သိရှိပြီးနောက်တွင် ဆာစီးနီယာ၏ကြက်သွေးရောင်မျက်လုံးများမှာ ယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။ သူမ ထိုင်နေရာမှ သူ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းစီကြွလိုက်သည်။ အကယ်၍ ဆာစီးနီယာကိုသာ မီးအသွင်နှင့်အရာက ဝါးမြိုခဲ့လျှင် သူ၏ပတ်ဝန်းကျင်ရှိလူများကို နာကျင်စေလိမ့်မည်။ မီးအသွင်နှင့်အရာ၏ တည်ရှိမှုမှာ အရာအားလုံးကို ဖျက်ဆီးခြင်းဖြစ်သောကြောင့်ပင်။
ဆာစီးနီယာသည် မီးအသွင်နှင့်အရာဆီသို့လှည့်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ခုခုကိုပြောရန် ပါးစပ်ဟလိုက်သည်။
‘တောင်းပန်ပါတယ်’
အနူးအညွှတ်တောင်းပန်သံတစ်ခု ပေါ်ထွက်လာသည်။ မီးအသွင်နှင့်အရာသည် အမြဲမာန်ဖီဒေါသထွက်နေတတ်သော်လည်း ယခုမှာထိုအပြုအမူများနှင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။ ဆာစီးနီယာ၏ပုံစံမှာ စိတ်ပျက်ရွံရှာနေပြီး စိတ်လည်းလှုပ်ရှားနေသည်။
‘ငါ့ပတ်ဝန်းကျင်ကလူတွေကို မနာကျင်စေချင်ဘူး’
ဆာစီးနီယာ မျက်လုံးကိုတည့်တည့်စိုက်ကြည့်ကာ ယုံကြည်မှုရှိရှိဖြင့်မတုံ့မဆိုင်းဘဲ ပြောလိုက်သည်။
ထိုအရာများမဖြစ်ပျက်ခင် လွန်ခဲ့သည့်သုံးနှစ်က ထိုခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့ရသည့် အကြောင်းအရင်းရှိရပေမည်။သူမသည် ဘဝကို သေချာစဉ်းစားပြီးမှသာ ဆုံးဖြတ်ချက်များချ၍ ဖြတ်သန်းတတ်သောသူပင်ဖြစ်သည်။
သုံးနှစ်။ ထိုအချိန်မှာ သူဆာစီးနီယာအဖြစ် နေခဲ့သည့်အချိန်ပင်ဖြစ်သည်။ ထိုအချိန်များမှာ အလွန်ပင်ချိုသာလွန်းခဲ့သော်လည်း တစ်ခါမျှမဖြစ်ခဲ့ဖူးသည့် အရာများလိုပင်။
‘ငါမှာရှိသမျှစွမ်းအားနဲ့ ငါ့ပတ်ဝန်းကျင်ကလူတွေကို ကာကွယ်မယ်
ဒီစွမ်းအားက ဖျက်ဆီးဖို့ရော သတ်ဖြတ်ဖို့ရောမဟုတ်ဘူး’
ဆာစီးနီယာအဖြစ် ဆက်နေထိုင်ရန်လက်မလျှော့ဖို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်။ သူ့အားစောင့်မျှော်နေသည့်သူတိုင်းကို ကာကွယ်သွားမည်ဖြစ်သည်။
ထိုအချိန်တွင် ဆာစီးနီယာ၏အရှေ့၌ စင်ကြယ်သောအဖြူရောင်နှင့် အနီရောင်အလင်းရောင်များ ရောယှက်၍ မျောနေသည်။ ထိုအရာမှာ သေးငယ်သော်လည်း အဖြူရောင်အလင်းရောင်မှာ ထူးခြားသည့်စွမ်းအင်များ ပါဝင်နေပေသည်။
သူမ စင်ကြယ်သောအဖြူရောင်အလင်းတန်းဆီသို့ သူ့အလိုလိုပင် လက်များချဉ်းကပ်မိသွားသည်။ ထိုအရာမှာ မှေးမှိန်၍ကြေပျက်လွယ်သော်လည်း သူ၏ပတ်ဝန်းကျင်ကလူများကို ထိုအရာမှကာကွယ်ပေးနိုင်မည်ဟု ခံစားမိနေသည်။
မီးအသွင်နှင့်အရာမှာ ဆာစီးနီယာအား လှည့်ကြည့်လိုက်ကာ အလျင်စလိုဖြင့် မီးများမှုတ်ထုတ်လိုက်သည်။ ထိုအရာမှာ ဆာစီးနီယာကို မည်သို့မျှလက်လွှတ်မပေးနိုင်ဟု ပြသနေသော လက္ခဏာပင်။ ထိုမီးတောက်များပိုပို၍ ကြီးလာသည်နှင့်အမျှ ဆာစီးနီယာကို ဝါးမြိုရန်ကြိုးစားနေသည်။
ထိုအချိန်တွင် သေးငယ်သောအဖြူရောင်အလင်းတန်းသည် ဆာစီးနီယာ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ထိုအလင်းရောင်ဖြင့် လေပေါ်တွင် မျောနေသည်။ နွေးထွေးသည့် လွှမ်းခြုံမှုကြောင့် မီးပင်လယ်ပြင်သည် ရေခဲပြင်အဖြစ်သို့ လျင်မြန်စွာဖြင့် ကူးပြောင်းသွားသည်။ ထိုနွေးထွေးမှုကြောင့် သူ၏စိတ်ထဲတွင် နွေဦးရာသီသို့ရောက်နေပြီဟု ထင်မှတ်လိုက်မိသည်။ သူ၏စိုးရိမ်ပူပန်စိတ်နှင့် ကြောက်စိတ်များသည် လေနှင့်အတူပျောက်ကွယ်သွားပြီဖြစ်သည်။
မီးအသွင်နှင့်မကောင်းဆိုးဝါးသည် ငရဲနှင့်တူသည့် ဟင်းလင်းပြင်ပေါ်တွင် ထိုဖြာထွက်နေသည့် အဖြူရောင်အလင်းတန်းကို အော်ဟစ်နေခဲ့သည်။ ထိုအသံများမှာ အော်ဟစ်သံထက် နောက်ဆုံးဆန္ဒပြုနေကြသည့်အသံနှင့်ပိုတူသည်။ မငြှိမ်းသတ်နိုင်တော့မည်ဟု ထင်နေခဲ့သောမီးတောက်များမှာ စင်ကြယ်သောအဖြူရောင်အလင်းရောင်ကြောင့် မည်သည်မျှမတုံ့ပြန်နိုင်ဘဲ ပျောက်ကွယ်သွားရလေသည်။
ရုတ်တရက် ဆာစီးနီယာ၏ခန္ဓာကိုယ်မှာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဖြစ်လာလေသည်။
Xxxxxxx