CHAPTER 16
Viewers 2k

အခန်း ၁၆ နှစ်သစ်ကူး

 

စုန့်မိသားစုတွင် နှစ်သစ်ကူးလက်ဆောင်များ ပို့ပေးသည့် အလေ့အထရှိသည်။ လူအများစုက ဆွေမျိုးများထံ အလည်အပတ်သွားပြီး လက်ဆောင်များ ပေးရန် ပထမလ၏ ပထမနေ့အထိ စောင့်ဆိုင်းနေကြသော်လည်း စုန့်မိသားစုက သုံးဆယ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအတွက် လက်ဆောင်များကို ပြင်ဆင်ပေးပြီး လက်ဆောင်ပေးပို့ရန် ကလေးများကို စေလွှတ်တတ်ကြသည်။ နှစ်သစ်ကူးပထမနေ့တွင် ကလေးများကို ခေါ်ဆောင်ကာ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောရန် နေရာတိုင်းသို့ သွားလည်လေ့ရှိကြသည်

 

သုံးဆယ်ရက်နေ့တွင် ဖန့်ရှီနှင့် ကျန်းရှီတို့က စုန့်မိသားစု၏တခြားမိသားစုခွဲများအတွက် နှစ်သစ်ကူးလက်ဆောင်များ ပြင်ဆင်ထားပြီး ဖြစ်သည်သူတို့မိသားစုက ဝက်သတ်သောကြောင့် အနည်းငယ် ငွေပိုငွေလျှံရှိသူများ ဖြစ်ပြီး သူတို့၏နှစ်သစ်ကူးလက်ဆောင်အဖြစ် နှစ်ဆယ့်ကိုးရက်နေ့က သူတို့ သတ်ထားသော ဝက်များမှ လက်ကျန်ဝက်ဆီများအပြင် ဝက်သားသုံးကျင်း၊ လိမ္မော်သီး အလုံးနှစ်ဆယ်ကျော်ပါဝင်သော ခြင်းတောင်းသေးသေးတစ်လုံးကို ပြင်ဆင်ထားခဲ့သည်။ ထိုအပြင် ကျင်းတစ်ဝက်ခန့်ရှိသော သကြားခဲများကိုလည်း ထပ်ထည့်ထားသေးသည်။ ထို့နောက် မိသားစုတစ်ခုချင်းစီ၏ အခြေအနေအပေါ် အခြေခံ၍ အခြားအရာများကိုလည်း ထပ်ထည့်ထားသေးသည်။ ဥပမာအားဖြင့် မိသားစုနှစ်စုမှ မြေးလေးနှင့် မြေးမလေးများက ငယ်သေးသောကြောင့် သူတို့အတွက် ခေါင်းစီးကွင်းလေးများ အပိုထည့်ပေး ထားသည်အကယ်၍ မိသားစုတစ်ခုခုတွင် ချွေးမအသစ်လေးများ ရှိနေပါက နောက်ထပ် လက်ကိုင်ပုဝါနှစ်ထည် သို့မဟုတ် ထိုကဲ့သို့သော ဆက်တူသော တစ်ခုခုကို ထည့်ပေးလေ့ရှိကြသည်။

 

လက်ဆောင်က ဆယ်လီအကွာနှင့် ရှစ်ရွာအနီးတွင် ရက်ရောဆုံးလက်ဆောင်ဟု မှတ်ယူနိုင်သည်။

 

အမှန်တကယ်တွင် သူတို့ လက်ဆောင်သွားပို့သည့်အချိန်တွင် လက်ဆောင်များ ပြန်ထည့်ပေးရမည်ဖြစ်ပြီး ထိုလက်ဆောင်များကိုလည်း စောစောစီးစီး ကြိုပြင်ဆင်ထားရသည်နှစ်သစ်ကူးလက်ဆောင်ပို့ရန်ရောက်လာသည့် မျိုးဆက်သစ်လူငယ်များက သက်ကြီးရွယ်အိုများအား နှစ်သစ်ကူးအတွက် မွန်မြတ်သည့်စကားများ ပြောကြားပြီးလျှင် သူတို့မပြန်ခင်မှာပင် လက်ဆောင်များကို သူတို့ထံသို့ တိုက်ရိုက်ပြန်ပေးလိုက်လေ့ရှိသည်။

 

မိသားစုတစ်ခုချင်းစီက အခြားမိသားစုငါးစုအတွက် လက်ဆောင်များ ပြင်ဆင်ကာ ပေးပို့ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် လက်ဆောင်ငါးခု ပြန်ရရှိမည်ဖြစ်သည်။ မိသားစုတစ်ခုချင်းဆီ၏ ဝင်ငွေနှင့် အသုံးစရိတ်များအပေါ် အခြေခံပြီး မျှတသော လက်ဆောင်များကို အပြန်အလှန် ပြန်ပေးကြလေ့ရှိသည်။ ထိုသို့ပြန်လည်ရရှိလာသော လက်ဆောင်များကို ရောနှောကာ စုန့်မိသားစုမဟုတ်သော အခြားမိသားစုများသို့ ပြန်လည်ပေးပို့နိုင်သည်။

 

နှစ်သစ်ကူးကာလတွင် လက်ဆောင်ဖလှယ်ခြင်းက ပုံမှန်ဓလေ့ထုံးစံသာဖြစ်ပြီး တစ်ခါတစ်ရံတွင် မုန့်တစ်ဘူးကိုင်ကာ ရွာအနှံ့ လှည့်လည်ပြီးနောက် မုန့်တစ်ဘူးစာ လက်ဆောင်ပြန်ရလာမည် ဖြစ်သည်။

 

ဝက်ဆီများကို ကြိုတင် စီမံထားပြီး ပန်းကန်လုံးကြီးတစ်လုံးထဲတွင် ထည့်ထားရသည်။ ဤနည်းအားဖြင့် နို့ဖြူရောင် ဝက်ဆီများက အနည်းငယ်ဝါသော အစိုင်အခဲအဖြစ်သို့ ခဲသွားပြီး ထိုအခဲများအပေါ်သို့ ဖုန်မှုန့်များ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ဆီစိမ်က္ကူကို အပေါ်မှ ဖုံးအုပ်ထားသည်။ ထိုအရာက လွန်ကောင်းမွန်သော လက်ဆောင်ဖြစ်သည်

လွန်ခဲ့သော နှစ်များတွင် မိသားစုမှ ကောင်လေးတချို့ကို  လက်ဆောင်ပေးရန် စေလွှတ်လေ့ရှိသော်လည်း ယခုနှစ်တွင် အဘွားစုန့်က ကျိုးယိနိုကို ခေါ်ဆောင်ကာ လက်ဆောင်သွားပို့ပေးရန် စုန့်တင်းရှန်းကို တောင်းဆိုခဲ့သည်

 

"ဒီနှစ် တင်းရှန်းနဲ့ ကျူးဇီကို လွှတ်လိုက်။ မင်းတို့တတိယအဒေါ်က တစ်ခုခု ပြောရင်တောင် သူတို့ဘာသာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်၊ တင်းရှန်းက နားလည်တက်တဲ့အရွယ်ကို ‌ရောက်နေပြီလို့ ငါ ထင်တယ်။ သူ(မ)က အိမ်ထောင်ကျပြီးခါစမို့ သူ့မိဘတွေကိုယ်စား  လက်ဆောင်သွားပေးဖို့ သူ့ယောက်ျားကို ခေါ်သွားတာက အဆင်ပြေတယ်။ ကျူးဇီက ငါတို့မိသားစုမှာ နေတယ်ဆိုတာကို မသိတဲ့သူ ဘယ်သူရှိလို့လဲ?  အခု သူ့မှာလည်း အသက်ကြီးတဲ့သူမရှိဘူးဆိုတော့ ဘာကြောင့် ငါတို့မိသားစုက လက်ဆောင်တွေကို သွားမပို့ရမှာလဲ?”

 

ဖန့်ရှီက ခဏလောက် စဉ်းစားနေပြီးမှ လက်ဆောင်သွားပို့ရန် စိတ်အားထက်သန်နေသော စုန့်တင်းရှန်းကို တစ်ချက်ကြည့်ကာ သူမကို ကျိုးယိနိုနှင့်အတူ သွားခွင့်ပြုလိုက်သည်။

 

မိသားစုတစ်ခုချင်းစီ၏နှစ်သစ်ကူးလက်ဆောင်များကို ကောက်ရိုးခြင်းတောင်းများဖြင့် ထည့်ထားလေ့ရှိကြပြီး အဖိုးမတန်သော ထိုခြင်းတောင်ကိုလည်း လက်ဆောင်နှင့်အတူ တစ်ခါတည်းပေးလေ့ရှိကြသည်ကျိုးယိနိုက လက်ဆောင်ခြင်းများ အပြည့်ထည့်ထားသော ခြင်းတောင်းကြီးကို သူ့နောက်ကျောသို့ တင်ကာ ထမ်းလာခဲ့ပြီး စုန့်တင်းရှန်း၏နောက်မှ လိုက်ပါလာကာ သူမ၏အကြီးဆုံးအဘိုးအဘွားများထံသို့ အလည်အပတ် ထွက်လာခဲ့ကြသည်။

 

ကြီးဆုံးဘိုးနှင့် အကြီးဆုံးအဘွားတို့က ငယ်ရွယ်သူများ လက်ဆောင် ပေးပို့မည်ကို စောင့်မျှော်လျက် ခန်ပေါ်တွင် ထိုင်စောင့်နေကြသည်။ သူတို့ မိသားစုများ ခွဲခွာကြစဥ်က ဥစ္စာပစ္စည်းများ ခွဲဝေရင်း သဘောထားကွဲလွဲမှုများ ရှိခဲ့ကြသော်လည်း ယခုက နှစ်သစ်ကူးဖြစ်သည့်အပြင် ပဋိပက္ခများကလည်း ရှည်ကြာနေပြီ ဖြစ်သောကြောင့် ယနေ့တွင် မျိုးဆက်သစ်လူငယ်များနှင့် ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံရန် ဆန္ဒရှိနေကြသည်။

 

အကြီးဆုံးအဘိုးက လက်တစ်ဖက်တွင် ဆေးတံ ကိုင်ထားပြီး အခြားတစ်ဖက်တွင်  သက်ရှည်သစ်ကြားသီးနှစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူက ဝင်လာသော  စုန့်တင်းရှန်းနှင့် ကျိုးယိနိုတို့ကို လှမ်းကြည့်နေပြီး နွေးနွေးထွေးထွေး ပြုံးပြနေခဲ့သည်။ ယခုနှစ်အတွက် လက်ဆောင်လာပို့မည့်သူက စုန့်တင်းရှန်းဖြစ်နိုင်ကြောင်း သူ့ဇနီးက သူကို့ ကြိုပြောပြထားခဲ့သည်။

 

သူမက အိမ်ထောင်သည်ဖြစ်သွားပြီ ဖြစ်သော်လည်း သူမ၏အိမ်ထောင်ပြုခြင်းက အခြားမိသားစုနှင့် မတူပေ။  ယခုအချိန်တွင် သူမတို့ မိသားစုမှ သားမက် အသစ်ကို  ဆွေမျိုးများနှင့် တွေ့ဆုံပေးရန် အခွင့်အရေး ယူနိုင်မည် ဖြစ်သည်ထိုနည်းအားဖြင့် နှစ်သစ်ကူးပထမဆုံးနေ့တွင် သူမ အပြင်ထွက်စရာ မလိုတော့ပေ

 

"တင်းရှန်း? လာ... လာထိုင်လေ... ဖိုးက မင်းကို မတွေ့တာ တော်တော်ကြာနေပြီ" အကြီးဆုံးအဘိုးက စုန့်တင်းရှန်းကို ချစ်စနိုးအမူအရာဖြင့် ထိုင်ရန် လက်ဟန်ပြလိုက်သည်။

 

စုန့်တင်းရှန်းက အခန်းအပြည့် ဖြစ်နေသော မီးခိုးငွေ့များ ကြည့်လိုက်ပြီး ခန်ပေါ်တွင် ဘောလုံးကဲ့သို့ လူးလိမ့် ဆော့ကစားနေသော မျောက်ကလေးများကို ထပ်ကြည့်လိုက်ကာ သူမ၏အဖိုးက အကောင်းဆုံးဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူမ၏အဘိုးက ဆေးတံသောက်သော်လည်း ကလေးများ၏ရှေ့တွင် တစ်ခါမှ ဆေးတံမသောက်ဖူးခဲ့ပေ

 

"အကြီးဆုံးဖိုးအကြီးဆုံးဖွား၊ နှစ်ယောက်​လုံး နှစ်သစ်မှာ ပျော်ရွှင်ဖို့ သမီး ဆုတောင်းပေးပါတယ်" စုန့်တင်းရှန်းက သူမလက်ထဲမှ ခြင်းတောင်းကို ပြုံးပြုံးရွှင်ရွှင်ဖြင့် လှမ်းပေးလိုက်ပြီး အကြီးဆုံးအဘွား၏ဘေးနားတွင်ရှိနေသည့် သူမ၏အကြီးဆုံးချွေးမက ခြင်းတောင်းကို လှမ်းယူလိုက်ပြီး အဖွားကို ပြလိုက်သည်

 

အကြီးဆုံးဘွားစုန့်က အပြုံးဖြင့် ပြောလာခဲ့သည်။ "ဒီလက်ဆောင်တွေက အရမ်းကောင်းလွန်းနေတယ်။ အချိန်ကြာလာတာနဲ့အမျှ မင်းတို့ရဲ့မိသားစုက ပိုကောင်းလာပြီး ပိုကြီးပွားတိုးတက်လာကြပြီ။ ဒါက ကျူးဇီလား? မင်းတို့ လက်ထပ်တုန်းက ငါ သူကို့ အဝေးကနေပဲ လှမ်းမြင်လိုက်ရတာ။ ဒီကလေးက စိတ်ကောင်းရှိတဲ့ ကလေးတစ်ယောက်ပဲ”

 

နှစ်ယောက်သား ပြန်ပြုံးပြလိုက်ပြီး အသက်ကြီးသူ နှစ်ယောက်အား ဦးညွှတ်အရိုအသေပေးပြီးနောက် အကြီးဆုံးအဘိုး၏မိသားစုမှ အကြီးဆုံးချွေးမက သူတို့အတွက်လက်ဆောင် ပြန်ထည့်ပေးလိုက်သည် ပိန်းဥမုန့်နှစ်ဗူး၊ ပဲနီအစာသွပ်မုန့်အထုပ်ကြီးတစ်ထုပ်နှင့် အသီးအနှံခြောက်တစ်ထုပ်တို့ ပါဝင်သော ထိုလက်ဆောင်က စုန့်တင်းရှန်း၏မိသားစုမှ ပေးလိုက်သော လက်ဆောင်လောက် မများပြားသော်လည်း အကြီးဆုံးအဘိုး၏အိမ်ထောင်စုအနေဖြင့်  သင့်တော်သော အပြန်အလှန် လက်ဆောင်ကောင်းတစ်ခုဟု သတ်မှတ်နိုင်သည်

 

(T/N: သူက အများကြီး အဖိုးတန်တာပေးလို့ ငါကလည်း အဖိုးတန်တာ ပြန်ပေးရမယ်ဆိုတာမျိုး မဟုတ်ဘဲ မိသားစုချင်းအလိုက် တတ်နိုင်တာကို ပြန်ပေးတဲ့သဘောပါ။ ကိုယ့်မိသားစုအနေနဲ့ တက်နိုင်တဲ့ အကောင်းဆုံးလက်ဆောင်ကို ပြန်ပေးရင် ရပြီ၊ သဘောက ပေးတဲ့ပစ္စည်းထက် စိတ်ရင်းကို ကြည့်တဲ့သဘောပါ)

 

စုန့်တင်းရှန်းက ထိုအရာများကို သူမ၏ခြင်းတောင်းထဲသို့ ပြန်ထည့်ကာ သူမ၏ အဖိုးအဖွားများအား ကောင်းသောစကား အနည်းငယ် ထပ်ပြောလိုက်ပြီး သူမ၏ ဒုတိယအဘိုးအိမ်သို့ ထွက်လာခဲ့ကြသည်။

 

အိမ်ထဲမှ ထွက်လိုက်သည်နှင့် တပြိုင်နက် စုန့်တင်းရှန်းက လတ်ဆတ်သောလေကို တစ်ချက်ရှူလိုက်ပြီး "အို ဘုရားရေကျွန်မ အသက်ရှုကျပ်လို့ သေလုနီးပါး ဖြစ်နေပြီ။ နောက်နှစ် ဒီကို မလာတော့ဘူး။ အကြီးဆုံးဖိုးက ဆေးလိပ်အရမ်းသောက်တယ်"

 

စုန့်တင်းရှန်းက သူမ၏နှာခေါင်းရှေ့တွင် သူမ၏လက်ကို ဝှေ့ယမ်းရင်း သူမ၏ဆန္ဒကို ထုတ်ဖော်ကြေငြာလိုက်သည်။

 

ကျိုးယိနိုက ခေတ္တမျှ ခပ်တိုးတိုး ရယ်မောလိုက်ပြီး "စိတ်မပူပါနဲ့ငါက ဆေးလိပ် မသောက်တတ်ဘူး၊ ဒီဘဝမှာ ဆေးလိပ် မသောက်တော့ဘူး။ မင်းကို အသက်ရှူကျပ်စေမှာ မဟုတ်ဘူး"

 

"ရှင် ဆေးလိပ်သောက်ရင် ရှင့်ကို အိမ်ထဲ ဝင်ခွင့်မပြုဘူး၊ မယုံရင် စမ်းကြည့်လိုက်" စုန့်တင်းရှန်းက သူမ၏ လက်သီးများကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြကာ ဒုတိယအဘိုး၏အိမ်သို့ ထပ်မံဦးတည်လိုက်ကြသည်။

 

ဒုတိယအဘိုးအိမ်ကလည်း နွေးထွေးစွာ ကြိုဆိုကြပြီး ကြက်ကင်တစ်ပိုင်းနှင့် ပဲငံပြာရည်အသားနှပ်တစ်ပိုင်းကို ပြန်ပေးလိုက်ကြသည်။ ဒုတိယအဘိုးတွင် လူတိုင်းမက်မောလောက်သည့် ဟင်းချက်စွမ်းရည်  ရှိသော်လည်း ၎င်းကို သူ့၏သားငယ်ထံသို့ လွှဲပြောင်းပေးခဲ့သည့်အတွင် ၎င်းက သူတို့၏ မိသားစုများအကြား သဘောထားကွဲလွဲမှုဖြစ်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့်အတူ နေထိုင်ရသော်လည်း မည်သည့်အတတ်ပညာကိုမျှ မသင်ယူနိုင်သည့် ၎င်းတို့၏အကြီးဆုံးသားအတွက် စိတ်မကောင်းဖြစ်စရာ ဖြစ်ခဲ့ရသည်။

 

ဖန့်ရှီ၏ အဆုံးမရှိသော အတင်းအဖျင်းစကားများမှတဆင့် စုန့်တင်းရှန်းက ထိုအကြောင်းကို နည်းငယ် သိထားပြီး ဖြစ်သည်။ သူမ သိခဲ့ရသည့်အတိုင်းဆိုလျှင် ဒုတိယအဖိုးက သူ့၏ချက်ပြုတ်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များကို အငယ်ဆုံးသားအား လွှဲပြောင်းပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်အတွက် မည်သူကမျှ မပျော်ကြပေ။ အမိုးတစ်ခုတည်းအောက်တွင် နေထိုင်သော အကြီးဆုံးသားက မကျေမနပ်ဖြစ်ကာ သူ့ကို လျစ်လျူရှုထားသည်ဟု ယုံကြည်သွားခဲ့သည်။ ဒုတိယသားကလည်း လောဘကြီးလွန်းပြီး ထိုအချက်အပြုတ်ပညာရပ်ကို လက်ဝါကြီးအုပ်ချင်နေသူဖြစ်သည်။ တတိယသားကတော့  သူက မူလကတည်းက  ထိုလုပ်ငန်းကို မကြိုက်ကြောင်း ပြောထားပြီး မတူကွဲပြားသော ဘဝတစ်ခုကို လုံးလုံးလျားလျား လိုက်ရှာနေရင်း မြို့ပေါ်သို့ စားပွဲထိုးလုပ်ရန် တက်သွားခဲ့သည်။

 

စုန့်တင်းရှန်းကတော့ ဖန့်ရှီပြောပြသည်ကို နားထောင်ရင်း ထိုမပြေမလည် အရှုပ်အထွေးအား တွေးရင်း ပြုံးရုံသာ ပြုံးနေခဲ့သည်။

 

မိသားစုဒရာမာတွေက ဖြေရှင်းရတဲ့ လူတွေကို ပင်ပန်းစေပေမယ့် ဘေးလူတွေအတွက်  သေချာတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဖျော်ဖြေမှုကို  ဖန်တီးပေးနိုင်တယ်လေ။

 

ဒုတိယအဘိုးက သူ့၏သားအငယ်ဆုံးအား ထိုလျှို့ဝှက်ချက်များပေး လိုက်ချိန်တွင် အခြားမိသားစုခွဲများကလည်း ကန့်ကွတ်ခဲ့ကြသည်။

 

"ပန်းကန်ထဲက အစားအစာကို စားနေရင်း အိုးထဲကို လှမ်းကြည့်ကြတယ်။ သားတွေ အများကြီး မွေးခဲ့ပေမယ့် နောက်ဆုံးတော့  သူတို့အားလုံးက အကြွေးလာတောင်းတဲ့လူတွေဆိုတာ သိလိုက်ရတယ်။ သူတို့တွေ ဆူပူနေတာကြောင့် ရလဒ်အနေနဲ့ ဒုတိယဦးလေးက မိသားစု ခက်ခက်ခဲခဲ ခွဲထုတ်ပေးလိုက်ရတယ်။ သူတို့က အငယ်ဆုံးသားကို မြေနှစ်မူပေးခဲ့တယ်ခု စတုတ္ထသားက ခရိုင်မြို့မှာ ပဲငံပြာရည်အသားနှပ်လုပ်ငန်းနဲ့ အဆင်ပြေနေပြီး လုပ်ငန်းလည်ပတ်နေတော့ မိဘတွေကို ပြန်မကြည့်နိုင်သေးဘူး။ အဲ့ဒိအထိက အဆင်ပြေသေးတယ်၊ ဒါပေမယ့်  အရင်တုန်းက မင်းတို့ရဲ့ဒုတိယအဘိုးက စတုတ္ထသားနဲ့ နေဖို့ သွားချင်နေသေးတယ်၊ အကြီးဆုံးသားက ဝေဖန်ခံရမှာကို ကြောက်လို့ ငြင်းပယ်ခဲ့တယ်၊ ပြီးတော့ သူက ဒုတိယဦးလေးကို သူ့အတွက် နောက်ထပ် မြေအနည်းငယ် ထပ်ခွဲဝေခိုင်းသေးတယ်"

 

ထိုစကားများက စုန့်တင်းရှန်းကို ဖန့်ရှီပြောပြခဲ့သော စကားများဖြစ်ပြီး ထိုစကားများကြောင့် စု့န်တင်းရှန်းက ဤမိသားစုတွင် အလိုက်သင့် ပြောဆို ဆက်ဆံနိုင်ခဲ့ပြီး အချိန်ကောင်းလေး ပိုင်ဆိုင်ခဲ့ရသည်။

 

ထိုအချိန် တတိယအဘိုး၏အိမ်တွင်တော့ ထိုမိသားစုမှ ချွေးမနှစ်ယောက်က တံခါးဝတွင် လာရပ်နေကြပြီး အခြားလူများ လက်ဆောင်လာပေးမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

 

တကယ်တော့ ဒီလိုတွေ ဖြစ်ခဲ့တာက နှစ်တွေ အတော်ကြာနေပြီ။ စုန့်လောင်စန်းရဲ့မိသားစုက တခြားမိသားစုက လာပို့တဲ့ လက်ဆောင်ကို အရင် ယူပြီးမှ မိသားစုတစ်ခုစီကို ပြန်ပို့ဖို့ လက်ဆောင်အတွက် အဲ့တာကို ငါးပိုင်းပိုင်းပြီး လက်ဆောင်ပြန်ပြင်လေ့ရှိတယ်။ မဟုတ်ရင် သူတို့ပေးနိုင်မယ့် လက်ဆောင်က ကောင်းတဲ့အရာတွေ မပါနိုင်ဘူး။ အရင်ကတော့  ဖန့်ရှီက အဲ့တာ‌တွေကို သိပ်ဂရုမစိုက်ပေမယ့် ဒီတစ်ခါတော့ စုန့်လောင်စန်းရဲ့မိသားစုက ဒီနှစ် ဘာလက်ဆောင်တွေပေးမလဲဆိုတာကို သိရဖို့ အိမ်မှာ စောင့်နေပြီ။ နောက်ဆုံးအနေနဲ့ မနှစ်တုန်းက သူတို့ ဖိနပ်အောက်ခံနှစ်ခု ရခဲ့ကြတယ်။

 

"အိုး တင်းရှန်း... မြန်မြန်လာ။ အပြင်မှာ အရမ်းအေးတယ်၊ မင်းအမေက မင်းလို နူးညံ့သိမ်မွေ့တဲ့သမီးလေးကို လက်ဆောင်တွေ ပို့ခိုင်းဖို့ အပြင်ထွက်ခိုင်းလိုကတယ်။ မင်းအမေက ဘယ်လိုတွေ တွေးနေလဲဆိုတာ ငါ နားမလည်တော့ဘူး" စုန့်လောင်ပါ့ဇနီးက ချော့မော့သောအပြုံးဖြင့်  ဆီးကြိုလိုက်ပြီး စုန့်တင်းရှန်း၏လက်ထဲမှ ခြင်းတောင်းကို မက်မက်မောမော စိုက်ကြည့်နေလေသည်။ ဖြစ်နိုင်လျှင် သူမက ထိုခြင်းတောင်းကို ဆွဲယူသွားပြီး သူမသာသာသူမ သိမ်းထားရန် ဆန္ဒရှိနေခဲ့သည်

 

စုန့်တင်းရှန်းက ရှုပ်ပွနေသော ခြံဝင်းကို တစ်ချက်ကြည့်လိုက်ပြီး အိမ်ထဲသို့ မဝင်မီ ခေတ္တရပ်တန့်လိုက်သည်။ သူမက အထဲသို့ လုံးဝ မဝင်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ကာ “ကျွန်မ အိမ်ထဲကို မဝင်တော့ဘူး၊ လက်ဆောင်တွေ ပေးပြီးရင် အိမ်ကို မြန်မြန်ဆန်ဆန် ပြန်ခဲ့ဖို့ အမေက မှာလိုက်တယ်၊ အဋ္ဌမအဒေါ် ကျေးဇူးပြုပြီး ဒီလက်ဆောင်တွေကို အရင် သွားလိုက်ပါ၊ ပြီးရင် တတိယအဘွားကို ပြပေးပါဦး

 

တတိယစုန့်မိသားမှ အဋ္ဌမမြောက်ချွေးမက လက်ဆောင်များကို ကြည့်နေရင်း မျက်လုံးမဖွင့်နိုင်လောက်အောင် ပြုံးနေခဲ့သည်။ သူမက ပစ္စည်များကို တစ်ခုချင်း ထုတ်ယူနေပြီး သူမ၏အပြုံးက ပို၍ ပီပြင်လာခဲ့သည်။ သို့သော်လည်း ထိုအရာက ဝက်ဆီပန်းကန် မတွေ့ရခင်အထိသာ ဖြစ်သည်။ ဝက်ဆီပန်းကန်ကို မြင်လိုက်သည်နှင့် သူမ၏အပြုံးက ပျက်ယွင်းသွားပြီး သူ၏ပါးစပ်မှ စူးရှသော အသံများ ထွက်ပေါ်လာသည်။

 

"အိုး၊ ဒီပန်းကန်လုံးက ကွဲနေတာလား? ဒါက နှစ်သစ်မှာ ကံဆိုးစေမယ့်အရာ မဟုတ်ဘူးလား? တင်းရှန်း ဒါတွေကို  မင်းအမေ ထုတ်ပိုးပေးခဲ့တာလား?  ရိုးရိုးသားသား ပြောရရင် မင်းအမေက တစ်ခါတလေ အရမ်းသတိမဲ့လွန်းတယ်၊ အဒေါ်ပြောတာ ဟုတ်တယ်မလား?"

 

စုန့်တင်းရှန်းက အံ့သြသွားသော အကြည့်ကို ဖော်ပြလိုက်သော်လည်း သူမ၏အသံက တည်ငြိမ်နေဆဲ ဖြစ်ကာ "ဘာကို ပြောတာလဲ၊ သြော် ဒီပန်းကန်က အဒေါ်တို့အိမ်က ပန်းကန် မဟုတ်ဘူးလား? ကျွန်မရဲ့မောင်လေး ‌ပြောတာက သူ နောက်ဆုံးတစ်ခေါက်  ငါးကြော်လာပေးတုန်းက အဒေါ်က ကျွန်မတို့ ပန်းကန်ကို ယူထားပြီး ပန်းကန်လုံးတစ်လုံးကို ပြန်ပေးလိုက်တယ်တဲ့။ ဒီပန်းကန်က ကျွန်မတို့မိသားစုက ပန်းကန်နဲ့ မတူဘူး။ အဲ့တာကြောင့် အဒေါ်တို့ အိမ်က  ပန်းကန်လုံးကို ဒီတစ်ခါ ပြန်ယူလာပေးတာပါ…”

 

တတိယစုန့်မိသားမှ အဋ္ဌမမြောက်ချွေးမ၏အပြုံးက လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး တိုးညှင်းသော လေသံများ အစားထိုး ဝင်‌ရောက်လာသည်။ “ငါ့တို့မိသားစု ပေးခဲ့တဲ့ ပန်းကန်လုံးဆိုတာက ဘာကို ဆိုလိုတာလဲ? ငါတို့က ပန်းကန်လုံးအကောင်းကို ယူထားပြီး ပဲ့နေတဲ့ ပန်းကန်ကို ပြန်ပေးလိုက်တယ်လို့ ပြောချင်တာလား? ငါတို့ ပြန်ပေးလိုက်တာက လုံးဝ အကောင်းပဲ"

 

စုန့်တင်းရှန်းက ပြုံးလိုက်ပြီး ပန်းကန်လုံးကို ပြန်ယူလိုက်ကာ မပြုံးချင် ပြုံးချင် တစ်ချက်ပြုံးလိုက်ပြီး "အိုး.. မှားသွားတာလား?အဲ့တာက ကျွန်မ အမှားပဲ။ အခု ပြန်သွားပြီး ကျွန်မရဲ့မောင်လေးကို သေချာအောင် ပြန်မေးမယ်။ ဒီပန်းကန် ဘယ်သူပေးလဲဆိုတာ သိဖို့အတွက် သူ့ကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်မေးခိုင်းမယ်။ ပြီးရင် အဒေါ်တို့ကို ပေးမယ့် ပန်းကန်နဲ့ ပြန်လဲခိုင်းပေးမယ်။ ကျွန်မတို့ကို ဒီပန်းကန် ပြန်ပေးလိုက်နော်... ဟေး ဘယ်သူက ဒီပန်းကန်ကို ပေးလိုက်တာလဲ? ကြည့်ပါဦး... ဟောင်းလိုက်တာမှ အက်တောင် အက်နေပြီ”

 

တတိယစုန့်မိသားမှ အဋ္ဌမမြောက်ချွေးမက သဘောတူတော့မည် ဖြစ်သော်လည်း သူမ မတုံ့ပြန်ရသေးမီတွင် တတိယအဖွားက ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ကာ အတွင်းခန်းထဲမှ ထွက်လာပြီး အပြုံးဖြင့် ဝင်ပြောလိုက်သည်။ "ဘာလို့ မင်းက ပန်းကန်လုံးအပေါ် အပြစ်ရှာရနေရတာလဲ? ဒါက ငါတို့ကို ပေးတဲ့ နှစ်သစ်ကူးလက်ဆောင်ပဲ မဟုတ်ဘူးလား? ပန်းကန်ကလည်း အက်နေရုံပဲမလား? သုံးလို့ရနေသေးရင် သုံးလိုက်လေ၊ တင်းရှန်းကို ထွေထွေထူးထူးတွေ ပြောနေစရာမလိုဘူး၊ တင်းရှန်းရေ စိတ်ထားမထားပါနဲ့၊ မင်းရဲ့အဒေါ်က အဲ့လို ပွစိပွစိ ပြောနေရတာကို အကျင့်ပါနေလို့ပါ"

 

သို့သော်လည်း စုန့်တင်းရှန်းက လွယ်လွယ်ကူကူ လျောချခွင့်မပေးဘဲ ထပ်ပြုံးလိုက်ကာ ခိုင်မာသော လေသံဖြင့် "ဒါက မဖြစ်နိုင်ဘူး။ နှစ်သစ်ကူးမှာ ဒီလိုအက်နေတဲ့ ပန်းကန်လုံးတစ်လုံးကို ပေးလို့ ဘယ်ဖြစ်ပါ့မလဲ? ဒီပန်းကန်က တတိယအဖွားတို့ရဲ့မိသားစုက ပန်းကန်ဆိုရင်တော့ အဆင်ပြေတာပေါ့။ မဟုတ်ဘူးဆိုရင် ဘယ်သူက ကျွန်မတို့ဆီက ပေးခဲ့လဲဆိုတာကို ကျွန်မ သိချင်သေးတယ်။ ကျွန်မတို့က ငါးကြော် သွားပေးတောင် ပန်းကန်လုံးကွဲကို ပြန်ပေးလိုက်သေးတယ်။ စိတ်မပူပါနဲ့ တတိယအဖွားမိသားစုက နည်းနည်းပဲ ရှိတာပါကျွန်မ ပြန်သွားပြီး မေးလိုက်မယ်၊ နောက်မှ တတိယအဖွားဆီကို ပြန်လာပို့ပေးမယ်”

 

စုန့်တင်းရှန်းက စကားပြောနေရင်းဖြင့် သူမ၏တောင်းကို ကောက်မလိုက်ကာ ပြန်လှည်ထွက်တော့မယောင် အမူအရာ လုပ်ပြနေသေးသည်။

 

တတိယဖွားစုန့်က သူမကို အမြန်တားလိုက်ပြီး “အိုး၊ ဒီပန်းကန်က ငါ့နဲ့ ရင်းနှီးနေပုံရတယ်… အကြီးဆုံးရဲဇနီး၊ ဒါက အဲဒီနေ့က ငါ နင့်ကို ပစ်ခိုင်းတဲ့ ပန်းကန် မဟုတ်ဘူးလား၊ မင်း ဘာလို့ တင်းရှန်းတို့မိသားစုကို ပေးလိုက်တာလဲ?

 

တတိယစုန့်မိသားစုတွင် အကြီးဆုံးချွေးမဖြစ်ပြီး မိသားစုကြီး၏ပဉ္စမမြောက်ချွေးမက အံ့ဩသွားပုံဖြင့် သူမ၏နဖူးကို အလျင်အမြန် ပြန်ရိုက်လိုက်ကာ “သြော်... ကျွန်မရဲ့မှတ်ဥာဏ်ကလည်း ကြည့်စမ်းပါဦး၊ အဲဒီနေ့က အရမ်းအလုပ်များနေလို့ ထင်ပါရဲ့၊ ကျွန်မ အဲ့တာကို ဒီအတိုင်း တင်ထားခဲ့မိတာ။ နောက်တော့  လွှင့်ပစ်လိုက်တယ်လို့ပဲ ထင်လိုက်မိတယ်၊ တင်းရှန်းတို့ မိသားစုက ငါးကြော်လာပို့ပေးတော့ ပန်းကန်လုံး လှယ်ပေးရင်  အဆင်မပြေဘူးလို့ တွေးလိုက်မိတာကြောင့် ပန်းကန်လုံးတစ်လုံးကို ယူပေးလိုက်မိတာပါ... ဒါတွေအားလုံးက ငါ့အမှားပါဘဲ!”

 

သူမက ပြောနေရင်းဖြင့် စုန့်တင်းရှန်း၏လက်ထဲမှ ပန်းကန်လုံးကို လှမ်းယူလိုက်သည်။ သူမက လုံးဝ အပြုံးမပျက်ဘဲ “အဲဒီနေ့က ငါ လိုက်ရှာသေးတယ်၊ လုံးဝ မတွေ့တော့တာကြောင့် ဒီပန်းကန်လုံးကို လွှင့်ပစ်ပြီးပြီလို့ ငါ ထင်သွားခဲ့မိတာ။ အော်... အဲဒါက ငါ့အမှားပါဟယ်”

 

စုန့်တင်းရှန်းက တတိယစုန့်မိသားမှ အဋ္ဌမမြောက်ချွေးမကို တချက်ကြည့်လိုက်ပြီး "ဒါဆို ကျွန်မအမေက ဒီပန်းကန်လုံးကို သတိမမူပဲ ထည့်ပေးလိုက်တာ မဟုတ်ဘူးနော်

တတိယစုန့်မိသားမှ ပဉ္စမချွေးမက “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ငါတို့က အဲဒီလို တစ်ခါမှ မတွေးကြပါဘူး။ မင်းရဲ့အဋ္ဌမအဒေါ်က ဒီအကြောင်းတွေကို မသိလို့ ပြောမိတာပါ။ သူ()ရဲ့စရိုက်ကိုလည်း မင်း သိနေသားပဲ။ သူ()က ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ပါတင်းရှန်း... အဲဒါကို စိတ်ထဲမထားပါနဲ့

 

စုန့်တင်းရှန်းက ချိုချိုသာသာ ပြန်ပြုံးပြလိုက်ပြီး "အဲ့တာဆို
ပန်းကန်လုံး
ကွဲပေးတယ်ဆိုပြီး ကျွန်မအမေကို အပြစ်မတင်နဲ့တော့ဒိကိစ္စက ဒီမှာ ပြီးပြီ၊ တတိယအဖိုးနဲ့ တတိယအဖွားအတွက် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်

 

ထို့နောက် ကျိုးယိနိုကို ဆွဲခေါ်ကာ အလျင်စလို အရိုအသေပေးလိုက်ကြသည်။

 

တတိယအဖွားစုန့်က “ပြန်ပေးမယ့်လက်ဆောင်က အဆင်သင့်ဖြစ်နေပြီ။ ဒုတိယချွေးမ၊ မြန်မြန် သွားယူလိုက်လေတင်းရှန်း၊ မင်းတို့ တတိယအဖို့ရဲ့မိသားစုအခြေအနေကို မင်းလည်း သိပါတယ်။ ငါတို့က ဆင်းရဲတော့ အများကြီး မတတ်နိုင်ဘူး။ ဒီနှစ် ငါတို့မိသားစုက မင်းတို့ကို လက်ဆောင်ကောင်းကောင်း မပေးနိုင်သေးဘူး။ ဒါပေမယ့် အနည်းဆုံးတော့ နှလုံးသားမှတော့ ရှိပါတယ်"

 

တတိယစုန့်မိသားမှ အဋ္ဌမမြောက်ချွေးမက အိမ်ထဲသို့ ဝင်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာကာ သူမ၏လက်ထဲတွင် ဖိနပ်အပေါ်ပိုင်းတစ်စုံကို ကိုင်ဆောင်လာခဲ့သည်။

စုန့်တင်းရှန်းက "ဟုတ်ပါတယ် ကျွန်မ သိတာပေါ့။ တတိယအဖွားက အဲ့အတွက် စိတ်မပူပါနဲ့။ အဖွားစိတ်ထဲမှာ ကျွန်မတို့ ရှိနေရင်  ခါတိုင်းလိုပဲ နှစ်သစ်ကူးလက်ဆောင်တွေ ပေးလို့ ရပါတယ်အာ... ဒီ ဖိနပ်အပေါ်ပိုင်းတွေ... ဒါတွေကို  ကျောင်းရှင်းအာက ချုပ်ထားတာ ဖြစ်မှာကိုတော့ ကျွန်မ စိုးရိမ်မိတယ်၊ ကျောင်းရှင်းအာရဲ့ပန်းထိုးလက်ရာက သိပ်မကောင်းဘူးလေ"

 

ထိုဖိနပ်၏အပေါ်ပိုင်းကို  သေသေချာချာ  ညှပ်ထားသော်လည်း ချုပ်ရိုးက ကြမ်းတမ်းပြီး ကြည့်ဆိုးလှသည်။ အမှန်တကယ်တွင် လွန်ခဲ့သောရက်အနည်းငယ်က ဈေးမှ ဝယ်ခဲ့သော ‌ဈေးပေါသည့်အထည်စကို သုံးထားခြင်းဖြစ်သည်။ တတိယအဘွားစုန့်က ဖိနပ်အပေါ်ပိုင်းအတွက် ပိတ်စကို ကတ်ကြေးနဲ့ ဖြတ်ပေးခဲ့ပြီး သူမ၏ချွေးမနှင့် မြေးမများကို ချုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် နှစ်သစ်ကူးနီးလာသောကြောင့် အိမ်တွင် အလုပ်များစွာ ရှိနေပြီး သူတို့၏အိမ်မှ အဝတ်များနှင့် အလျင်စလို ချုပ်ခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ထိုဖိနပ်အပေါ်ပိုင်းများက သူတို့ကိုယ်တိုင် ဝတ်ဆင်ရမည်မဟုတ်ဘဲ တခြားသူကို ပေးရန်ဖြစ်သောကြောင့် ဖြစ်သလို ချုပ်ထားခြင်းဖြစ်သည်

 

စုန့်တင်းရှန်းထံမှ ‘ကျောင်းရှင်း’ ဟုသော စကားသံကို ကြားလိုက်ရချိန်တွင် တတိယစုန့်မိသားမှ ပဉ္စမချွေးမမျက်နှာက ချက်ချင်း ပျက်ယွင်းသွားခဲ့သည်။ စုန့်ကျောင်းရှင်းက သူမ၏သမီးဖြစ်ပြီး ယခုနှစ်တွင် သူမက ဆယ့်သုံးနှစ် ရှိပြီ ဖြစ်သည်။ နှစ်သစ်ကူးပြီးလျှင် သူမအတွက် ကြင်ဖက် တွေ့ပေးရန် အချိန်ကျနေပြီ ဖြစ်သည်။

 

မိန်းကလေးတစ်ယောက်က အချုပ်အလုပ် ညံ့တယ်ဆိုတဲ့ စကားလုံးတွေ ပြန့်နှံ့သွားရင်တော့ ဘယ်လိုလုပ်ပြီး အိမ်ထောင်ဖက်ကောင်းနဲ့ တွေ့နိုင်တော့မှာလဲ?

ဒါပေမယ့် ဒီလိုကြမ်းတမ်းပြီး ရုပ်ဆိုးတဲ့ ချုပ်ရိုးတွေကို ကျောင်းရှင်းမှ အပြစ်ဝင်မခံ ပေးရင် ဘယ်သူလို့ နာမည်တပ်ရမှာလဲ?

 

ထိုအတွေးကြောင့် တတိယစုန့်မိသားမှ ပဉ္စမချွေးမက  သူမ၏ယောက္ခမကို လှမ်းကြည့်ဘဲ မနေနိုင်တော့ပေ။

*****

 

စု့န်တင်းရှန်း : ငါက ငါ့အမေရဲ့သွန်သင်ဆုံးမမှု အစစ်အမှန်တွေကို ရထားပြီးသား၊ ဘာကို ဘယ်လို ပြန်ပြောရမယ်ဆိုတာ ငါ သိတယ်၊ ငါက ဘယ်သူ့ကို ကြောက်နေရမှာလဲ!

ကျိုးယိနို : ငါက ငါ့မိန်းမနောက်ကနေ လိုက်သွားရုံပဲငါဇနီးလေးက အရမ်းတော်တယ်၊ သတ္တိရှိရင် လာကြစမ်းပါ...

------------------

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟